Sep 30, 2008

my wife & our T shirt

ဦးဝင်းတင် အင်းစိန်ထောင်အပြင်ဘက် ရောက်လာတဲ့အတွက် လူအများစုက ၀မ်းသာကြတယ်။ ကျနော့်အမျိုးသမီးကလည်း ၀မ်းသာတယ်။ ၀မ်းသာလွန်းလို့ မျက်ရည်ကျတယ်လို့ ပြောတယ်။ သူက ဘီဘီစီ ပရိသတ်။ မြန်မာပြည်သတင်းတွေကိုလည်း အင်တာနက်ကနေ (တခါတလေ) ဖတ်တတ်သူ။ ဒါကြောင့် သတင်းတွေမှာ ပါလေ့ရှိတဲ့ ဦးဝင်းတင်ကို သိနေတာ။ စကားစပ်လို့ ပြောရရင် ဦးဝင်းတင်ရေးတဲ့စာတွေ ဖတ်ဖြစ်မယ်လို့ မထင်ဘူး။ အခု စာရေးနေတုန်း ဂျီတော့ကနေ လှမ်းမေးကြည့်တော့ မဖတ်ဖူးဘူး တဲ့။ ဦးဝင်းတင်စာ မပြောနဲ့ ကျနော်ရေးတာတွေတောင် ပုံမှန်မဖတ်ဘူးလို့ ယုံကြည်ရတယ်။း)

၂၀၀၂ ခုနှစ် မဲဆောက်မြို့က ပွဲဈေးခင်းတခုမှာ တီရှပ်တထည် ၀ယ်ဖူးတယ်။ တံဆိပ်ရိုက်ဆိုင်ကနေ။ ကိုယ်ကြိုက်တဲ့ပုံယူခဲ့ဆိုလို့ ဦးဝင်းတင်ပုံကို USB drive နဲ့ ပေးလိုက်တယ်။ ကွမ်း ၂ ယာ ညက်လောက်ပဲ ကြာတယ်။ တီရှပ်နဲ့ တံဆိပ်ရိုက်ခ ဘတ် ၁၅၀ ထင်တယ်။ ၅ ဒေါ်လာ ၀န်းကျင် ဆိုပါစို့။ တီရှပ်ကို ဆိုက်ကြီး ယူလိုက်တယ်။ မိသားစုအက်ႌေပါ့ဗ်ာ။ ကျနော် ၀တ်တယ်၊ ကျနော့်အမျိုးသမီးလည်း ၀တ်တယ်။ ပြောချင်တာက သူက အဲဒီတီရှပ်ကြောင့် ဦးဝင်းတင်ကို ကောင်းကောင်းသိတယ်ဆိုတဲ့အကြောင်း။း) မနှစ်တုန်းက ကျနော် ယိုးဒယားရောက်တုန်း အဲဒီအင်္ကျီ ၀တ်ဖြစ်တယ်။ လျှော်ဖန်များလို့ ဓာတ်ပုံပျက်နေပြီ။ ပရိသတ်ကြီး မျက်စိထဲ မမြင်မှာစိုးလို့ ပုံဆွဲပေးလိုက်ပါတယ်။ ဒါပါပဲ။ ကြုံတုန်း ကြုံခိုက် ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းခန်းတွေကို စုစည်းထားတဲ့ စာမျက်နှာကိုလည်း ညွှန်းလိုက်ပါရစေ။ www.uwintin.com ဖြစ်ပါတယ်။ အဲဒါကိုနှိပ်ရင် http://uwintin.blogspot.com ကို ရောက်သွားပါလိမ့်မယ်။ ဘလော့ဂ် က မွမ်းမံပြင်ဆင်ရတာ ပိုလွယ် ပိုမြန်တယ်လေ။ ဒါကြောင့် ဘလော့ဂ်ကို သုံးဖြစ်နေတယ်။

ဒီစာရဲ့ခေါင်းစည်းက my wife & our T shirt ။ ဒါပေမဲ့ ရေးတာတွေက ဟိုရောက် ဒီရောက်။

Sep 23, 2008

1STs in my life :)

ဘ၀မှာ အပြောင်းအလဲတွေက များလို့ စိတ်တွေ မငြိမ်မသက်ဖြစ်နေတဲ့သူက ပထမဆုံးတွေအကြောင်းပြောပြဖို့ လှမ်းချိတ်တဲ့အတွက် ပေါ့ပေါ့ပါးပါးလေးတွေ ရေးလိုက်ပါတယ်။ ရေးရတာ စိတ်ဝင်စားစရာ။ ဖတ်ရတာတော့ စိတ်ပျက်စရာ ဖြစ်ချင်ဖြစ်နိုင်တယ်။ အပြာရောင်က မစ္စတာအောင်သာငယ် မေးထားတာ။ အမည်းရောင်က ကိုယ်ဖြေထားတာ။


