Oct 31, 2008

wife of yesterday, today and the future

ဒီ ၃ ကွက် ကာတွန်းက ရယ်စရာမို့ တင်လိုက်ပါတယ်။ အ၀တ်အစားတွေကြည့်ပြီး ခန့်မှန်းရရင် တောင်အာရှက ကာတွန်းဆရာတယောက်ရဲ့လက်ရာ ဖြစ်နိုင်တယ်။ ကာတွန်းဆရာနာမည် မသိ။ အင်တာနက်မှာ ၁၅ မိနစ်လောက် ရှာတာလည်း မတွေ့။ ၁ ရက်လောက် အချိန်ယူပြီးရှာရင်တော့ တွေ့မှာပါ။

ကာတွန်းအကြောင်း ပြောရရင် ခေတ်သုံးခေတ် ၀တ်စားဆင်ယင်ပုံကိုလည်း တွေ့နိုင်တယ်။ ဖိနပ်ပုံစံ၊ ဆာရီ ဒီဇိုင်း စသဖြင့်။ ပထမ အကွက်မှာတော့ ရယ်စရာ မကောင်းဘူး။ နိဒါန်းပျိုးတဲ့အကွက်ပေါ့။ ဇနီးသည် ၄ယောက်က သူတို့လင်တော်မောင်ကို ကြောက်နေတဲ့ပုံ ဆွဲထားတာ။ ခေါင်းစဉ်က ဟိုတုန်းက ဇနီးမယား။ အောက်က ကာတွန်း ၂ကွက်ကိုတော့ ဒီနေ့ကာလ ဇနီးမယား၊ အနာဂတ်ကာလ ဇနီးမယား ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ အနာဂတ်မှာ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့နှုန်း ပိုများလာမှာပဲ။ ဒါကို ကြိုတင်ပြီး ကာတွန်းဆရာက သရုပ်ဖော်ထားတာဖြစ်နိုင်တယ်။ ရယ်ချင်လည်း ရယ်ပါ။ ဆက်တွေးချင်လည်း တွေးကြပါး)

Oct 26, 2008

let's write [ part two ]

ဘလော့ဂ်အကြောင်း အပိုင်း ၂ လာပါပြီ၊ တကယ် လာပါပြီ။ ၂ဝဝ၇ ဧပြီ တုန်းက မိုးမခမှာ ရေးခဲ့ တင်ခဲ့။ ခုနေ ဒါကို ပြန်ဖတ်ကြည့်တော့ ထုံးစံအတိုင်း ချို့ယွင်းချက် တခုခုတော့ တွေ့ရတာပါပဲ။ barnyarbarnyar (ဘာညာဘာညာ) ကို ဗညား ဆိုပြီး အသံဖလှယ်လိုက်မိတယ်။ ပြီးတော့ ဘာမှားဦးမလဲ မသိ။ မှားတာ ဘာဖြစ်လဲ။ ဘာမှ မဖြစ်ပါဘူး။ မှားယွင်းမှုဆိုတာ ဘုရားသခင် ဖန်တီးပေးခဲ့တာပဲလေ။ ဒီတော့ ကျနော့်ဆီမှာ မကြာမကြာ ဖြစ်ပေါ်နေတာပေါ့။း)

ဘလော့သမားတွေက စကားပြောသလို စာရေးကြတာ။ ကျနော်လည်း သူတို့လိုပါပဲ။ စကားပြောဟန်နဲ့ရေးတာကို အားသန်တယ်။ အားရတယ်။ ဖတ်ရတာ ပိုလွယ်မယ်။ စာဖတ်သူကို ပိုဆွဲဆောင်နိုင်မယ်လို့ ထင်မိတယ်။ စာဟန်နဲ့ရေးတဲ့စကားပြေလည်း တခါတလေ သုံးပါတယ်။ တကယ့်ကို တခါတလေပါပဲ။

အပိုင်း ၂ အကြောင်း ပြန်ဆက်ရရင် ဆောင်းပါးအဆုံး ကိုးကားချက်တွေမှာပါတဲ့ ပုံလေးတွေကိုတော့ ဖြုတ်လိုက်တယ်။ စာစီ ပုံစီရတာ စိတ်မရှည်လို့။ သုံးခဲ့တဲ့ ပုံတွေကို တစုတဝေးတည်း ပြွတ်သိပ်ထည့်ပေးလိုက်တယ်။ အပေါ်မှာ မြင်ရတဲ့အတိုင်း။

ဒီရဲ့ ၀က်ဆိုက်က တကိုယ်ရေစာမျက်နှာမို့ ပိုပြီးတော့ ကိုယ့်စိတ်ကြိုက် လုပ်ဖြစ်နေတယ်။ ကိုယ် စိတ်ပါတဲ့အချိန် အဆင်ပြေတဲ့အချိန်မှာ အသစ်တင် (ဒါမှမဟုတ် သူများတွေရေးခဲ့တဲ့ အဟောင်း၊ ကိုယ်ရေးခဲ့တဲ့အဟောင်းတွေကို လိုက်ရှာ ဖုန်ခါ ရေဆေးပြီး ပြန်တင်) ဖြစ်တယ်။ ဒါပါပဲ။း)


ရေးလိုက်ကြစို့ သူငယ်ချင်း - ၂

ကျနော်တို့ရဲ့ဘလော့ဂါတွေ ဘာတွေများ ရေးကြမယ်ထင်ပါသလဲ။ မြန်မာပြည် စာပေလောကမှာ အချစ်ဝတ္ထုတွေ အင်မတန့်အင်မတန် ခေတ်စားဆဲဖြစ်ပေမယ့် လူငယ်တို့ရဲ့ အင်တာနက် စာပေလောကမှာတော့ အချစ်ဟာ ဘုရားစူး မိုးကြိုးပစ် ရှားပါးကုန်ပစ္စည်း၊ အရောင်းထိုင်းပစ္စည်း ဖြစ်နေလေရဲ့။

သူတို့ဟာ မြန်မာစာလုံးပေါင်းသတ်ပုံအငြင်းပွားမှုက အစပြုလို့ ကွန်ပျူတာအသုံးပြုနည်း အလယ်၊ မြန်မာပြည်နောင်ရေးအတွက် ရင်လေးကြပုံ အဆုံး အကြောင်းအရာစုံစီနဖာကို ကျယ်ကျယ်လွင့်လွင့် အာရုံကျကြတာပါ။ ဘလော့ဂ်တွေမှာ သတင်းအချက်အလက်ပါတယ်၊ ရင်မောစရာ ရယ်မောစရာ ခံစားချက်တွေပါတယ်၊ သီချင်းတွေ ဗီဒီယိုပြကွက်တွေလည်း ပါတယ်။ သိင်္ဂါရရသ၊ ဟာသရသတို့ ပါတယ်။ ခေါင်းရှုပ်စရာတွေလည်း တွေ့ရပါလိမ့်မယ်။

ကဲ - အဆွေတော် စာဖတ်သူ၊ စာရေးသားခြင်းအမှုမှာ စိတ်ဝင်စားပါသလား။ ဒါဆိုရင်တော့ ဘလော့ဂ်တွေ ဖတ်ပြီးတဲ့အခါ သူတို့လို လက်စွမ်းပြဖို့ ဘလော့ဂ်တစ်ခု တည်ဆောက်လိုစိတ်တွေ တဖွားဖွား ပေါ်လာပါလိမ့်မယ်။ ကွန်ပျူတာအခြေခံ နည်းနည်းရှိမယ်၊ သို့မဟုတ် ကွန်ပျူတာရေးရာ နှံ့စပ်သိမြင်သူတစ်ယောက်ယောက်က ကူညီစောင်မမယ်ဆိုရင်ဖြင့် အဆွေတော်ရဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာကို ဖန်တီးလို့ရပါပြီ။ ကွန်ပျူတာရှေ့မှာ ကျောက်ချပြီး ထိုင်ရာမထ ဘလော်ဂါလုပ်လို့ရပါပြီ။

ဒါက ဘလော့ဂါတစ်ယောက်ရဲ့ပုံ ဖြစ်နိုင်ပါတယ်။ (ဓာတ်ပုံ - walla.dk )

မြန်မာဘာသာနဲ့ ရေးသားအစွမ်းပြကြတဲ့ ဘလော့ဂ်လောကမှာ ညီလင်းဆက်ကို ဘလော့ဂ်ဖခင်ကြီးလို့ ညွှန်းဆိုသူတွေ ရှိပါတယ်။ သူ့စာမျက်နှာမှာ ဘလော့ဂ်တစ်ခုတည်ဆောက်ပုံကို တွေ့ရမှာပါ။ လိပ်စာက - www.nyilynnseck.blogspot.com

ပြီးခဲ့တဲ့လအတွင်း မြန်မာဘာသာနဲ့ရေးသားတဲ့ ဘလော့ဂ်အတော်တော်များများကို လေ့လာဖတ်ရှုပြီး မိုးမခပရိသတ်အတွက် ဟောသလို ကောက်နုတ်လိုက်ပါရစေ။

“ - - ကောင်းကြသေးရဲ့လားဗျာ - - ကျွန်တော်တို့ ကျောင်းကိစ္စတွေ မပြောတာ ကြာလှပြီ။ ကျွန်တော်တို့ ပါချုပ် မလာတာနဲ့ ဘာပြဿနာမှမဖြစ်တာလည်း ပါတာပေါ့။ အဲ - - ဒီနေ့တော့ ကျောင်းတစ်ခုလုံး စိတ်ညစ်ဖို့ကံတရားကြီး ဆိုက်ရောက်လာသလိုပဲ။ ထုံးစံအတိုင်း ယူနီဖောင်းတွေ လိုက်စစ်ပါလေရော။ ကောင်လေးတစ်ယောက် ကျောင်းစည်းကမ်း လိုက်နာပါတယ်၊ ဆိုးတာလေးတစ်ခုကတော့ အနွေးထည်လေး ဝတ်လာမိလိုက်တယ်။ ပါချုပ် (ပါမောက္ခချုပ်)နဲ့လည်း တွေ့ရော၊ အနွေးထည်ကို သိမ်းသွားပါလေရော၊ ကောင်းကြသေးရဲ့လားဗျာ။ ဒါတင်မပြီးသေးဘူး ခုံနံပတ်ပါ မှတ်သွားသေးတယ် တဲ့ - - ငါတို့ ပါချုပ် အနွေးထည်တွေ လိုက်သိမ်းနေတာ ဘာလုပ်မလို့လဲ မသိဘူး။ ပြီးရင် လမ်းဘေးမှာ ချရောင်းဖို့လားမသိဘူး - -”
saturngod.blogspot.com

