May 27, 2017

စားပြီးရင် ပန်းကန်ဆေးပေးရတဲ့ဆိုင်

မြောက်ဒဂုံ နာရေးကူညီမှုအသင်းရုံးထဲ ဖွင့်ထားတဲ့ထမင်းဆိုင်မျိုး ကမ္ဘာပေါ်မှာ ရှားလိမ့်မယ်။

ဆိုင်နာမည်က ... ကံကောင်းကျော် (ကိုလိုရာဒို) မြန်မာထမင်းဟင်း နှင့် ထိုင်းရိုးရာ စားစရာများ။




ကိုလိုရာဒို ဆိုတာက အမေရိကန်ပြည်ထောင်စု ပြည်နယ်တခုရဲ့ နာမည် ဖြစ်ပါလိမ့်မယ်။

နာကူရုံးမှာ နေ့စဉ် အလုပ်ဝင်သူ လုပ်အားပေးသူ ၁ဝဝ ကျော် ရှိတဲ့အတွက် သူတို့ရဲ့ ဝါးဒီးအတွက် ဆိုင်ဖွင့်ထားရခြင်းပါ။ ဒါက တတိယမြောက်ဆိုင်လို့ ဆိုတယ်။ မဟုတ်ဘူး... ဆိုင် ၃ ဆိုင်ရှိတာကို ဆိုလိုတာ မဟုတ်ဘူး။ ဆိုင်က ၁ ဆိုင်တည်းပါ။ အဲဒီဆိုင်ကို အုပ်ချုပ်သူ/ပိုင်ရှင် ၃ ကြိမ် ပြောင်းခဲ့ပြီးပြီလို့ ဆိုလိုခြင်းပါ။
 




ငါးကြော်ချက်နဲ့ အရွက် ၂ မျိုး။ ရောင်းဈေး ၁,ဝဝဝ။
စားပြီးရင် ဇွန်း၊ ပန်းကန်တို့ကို ကိုယ်တိုင်သိမ်း၊ ဆေးကြော။

သက်သာဆိုင်ဆိုတော့ ဒီလိုပဲပေါ့လေ။

စားနေကျ ဖောက်သည်တွေကတော့... ဈေးနည်းနည်း တက်တယ်... ခါတိုင်း ဈေးနှုန်းက ၈ဝဝ လို့ ဆိုတယ်။



ဒီဆိုင်းဘုတ်ကတော့ ခုမှ ရေးထားပုံရတယ်။
ဆိုင်းဘုတ်ကို ကြည့်ညပီး ကတ်သပ် ပြောရရင်... ပန်းကန် မဆေးလည်း ရပါတယ်... သူက ပုဂံလို့ ဆိုထားတာ မဟုတ်လား)




ကလေးတွေ လူငယ်တွေအတွက် သင်တန်းမျိုးစုံလည်း ဖွင့်ထားတယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းလည်း တနေကုန် ဖွင့်တယ် ဆိုတော့ တချို့ရက်တွေမှာ ဆိုင်လူကျလွန်းတယ် တဲ့။ လူကျတဲ့နေ့ဆို လက်မလည်အောင် ချက်ရ ပြုတ်ရပေါ့။ ဆိုင်ခွဲတွေ ရှိလားလို့ ဟင်းထည့်ပေးတဲ့ အမျိုးသမီးကို မေးတော့ ... ဒီဆိုင်တခုနဲ့တင် အလုပ် ပိနေ ဆိုပဲ။ ကိုလိုရာဒို ဆိုတာ ဘာလဲ မေးကြည့်တော့ ... ဟိုဝိုင်းကို သွားမေးကြည့်လို့ ဆိုတယ်။ ကံကောင်းကျော် ဆိုတဲ့သူက အဲဒီဝိုင်းမှာ ရှိမယ် ထင်ပါရဲ့။ ဒါနဲ့ပဲ ထမင်းစားရင်းနဲ့ အဲဒီဝိုင်းကို တချက် ရိုက်လိုက်တယ်... အဝါရောင်ဝတ်ထားသူ ထိုင်နေတဲ့ဝိုင်းဗျ။
 


အဝင်ဝမှာ ရေးထားချက်အရ ဆိုရင်... ဟိုတုန်းကတော့ ဆေးစရာ မလိုဘူး... သတ်မှတ်ထားတဲ့နေရာ သွားပုံထားရုံပါပဲ။