ပထမဆုံးတက်ရသည့် ကျောင်း - ရှမ်းပြည်နယ်ထဲမှာပဲ၊ နာမည်မကြီးပါဘူး။း)

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (ကတွေ ခတွေ မခွဲဘူး။ ကျောင်းသား ၃၀ ၀န်းကျင်ပဲ ရှိမယ်ထင်တယ်။ သူငယ်တန်းကို ကြက်ချေးတန်းလို့လည်း ခေါ်တယ်။ ကျောင်းခန်းက ထရံကာ၊ သက်ကယ်မိုး။ အခန်းအပြင်ဘက်မှာ သောက်ရေအိုးရှိတယ်။ အဲဒီအတန်းက အရေးကြီးတယ်။ ကျနော့်ကို ကကြီးခကွေးတွေနဲ့ ညအခါ လသာသာတွေ သင်ပေးခဲ့တယ်။)

ပထမဆုံး အတန်းပိုင်ဆရာ - ဒေါ်တင်အောင် တဲ့၊ ဆုံးရှာပြီ။

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- ဂျိုး (Joe)။ ကျောင်းနာမည်က အံ့ကြီး။ မှတ်ပုံတင်ကဒ်ပြားပေါ်မှာလည်း အံ့ကြီး။ (အဆိုတော် ဦးအံ့ကြီးလို့ထင်ရင် ၁၀၀ ရာခိုင်နှုန်း မှားပါမယ်။)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - မေ့ပြီ။ (မေ့ပြီဆိုတာ ကျနော့် သူငယ်ချင်း မဟုတ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ။)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ကျော်မြသန်းရေးတဲ့ ကနားစီးမောင်မောင်လတ်၊ ပြီးတော့ ကျော်အောင် ဘာသာပြန်တဲ့ တောရိုင်းမြေ၊ ဘယ်ဟာလဲ မသိတော့ဘူး။ သေချာတာကတော့ အဲဒီစာအုပ်တွေ အိမ်မှာရှိတော့ ၂ခါ ၃ ခါတောင် ဖတ်ဖြစ်။ ပထမဆုံးဖတ်တဲ့စာအုပ်တွေကတော့ သိုင်းဝတ္ထုတွေပဲ။ နာမည်တွေ မမှတ်မိတော့ဘူး။ ဆိုင်မှာ သွားငှားတာ။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ကျောင်းစာကို ဘယ်တုန်းကမှ ပျော်ပျော်ရွှင်ရွှင် ဖတ်မိခဲ့တာမရှိ။ (ဘုဂလန့်တိုက်သလိုမျိုး ဖြစ်သွားသလား ကိုအောင်သာငယ်ရေ။ တကယ်တော့ ၀န်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေက အင်မတန်ရွှင်တဲ့အရေးအသားတွေပဲ။ အဲဒီတုန်းက ကြိုက်ရကောင်းမှန်း မသိ။ စာမေးပွဲမှာ မေးမှာလား။ ကဗျာကိုကျက်ရမှာလား။ ခက်ဆစ်တွေ များလှချည်လား ဒီလူတွေ လျှောက်ရေးခဲ့ လက်သရမ်းခဲ့လို့ အခု ငါတို့ ကျက်နေရပြီ ကောင်းကြသေးရဲ့လား စသဖြင့်ပဲ တွေးခဲ့မိ။)

ပထမဆုံး ရဖူးသောဆု - ၃ တန်းတုန်းက ပထမ ရတယ်။ နယ်ကျောင်းဆိုတော့ ဗိုလ်စွဲဖို့ အခက်ကြီးမဟုတ်ဘူးလို့ပြောရင် တောသားတွေကို နှိမ်သလိုဖြစ်မယ်။ တကယ်လည်း မခက်ဘူးလို့ ထင်တာပဲ။ ၆ တန်းကို ရန်ကုန်မှာ တက်ရတယ်။ မြို့ရောက်တော့ ခပ်ညံ့ညံ့ကျောင်းသားဖြစ်သွားတယ်။ စာကျက်အား နည်းသွားလို့၊ ဒါမှမဟုတ် မြို့သားတွေက ကျုပ်ထက် ပိုတော်လို့ ဖြစ်မယ်။

ပထမဆုံး စီးရသော ဘတ်စ်ကား - ရွှေဘုံသာလမ်းမှာ ဂိတ်ဆုံးတဲ့ကားလေ။ ရွှေတိဂုံတို့ မြေနီကုန်းတို့ကို ရောက်တယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ပိုင်တဲ့ ကားလိုင်း။ ကျနော်က အဲဒီတုန်းက ၀ိဇယမှတ်တိုင်မှာ ဆင်းတယ်။ ၀ိဇယရုံမှာ အင်္ဂလိပ်ကား သွားကြည့်တာ။ ငါးမူးတန်းက ထင်တယ်။ ကားခက တမတ်။ အချိန်က ၁၉၈၃ဖြစ်နိုင်တယ်။ ကျနော့်အဖေ ခေါ်သွားတာလေ။ အပြန်မှာ အဖေက အရက်ဆိုင်တခုထဲဝင်ပြီး တခွက်ဝင်မော့တယ်။း)