“- - ဝီး မောလိုက်တာ။
စကားမစပ် ကျွန်တော်နေတဲ့နေရာက နတ်ပြည်ထက် မြင့်တယ်။ နတ်ပြည်က ခြောက်ထပ်ရှိတာ။ ကျွန်တော်နေတာက ခုနစ်ထပ်မှာ။ - -”
စိုးဇေယျ soezeya.blogspot.com

“- - ဆန္ဒပြဖူးလို့ ဘုန်းကြီးပေးမဝတ်ဘူး တဲ့။ ဗုဒ္ဓေါ - ဒီလိုသာဆို ဗမာနိုင်ငံကြီးတော့ ရဟန်းရှားပါးတဲ့နိုင်ငံ ဖြစ်တော့မှာပဲ။ တော်သေးတာပေါ့ ဂေါတမခေတ်တုန်းက ဒီလိုအစိုးရ မဟုတ်ပေလို့။ နို့မို့လို့ကတော့ အင်္ဂုလိမာလတစ်ယောက် ရဟန်းဘဝ ရောက်နိုင်မယ်မဟုတ်ဘူး။ ဂေါတမလည်း အင်္ဂုလိမာလကို ရဟန်းပြုခါနီးကျမှ ရဲစခန်းသွား ထောက်ခံချက်တောင်းနေရအုန်းမယ်။ - -”
မျိုးဆက် ၉၆ generation96.blogspot.com

“ - - ‘ဟဲ့ ဟဲ့ - မဖတ်နဲ့၊ မဖတ်နဲ့’ ဘေးက သူ့သူငယ်ချင်းကိုပါ တဆက်တည်း တားလိုက်တယ်။ သူ့သူငယ်ချင်းမက ကြောက်ကြောက်လန့်လန့်နဲ့ စာရွက်ကို ချက်ချင်းပြန်ချ။ “မဖတ်ဘူးနော်” တဲ့။
မနေ့က ကျနော်မြင်လိုက် ကြားလိုက်ရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစုရဲ့ စာရိတ္တသပိတ် လှုံ့ဆော်စာအပေါ် တုံ့ပြန်မှုလေးပါ။ အနီးအနား မေးမြန်းကြည့်တော့ သူတို့တတွေ ဒီမှာ မဟာသိပ္ပံဘွဲ့ လာတက်နေကြတာဆိုပဲ။ ရင်နာစရာပါ။ ကျနော်တို့တွေ သိပ်မြတ်နိုးတဲ့ ကျောင်း၊ သမိုင်းအစဉ်အလာ ကြီးမားတဲ့ကျောင်း၊ အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ခေတ်အဆက်ဆက် ရှေ့တန်းက ပါဝင်ခဲ့တဲ့ကျောင်း။ ဒီကျောင်းကမွေးထုတ်လိုက်တဲ့ ရင်နှစ်သည်းခြာ နိုင်ငံ့အနာဂတ်တွေဟာ ကိုယ်ပိုင်ဆိုင်တဲ့မျက်လုံးတစ်စုံကိုတောင် စစ်တပ်ခွင့်ပြုချက်မပါဘဲ မဖွင့်ရဲဘူးဆိုတော့ - - တပ်မတော်ကြီးရေ - - စိတ်အေးလက်အေးသာ နေပါတော့။ - -”
မျိုးဆက် ၉၆ generation96.blogspot.com

“- - ဟိုတစ်ရက်က ရန်ကုန်မှာ ASEAN Youth Seminar တစ်ခု လုပ်သွားသေးတယ်။ Theme ကတော့ သူတို့နိုင်ငံရဲ့ လူငယ်နဲ့ အိုင်စီတီအကြောင်းကို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ကြ ဆွေးနွေးကြနဲ့ တကယ့်ကို သိုက်သိုက်ဝန်းဝန်းကြီးပါပဲ။ ဒါနဲ့ ကျနော်တို့ကတော့ လေ့လာသူအဖြစ်ပဲ ပါရတာပါ။ အာဆီယံနိုင်ငံတွေရဲ့ လူငယ်ပိုင်းတွေ အမ် - ကျနော်တို့ရွယ်တူတွေပေါ့ဗျာ တွေ့ပါတယ် အများကြီးပဲ။ ဒါနဲ့ မြန်မာဘက်ကရော ဘယ်လူငယ်တွေများ ဘယ်သူတွေများ ပါမလဲလို့ လိုက်ကြည့်တာ။ တွေ့လည်းတွေ့ရော - ကျနော်တို့ နားလည်လိုက်ပါတယ်။ အားလုံးကို နားလည်လိုက်ပါတယ်။ သြော် - ကျနော်တို့နိုင်ငံမှာ နိုင်ငံတကာနဲ့မတူ အသက် ၄ဝ ကျော်တွေကို လူငယ်အဖြစ် သတ်မှတ်တုန်းပဲကိုး။ - -”
ဗညား barnyarbarnyar.blogspot.com

“ - - ကျွန်တော့်စိတ်ထဲမှာ ရှိတာလေးတချို့ကို ရေးမိခဲ့ပါတယ်။ ဒါနဲ့ လူတွေက လာမေးကြပါတယ်။ မြန်မာပြည်ကို ကောင်းကောင်းမပြန်ချင်ဘူးလား တဲ့။ ကျွန်တော့်ကို visa မပေးဘဲနေရင် ဘယ်လိုလုပ်မလဲပေါ့။ ကျွန်တော် တော်တော်အံ့သြမိပါတယ်။ ကျွန်တော် ဘာများ အမှားလုပ်မိလို့လည်းပေါ့။ ကျွန်တော် ဘယ် ၇ ရက်သားသမီးကိုမှ စိတ်ဆင်းရဲအောင် မလုပ်ဘဲနဲ့များ ကျွန်တော့်ကို ပေးမပြန်ချင်ရမှာလဲပေါ့။ - -”
မစ္စတာပရိုဂရမ်မာ mrprogrammer.blogspot.com

“ - - ဆရာတွေဆိုတာ ကျောင်းသားတွေကို လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာမေးမြန်းခွင့်၊ လွတ်လပ်စွာစောဒကတက်ခွင့် လမ်းဖွင့်ပေးသင့်ပါတယ်။ တွေးတတ်မှ မေးတတ်မှာပါ။ ကတ်သီးကတ်သတ် တွေးတတ်လေ ကတ်သီးကတ်သတ် မေးတတ်လေပါပဲ။ ဒီလိုအတွေးလေးတွေရှိမှလည်း သူတို့အတွက် တိုးတက်မှုရှိမှာပါ။ ကျမတို့ရဲ့ နောက်မျိုးဆက်သစ်တွေဟာ ဒီဟာသင် ဒီဟာကျက်၊ ဒါမေးရင် ဒါဖြေ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ သမားရိုးကျ သင်ရိုးညွှန်းတမ်းကြီးက ရုန်းထွက်သင့်ပါပြီ။ - -”
မေဓာဝီ maydar-wii.blogspot.com

“- - သူငယ်ချင်းတစ်ယောက်ကတော့ တရုတ်မလေးတွေကို ‘မောင်’ဆိုတာ သူငယ်ချင်းကို မြန်မာလိုခေါ်တာ ဆိုပြီး သင်ပေးဖူးတယ်။
ကောင်မလေးတွေက ‘မောင်’ ‘မောင်’ဆိုတော့ ဒီကောင်က ပြုံးပြုံးကြီးပေါ့။ နောက်ပိုင်းကျတော့ သူငယ်ချင်းကောင်လေးတွေကပါ သူ့ကို ‘မောင်’ဆိုပြီး ခေါ်ပါလေရော။ အဲတော့မှ သူ့မှာ ဒုက္ခရောက်ပြီး မိန်းကလေးကပဲ ယောက်ျားလေးကို ခေါ်လို့ရတာတို့ ဘာတို့ လျှောက်ပြောရော။ ဒါပေမယ့် မရတော့ပါဘူး။ အဲဒီကောင်တွေအားလုံး ကျွန်တော့်သူငယ်ချင်းကို လမ်းမှာတွေ့ရင် ‘မောင်’ လို့ ခေါ်နေကြတုန်းပါပဲ။ - -”
ဇင်ကိုလတ် zincolatt.blogspot.com

“- - ကျွန်တော့် blog ကို သူငယ်ချင်းတွေကို ပြကြည့်တော့ တချို့က မင်းက ဘာလို့ နိုင်ငံရေးတွေ ရေးနေတာလဲလို့ မေးကြတယ်။ - -”
စိုးမိုးအောင် soemoeaung.blogspot.com