ဒီနည်းနဲ့ ပန်းကန်ဆေးကြတော့ ရေပိုကုန်တဲ့ဆိုးကျိုးတော့ ရှိသပေါ့... ရှိသော်လည်း ... ကောင်းပါတယ်လေ ... ဒါမှ တန်ဘိုးသင့်နေ့လယ်စာဖြစ်တော့မှာ။    

မနက် စောစောဖွင့်တယ်... ညနေဆို ၄းဝဝ အထိ ဖွင့် ဆိုပဲ။     ။

Oct 30, 2016

စိတ်ကူးကောင်းနာရီ



တောင်သူလယ်သမားဂျာနယ်တိုက် ဧည့်ခန်းမှာ တွေ့ရတဲ့ နာရီ။
တော်တော် ကြီးတာပဲ။
နာရီအတွက် စက်ကို နံရံထဲ ထည့်ထားရမှာပဲ လို့ ရုတ်တရက် ထင်ချင်စရာ။ စက်က သေးသေးလေးပါ။ လက်ဘက်ရည်ဆိုင်က ပလာတာနဲ့ နင်လားငါလား။

ဒီနာရီမြင်တော့ နာရီစင်တွေကို သတိရတယ်။

အမြို့မြို့ အနယ်နယ်က နာရီစင်တွေမှာ နာရီတွေ ရပ်နေတာ ထုံးစံပဲ။
နာရီစင်က မျက်နှာ လေးခု ရှိတာ များတယ်။ နာရီလေးလုံးတပ်မယ်၊ အရပ်လေးမျက်နှာက ဒေသခံတွေ နာရီ သိရအောင် ဆိုတဲ့ စေတနာနဲ့ တွင်းနက်နက်တူး၊ အုတ်မြစ်ချ၊ လေးထပ်တိုက်အမြင့်လောက် လှလှပပ ဆောက်၊ ဖြစ်မြောက်ရေးကော်မတီဝင်လူကြီးတွေ မြို့တက်ပြီး နာရီကြီးကြီး လေးလုံးဝယ်။
ပိုက်ဆံ ကုန်သွားရင် ငွေရှင်ကြေးရှင်လို့ ယူဆရသူတွေဆီက တောင်း/အလှူခံ။ နောက်ဆုံးတော့ အကျိုးပြုနာရီစင်ဖွင့်ပွဲ တခမ်းတနားလုပ်။

တိုင်ကပ်နာရီ၊ လက်ပတ်နာရီ ပေါများလာတဲ့ခေတ်မှာလည်း နာရီစင်တွေ ဆောက်ကြဆဲပဲ။ 
အပြ ကောင်းတယ်လေ။ ဒါကြီးကို ငါ ကြီးကြပ်ခဲ့တာ ဆိုပြီး ကြွားလို့ရမယ်။ 
ရံပုံငွေကို ဘုံးတဲ့ ငနာတွေလည်း ရှိမှာပဲ အနည်းနဲ့ အများ။

နာရီကြီးတွေလည်း ကျန်းမာရေး ကောင်းတာ မဟုတ်ဘူး။ ပျက်တတ်တယ်။ 
ပျက်တဲ့ကိစ္စက နာရီစင်ဖြစ်မြောက်ရေးကော်မတီနဲ့ မဆိုင်တော့ဘူး ထင်တယ်။ နာရီတွေက ရပ်နေတာ များတယ်။
ပြင်မရလို့  ရပ်ထားရတာ ဖြစ်နိုင်သလို ပြင်ဖို့ အစီအစဉ် မရှိလို့ ရပ်ထားရတာလည်း ဖြစ်နိုင်။ နာရီပြင်ဆိုင်တွေ မြို့တိုင်းမှာ ရှိပေမယ့် ဧရာမနာရီတွေတော့ ပြင်ဆရာတိုင်း မကိုင်နိုင်ဘူး ထင်ပါတယ်။ အပိုပစ္စည်းလည်း ရှားမယ်။

နာရီစင် ဆောက်ဖို့ အရူးထကြကတည်းက တောင်သူလယ်သမားဂျာနယ်တိုက်က  ဒီလိုနာရီမျိုး တပ်ဖို့ စိတ်ကူးမိရင် ကောင်းမှာပဲ။ ဈေးလည်း မများဘူး။
ပျက်ရင်လည်း ပြင်ဆရာတွေ အစွမ်းပြနိုင်မှာပဲ။