ပထမဆုံး ဆိုခဲ့သော သီချင်း - လက်ရှိ နိုင်ငံတော် သီချင်း။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - မေ့ပြီ။ (စာထဲမှာ မေ့ပြီ ဆိုတဲ့ စကားလုံးကို လုံးဝ မထည့်ခဲ့ပါ။)

ပထမဆုံး ကဗျာ - ကဗျာဆိုတာ ပညာရှိက၀ိတို့၏ဥစ္စာလို့ ဆိုတယ်။ ဒါနဲ့ပဲ မရေးဖြစ်ခဲ့ဘူး။

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မန္တလေး (ဈေးချို၊ ညဈေးတန်း၊ တရုပ်တန်း၊ ဖာလူဒါဆိုင်)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ယိုးဒယား (အဲဒီမှာ ၄ နှစ်ဆက်တိုက် နေခဲ့တယ်။ မနှစ်တုန်းကလည်း ထပ်ရောက်တယ်။ အယုဒ္ဓယမြို့ဟောင်း သွားလည်တယ်။ ဘုရားပျက်တွေကြားထဲ ဓာတ်ပုံအတော်များများ ရိုက်ခဲ့တယ်။ အုတ်ခဲတချပ်လည်း အမှတ်တရ ယူခဲ့တယ်၊ လုံခြုံရေးဝန်ထမ်းတွေအလစ်မှာ။)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ဆေးပေါ့လိပ်။ ငွေတောင်လား ဂျိုးသိန်းလား တံဆိပ် မမှတ်မိ။ ၂ လိပ်လောက် သောက်ဖူး။ ၁၉၈၆ ၀န်းကျင်။ မစွဲလန်းခဲ့။ ခုချိန်ထိ ဆက်မသောက်ဖြစ်။

ပထမဆုံး သောက်ဖူးသော အရက် - ချက်အရက် (အမည်ပြောင် ဖောရှော)။

ပထမဆုံး ပစ်ဖူးသော သေနတ် - သရက်သီးသနပ်။ ချဉ်လွန်းလို့ (ထွေးထုတ်)ပစ်လိုက်တာ။

ပထမဆုံး ဘလော့ပို့စ် - " test"

(၀မ်းနည်းပါတယ်။ test ဆိုတဲ့ ပို့စ်ကို ကျနော် ဖျက်လိုက်မိပြီ။ ခင်ဗျားတို့ မဖတ်ချင်ဘူးထင်လို့။ ခေါင်းစဉ်ကလည်း test ။ ပို့စ်ထဲမှာ ရေးထားတာကလည်း test )



ဟောဟဲ - - - - ။ ဖြေလို့ ပြီးသွားပြီ။ ;D



Sep 21, 2008

timekiller


Chinese checker ဆိုတဲ့ဂိမ်း တပတ် ၃ ရက်လောက် ကစားဖြစ်တယ်။ မိုးမခမှာ ၆ လ တကြိမ်လောက် ဆောင်းပါးရေးတတ်တဲ့ ဟေမန်သဇင်နဲ့။ သူရှုံးတာ များပါတယ်။ တခါတလေတော့လည်း သူ စိတ်မညစ်အောင် အလျှော့ပေးလိုက်ရင် သူနိုင်သွားတာပေါ့။း) အပေါ်ကပုံမှာပါတဲ့ အဒေါ်ကြီးက ဟေမန်သဇင် လို့ မထင်လိုက်နဲ့။း) အဲဒီပုံက ဂူဂဲလ်မှာ Chinese checker ဆိုပြီး ရှာလိုက်တဲ့ထဲက အဆင်ပြေတဲ့ပုံကို ယူပြီး တင်လိုက်တာပါ။