“- - လခလေးထုတ်ရင် ယောက်ျားလေးအကြိုက်ဆိုင်တွေ သွားမယ်။ မိန်းကလေးတွေက ဗမာကာရာအိုကေဆိုင်တို့ အဝတ်အစားဝယ်တာတို့နဲ့ အပျော်ရှာကြတာပေါ့ဗျာ။
လနဲ့ချီပြီး လုပ်နေရတာဆိုတော့ စိတ်တွေက နည်းနည်းကြမ်းလာပြီလေ။ ဂျပန်တွေကို တဟိုက်တည်း ဟိုက်နေရတာမဟုတ်လား။ အောက်ကျနောက်ကျတော့ အတော်လေးကို နိုင်တယ်။ သဘောကောင်းတဲ့ ဂျပန်တွေနဲ့ဆိုရင် တော်သေးရဲ့၊ နိုင်ငံခြားသားကိုနှိမ်ချင်တဲ့ဂျပန်နဲ့ဆိုရင်တော့ နေ့ရှိသရွေ့ လုပ်နေရတာမဟုတ်လား၊ ရစ်တာ ငေါက်တာတွေနဲ့ ဘယ်လောက် တင်းကျပ်လိုက်မယ့်ဖြစ်ခြင်း။ သည်းခံနိုင်ရင် သည်းခံ ဒါမှမဟုတ်ရင် နောက်အလုပ်ရှာပဲ။ ဒီကြားထဲ ဗီဇာမရှိတဲ့ အိုဗာစတေးဆိုရင်တော့ဗျာ သွားပါလေရော။ ခေါင်းကို ငုံ့သာငုံ့ထားတော့။
ဆိုတော့ ကိုယ်ရည်ကိုယ်သွေးနိမ့်ကျမှုတို့ မခံချိမခံသာဖြစ်မှုတွေက ကျွန်တော်တို့ ရွှေအချင်းချင်းနဲ့ တွေ့လို့ အခန့်မသင့်တဲ့အချိန်မှာ ပေါက်ကွဲကြတာပေါ့ဗျာ။ မင်းလည်းပန်းကန်ဆေးတာ ငါလည်း ပန်းကန်ဆေးတာ တစ်မူး ပိုမရှူနဲ့ဆိုသလိုပဲ။ နည်းနည်းလေး အကျောတင် မခံချင်ကြဘူး။ နှိမ်တာပဲ။ အပီအပြင် ဆော်မယ်ဆိုတာချည်းပဲ။ - -”
ဘိုးစိန် အင်တာနက်ရပ်ဝန်း သတင်း အနုပညာ သိပ္ပံ အစုံအလင်
bowdawgyi.blogspot.com

“- - ကျမက အနုပညာကို စိတ်ဝင်စားတာပါ၊ နိုင်ငံရေး သင်ချင်စိတ်လည်း မရှိပါဘူး။ - - ဒါပေမယ့် မှန်ရာကိုတော့ ရေးဖို့အတွက် ကျမမှာ ခွန်အားအပြည့်ရှိပါတယ်။ - -”
လင်းလက်ကြယ်စင် linletkyalsin.blogspot.com

“- - နံနက်အိပ်ရာထ မျက်နှာသစ်ပြီး သနပ်ခါးလိမ်းဖို့ သွေးတယ်ဆိုရင်ပဲ အညောင်းပြေတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရမယ်။ လက်ချောင်းလေးတွေ သန်မာမယ်။ လက်မောင်းလေးတွေ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာမယ်။ ခါးလေ့ကျင့်ခန်းလည်း လုပ်ပြီးသားဖြစ်မယ်။ ဒါက မြန်မာမိန်းကလေးတွေရဲ့ သဘာဝအလှကို ဖန်တီးပေးတဲ့၊ အချိန်ယူပြီးလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ - -”
ရေသည်မမ MeeMeeThawGyi.blogspot.com


“- - ဒီပုံမှာပါတဲ့ နတ္ထိ၊ သမ္မံ စတဲ့ အဓိပ္ပာယ်ကို သိသူရှိရင် အမြန်ဆုံး ဖြေကြားပေးပါ - - အခု ရန်ကုန်အချိန် မနက် ၈ နာရီခွဲ - - ။ ၁ဝ နာရီအတွင်း အမြန်ဆုံးဖြေကြားပေးပါ - - ကျေးဇူးတင်ပါတယ် - - အလုပ်မှာ presentation within 10hrs စတော့မှာမို့လို့ပါ။ - -”
ainchannmyay.blogspot.com

Oct 23, 2008

let's write [ part one ]

(၂၁ ဧပြီ ၂ဝဝ၇ တုန်းက မိုးမခမှာတင်ခဲ့တဲ့လက်ရာ။ ကိုယ်ရေးပြီး ကိုယ်ကြိုက်တဲ့ထဲက တပုဒ်။ ဒီတပုဒ်ရေးမယ်ဆိုတော့ ဘလော့ဂ်တွေကို ပြန်လိုက်ဖတ်ရတာ ဖတ်ဖတ် မောသွားတာပဲ အဲဒီတုန်းက။ ဖတ်ကြည့်ပါဦး ဒါက အပိုင်း ၁ ဖြစ်ပါတယ်။ အပိုင်း ၂ အပိုင်း ၃ လည်း ရှေ့လလယ်မရောက်ခင် တင်ဖြစ်မှာပါ။ )

ရေးလိုက်ကြစို့ သူငယ်ချင်း

မိုးမခ အယ်ဒီတာမင်း တစ်ယောက်က ဘလော့ဂ်တွေအကြောင်း ချဉ်ခြင်းတပ်နေပါတယ်။ ဘလော့ဂ်တွေနဲ့ပတ်သက်လို့ ရေးစမ်းပါ တဲ့။ သို့ပေမယ့် အများကြီး မရေးနဲ့၊ ဘီဘီစီရဲ့ ဘလော့ဂ်တွေအကြောင်း ထုတ်လွှင့်ချက်တချို့ကို ပြန်သုံးမှာဖြစ်လို့ နည်းနည်းနဲ့ ထိထိရောက်ရောက်ရေးဖို့ အမိန့်တော်ချပြန်ပါသေးရဲ့။ နည်းနည်းပဲရေး ဆိုလို့ အခန်းဆက် ဆောင်းပါး ၂ ပုဒ် ရေးပေးလိုက်ပါတယ်။ ဟောဒါက အပိုင်း ၁ ပါ။ ဖတ်ကြည့်ပါဦး။ ဘလော့ဂါတစ်ယောက်ရဲ့ လေနဲ့ ပြောရရင် “သည်းခံပြီး ဖတ်ကြပါ” ပေါ့ ခင်ဗျာ။

ဘလော့ဂ်ဆိုတာ
လူပြောများလာတဲ့ ဘလော့ဂ် (blog)ဆိုတာ web log ရဲ့ အတိုကောက်ဖြစ်ကြောင်း နာမည်ကျော် ‘ရာဟူး’ အင်တာနက်စာမျက်နှာက ရှင်းပြပါတယ်။
ကိုယ်ရဲ့ နေ့စဉ်မှတ်တမ်း ရေးချင်ရာရာ၊
အကြိုက်ဆုံးဟင်းကို ချက်ပြုတ်နည်း၊
နိုင်ငံရေးအမြင်၊
ခရီးသွား အတွေ့အကြုံ၊
နားထောင်နေတဲ့သီချင်း
စသဖြင့် ကြိုက်တဲ့အကြောင်းအရာကို ဖော်ပြနိုင် ရေးနိုင်တာကြောင့် အင်တာနက်ဂျာနယ်လို့ပဲ ဆိုပါစို့ တဲ့။

ဘလော့ဂ် ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈ နှစ်ကပါ။ Webster အဘိဓာန်မှာတော့ ဘလော့ဂ် ကို ‘ဒိုင်ယာရီ၊ အင်တာနက်စာမျက်နှာပေါ်တင်ထားတဲ့ ကိုယ်ရေးကိုယ်တာတွေ’ လို့ ဖွင့်ဆိုထားပါတယ်။ ဘလော့ဂ်ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဘလော့ဂ်တွေကို လိုက်ကြည့်ရုံပါပဲ။ အင်တာနက်ထဲကို ဒိုးယိုပေါက် မွှေနှောက်သွားကြည့်ပါ၊ တွေ့မှာပါ။

ဘာကြောင့် မှိုလို ပေါများလာရ
ဘလော့ဂ်တွေ ဒလဟော များလာပေမယ့် အင်တာနက်အသုံးပြုသူ ထက်ဝက်ကျော်က ဘလော့ဂ်ဆိုတာ ဘာမှန်းမသိကြသေးဘူးလို့ ဆိုပါတယ်။ ဘလော့ဂ်ရဲဘော်တို့ အားရှိစရာပေပ။ အရေအတွက်များလာတဲ့ အကြောင်းရင်းတွေထဲမှာ ပိုက်ဆံပေးစရာမလို၊ အခမဲ့ ဆိုတဲ့အချက်က ထိပ်ဆုံးနားမှာ ရှိမှာပါ။ စိတ်ထဲရှိတာ အကုန်ရေး၊ မြင်တွေ့ကြားသိသမျှအကုန်ရေး၊ ရေးချင်ရာရေး၊ စိစစ်ရေးအဖွဲ့၊ ဆင်ဆာဘုတ်အဖွဲ့၊ အယ်ဒီတာအဖွဲ့ စသဖြင့်တွေကို တင်ပြစောင့်ဆိုင်းဖို့မလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ရေးသား ဖော်ပြနိုင်တာကလည်း သဘောကျစရာပဲ မဟုတ်ပါလား။ ကိုယ်သာလျှင် စာရေးသူ၊ တည်းဖြတ်တာလည်း ကိုယ်တိုင်၊ ထုတ်ဝေသူဟာလည်း ကိုယ်ပဲဖြစ်နေတယ်။ ကွန်ပျူတာစာရေး၊ ဓာတ်ပုံအယ်ဒီတာ၊ ပန်းချီဒီဇိုင်းအယ်ဒီတာလည်း ကိုယ်ပဲခင်ဗျ။ စာဖတ်သူတွေကတော့ ကိုယ့်သူငယ်ချင်းတွေပေါ့။ “ဟေ့ æ ငါရေးတဲ့စာ ဖတ်ကြည့်ကြစမ်းပါ” ဒီလိုနဲ့ အောင်မြင်တဲ့ဘလော့ဂ်ဖြစ်လာရင်တော့ စာဖတ်သူပရိသတ် ဦးရေ တိုးလာပါတယ်။