နာရီစင်ဆောက်ဖို့ အရူးထသူများကို ဒီလို နာရီ တပ်ဖို့ လက်တို့ပေးပါး)

အိမ်နီးချင်းပေးတဲ့ ဒေဝါလီ လက်ဆောင်

 




ဒီဇင်ဘာမှာ ခရစ်စမတ်။
နိုဝင်ဘာ ဝန်းကျင် ဆိုရင် ဒေဝါလီ/ဒီပါဝလီ။

ပြီးခဲ့တဲ့ ခရစ်စမတ်မှာ အိမ်နီးချင်း ချင်းကလေးလေးတွေကို ခရစ်စမတ်လက်ဆောင် ပေးဖြစ်တယ်။
ဒီနှစ်လည်း ပေးဖြစ်ဖို့ ကြိုးစားမယ်။

လောလောဆယ်တော့ ဒေဝါလီကာလ။ ကိုယ့်ဘေးအိမ်၊ အပေါ်အိမ် အောက်အိမ်မှာ ဟိန္ဒူ ကလေးလေးတွေ မရှိဘူး။
ဟိုနေ့က ဒေဝါလီလက်ဆောင် ဆိုပြီး အိမ်ကို ရောက်လာတဲ့မုန့်တွေ စားပစ်လိုက်တာ ကောင်းမှကောင်း ဆိုပါစို့။
အောက်ထပ်နားမှာ အသစ်ရောက်လာတဲ့သူက လာပေးတာ တဲ့။ သူတို့က ရုံးခန်းဖွင့်တာ။ အိမ်မဟုတ်။ ဘာလုပ်တဲ့ရုံးမှန်း မသိဘူး။ လိပ်စာကတ်တော့ ပါလာတယ်။ စင်္ကာပူ ဆိုတာတော့ ဖတ်မိလိုက်တယ်။ စင်္ကာပူနဲ့ ချိတ်ဆက်လုပ်တဲ့ရုံး ထင်ပါရဲ့။

အိမ်က သားကြီးက စာကလေးကြော်တော့ နည်းနည်း ယူစားတယ်။ သားငယ်က ယူစားရကောင်းမှန်း မသိသေးဘူး။

ဒေဝါလီက အိန္ဒိယမှာဆိုရင် တကယ့်ပွဲကြီးလို့ ဆိုတယ်။ ဒီကာလမှာ ဟိန္ဒူ၊ ပန်ချာ၊ ဗုဒ္ဓဘာသာဝင်၊ ဂျိန်းဘာသာဝင်တွေရဲ့ မီးထွန်းပွဲတော်တွေ ရှိတယ် တဲ့။ တိုက်တိုက်ဆိုင်ဆိုင်လည်း ဖြစ်နိုင်သလို ယဉ်ကျေးမှု ကော်ပီကူးတာလည်း ဖြစ်နိုင်တယ်။
ပွဲတော်တွေအကြောင်း လိုက်ဖတ်ကြည့်တော့ ငါတို့မြို့ ငါတို့ရွာက စေတီကို ပုဂံဘုရင် xxxx တည်ခဲ့တာဆိုတဲ့ စာတွေကို သတိရတယ်။
မီးထွန်းပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေက ကောင်းပါတယ်။ စစ်ပွဲတွေထက် ငွေကုန် သက်သာတယ်။


ငါတို့တိုက်မှာ အခန်းပေါင်း ၁၆ ခန်း ရှိတယ်။ ဘာသာပေါင်းစုံ ရုံးခန်း လာဖွင့်ကြရင် ကောင်းမယ်။ ယဉ်ကျေးမှုပေါင်းစုံနဲ့ ထိတွေ့ခွင့် ရတာပေါ့လေ။

Aug 4, 2016

အခမဲ့အကြံပြုရတာ မတန်လိုက်တာ


မနေ့က ည ၉းဝဝ ကျော်တော့ စကိုင်းနက်ရုပ်သံ စိုက်ပျိုးရေးလိုင်း ဖွင့်ကြည့်မိတယ်။ ၅ဝ ဝန်းကျင် အမျိုးသမီးက The important of the forest  ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်တယ်။ ပါဝါပွိုင့်နဲ့။ သူက သစ်တောပြန်လည်ပျိုးထောင်ရေး၊ ပြုန်းတီးမှု လျော့ပါးရေး အကြောင်းတွေ ပြောတယ်။ သူ့တင်ဆက်မှုက အားမာန်ရှိရှိ၊ အားရပါးရ။