Sep 20, 2008

letter from SF 02

အိမ်ကိုရေးတဲ့စာကို ဘလော့ဂ်မှာ တင်ပါဦးမယ်။ ထုံးစံအတိုင်း အလုပ်အကြောင်းပါပဲ။

နောက်အလုပ်တခုက ဉာဏ်ရည်နိမ့်တဲ့ လူနာတွေကိုထားတဲ့ ဂေဟာတခုမှာ။ တပတ်ကို နာရီ ၃၀ လုပ်။ ၁ နာရီကို ၈ ဒေါ်လာ။ ဒီဂေဟာမှာ လူနာ ၅ယောက် ရှိ။ သူတို့ကို စောင့်ရှောက်ဖို့ ကျနော်တို့လို ၀န်ထမ်း ၁၀ ယောက် ရှိ။ ဂျူတီတခုကို ၀န်ထမ်း ၂ယောက်ပေါ့။ ၂၄ နာရီ စောင့်ရှောက်ရ။ စားရေးသောက်ရေး နေထိုင်ရေး စီစဉ်ပေးတာပါ။ မနက်စာ နေ့စာ ညစာ ပြင်ပေး၊ အ၀တ်လျှော်ပေး (စက်နဲ့)၊ ဆေး ၁ ရက်ကို ၂ကြိမ် ၃ကြိမ် တိုက်ပေး၊ သူတို့အခန်းတွေကို သန့်ရှင်းရေးလုပ်ပေး။ ဒီအလုပ်ကတော့ ထမင်းဆိုင်လောက် မပင်ပန်းဘူး။

ဒီလူနာတွေကို Autism လို့ ခေါ်တာပဲ အင်္ဂလိပ်လို။ ဉာဏ်ရည်နိမ့်တဲ့လူတွေလေ။ အမေရိကန်မှာ ဒါမျိုးလူနာတွေ တခြားနိုင်ငံထက် ပိုများတယ်။ ဒီမှာ အဖြစ်များတယ်။ မွေးရာပါ ဖြစ်ကြတာ။ ဒါပေမယ့် ကျောင်းတွေမှာ အချိန်မီ လေ့ကျင့်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့အခြေအနေက သိပ်ကောင်းသွားတယ်။ လုပ်ငန်းခွင်ထဲ ၀င်လုပ်နိုင်မယ်။ ကျောင်းတွေ ဂေဟာတွေကို အရောက် နောက်ကျရင်တော့ လေ့ကျင့်ပေးရတာ ခက်တယ်။ ကျနော်တို့ဂေဟာက လူနာ ၅ ယောက်က နေ့လည်ဆို ကျောင်းကားတွေ လာခေါ်တယ် ကျောင်းသွားတယ်။ တကျောင်းစီပဲ မတူကြဘူး။ ကျောင်းရောက်ရင် ဘာတွေလုပ်ကြလဲတော့ မသိဘူး။ သူတို့ကို ထမင်းဗူး ထည့်ပေးလိုက်ရတယ်။ ထမင်းဗူးထည့်တဲ့အိတ်ထဲမှာ ဘာပါလဲဆိုတော့ ပေါင်မုန့်ယိုသုတ်၊ ပန်းသီး သို့မဟုတ် ငှက်ပျောသီး တလုံး၊ ရေတပုလင်း၊ အာလူးကြော်အထုတ်သေး။ အဲဒါ နေ့လည်စာ။

ကျနော်တို့ကုမ္ပဏီမှာ ဂေဟာပေါင်း ၉ ခု ရှိတယ်။ ကျနော်ရောက်နေတဲ့ ဂေဟာက လူနာ ၅ယောက်။ ကျနော် ကူညီနေရတဲ့ လူနာတွေက တခြားဂေဟာကထက် အများကြီး အဆင်ပြေတယ်။ တချို့ဂေဟာမှာဆို ကိုယ်တိုင်ရေမချိုးနိုင်တဲ့လူနာတောင် ရှိ ဆိုပဲ။
ဒီ ၅ယောက်ကတော့ ကိုယ်တိုင် ချိုးတတ်ကြပေမယ့် ဂျီကျတဲ့သူ၊ ညစ်ပတ်တဲ့သူ၊ စကား များတဲ့သူ စသဖြင့် အားနည်းချက်တွေနဲ့ပါ။ သူတို့ကို ကူညီရတာ ကုသိုလ်ရတဲ့ အလုပ်ပါပဲ။

ကုမ္ပဏီက ဂေဟာ ၉ ခု ကုန်ကျစရိတ်အတွက် နေရာပေါင်းစုံကနေ အလှူခံတယ်။ အစိုးရဆီက၊ အင်န်ဂျီအိုတွေဆီက အလှူခံတယ်။ အမေရိကန်စီးပွားရေးကျတော့ အလှူငွေတွေ အရနည်းတယ်။ ဒါကြောင့် ၀န်ထမ်းတွေအတွက် ကျန်းမာရေးအာမခံ အလကား မပေးတော့ဘူး။ ကျနော်တို့ ၀ယ်နေရပြီ ဒီလက စပြီး။ တလကို ဒေါ်လာ ၁၀၀။ နေမကောင်းဘူး တခုခုဖြစ်ပြီဆို ဆေးဖိုးဝါးခ မကုန်တော့ဘူးလေ အာမခံ ရှိပြီဆိုတော့။ ဒါပေမယ့် မျက်စိ၊ သွား တို့နဲ့ပတ်သက်တာ မပါဘူး။ မျက်စိ သွား နဲ့ တကိုယ်လုံးဆို အာမခံကြေးက ၁၀၀ ကျော်မယ်။