ဘလော့ဂ်ရေးနေတဲ့ ကျိုတိုမြို့လက်ဖက်ရည်ဆိုင်တစ်ခုက ၁၈ နှစ်အရွယ် ဂေရှားမယ်ပေါက်စ Ichimaru (ဓာတ်ပုံ -Daniel Rook, Dec 2006)

ဘလော့ဂါများနဲ့ အစိုးရများ သဟဇာတမဖြစ်ပုံ
အုပ်စိုးသူအစိုးရတွေက ဘလော့ဂါတွေကို သိပ်မကြိုက်ပါ။ ယခုချိန်ထိတော့ မြန်မာပြည်က ဘလော့ဂါတွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းဆိုး မကြားမိသေးပါဘူး။ အစိုးရရဲ့ ရန်သူမျိုးငါးပါးစာရင်းထဲမှာ မယ်မင်းကြီးမ၊ မောင်မင်းကြီးသား ဘလော့ဂါများလည်း အကျုံးဝင်သွားပြီလေ။ သူတို့လည်း စာနယ်ဇင်းသမား၊ စာရေးဆရာတွေ မဟုတ်လား။

ဘာသာရေး၊ နိုင်ငံတော်သမ္မတတို့ကို စော်ကားတယ်လို့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၄ နှစ် ပေးခံရသူ အီဂျစ်နိုင်ငံက ဘလော့ဂ်ရေးတဲ့ Abdel Karim (ဓာတ်ပုံ AFP, Jan 2007)

အာဏာရှင်အစိုးရများသာမက အမေရိကန်အစိုးရလည်း လက်သံပြောင်တာပါပဲ။ ဆန်ဖရန်စစ္စကိုမြို့က ၂၄ နှစ်အရွယ် Joshua Wolf ကို ၇ လကျော် ထောင်ထဲထည့်ခဲ့ပါတယ်။ သူ့အပြစ်က G-8 summit လို့ခေါ်တဲ့ ညီလာခံကျင်းပချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းမှတ်တမ်း ဗီဒီယိုကို သူ့အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့လို့ ဆိုပဲ။ အဲဒီ ဗီဒီယိုပြကွက်တွေကို ဖြုတ်ပေး၊ ဖယ်ပေးဖို့ အမိန့်ကို မလိုက်နာတာကြောင့် သူ့ကို ထောင်ချခဲ့တာပါ။ စာရေးဆရာသမဂ္ဂ (National Writer's Union)က အဲသလို ဖမ်းဆီးအရေးယူတာဟာ သတင်းစီးဆင်းမှုကို ပိတ်ပင်တာဖြစ်တယ် ဆိုပြီး အမေရိကန်အစိုးရကို ကန့်ကွက်ခဲ့ပါတယ်။ အခုတော့ မောင်မင်းကြီးသား ဘလော့ဂါ ပြန်လွတ်လာပါပြီ။ ဖြစ်ခဲ့တဲ့အမှုဟာ သူ့အလွန်လား၊ အစိုးရကပဲ အကဲပိုသလား ဆိုတာတော့ လတ်တလောငြင်းခုံစရာ အကြောင်းအရာတစ်ခု ဖြစ်နေလေရဲ့။

ပြန်လည်လွတ်မြောက်လာသော Joshua Wolf (ဓာတ်ပုံ - AFP, Jan 2007)

မြန်မာပြည်သား လူငယ်များရဲ့ ဘလော့ဂ်စာမျက်နှာတွေ ရာထောင်ချီပြီးရှိပါတယ်။ သို့ပေမယ့် အဲဒီထဲက အရေအတွက် ၁ဝဝ လောက်ပဲ အခါအားလျော်စွာ ဖတ်စရာအသစ်တွေ တင်နိုင်ကြတာပါ။ ပြီးခဲ့တဲ့လအတွင်း အဲဒီစာမျက်နှာ တော်တော်များများကို လေ့လာဖတ်ရှုပြီးသကာလ မိုးမခပရိသတ်အတွက် ကောက်နုတ်ထားပါတယ်။ ကောက်နုတ်ချက်တွေကို ဆောင်းပါးအပိုင်း (၂) မှာ တွေ့ရမှာပါ။ မိုးမခရဲ့ စာကိုးစကားကိုး လစဉ်ကဏ္ဍမှာ ဘလော့ဂါတို့ရဲ့ အရေးအသားများ စိတ်ကူးများကိုလည်း ပါဝင်ထည့်သွင်းတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအထိ ပုံမှန်မွမ်းမံထားတဲ့၊ သွားရောက်လည်ပတ်သင့်တဲ့ စာမျက်နှာတချို့ကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ ခေတ်လူငယ် စာရေးဆရာတွေရဲ့ လက်ရာကို မြည်းစမ်းဖို့ ကြည့်လိုက်ကြပါဦး။ ဖတ်ပျော်တဲ့၊ အာဝဇ္ဇန်းရွှင်ရွှင် ရေးခြယ်ထားကြတဲ့ စာမျက်နှာတွေပါ။ ။

ငြိမ်းချမ်းရာ DaThaNa.blogspot.com
ဝေဖြိုးကျော် EdwardWitten.blogspot.com
ခံစားမိသမျှ EmotionalCorner.blogspot.com
ဂျစ်တူး GyitTu.blogspot.com
ကဒေါင်းညင်သာ KaDaung.blogspot.com
ကိုဖြိုး KoPhyoe.blogspot.com
ကဗျာသီတဲ့ကြိုး Literaturisms.blogspot.com
မောင်သန့်ဇင် MgThantZin.blogspot.com
SOUL MyDayWalker.blogspot.com
ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် NayPhoneLatt.blogspot.com
ငွေလမင်း NgweLaMin.blogspot.com
နိုင်းနိုင်းစနေ NineNineSaNay.blogspot.com
ငြိမ်းချမ်းအိမ် NyeinChan.com/wordpress
သူမ၏ကဗျာဆရာ NyiNyiThanLwin.blogspot.com
စစ်အိမ် SisAin.blogspot.com
CLEF SpiritCorner.blogspot.com
Oh … My Blog! TeslaNetBlog.blogspot.com
ရဲမွန် yemon.blogspot.com
ယောဟန်အောင် yaw-han-aung.blogspot.com
မြန်မာအိုအေစစ် myanmaroa6.blogspot.com

Oct 21, 2008

blogging by su myat mon


(၂၀၀၆ခုနှစ်က မစုမြတ်မွန်ရဲ့ အသံလွှင့်ဆောင်းပါး။ ကျနော်ရေးဖူးတဲ့ ၂ ပုဒ် ၃ ပုဒ်ကိုတော့ နောက်နေ့တွေ တင်တာပေါ့။ ရေးပြီးသား။ ဇော်ဂျီဝမ်း ပြောင်းလိုက်ရုံသာ။)

မြန်ဆန်လွယ်ကူ အင်တာနက်စာမျက်နှာများ (ဆိုပြီး မိုးမခမှာ ပြန်ဖော်ပြဖူးတယ်)

ကိုယ့်ရဲ့ထင်မြင်ချက် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးနိုင်ပြီးတော့ ရေးထားတာတွေကိုလည်း သိစေချင်တဲ့သူတွေ တစ်ယောက်ချင်းစီ အီးမေးလ်ပို့ အကြောင်းကြားနေမယ့်အစား ကိုယ့်ရေးနေကျ ဘလော့ဂ် မှာ တင်ပြထားလိုက်တာနဲ့ အွန်လိုင်းပေါ်မှာ တပြိုင်နက် အားလုံးကသိသွားနိုင်စေတဲ့ ဘလော့ဂ်တွေဟာ ဒီကနေ့ အင်မတန်မှ ရေပန်းစားနေပါတယ်။

အွန်လိုင်းဒိုင်ယာရီလို့ အလွယ်ပြောနိုင်တဲ့ ဘလော့ဂ်တွေ ရေးနေကြတာ အခု ဘယ်လောက်များ ခေတ်စားနေလဲဆိုရင် နေ့တိုင်း အသစ်ဖန်တီးနေတဲ့ ဘလော့ဂ်ပေါင်း တစ်သိန်းရှိတယ်လို့ ဘလော့ဂ်တွေကိုရှာပေးတဲ့ Technorati ကုမ္ပဏီရဲ့စစ်တမ်းက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်နေတဲ့ ဒပ်ဖနီဆိုရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ ဘလော့ဂ်တွေ အမြဲ ရေးပါတယ် တဲ့။

“များသောအားဖြင့် ကိုယ့်ဟာကိုယ် ခုတလော ဘာတွေလုပ်နေလဲ ရေးတယ်၊ အိမ်ကနေ ဝေးနေတယ်ဆိုတော့ ကိုယ်ပြောချင်တဲ့စကားတွေ ရင်ထဲမှာ စုစုထားပြီးတော့ ဒိုင်ယာရီလိုမျိုး ပုံစံပေါ့။ ဒါပေမယ့် ကိုယ့်လျှို့ဝှက်ချက်တွေ အကုန်လုံးကို ထုတ်ရေးတာတော့ မဟုတ်ဘူး။ ကိုယ်က ဝန်းကျင်သစ်မှာ ရောက်နေတော့ ပတ်ဝန်းကျင်အသစ်က ပြဿနာတွေဖြစ်ရင် အဲဒီပြဿနာအသစ်ကအဖြေတွေ ရလာရင် သူများတွေကို မျှဝေတာတွေ ရေးဖြစ်တယ်။ နိုင်ငံရေးသတင်းတွေ အရမ်းအရေးကြီးတဲ့သတင်းတွေဆိုရင် လင့်ခ်တွေ ထားထားပြီးတော့ သူများတွေ ဖတ်လို့ရအောင် လုပ်ပေးပါတယ်”