သစ်တောပြန်လည်ပြုစုရေးအကြောင်း ပြည်ပအတွေ့အကြုံတွေလည်း ပါတယ်။ သစ်တောဌာနက ခပ်အအမှ မဟုတ်ဘဲ၊ အများကြီး သိနေတာ။ မလုပ်နိုင်သေးတာကတော့ စနစ် အားနည်းချက်ကြောင့် ဖြစ်ဖွယ်ရှိ။
သူ့ရဲ့တင်ဆက်မှု အစပိုင်း လွတ်သွားတယ်။ သူ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုတာ မသိရဘူး။ ခေါင်းစဉ်က အင်္ဂလိပ်လို ဆိုသော်လည်း ပြောတာကတော့ မြန်မာလို။

အစီအစဉ်သာ ပြီးသွားတယ်… သူ့နာမည်၊ ရာထူးတို့ကို စာတန်း မထိုး။ နောက်ဆုံးတက်လာတဲ့ စာတန်းတွေမှာ ကင်မရာကိုင်သူနာမည်တို့ ဘာတို့တော့ ပါတာပေါ့လေ။

ပရိသတ် ဘာသိချင်လဲ သူတို့ သောက်ဂရုစိုက်ပုံ မရ သို့မဟုတ် ဂရုစိုက်ရမှန်း နားလည်ပုံ မရတာကတော့ ဝမ်းနည်းစရာ။ ပြိုင်ဘက်မရှိတော့လည်း တော်ရိလျော်ရိသာသာ လုပ်နေရလား မသိ။
နာရီဝက်ဝန်းကျင်ကြာတဲ့ ဒီလိုတင်ဆက်မှုမျိုးဆိုရင်   ပါဝင်ဆွေးနွေး ဟောပြောသူရဲ့ အမည်ကို မကြာခဏဆိုသလို စာတန်းထိုးပြရမယ် ဆိုတာ ရုပ်သံမီဒီယာသင်တန်းရဲ့ ပထမနေ့လောက်မှာ သင်ယူကြရမယ် ထင်ပါတယ်။ ရုပ်သံကြည့်ပရိသတ်ဆိုတာ မှတ်သားနိုင်စွမ်း အကန့်အသတ်ရှိမယ်၊ အစအဆုံး ကြည့်ချင်မှ ကြည့်မယ်လေ။

စာတမ်းရှင်/တင်ဆက်သူနဲ့ နောက်တကြိမ် မိတ်ဆက်မပေးတာဟာ စကိုင်းနက်က အချိန်မရတာကြောင့် မဟုတ်ပါဘူး။ အချိန်တွေ ပေါလွန်းလို့ တင်ဆက်မှု အစအဆုံး လွှင့်ပေးနေတာ။ မကြာခင်မှာ ဒါကို အကြိမ်ကြိမ် ထပ်လွှင့်အုံးမှာပဲ။


အခမဲ့အကြံပြုရတာ မတန်လိုက်တာ။   ။

Jul 20, 2016

Prisma သုံးပြီးကြပြီလား


ဓာတ်ပုံကနေ ပန်းချီကားပုံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အက်ပ် တခု ဖြစ်တဲ့ Prisma ကို အကြီးအကျယ် လူကြိုက်များနေပါတယ်။
ဒါကြောင့် The Ladies ဂျာနယ် အယ်ဒီတာ ဆောင်းဖြူ ရိုက်ကူးပေးပို့တဲ့ ခပ်လန်းလန်းပုံကို ပုံပြောင်းပစ်လိုက်တယ်။
ကွန်ပြူတာထဲ အသင့်ရှိတဲ့ ACDSee 17 ကို သုံးပြီး ပြောင်းတာပါ။ ဘယ်လိုလဲ...ပိုကြည့်ကောင်းသွားသလား၊ ပိုပြီး ရယ်စရာဖြစ်သွားသလား။

တခြားသူတွေလုပ်တိုင်း လိုက်လုပ်မနေနဲ့လို့ အပြစ်မတင်စေချင်ဘူး။ ကမ္ဘာတလွှား လူကြိုက်များနေတော့ ကိုယ်လည်း လိုက်ပါစီးဆင်းကြည့်ခြင်းပါ။ ကိုယ့်လို လိုက်ပါ စီးဆင်းသူတွေ နေ့စဉ် တသန်းကျော် တိုးလာ ဆိုပဲ။ သတင်းတွေမှာ ရေးထားတာ။