ကျန်းမာရေးကောင်းလည်း ပေးနေရတာပဲ။ လူဆိုတာ မပြောနိုင်ဘူးလေ ရောဂါ တမျိုးမဟုတ် တမျိုး ၀င်လာတတ်တာပဲ။ ရောဂါက ၉၆ ပါးတောင် ရှိတာကိုး။ ပြီးတော့ မတော်တဆ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်တာပဲ။ ဒါကြောင့် ကျန်းမာရေးအာမခံ ၀ယ်ကြတယ်။

တော်သေးပြီ။ နောက်မှ အလုပ်အကြောင်း ဘာအကြောင်း ညာကြောင်း ဆက်ရေးမယ်။ အားလုံးကို သတိရတယ်။ ဦးဦး ဒေါ်ဒေါ် အစ်မ တူ တူမ။ တယောက်ချင်းစီတော့ မရေးတော့ဘူးနော်။


Sep 17, 2008

letter from SF 01

အိမ်ကို စာမရေးဖြစ်တာ ကြာလှပေါ့။ အလုပ်တွေများတာပဲကွာဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကြောင်းပြ။ အိမ်ကလည်း ပြောပါတယ် ဖွဲ့နွဲ့စရာ မလိုဘူး ဘာတွေလုပ်နေလဲ အဆင်ပြေသလား နေကောင်းလား သိချင်တာပါ စာအဆက်အသွယ် ပုံမှန်လုပ်ပါ တဲ့။ ခုတော့လည်း ရေးလိုက်ပါပြီ။ ဖတ်ပေတော့။

" - - ဆန်ဖရန်စ္စကိုမြို့ ရောက်နေတယ်။ ၂ လ ရှိပြီ။ ဒီမြို့မှာ ရာသီဥတုကောင်းတယ်၊ ဘတ်စ်ကား မြေအောက်ရထားတွေလည်း များတယ်၊ မြို့တွင်းသွားလာရေး အဆင်ပြေတယ်၊ ရင်းနှီးတဲ့မိတ်ဆွေတချို့လည်း ရှိတယ်။ ဒါနဲ့ပဲ ဒီမှာ အလုပ်ရှာတယ်။

နောက်နှစ်တွေမှာတော့ အိုဟိုင်းယိုးပြည်နယ်မှာပဲ ပြန်နေမယ်လို့ စဉ်းစားထားတယ်။ အိုဟိုင်းယိုးပြည်နယ်က နွေဆိုရင် ပူလွန်းတယ်။ ဆောင်းဆိုရင် နှင်းကျတဲ့နေ့ဆို ၁ပေ ၂ပေ ကျော်တဲ့အထိ ကျတယ်။ ဒီမှာတော့ နှင်းမကျဘူး။ ဆန်ဖရန်စ္စကိုမြို့က ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာရှိတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက မင်းသားကြီး အာနိုး။ လော့စ်အိန်ဂျလီက ဒီပြည်နယ်ရဲ့မြို့တော်။ ရာသီဥတု ကောင်းတဲ့အတွက် ဒီနိုင်ငံမှာ အိမ်ငှားခ ဈေးအကြီးဆုံးမြို့တွေပေါ့။

ဒီမြို့ရောက်ရောက်ချင်း အလုပ်ရှာတယ်။ ချက်ချင်းတော့ မရဘူးပေါ့။ မိတ်ဆွေများကလည်း ရှာပေးပါရဲ့။ သူတို့ရှာပေးတဲ့ထဲက ဓာတ်ဆီအဓိကရောင်းတဲ့စတိုးဆိုင်စာရေး၊ ဆူရှီဆိုင် အလုပ်၊ တရုပ်စားသောက်ဆိုင်အလုပ်တွေကိုတော့ မလုပ်ဖြစ်ဘူး။ လုပ်ဖြစ်သွားတာက ၂ခုရှိတယ်။ နေ့လည်စာ ရောင်းတဲ့ ထမင်းဆိုင် နဲ့ လူနာဂေဟာတို့မှာ လုပ်ဖြစ်တယ်။

ထမင်းဆိုင်က မြို့လည်ခေါင်လူစည်ကားတဲ့နေရာမှာ။ ရုံးဝန်ထမ်းတွေ လာဝယ်ကြတယ်။
အမေရိကန်မှာ စီးပွားရေးကျနေတော့ ဒီဆိုင်လည်း ထိခိုက်တာပေါ့။ ထက်ဝက်လောက် အရောင်း ကျသွားတယ်။ လူတွေက နေ့လည်စာ မစားကြတော့တာတော့ မဟုတ်ပါဘူး။ မြို့လယ်မှာ စရိတ် ကြီးလွန်းလို့ ရုံးတွေ ကုမ္ပဏီတွေက မြို့လယ်ကနေ ရွှေ့ကြတယ်လေ။ ၀န်ထမ်း အရေအတွက်လည်း နည်းနည်း လျှော့ချတယ်။ မြို့လယ်မှာ ရုံးဝန်ထမ်းတွေ နည်းသွားတယ်။ ဆိုင်က အရောင်းကျတယ်။