ဘလော့ဂ်တွေက ကိုယ်ခွင့်ပြုသူကိုပဲ ဝင်ကြည့်လို့ရတဲ့ ဘလော့ဂ်မျိုးရှိသလို ဘယ်သူမဆို ဝင်ဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်မျိုးလည်း ရှိပါတယ်။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အကြောင်းက စပြီးတော့ နိုင်ငံတော်သမ္မတကို ဝေဖန်တာအဆုံး လွတ်လွတ်လပ်လပ်ရေးပြီးတော့ အများကို ပေးဖတ်နိုင်တာမို့ သတင်းလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံတွေ၊ ထင်မြင်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောလို့မရတဲ့ နိုင်ငံတွေမှာဆိုရင်လည်း ဘလော့ဂ်တွေဟာ ထွက်ပေါက် ကြားခံတစ်ခုလို ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာပဲနေတဲ့ ကိုဇော်ဝင်း ကဆိုရင် သူ့ရဲ့ ဘလော့ဂ်မှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ပုံမှန်ရေးပြနေသူတစ်ယောက်ပါ။

“တိုင်းပြည်ရဲ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို မြန်မာနိုင်ငံသူ နိုင်ငံသား အထူးသဖြင့် လူငယ်တွေ သိစေချင်လို့ တင်ရတာပါ။ တစ်လ တစ်လ ကျနော့်ရဲ့ ဘလော့ဂ်ကို အနိမ့်ဆုံး ၂ဝဝ လောက် လာကြည့်တယ်၊ အများစုက ပြည်တွင်းက။ အထူးသဖြင့် အသက် ၁၄၊ ၁၅ ကနေ စပြီးတော့ ၂၅ လောက်အထိ အများဆုံးကြည့်ပါတယ်။
အထူးသဖြင့် ရှမ်းပြည်၊ ရန်ကုန်၊ မန္တလေးတို့ မြို့ကြီးတွေကပဲ များတယ်။ မြို့ငယ်လေးတွေက အင်တာနက်မသုံးနိုင်ကြဘူး။ မြို့ကြီးတော်တော်များများက ဥပမာ - ကချင်ပြည်၊ ရှမ်းပြည်၊ ရန်ကုန်၊ မန္တလေး သုံးနိုင်တယ်။ ဘလော့ဂ်ရဲ့ အကျိုးကျေးဇူးပေါ့နော်။ ကျနော်မမြင်ဖူးတဲ့ မြန်မာတွေ အဆက်အသွယ် ရပါတယ်။
အမေရိကား၊ ဥရောပ နိုင်ငံစုံက လူငယ်ကျောင်းသားတွေ ချိတ်ဆက်မိတယ်။ ပြီးတော့ ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှားရောက်နေတဲ့ မြန်မာတွေ ကျနော်တို့နဲ့ ချိတ်ဆက်မိတယ်။ တချို့ ဒုက္ခသည်စခန်းကနေတောင် တက်ကြည့်ကြပြီးတော့ စာရေးကြပါတယ်”

တရုတ်၊ အီရန်၊ ဆော်ဒီအာရေဗျတို့လို ကိုယ့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်လို့မရတဲ့ နိုင်ငံမျိုးတွေမှာလည်း ဘလော့ဂ်တွေဟာ ရေပန်းစားပါတယ်။ အထူးသဖြင့် အစိုးရဆန့်ကျင်တဲ့ အရေးအသားတွေ အင်တာနက်မှာ မဖော်ပြနိုင်လို့ အွန်လိုင်းရဲသားတွေထားတဲ့ တရုတ်နိုင်ငံမှာတောင်မှ သူ့နည်းသူ့ဟန်နဲ့ ဘလော့ဂ်တွေရေးပြီး နိုင်ငံရဲ့အခြေအနေမှန်ကို တင်ပြနေကြသူတွေ ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံမျိုးမှာ နေနေကြသူတွေကတော့ ကိုယ်ရေးချင်သမျှအကြောင်းတွေကို လွတ်လွတ်လပ်လပ် ဘလော့ဂ်ရေးနေကြသလို မျှချင်တဲ့သတင်းတွေကိုလည်း ဘလော့ဂ်ကနေပဲ တဆင့် မျှနေကြတာပါ။

“ကိုယ့်အကြောင်းတွေ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ စိတ်ကူးတွေ ပါတော့ လွတ်လပ်တာပေါ့။ ပြီးတော့ သတင်းအချက်အလက်တွေက တခါတလေ အရမ်းများနေတော့ ဘယ်ဟာဖတ်ရမလဲ ဘယ်ဟာ မဖတ်ရလဲ၊ ဘယ် သတင်းအချက်အလက်ယူသင့်သလဲ၊ သတင်းက ဘယ်ဟာမှန်သလဲဆိုတာ သူငယ်ချင်းတွေဆီက ပြန်ရတော့ ပိုပြီးတော့ ခိုင်လုံတဲ့သတင်းတွေဖြစ်တာပေါ့” လို့ ဒပ်ဖနီက ပြောပါတယ်။

ဘလော့ဂ်တွေမှာ စာသားတွေချည်းပဲသက်သက် ရေးနေ မျှနေနိုင်တာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ ဗီဒီယို စသဖြင့် ပုံစံမျိုးစုံနဲ့လည်း မျှလို့ရတဲ့ ဘလော့ဂ်တွေ ရှိပါတယ်။ ဗီဒီယို ရုပ်ပုံတွေကို မျှဝေတဲ့ ဘလော့ဂ်တွေ သူ့အခေါ်အတိုင်းဆိုရင်တော့ ဗွီလော့ဂ်(Vlog) တွေကလည်း အတော်ကို ရေပန်းစားနေတာပါ။ ဝါသနာအရ အပျော်တမ်းရိုက်တဲ့ ဗီဒီယိုကလစ်ပဲဖြစ်ဖြစ်၊ တကယ့် စီးပွားဖြစ် ရိုက်ထားတဲ့ ဗီဒီယိုကလစ်ကိုပဲဖြစ်ဖြစ်၊ မျှဝေနိုင်တဲ့ ဝက်ဆိုက်တွေလည်း ရှိနေပါပြီ။

လူပေါင်း သိန်းသန်းချီပြီး ရေးနေကြတဲ့ ဘလော့ဂ်တွေဟာ လွတ်လပ်ပွင့်လင်းလွန်းတဲ့အတွက် သူတို့ရေးသမျှ အားလုံး အမှန်တွေချည်းပဲလို့ ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီဘလော့ဂ်တွေဟာ မြန်ဆန်လွယ်ကူတဲ့ သတင်းဆက်သွယ်တဲ့ နည်းတစ်ခု ဖြစ်နေရော မဟုတ်ပါလား။ ။

Oct 17, 2008

blackberry part 2


နိဒါန်း
မစုမြတ်မွန်ရဲ့ ရေဒီယိုဆောင်းပါး ဘလက်ဘယ်ရီအကြောင်းတင်တုန်းက ဘလက်ဘယ်ရီ အသီးပုံ ထည့်လိုက်ဖို့ မေ့သွားတယ်။ ခုမှ တင်လိုက်ပါပြီ။ ကာတွန်းသားငယ်တို့ ရောက်ရှိနေတဲ့ အမေရိကတိုက်၊ အော်ရီဂွန်ပြည်နယ်က ကမ္ဘာမှာ ဘလက်ဘယ်ရီ အများဆုံးထွက်တဲ့ဒေသလို့ ဆိုတယ်။ ယိုထိုးမယ်၊ ၀ိုင် အရက်ချို ဖောက်မယ်၊ ပြီးရင် ကမ္ဘာဖြန့်တယ်။ မပြုမပြင် သူ့ချည်းပဲလည်း ဖြန့်တာပဲ။ ဥတုဘောဇန၀ီကီပီဒီယာကတော့ - -

ဘလက်ဘယ်ရီမှာ အိုမီဂါသရီး၊ ပရိုတိန်း၊ ဗီတာမင် ကေတို့ အေတို့ ပါတယ်လို့ ဆိုတယ်။ အင်္ဂလန်မှာတော့ စက်တင်ဘာ ၂၉ ကျော်ရင် ဘလက်ဘယ်ရီသီးကောက်တဲ့အလုပ် ရပ်ကြတယ်၊ နတ်ဆိုးတွေ မကြိုက်ဘူးဆိုပြီး အယူသီးကြတယ်လို့လည်း ရေးထားတယ်။

နိဒါန်း ၂
ကျနော် အေအေပီပီရုံးမှာ ရှိနေတုန်း ၂၀၀၁ ခုနှစ် ထင်တယ် မစုမြတ်မွန်တို့နဲ့ တွေ့တယ်။ သူ့ဖခင်အကြောင်း စကားစပ်မိပြီး အဲဒီကတည်းက ပြောလို့ဆိုလို့ ကောင်းသွားတယ်၊ ဖုန်းဆက်ဖြစ်တယ်။ သူတို့က ရေဒီယိုသမားတွေဆိုတော့ အသံတွေ အင်တာဗျူးတွေ အတွက် ဖုန်းဆက်ဖြစ်တာလည်း ပါတယ်။ ဖုန်းနံပတ်ရချင်လို့ ဖုန်းဆက်တာလည်း ရှိ။ အေအေပီပီရုံးမှာတော့ ကျနော်က ရုံးထိုင်မို့ တယ်လီဖုန်းအော်ပရေတာအလုပ်လည်း လုပ်ခဲ့ရတယ်။

နိဂုံး
ဒါပါပဲ ဘလက်ဘယ်ရီ အပိုင်း၂။ အပေါ်ကပုံမှာ ဘလက်ဘယ်ရီကို မုန့်တွေမှာ အရသာရှိဖို့ လှပဖို့ ထည့်သုံးကြတာ တွေ့လိမ့်မယ်။ ဒိန်ချဉ်နဲ့လုပ်ထားတဲ့ရေခဲမုန့် (frozen yorgut)မှာ ဘလက်ဘယ်ရီကို ဖြူးပေးတတ်ကြတယ်။ frozen yorgut ကိုတော့ ဆိုင်မှာ သွားစားပြီး ဓာတ်ပုံရိုက်ယူခဲ့ဦးမှပဲ၊ အရသာရှိတဲ့ ပို့စ်တခု ဖြစ်သွားအောင်။