ဂျပန်မှာ ဖြန့်ဖို့ပြင်၊ ကနေဒါမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြန့်လိုက်တဲ့ Pokemon Go  ကို သဲသဲလှုပ်ဖြစ်နေကြချိန်မှာပဲ ဒီနည်းပညာကို လူကြိုက်များနေတာပါ။ လိုင်းလည်း မတူဘူးလေ။
(ဒီနေ့ မနက်ဖြန် ဂျပန်မှာ ဖြန့်ဖို့ ပြင်နေ ဆိုပေမဲ့ ရက်ရွှေ့မယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရပြန်တယ်။)

ဓာတ်ပုံအထူးပြုလုပ်ချက်တွေက  Instagram ထက် ပိုပြီး စွမ်းဆောင်ချက်ကောင်း၊ သုံးရလွယ်သလိုမျိုး  သတင်းတွေမှာ ရေးထားတယ်။ အကြံတူ နောက်လူသာစမြဲ ဆိုရမလား။

ဘယ်လို ပန်းချီပုံပြောင်းမလဲဆိုတာ ရွေးချယ်ဖို့ ၃၃ မျိုး ရှိတယ် ( ပုံတပုံတည်းကိုပဲ မတူညီတဲ့ဟန် ၃၃ မျိုး လုပ်နိုင်တယ်) ဆိုပဲ။ ကြိုက်ချင်စရာပေါ့။

ပန်းချီဆရာတွေ အချိန်အကြာကြီးလုပ်ရတဲ့အလုပ်ကို ဖုန်းထဲမှာ ခလုတ်လေး ပွတ်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပြီးစီးတာမျိုးက စမတ်ဖုန်းနဲ့ အထာကျနေသူအကြိုက် ဆိုပါစို့။
လျှပ်တပြက်အတွင်းဖန်တီးခြင်းအလုပ်ကို စမတ်ဖုန်းသမားတွေကြိုက်ကြတာလည်း အပြစ်မဆိုသာဘူး။ မကြိုက်ဘူးဆိုမှသာ အနုပညာအမြင်ခေါင်းပါးလွန်းသူအဖြစ် သတ်မှတ်သင့်တာ။

အနုပညာပါတဲ့ နည်းနာတွေကို နှစ်သက်ခြင်းဟာ ကြိုဆိုချင်စရာ မဟုတ်ဘူးလား။

အိုင်ဖုန်းသမားတွေပဲ လက်ဆော့နိုင်တဲ့ ဒီနည်းနာက တခြားစမတ်ဖုန်းတွေမှာ ထည့်သုံးလို့ မရသေးဘူး တဲ့။
အကောင်းဘက်က တွေးကြည့်ရင်တော့ ... အချိန်ကုန် သက်သာတာပေါ့ကွား)




Jun 6, 2016

အအိပ်ပြိုင်တဲ့ ညီအစ်ကို နဲ့ ရောက်တတ်ရာရာ အရေးအသား



ဒီမနက် အငယ်ကောင်နဲ့ အကြီးကောင် အအိပ်ပြိုင်နေကြတာလေ။

အငယ်ကောင် နိုင်မှာပါ။

အငယ်ကောင်က မေလလယ်မှာ မွေးတယ်။ လာမယ့် ၁၆ ရက်နေ့ဆို ၁ လ ပြည့် ပြီ။
၁ လ ပြည့် မွေးနေ့ အထိမ်းအမှတ် ဘာကျွေးရင် ကောင်းမလဲ။ အဲဒီနေ့က စနေနေ့။ မိတ်ဆွေတွေ လာနိုင်ပါ့မလား။ အိမ်ကလူတွေရော ချက်နိုင်ပါ့မလား။

  ဟိုနေ့က သူ့နဲ့ မိတ်ဆက်ပေးတော့ မတ်လလယ်လို့ မှားရေးမိတာ။ ကျနော့် အယ်ဒီတာက ထောက်ပြမှ အဲဒီအမှား တွေ့ရတား)