ဆိုင်မှာက ထမင်း နဲ့ ဟင်းတမျိုး ဆိုရင် ၅ ဒေါ်လာ။ ဟင်း ၂မျိုးဆို ၆ ဒေါ်လာ။ ဆိုင်မှာ ထိုင်စားတာ နည်းတယ်။ ဆိုင်အပြင်ဘက်မှာစားဖို့ အလုပ်ထဲမှာစားဖို့ ဗူးနဲ့ ထည့်တာ များတယ်။ ဗူးနဲ့ပန်းကန်က တခါသုံးတွေ။ စက္ကူနဲ့လုပ်တာ။
ထမင်းဖြူ၊ ထမင်းညို၊ ထမင်းကြော်၊ ခေါက်ဆွဲကျော်၊ ကြာဆံကြော်၊ ခေါက်ဆွဲပြားကြော် တမျိုးမျိုး ရွေးပေါ့။ ဟင်းကတော့ ရွေးစရာ ပိုများတယ်။ အမျိုး ၂၀ လောက် ရှိမယ်။ ကြက် ကုန်းဘောင်ကြီးကြော် ရှိတယ်။ ကြက်တောင်ပံကြော်၊ ကြက်သားသုတ်၊ ကြက်သားနဲ့မှို၊ ကြက်နဲ့ငရုပ်ကောင်း၊ ကြက်နဲ့တိုဖူးဖြူ၊ ကြက်ကင်။ ၀က်က ၂မျိုး- ၀က်ကင်၊ ၀က် အစပ်ကြော်။ အမဲလည်း ၂မျိုး- အမဲအစပ်ကြော်၊ အမဲသားနဲ့ဂေါ်ဖီပန်းအစိမ်းရောင်။ သက်သတ်လွတ်လည်း ၄မျိုးရှိ။ ပဲသီးကြော်၊ အစိမ်းကြော်၊ တိုဟူးဖြူနဲ့အရွက်စုံချက်ဟင်း၊ ခရမ်းသီးနဲ့တိုဟူးဖြူ။

တပတ်ကို ၅ ရက်လုပ်တယ်။ ကျနော့်အလုပ်ချိန်က မနက် ၁၀း၃၀ ကနေ နေ့ ၃း၀၀ အထိ။ ၁ နာရီ ၈ဒေါ်လာခွဲ ရတယ်။ ရောက်တာနဲ့ ထမင်းစား၊ သောက်ရေဖြည့်၊ ရေခဲဖြည့်၊ မီးဖိုထဲက ထွက်လာတဲ့ဟင်းဗန်းတွေကို သူ့နေရာနဲ့သူခင်း။ လုပ်ရင်းနဲ့ ၀ယ်သူရောက်လာရင် ဟင်းထည့်ပေး။ နေ့ခင်း ၁၂ နဲ့ ၁း၃၀ ကြားတော့ လူတွေဗိုက်ဆာချိန်မို့ အဆက်မပြတ် ထည့်ပေးနေရတယ်။ လူတွေများတော့ တန်းစီပေတော့။ တန်းစီတာ အယောက် ၂၀ တောင် ကျော်မယ်။ ဒါတောင် စီးပွားကျ ကာလမို့။ ဟိုတုန်းက လူတန်းက ၄၀ တောင် ကျော်တယ် ဆိုပဲ။ လူနည်းနည်း ကျဲသွားရင် ဆေးကြောတာတွေ၊ အအေးပုလင်း ပန်းကန် ထမင်းဗူး ဇွန်း ခက်ရင်း ဓား သကြား ဆားထုတ်တွေ နောက်နေ့အတွက် အဆင်သင့်ဖြစ်အောင် လိုက်ဖြည့်။ အမှိုက်သွန်။ ကျနော့်လို အလုပ်သမား စုစုပေါင်း ၃ ယောက် ရှိ။ မီးဖိုထဲမှာတော့ ချက်ပြုတ်ဆေးကြောတဲ့သူ ၅ ယောက် ရှိ။ ကောင်တာမှာတော့ ဆိုင်ရှင် ရပ်တယ်။ ပိုက်ဆံသိမ်း၊ တယ်လီဖုန်းဖြေနဲ့ တခြား အလုပ်ပေါင်းများစွာ။ - - -"