နောက်တပုံက ဘလက်ဘယ်ရီ ဘယ်အရွယ်အစား ရှိသလဲ မသိသူတွေ မြင်ဖူးအောင် ရှာထည့်ပေးလိုက်ခြင်းပါ။ သိပ်တော့ မလွယ်လှဘူး။ ဘလက်ဘယ်ရီဆိုပြီး အင်တာနက်မှာ ဓာတ်ပုံရှာလိုက်ရင် တယ်လီဖုန်းပုံတွေချည်း တက်လာတယ်။


Oct 16, 2008

for your eyes only

ဒီပို့စ်ကို for your eyes only လို့ ခေါင်းစည်းတပ်လိုက်တယ်။ သမ္မတရုပ်ရှင်ရုံမှာ ဟိုတုန်းက ကြည့်လိုက်ရတဲ့ ဂျိမ်းစ်ဘွန်းကား နာမည်ပဲ။ ကျနော် ၇ တန်း ၈ တန်း ကျောင်းသားဘ၀တုန်းကဆိုတော့ သေနတ်ပစ်တဲ့ကား ရဟတ်ယာဉ်တွေကားတွေမောင်းပြီး ပြေးကြတဲ့ဇာတ်ကားတွေ နှစ်သက်တာပေါ့။ အိမ်မှာလာတည်းတဲ့ နယ်က အကိုကြီးတယောက်က for your eyes only ကို သင့်အတွက် မျက်လုံးများသာ လို့ ဘာသာပြန်တယ်။ သူက ၈ တန်းလောက်အထိပဲ ကျောင်းတက်ဖူးတယ်ဆိုပေမယ့် ကျနော့်ထက် အသက်ရော အတန်းရော ကြီးတယ်။ အိမ်မှာ လာတည်းတယ်ဆိုတော့ ကျနော့်ကို ရုပ်ရှင်ပြ မုန့်ဝယ်ကျွေး ဇာတ်ကားနာမည်ကို ဘာသာပြန်ပေးတာပါ။ ကျနော်က ဇာတ်ကားနာမည်တွေ ဂရုမစိုက်ဘူး။ ရုပ်ရှင်ဆို ဖိုက်တင်ချတဲ့ကားဖြစ်ရင် ပြီးရော၊ ကြည့်မှာပဲ။

၁၀ တန်းလောက်ရောက်မှ only အသုံးကို သင်ရတယ်။ ဒိမတိုင်ခင် သင်ခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ ကိုယ် မမှတ်မိလို့ ဖြစ်မယ်။ အဲ- ၁၀ တန်းဝန်းကျင် ရောက်မှ အဲဒီစကားစုကို ဘယ်လိုဘာသာပြန်ရသလဲ သဘောပေါက်တယ်။ မင့်မျက်လုံးတွေအတွက်ပဲ လို့ ပြန်ရင် မှန်မယ်၊ လျှို့ဝှက် ပေါ့။

ဘာသာပြန်တာ စကားလုံးဖလှယ်တာတွေ အကြောင်းတော့ နောက်ပိုင်း ဆက်ပြောချင်ပါသေးတယ်။ တလွဲတချော် ဖြစ်တဲ့အကြောင်း။း) ဒီပို့စ်ကို သင်၏မျက်ဝန်းများအတွက်သာ လို့ ဘာကြောင့် ခေါင်းစည်းပေးရသလဲ ဆိုတော့ အင်း - အကြောင်း ရှိတာပေါ့။ ပုံ ၃ ပုံ တင်ပေးလိုက်ပါတယ်။ ကြည့်ပါဦး။
ဝမ်တန်ဟင်းရည်ဆိုတာ အပေါ်ကပုံပါ။ ဖက်ထုပ်လို့ ခေါ်တာပဲ ရှမ်းပြည်မှာတော့။ ရန်ကုန်မှာရှိမရှိ မသိ။ စားလို့ ကောင်းသလား ဆိုတော့ အင်း - မမေးနဲ့ဗျာ။ ဒီလက်ရာတွေဖန်တီးသူက နယူးယောက်မှာ နေတယ်။ ကျနော် နယူးယောက်ကို ဖြတ်သွားဖြတ်လာလုပ်မိတဲ့အခါတိုင်း သူ့အိမ်မှာ ၀င်ပြီး အားပေးနေကျ။ ရှမ်းခေါက်ဆွဲ၊ တရုတ်ဟင်းမျိုးစုံ။ အင်း - ရေးရတာ အရသာရှိလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက်က သူ့ဆီက အီးမေးလ်ထဲမှာ ပါလာတဲ့ပုံတွေကို ဒီပို့စ်မှာ တင်ပေးလိုက်ပါပြီ။ စာထဲ ရေးထားတာကတော့ နယူးယောက်မှာ အကောင်းဆုံး လက်ရာ ဆိုပဲ။ ကျနော် ရာနှုန်းပြည့် အမှန်တကယ် ထောက်ခံပါတယ်ခင်ဗျား။ သူ့မူရင်းစာက ဟောသလို hi..everybody these are the best food i have ever eaten in newyork. why can i say that?? because these are prepared by myself..ha...ha
အောက်ကပုံတွေကတော့ ဘာတွေပါလိမ့်။

ဝမ်တန်လို့ ခေါ်တဲ့ ဖက်ထုပ် ပြုလုပ်ရေး အထောက်အကူပြုပစ္စည်းတွေ ဖြစ်မယ်။
ဒါပါပဲ။ for your eyes only ဗျာ။



Oct 14, 2008

Ma Injing's RFA program

မအင်ကြင်းနိုင်ကို ဘန်ကောက်မှာ တွေ့တယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက။ အဲဒီနောက်ပိုင်း ဘန်ကောက်ရောက်တိုင်း သူတို့အိမ်မှာ တည်း၊ အကူအညီတောင်း၊ စကားပြောလို့ကောင်း စားလို့ကောင်း။ သူတို့အိမ်မှာက ကိုသားညွန့်ဦးနဲ့ သူနဲ့ ၂ယောက်တည်း ရှိတာ။ သူတို့က ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုအပြီးမှာ ရန်ကုန်ကို ခွာခဲ့ရသူတွေ။

ကိုသားညွန့်ဦးက ဗွီအိုအေ သတင်းထောက်၊ အချိန်ပိုင်း လုပ်တယ်။ သူ့ကိုတော့ အချိန်ပြည့်လုပ်ခွင့်ပေးထားတာပဲ။ ဒါပေမယ့် သူက အိမ်လခဖိုး ဈေးဖိုးလောက်ရပြီဆိုရင် သတင်းမလုပ်တော့ဘူးလို့ သူတို့ကျနော်တို့ရဲ့မိတ်ဆွေ ဆင်မလိုက် ကိုဋ္ဌေးအောင်က ပြောဖူးတယ်။ ဟုတ်ပုံရတယ်။ ကက်ဆက်အသေးလေးနဲ့ တယ်လီဖုန်းကို ချိတ်၊ တယောက်ယောက်ကို ဖုန်းခေါ်၊ အသံဖမ်း၊ တည်းဖြတ်ပြီး သတင်းပို့တာကို တခါတလေ တွေ့ဖူးတယ်။ ရေဒီယိုသတင်းသမားတယောက်ရဲ့အလုပ်တွေကို မြင်တွေ့နေရတဲ့ မအင်ကြင်းကို မမေးဖြစ်ခဲ့ဘူး၊ သတင်းလုပ်ငန်း စိတ်ဝင်စားရဲ့လား ဆိုပြီး။ ခုတော့ မအင်ကြင်းက သတင်းလုပ်ငန်းထဲ ရောက်နေပြီ။

မနှစ်တုန်းက မအင်ကြင်းရဲ့အသံ ဘီဘီစီမှာ ကြားရတယ်။ ဘီဘီစီမြန်မာပိုင်းရဲ့ ၀ါရှင်တန်ဒေသအခြေစိုက်သတင်းထောက်။ နယူးယောက်၊ ၀ါရှင်တန်၊ ဖို့ဝိန်း၊ ကနေဒါဘက်က မြန်မာပြည်ဆိုင်ရာသတင်းတွေ၊ ပြီးတော့ ၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှုသတင်းတွေပို့တာကို ကြားရတယ်။

ဒီနှစ်တော့ RFA သတင်းဌာနကို ပြောင်းသွားပြီ။ RFA နားထောင်ရင် သူ့အသံ ကြားရမယ်။ ဒီမနက် RFA မှာ ပါတဲ့ အစီအစဉ်ကို ကူးပြီး ဒီပို့စ်မှာ ချိတ်ပေးလိုက်ပါပြီ။ သူ့ရဲ့ တင်ဆက်ပုံကို နားဆင်ကြပါဦး။ သူ့အစီအစဉ်မှာ ထောင်တသက်တကျွန်းကျနေသူတယောက်ရဲ့ သမီးဖြစ်သူကို ဆက်သွယ်မေးမြန်းထားတယ်။




Oct 13, 2008

what is blackberry ???