အငယ်က ကျန်းမာပါတယ်။ အိပ်တယ်။ ဗိုက်ဆာရင် အော်ငိုတယ်။ ပြန်အိပ်ခါစ ဆိုရင် တချက် ပြုံးတယ် သူ့အကိုလိုပဲ။

သူ့မေမေကတော့ အလုပ်အများဆုံးအမျိုးသမီး ဖြစ်နေတာပေါ့။
အလုပ်များရတဲ့အကြောင်းရင်းထဲမှာ မနေ့က ဈေးဝယ်ထွက်တာမျိုးလည်း ပါမှာပါး) ကလေးအတွက် လိုတာတွေ လိုက်ဝယ်ရမယ်လို့ ပြောတာပဲ။

ရာထူးတက်လာတော့ ထုံးစံအတိုင်းပဲ အကြီးကောင်က နည်းနည်း ဆိုးသွမ်းလာတယ်။ သူ နာမည်ပြောင်တခု ထပ်ရတယ်။ လူဆိုးကြီး။
တောင်းဆိုချက်တွေ သိပ်များလာတယ်။ အရုပ်တွေ ထပ်ဝယ်ခိုင်းတာမျိုးလေ။

သားနှစ်ယောက်အဖေ ဖြစ်ရတာ ကောင်းပါတယ်။ ဇာနည်ဝင်းနှင့်သားများ ဆိုတဲ့ နာမည်နဲ့ ဆိုင်တွေ ဘာတွေ ဖွင့်လို့ရပြီ။
အခုတော့ သားများရဲ့ဖေဖေလည်း အိပ်ရေး သိပ်မဝ။ မနက်က အိပ်ယာထနောက်ကျလို့ ရုံးတက် နည်းနည်းနောက်ကျ။
ဘယ်ကိုမှလည်း သွားမလည်ဖြစ်။
-----------------------------------

စနေနေ့ကတော့ နာရေး ပို့ဖြစ်တယ်။ ကိုမင်းနိုင် နာရေး။
ကြောင်တွေ ခွေးတွေကို ချစ်တဲ့ နိုင်ငံရေးသမား၊
ထောင်နှုတ်ခမ်းပေါ် ကာလအတော်ကြာကြာ ပြေးလွှားနေထိုင်ခဲ့တဲ့ နိုင်ငံရေးသမားပါ။
သူရှင်သန်နေတုန်းက သူ့ကို သူ့မိသားစု မပိုင်ဆိုင်သလိုမျိုး ဖြစ်ခဲ့လိမ့်မယ်။
နာရေးမှာလည်း သူ့မိသားစုရဲ့ ကဏ္ဍ ပျောက်သလို ဖြစ်နေတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုက သူ့ကိုသာမက သူ့နာရေးကိုပါ သိမ်းပိုက်လိုက်တယ်လို့ တင်စားပြီး ပြောကြည့်ချင်တယ်။
မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်တွေ အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ သူ့နာရေးမှာ စုဝေးကြတယ်။
ဈာပနအခမ်းအနား အချိန်ယူ ကျင်းပကြတယ်။ သူ့ကို ဂုဏ်ပြုကြတယ်။ လွမ်းဆွတ်ကြတယ်။ ဂူသွင်းကြတယ်။ အမှတ်တရအစီအစဉ်တွေ လုပ်ကြမယ်။ သတိရကြမယ်။
လူ့ဘောင်သစ်ပါတီ တစ်ခုထက် ပိုပြီး ကွဲနေပေမယ့် သူ့နာရေးကိုတော့ ကွဲနေတဲ့သူတွေ စုဝေးပြီး လုပ်ကြတာကို သူမြင်ရင် ဝမ်းသာမယ် ထင်တယ်။
-------------------------------------

မနေ့က တနင်္ဂနွေဆိုတော့ အားလပ်ချိန် နားနားနေနေ နေတဲ့အချိန် ပိုရတယ်။
လခစားအလုပ်ကို ဒီအချက်ကြောင့် သဘောကျတယ်။
ကိုယ်ပိုင်အလုပ်ဆိုရင် တနင်္ဂနွေပိတ်ရက် ရှိချင်မှ ရှိမယ်လေ။
ပိတ်ရက်မှာ ရုပ်ရှင်ကြည့်တယ်။ ကုလားကား။ အင်မတန်ကောင်း။ ကုလားဖြစ်ချင်စိတ်တောင် ပေါက်သွားတယ်။
အိန္ဒိယ - ပါကစ္စတန်နယ်စပ်မှာ ပျောက်သွားတဲ့ ကလေးကို နေရပ်ရင်း ပြန်ရောက်အောင် လူရိုးလူဖြောင့်ကြီးတယောက်က ကြိုးပမ်းတဲ့ ပညာပေးကား။ သူက ဟာနုမာန်ကို ကိုးကွယ်တယ်။ မျောက်တွေ့တိုင်း လက်အုပ်ချီတော့တာပဲ။
--------------------------------------