အမှားပြင်ဆင်ချက်- ကယ်လီဖိုးနီးယားပြည်နယ်မြို့တော်က Sacramento ဖြစ်ပါတယ်။ LA မဟုတ်ပါ။း) အင်း- မှားပြန်ပြီ။ ပြောပြသူကို ကျေးဇူးး)

Sep 11, 2008

Hnin Khar Moe ( part One and Two

နှင်းခါးမိုးပြောပြတဲ့ တာရာမင်းဝေအကြောင်း အပိုင်း ၁ နဲ့ အပိုင်း ၂ အသံဖိုင် ၂ခုကို ပေါင်းစပ်ပြီး ဗွီအိုအေမှာ တင်ထားတာကို ဒီဘလော့ဂ်အတွက် ယူသုံးထားခြင်းဖြစ်ပါတယ်။

ထင်ရှား အောင်မြင်ခဲ့တဲ့ တာရာမင်းဝေရဲ့အကြောင်း ကဗျာဆရာတယောက်ပြောပြထားတာကို မိတ်ဆွေများ နားထောင်စေချင်လို့ပါ။
အင်းစိန်ထောင်ထဲက တာရာမင်းဝေ ကဗျာတွေ ရေးဖွဲ့ပုံကလည်း စိတ်ဝင်စားစရာကောင်း၊ ကြေကွဲစရာလည်း ကောင်း။

အပိုင်း ၂ နိဂုံးပိုင်း မှာ တာရာမင်းဝေရဲ့နာရေးမှာ မင်းကိုနိုင် ကဗျာရွတ်တယ် လို့ ပြောထားပါတယ်။ ဒါနဲ့ပဲ အဲဒီကဗျာကို ပြန်လိုက်ရှာပြီး တင်ပေးလိုက်ပါတယ်။ ထပ်ဖတ်လိုသူများအတွက် မဖတ်ရသေးသူများအတွက် အဆင်ပြေကောင်းရဲ့။

ကြယ်ကြွေသတို့သား

ကြယ်ကြွေလို့လား ---

သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ့သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုး ကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
ဒီကနေ့ နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးနဲ့ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ .......။ ။

မင်းကိုနိုင်




နှင်းခါးမိုးပြောတဲ့ ကျောင်းဖွင့်ချိန် ကဗျာ ကို တာရာမင်းဝေ ဘလော့ဂ်မှာ ဖတ်ရှုခံစားနိုင်ပါတယ်။

http://taryarminwaimemorial.blogspot.com/2007/08/blog-post_2302.html

Sep 10, 2008

Hnin Khar Moe's word ( part 1

နှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေ အကြောင်း ဖြစ်ပါတယ်။

တာရာမင်းဝေ နှစ်ပတ်လည် အောက်မေ့ဘွယ်

သြဂုတ် ၂၆ စက်တင်္ဘာ ၀၂၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင်မှာ ကွယ်လွန်သူ စာရေးဆရာ တာရာမင်းဝေ အကြောင်း တင်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေ ဟာ လူငယ်ထုကြားမှာ အောင်မြင်မှု အရှိန်အဟုန် မြင့်မားနေတုန်း အသက် ၄၁ နှစ် အရွယ်မှာ ဆုံးပါးသွားပါတယ်။

တာရာမင်းဝေ ရဲ့  ဆန်းသစ်တဲ့ အရေးအသားတွေ နဲ့ အနုပညာတွေကို ဖန်တီးခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦး၊ နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့ပါတယ်။

သူနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဘ၀မှာလည်း ဖြတ်သန်းမှုတူခဲ့တဲ့ ကဗျာဆရာ “နှင်းခါးမိုး” က တာရာမင်းဝေ အကြောင်း အောက်မေ့ဘွယ် ပြန်ပြီး ပြောပြထားတာတွေကို ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။
ဆိုပြီး VOAမှာ ဖော်ပြထားပါတယ်။ အပေါ်ကပုံမှာတော့ နှင်းခါးမိုး ကို တွေ့နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်ကပုံ ထင်ပါရဲ့။




Sep 8, 2008

ကိုအောင်သူငြိမ်းရဲ့စာလက်ဆောင်


ကိုအောင်သူငြိမ်းရဲ့ဆောင်းပါးတွေ RFA ကနေ တပတ်တခါ လွှင့်နေတယ်။ မိတ်ဆွေများအတွက် စာလက်ဆောင် ဆိုတဲ့ အစီအစဉ်။ လောလောဆယ် "မနက်ဖန်ရောက်တော့ တိုင်းပြည်အသစ်တည်ကြလေသည်" ဆိုတဲ့ စာအုပ်အကြောင်း ပြောပြနေတယ်။ သတင်းစာဆရာ Allister Sparks ရဲ့ Tomorrow Is Another Country စာအုပ်။