ဘလက်ဘယ်ရီ ဆိုတာ ဘာပါလိမ့်
မစုမြတ်မွန်ရဲ့ ရေဒီယိုဆောင်းပါး။ ၂ဝဝ၆ ဖေဖော်ဝါရီ ၂၇ ရက်နေ့ည ဘီဘီစီကနေ လွှင့်ခဲ့ပြီးသား။ လက်ကိုင်ဖုန်းအရွယ် ဘက်စုံသုံး ဘလက်ဘယ်ရီ

ဒီနေ့ခေတ်မှာ အီးမေးလ်တွေ အင်တာနက်တွေ လက်စွဲဖြစ်နေတဲ့သူတွေကြားမှာ ဘလက်ဘယ်ရီအကြောင်း ပြောပြပါရစေ။ သာမန်လူတွေကြားမှာ ဘလက်ဘယ်ရီဆိုတာဘာလဲလို့ မေးရင် သစ်သီးလား၊ နည်းပညာနဲ့ဆိုင်တဲ့ပစ္စည်းလား ဆိုပြီးတော့ ရေရေရာရာ မသိတဲ့သူတွေ များမှာပါ။ ဒါပေမယ့် အလုပ်ကြောင့် အီးမေးလ်တွေ အင်တာနက်တွေ အဆက်မပြတ် သုံးဖို့လိုတဲ့သူတွေကတော့ ဘလက်ဘယ်ရီဟာ သိပ်ကိုအရေးပါတဲ့ ခေတ်သစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

အသုံးပြုသူတစ်ယောက်က အခုလို ဆိုပါတယ် -
“ကျမက အွန်လိုင်းမှာ ဈေးကွက်တင်ပေးတဲ့သူပါ။ ကျမဆီ ရောက်လာတဲ့ အီးမေးလ်တွေကို အဆက်မပြတ် ကြည့်နေဖို့ လိုပါတယ်။ အခုတောင်မှ မနက်ဖြန် အင်တာဗျူးလုပ်ဖို့ ဘယ်သူတွေများ ချိန်းထားသလဲဆိုတာကို ကြည့်နေတာလေ”

လက်ကိုင်မိုဘိုင်းလ်ဖုန်း ပုံစံနဲ့ သိပ်ပြီးတော့ မကွာလှပေမယ့်လို့ ဘလက်ဘယ်ရီပေါ်မှာ အီးမေးလ်တွေ အင်တာနက်တွေကို နေရာမရွေး ဆက်သွယ် သုံးလို့ရနေလို့ တချို့သူတွေအတွက် မရှိမဖြစ်ပစ္စည်း ဖြစ်နေပါတယ်။

နယူးယောက်မြို့မှာ နာမည်ကျော် အစားအသောက်ချက်ပြုတ်ရေးလုပ်ငန်းကြီးကို လုပ်နေတဲ့ နီကိုးအယ်လင်န်အတွက်ဆိုရင် မနက်အိပ်ရာနိုးလာချိန်မှာ ပထမလုပ်တာက ဘလက်ဘယ်ရီထဲမှာ ဘယ်သူတွေဆီက သတင်းစကားတွေ ပါးထားသလဲဆိုတာကို စစ်တာပါ - တဲ့။

“အိပ်ရာက နိုးနိုးချင်း ပထမဆုံးလုပ်တာက ကျမရဲ့ ဘလက်ဘယ်ရီထဲမှာ အီးမေးလ်အသစ်တွေများ ရောက်နေမလား၊ တယ်လီဖုန်းမက်ဆိတ်ခ်ျတွေများ ရှိနေမလားဆိုတာကို စစ်တဲ့အလုပ်ကို ပထမဆုံးလုပ်ပါတယ်”

အရေးကြီးတဲ့လုပ်ငန်းကိုလုပ်နေသူတွေအတွက် ဘလက်ဘယ်ရီဟာ ဘာကြောင့် အရေးပါသလဲဆိုတာကို ကိုယ်တိုင် ဘလက်ဘယ်ရီသုံးနေတဲ့ ကိုသူရက အခုလိုရှင်းပြပါတယ်။

“ကိုယ့်အိမ်မှာသွယ်ထားတဲ့ အီးမေးလ်လိပ်စာနဲ့ ဒီ ဘလက်ဘယ်ရီနဲ့ တချိန်လုံး အွန်လိုင်းလုပ်ထားတယ်ဆို ကိုယ်က ခရီးထွက်နေပေမယ့် ကိုယ့်ရုံးထဲမှာ တစ်နေကုန် ထိုင်နေတဲ့အတိုင်းပဲ။ ညနေလည်း အိမ်မှာ မိသားစုနဲ့။ ရုံးမှာဝင်လာတဲ့ အီးမေးလ်တွေလည်း ကိုယ့်ဘလက်ဘယ်ရီထဲ ဝင်လာမယ်။ ရုံးထဲမှာ ကိုယ်တိုင်ထိုင်ဖို့ မလိုတော့ဘူး၊ အိမ်မှာလည်း သုံးလို့ရတယ်၊ ဟောလီးဒေး သွားနေလည်း သုံးလို့ရတယ်၊ တခြားနိုင်ငံ ခရီးထွက်ရင်လည်း သုံးလို့ရတယ်။ ဥပမာ - ကျနော် ဖိလစ်ပိုင်သွားတယ်ဆို ကျနော်တို့ ဆက်သွယ်တဲ့ ကလိုင်းယင့် (client)တွေက မသိဘူး။ ကျနော် ဟောင်ကောင်မှာလား၊ ဖိလစ်ပိုင်မှာလား၊ လန်ဒန်မှာလား မသိဘူး။ ကျနော်တို့ ဘိဇနက် (business) လုပ်တဲ့သူတွေအတွက် ပိုလွယ်တာပေါ့”

အမေရိကန်မှာ ဘလက်ဘယ်ရီကို ၁၉၉၉ မှာ စထုတ်ခဲ့ပေမယ့် ၂ဝဝ၄ ခုနှစ်ကမှ စပြီးတော့ ရေပန်းစားလာခဲ့တာပါ။ ကြိုးမဲ့အင်တာနက် ဆက်သွယ်မှုတွေ ပိုပြီးတော့လုပ်လာနိုင်လို့ ဖြစ်နိုင်ပါတယ်။ အမေရိကန်အစိုးရဌာနက အရာရှိတွေတင်မကဘဲ အိုင်ဘီအမ်၊ ပီဇာ၊ ပက်ပဆီ (IBM, Pizza hut?, Pepsi) စတဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေကလည်း ဘလက်ဘယ်ရီကို သုံးကြပါတယ်။

စီးပွားရေး လုပ်ကိုင်နေသူတွေကလည်း တယ်လီဖုန်းဆက်နိုင်တဲ့အပြင် အီးမေးလ် ပို့နိုင်၊ လက်ခံနိုင်၊ အင်တာနက်သုံးနိုင်တာတင်မကဘဲနဲ့ အီလက်ထရောနစ် အော်ဂနိုက်ဇာအဖြစ်ပါ သုံးနိုင်တဲ့ ဘလက်ဘယ်ရီကို အသုံးများလာကြပါတယ်။

အခုဆိုရင် အမေရိကန်မှာတင် မဟုတ်ပါဘူး၊ ဥရောပ အာရှမှာပါ ဘလက်ဘယ်ရီဟာ ရေပန်းစားနေတဲ့ ဆက်သွယ်ရေးပစ္စည်းတစ်မျိုး ဖြစ်နေပါတယ်။ ဆက်သွယ်မှုပိုင်းမှာ အလွန်အသုံးဝင်ပေမယ့် သူ့မှာ မကောင်းတဲ့အချက်တွေ ရှိတယ်ဆိုတာကို အဖွဲ့အစည်းကြီးတွေနဲ့ အချိန်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်ပေါင်း ၁၁ အုပ်ရေးသားခဲ့သူ မီးဂျေဂါက အခုလို ထောက်ပြပါတယ်။

“ဘလက်ဘယ်ရီရဲ့ မကောင်းတဲ့အချက်က သူများက ကိုယ့်ကို အချိန်တိုင်း အမြဲတမ်း ဆက်သွယ်လို့ရတဲ့အချက်ပါ။ ကိုယ်ကလည်း သူတို့ဆက်သွယ်လာတော့ ပြန်ပြီး ဆက်သွယ်ရမယ်ဆိုတဲ့ တာဝန်ကြီးတစ်ခုလို ဖြစ်နေတယ်။ သူများက အချိန်ပေးပြီး ဆက်သွယ်လာတယ် ဆိုတော့ ကိုယ်ကလည်း ပြန်ဆက်သွယ်ရမယ်ဆိုတဲ့အချက်က ခေါင်းထဲရောက်နေရော၊ စိတ်ပူပင်သောကတွေ ရောက်ရရောဗျာ”

ဆက်သွယ်ရေးပစ္စည်းတွေအပေါ် မှီခိုလာရတဲ့ ၂၁ ရာစုက လူအတော်များများအတွက် ခေတ်သစ်ဆက်သွယ်ရေးပစ္စည်းတစ်ခုဖြစ်တဲ့ ဒီ ဘလက်ဘယ်ရီကိုများ သုံးလို့မရနိုင်တော့ဘူးဆိုရင် ဘယ်လိုများ ဖြစ်သွားကြမှာပါလဲ။

အသုံးပြုသူ ၂ ယောက်က အခုလို ပြောပြပါတယ် -
“နိစ္စဓူဝ ကျနော့်ရဲ့လုပ်ငန်းတွေ တော်တော်လေး ထိခိုက်သွားမှာပါ။ ဘလက်ဘယ်ရီ မရှိရင် ဘယ်လိုနေရမယ်ဆိုတာ တွေးလို့တောင် မရပါဘူး”

“အလုပ်အတွက် ဘလက်ဘယ်ရီ သုံးနေရတဲ့ ကျမအတွက်တော့ အတော့်ကို ဗျာများသွားပါလိမ့်မယ်”

အိတ်ဆောင်အရွယ်ဖြစ်ပေမယ့် ရုံးလုပ်ငန်းလုပ်နေသူတွေ၊ စီးပွားရေးလုပ်နေသူတွေ၊ နိစ္စဓူဝ အရေးပါတဲ့အလုပ်တွေ အားလုံးကို ပစ္စည်းတစ်ခုတည်းကနေ လုပ်နိုင်မယ်၊ အဆက်အသွယ်လုပ်ဖို့ လိုတဲ့လူတွေနဲ့လည်း မပြတ် ဆက်သွယ်နိုင်မယ်ဆိုရင် ကွန်ပျူတာ၊ တယ်လီဖုန်း၊ အီလက်ထရောနစ်အော်ဂနိုက်ဇာ (electronic organizer) စတဲ့ ဘက်စုံသုံးပစ္စည်းလေးတွေဟာ နာမည်သာကွဲသွားပေမယ့် အသုံးဝင်နေကြဦးမှာဖြစ်ပါတယ်ရှင်။ ။


Oct 11, 2008

cartoonists are always right!