ဒီနေ့ ရုံးပြန်တက်တယ်။
မန္တလေးမှာ ဘီဘီစီသတင်းထောက် ကိုနေလင်း ထောင်သုံးလ ချခံရတဲ့သတင်း တက်လာတယ်း(
--------------------------------------

May 28, 2016

နောက်ထပ် သားတယောက်



ဒုတိယမြောက် သားတယောက် မတ်လလယ်မှာ  မွေးပါတယ်။
မိခင်နဲ့ ကလေး ကျန်းမာ၊ အဆင်ပြေ။

ပထမမြောက်သားတုန်းက ခွဲမွေးတာ။ ဒီတယောက်ကိုတော့ သဘာဝအတိုင်း မွေးချင်တယ်ဆိုတဲ့ မိခင်ရဲ့ဆန္ဒ ပြည့်ဝပါတယ်။
တွေ့ခဲ့တဲ့ဆရာဝန်များကတော့ ခွဲဖို့ မဲပေးကြတယ်။

အသက်လည်း သိပ်မကြီးသေးဘူး... ပြီးတော့ ခွဲထားတာလည်း ၄ နှစ် ရှိပြီ ဆိုတာကတော့ အားသာချက်တွေပေါ့လေ။

ကလေးက ၈ ပေါင် ပြည့်ဖို့ ၁ အောင်စ လို။
အမည် မပေးရသေး။

အမည် သူ့မေမေ ပေးပါစေ။ ရိုးရိုးရှင်းရှင်း ပေးဖို့၊ ရှည်လျား ပေမများဖို့တော့ တောင်းဆိုချင်တယ်။
မြန်မာနာမည်ပေးစေချင်တယ်။
မြန်မာအမည် မဟုတ်ရင် စာသင်ခန်းထဲ အနိုင်ကျင့်ခံရမလား စိုးရိမ်လို့ပါ။

ကလေးက ကျန်းမာတယ် ဆိုပေမဲ့ မျက်နှာ နည်းနည်း ဝါတယ်။
ဆရာဝန်က လိုလိုမယ်မယ် စစ်ပေးပါတယ် - ဆေးရုံမှာရှိတုန်း ဖနောင့်ဖောက်ပြီး သွေးယူစစ်တာ နှစ်ခါ - အဖြေက ကျန်းမာ၏ တဲ့။
မွေးပြီး တပတ်ပြည့်ချိန် ချိန်းထားတဲ့အတိုင်း သွားပြတော့ မျက်နှာ ဝါနေတုန်းဆိုတော့ ဖနောင့် ထပ်ဖောက်ပြန်တယ်။ သူနာပြုက ဖနောင့်ကနေ သွေးယူတာ ၂ မိနစ်လောက် ကြာတယ်၊ မကျွမ်းကျင်တာလား ပြာယာခပ်တာလား မစေ့စပ်တာလား မသိ၊ လှမ်းမြင်နေရတယ်၊ မှန်နံရံခြားပေမယ့် ကလေးငိုသံ ကြားနေရလို့ စိတ်မကောင်းဘူး။
သွေးအဖြေ တနာရီအကြာမှာ ထွက်လာတယ်၊ ပုံမှန်ပါပဲ တဲ့။

ဒီနေ့လည်း ဆရာဝန်နဲ့ ချိန်းထားပြန်တယ်။
ဖနောင့်ထပ်ဖောက်ဖို့ပြောရင်တော့ ငြင်းလိုက်မယ်။



ကလေးပုံ ချက်ချင်း မတင်ရခြင်း အကြောင်းရင်းက ဆေးရုံ လာကြည့်ကြမှာစိုးလို့ပါ။ သိတဲ့အတိုင်းပဲ... ရန်ကုန်မှာက သွားရေးလာရေး ခက်တယ်၊ အချိန်လည်း ဆင်းရဲကြတယ် မဟုတ်လား။     ။