အခန်းဆက် ရေဒီယို ဆောင်းပါး။ ဒီတပုဒ်ကို ဟိုနေ့ညက လွှင့်သွားတယ်။
ဆောင်းပါးအဖွင့်နဲ့ အပိတ်မှာ ထည့်ထားတဲ့သီချင်းသံကလည်း ဆောင်းပါးကို တော်တော်လေး အထောက်အကူပြုတယ်လို့ ထင်။ ရုပ်ရှင်သီချင်းဖြစ်ပုံရ။ Sarafina - Freedom Is Coming ဆိုပြီး youtube.com မှာ ရှာကြည့်ရင် အဲဒီသီချင်းကို နားထောင်လို့ရ ကြည့်လို့ရမယ်။

ကိုအောင်သူငြိမ်းရဲ့ဆောင်းပါး နားထောင်ဖို့ မင်ဒဲလားတို့ပုံနဲ့စာအုပ်အဖုံးကို နှိပ်လိုက်ပါ။


nld under watch


သတင်းစာနေ့စဉ်ကြည့်ရှုပါ၊ သတင်းထူးပါရင် ပြောပါ တဲ့။ ငယ်တုန်းက ကျောင်းမှာ အော်ဖတ်ခဲ့ရဖူးတယ် အဲသလို။ ကျောင်းစာကို ကျောင်းမှာပဲ ထားခဲ့ပြီ။ ဒါပေမယ့် သတင်းစာကို နေ့စဉ်မဟုတ်ပေမယ့် လစဉ် ဖတ်ဖြစ်ပါတယ်။ ထူးတယ်ထင်တဲ့ သတင်းတပုဒ်ကို ဝေမျှလိုက်ပါကြောင်း။

Sep 4, 2008

လှေကလေးကို လှော်မည် xxx ဘေးမသန်းဘဲ ဧချမ်းတော့သည် xxx မြစ်ကမ်းခြေ ရေနဒီ စိမ်းလဲ့လဲ့ကြည်

တီးလုံးလေး နားထောင်ကြည့်ဖို့ Read More ကို နှိပ်ပါ။

တကယ်ကို အေးအေးငြိမ့်ငြိမ့်။း) စောင်းလှိုင်ဝင်းမောင်နဲ့အဖွဲ့လို့ ထင်တာပဲ။ (ဒီအတိုင်း မှတ်ထားလိုက်။ နောက်နေ့တွေမှ ပြန်စစ်ပြီး မှားရင် ပြင်ပေးမယ်)။း)

Sep 3, 2008

2-day-young baby

ဒါ ကျနော့်သူငယ်ချင်း မဆွေရဲ့ ကလေး။
အသက်က ၂ ရက်ပဲ ရှိသေးတယ်။ ဟိုနေ့တုန်းက မွေးတာ။ ထွားလိုက်တာ။ နော်ဝေနိုင်ငံမှာဆိုတော့ ကလေးအတွက် ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေးတွေအတွက် စိတ်မညစ်ရတော့ဘူး ထင်ပါရဲ့။ ထုံးစံအတိုင်း ကလေးခြေထောက်မှာရော မိခင်လက်မှာရော ဆေးရုံသုံးအမှတ်အသားတွေနဲ့။ ဒီနေ့တော့ ဆေးရုံဆင်းပြီထင်ပ။ ကလေးအတွက် နာမည်ရွေးပြီးကြပြီလား။ ကိုမိုးအေး မဆွေတို့ရဲ့ကလေးဆိုတော့ ကျနော့် တူမလေးပေါ့။



ကိုယ်လည်း သူ့နေရာမှာဆို ယဉ်ကျေးနိုင်ပါ့မလား


အသက် ၄ နှစ် သို့မဟုတ် ၄ နှစ်အောက်
အခမဲ့။

သို့သော်လည်း
၅ နှစ်ကနေ သေတဲ့အထိ
တန်ဖိုးအပြည့်။

ချွင်းချက်များ မရှိ။

မေးခွန်းမထုတ်နဲ့။


(ကဗျာမဟုတ်ပါဘူး၊ ဆန်ဖရန်စစ္စကိုမှာ ဒီမနက် ဘတ်စ်ကားလက်မှတ်ဝယ်တုန်း တွေ့ရတဲ့ ကြေညာချက်ပါ။ ကျုပ်ကလေးအတွက် ဈေးလျှော့ပေးမယ်ထင်ပါရဲ့ဆိုတဲ့ မိဘတွေနဲ့ နေ့တိုင်း စကားပြောနေရလို့ ဒီလို ရေးထားတာဖြစ်မယ်။ လက်မှတ်ရောင်းတဲ့ငနဲတွေ ရေးထားတာလေ။ ရိုင်းလိုက်တာ။ ရိုးရိုးရှင်းရှင်းရေးရင် ရပါလျက်နဲ့။)