အမေရိကန်တွေများ တယ် နောက်ကျသကိုး။ အခုမှ စီးပွားပျက်နေကြ ညည်းတွားနေကြလေရဲ့။ အမေရိကန်နိုင်ငံတ၀ှမ်း လူမွဲနံ့ သင်းလာချိန်မှာ ပန်းပန်နေသူတွေကတော့ အမေရိကန်ကာတွန်းဆရာတွေပဲလို့ ပြောလိုက်ရင် မမှားဘူး ထင်ပါတယ်။ အစိုးရကို၊ လုပ်ငန်းရှင်ကြီးတွေကို လက်ရှိအခြေအနေကို ကာတွန်းဆွဲရ ပြောင်လှောင် သရော်ကြတယ်။

သိတဲ့အတိုင်းပဲ လောလောဆယ် ယူအက်စ်မှာ ဘဏ်ကြီးတွေ လူမွဲဖြစ်ကြောင်း ကြေညာကြတယ်၊ ကျုပ်တို့ ပိုက်ဆံမရှိတော့ပါဘူးခင်ဗျ/ရှင့် ဆိုပြီး ကြေညာကြတယ်။ အလုပ်သမားတချို့ အလုပ်ပြုတ်ကြတယ်။ ငွေတွင်းတွေ နက်လာတယ်ဆိုတဲ့ သတင်းတွေ ဖတ်မိ ကြားမိထားတယ် ဆိုရင်တော့ Read More ကို နှိပ်လိုက်ရင် ပေါ်လာမယ့် ကာတွန်းတွေက ဟာသရသတွေအများကြီး ပေးပါလိမ့်မယ်။

ရယ်စေ ပြုံးစေး)

အပေါ်က စာမဲ့ကာတွန်းကတော့ ဒီနေ့ အမေရိကန်ပြည်ထောင်စုမှာရှိနေသူတွေကို ရည်ရွယ်ပါတယ်။
အစိုးရက အခွန်ငွေဆောင်တဲ့ပြည်သူတွေအတွက် ပေးတဲ့ ကုထုံး

ဘဏ်တွေအကြောင်း သရုပ်ဖော်တဲ့အခါ ၀က်ရုပ်ကို ဘာကြောင့်သုံးကြပါလိမ့် ဆိုပြီး ဟိုတုန်းက အံ့သြခဲ့တာ။ (အခုတော့) ငါ နားလည်စ ပြုလာပါပြီ တဲ့။

ဝက် ဆိုတာ သောက်သုံးမကျတဲ့ကောင် လို့ ဘာသာပြန်လို့ ရမယ် ထင်ပါရဲ့။


ဆင်နဲ့မြင်းက အမေရိကန် နိုင်ငံရေးသမားကြီးတွေ နိုင်ငံရေးအဖွဲ့တွေကို ရည်ညွှန်းတယ် ဆိုပါစို့။

စီးပွားပျက်ချိန်မှာ အစုရှယ်ယာ ၀ယ်ထားသူတွေ သေတာပဲ။ တကယ်သေတာတော့ မဟုတ်ပါဘူး၊ သူတို့ဝယ်ထားတဲ့ ရှယ်ယာတွေရဲ့ တန်ဖိုးက စက္ကူစုတ်တန်ဖိုးနဲ့ နင်လားငါလား ဖြစ်သွားပါပြီ။ စီးပွားက ပျက်သွားပြီမဟုတ်လား။

Oct 4, 2008

APK cartoon

အော်ပီကျယ်ရဲ့ ကြော်ငြာကာတွန်း။ သူ့လက်ရာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်နေရာကနေ ပြန်ပေါ်လာပါပြီ။ ဟိုတပတ်ကထုတ်တဲ့ အလဲဗင်းဂျာနယ်တစောင်မှာ တွေ့ရတာ။ ကလစ် ကလစ် လုပ်ကြည့်ပါဦး။ ကြိုက်မှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာ မရှာပါနဲ့။ ထမင်းထုပ် သိုးသွားမယ်။း) တွေ့မည် မဟုတ်။



Oct 2, 2008

click the picture to have fun and play the game

လူတွေကို ရယ်အောင်လုပ်တာ ကာတွန်းဆရာတွေရဲ့တာဝန်တခုဖြစ်တယ်
(က) သြစီမှာ နာမည်တလုံးနဲ့နေတဲ့ဘလော့ဂါတယောက်က ဂိမ်းမကြိုက်ဘူးလို့ ဆိုတယ်၊ မိုးမခရဲ့ ဘိရုမာဂိမ်းကတော့ သူ့အတွက် ချွင်းချက်ဖြစ်သွားဟန်တူတယ်း)
(ကာ) ဒီကနေ့ ကျနော်လည်း ဒီဂိမ်းကို ၃ ပွဲ ကစားပြီးပြီ၊ ဒီဘလော့ဂ်ကို ရောက်လာတဲ့သူတွေလည်း ကစားနိုင်အောင် ချိတ်ပေးလိုက်ပါတယ်။
(ကား) မိုးမခ ပရိသတ် ဝယ်ကြမယ်ဆိုရင် ဘိရုမာက ဂိမ်းတမျိုး ရောင်းမယ်လို့ ဆိုတယ်၊ မျှားပစ်တဲ့ဂိမ်းလေ၊ ဒီဂိမ်းကို သူထွင်တာတော့မဟုတ်ဘူး၊ နိုင်ငံခြားက လာတာ၊ ဒါပေမဲ့ ရောင်းမယ့်ဂိမ်းကတော့ သူ့စိတ်ကူးလို့ ဆိုတယ်။

(ခ) ထပ်ပြောမယ်၊ ကွန်ပျူတာဂိမ်းတော့မဟုတ်၊ မျှားပစ်တဲ့ဂိမ်း။ စိတ်ကူးက ဒီလို။ နံရံမှာချိတ်ထားတဲ့ စက်ဝိုင်းပုံစံဘုတ်ပြား တွေ့ဖူးကြတယ်မဟုတ်လား၊ အဲဒီဘုတ်ပြားမျိုး လုပ်ရောင်းမှာ။

(ခါ) ဘုတ်ပေါ်မှာ စက်ဝိုင်းပုံတွေအစား ဗိုလ်ချုပ်မှူးကြီး မျက်နှာပြည့်ပုံကို အစားထိုးမယ်။
(ခါး) မျှားပစ်တဲ့ ကစားနည်းမှာတော့ ထုံးစံအတိုင်း အလယ်ခေါင်တည့်တည့်ကို ထိအောင်ပစ်နိုင်ရင် အမှတ်အများဆုံးရမယ် (လို့ ထင်တယ်)။

(ဂ) သူလုပ်ရောင်းမယ့်ဘုတ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမျက်လုံးကိုထိရင် အမှတ်အများဆုံးရမယ် လို့ ဆိုတယ်။
(ဂါ) အရောင်းသွက်မသွက် ခန့်မှန်းဖို့ ဈေးကွက်သုတေသန လုပ်မယ်လို့ ဆိုတယ်း)
(ဂါး) သူ့စိတ်ကူး အကောင်အထည်မဖော်ခင် မူပိုင်ခွင့်အရှုပ်အရှင်းဖြစ်လာနိုင်ချေရှိလို့ ရေစစ္စရီလုပ်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ရန်ကုန်မှာ ရုံးတွေက နေပြည်တော်ဘက် အပြောင်းအရွေ့ အလုပ်များနေလို့ သူ့လျှောက်လွှာကို ဂရုမစိုက်အားဘူးလို့ ဆိုတယ်။

(ဃ) လေးခွနဲ့ပစ်တဲ့ ဂိမ်းအကြောင်း ပြန်ဆက်ရရင် လောက်စာလုံး ဗိုက်ကိုမှန်တဲ့အခါ ကယ်တင်ရှင်ဗိုလ်ချုပ်မှူးကြီး ကြွတာပဲ။
(ဃာ) စက်သေနတ်နဲ့ ကျည်ဆံအတွဲလိုက်ပစ်သလို ဆော်တဲ့နည်းက လက်ညောင်းလိမ့်မယ်၊ တလုံးချင်း ပစ်တဲ့နည်းက လက်ညောင်းသက်သာမယ်။ ပရော်ဖက်ရှင်နယ်နွားကျောင်းသား ပီသမယ်း) မြေပေါ်ကျခါနီးအထိမှ မသေသေးဘူးဆိုရင်တော့ အတွဲလိုက် ပစ်ပေတော့။
(ဃား) မိုးမခမှာ ချန်ထားခဲ့တဲ့ မှတ်ချက်တွေကို အောက်မှာ ဖတ်ပါဦး။ အာရှလွတ်မြောက်ရေးရေဒီယို သတင်းထောက် ပေးတဲ့အကြံက ကောင်းတယ်။ (ဘယ်လိုကစားရမှာလဲလို့ မေးထားတဲ့ Min ရဲ့ မေးခွန်းကို ဖြေရရင် IE မှာ ရတယ်။ Firefox ဆိုရင် version 1.0.6 မှာ မရဘူး။ ဒါကြောင့် IE နဲ့ စမ်းကြည့်ပါ။)

ပုရစ်: အား..ပါးပါး ပစ်လိုက်တာ ၁၀၃၅ ချက်မှာဂိမ်းလဲမပြီး လက်ကလည်းညောင်းလာလို့ ဘယ်နှမှတ်မှာပြီးမှာလဲ ဟင်
မဆုမွန်: လေးခွက ဆော်လိုက်ကောင်းလိုက်တာ သေတာမှ ကားခနဲပဲ..မိုးကမကျလာသင့်ဘူး ချီးတွင်းက တက်လာတာကို အပေါ်ကနေ တင်းပုတ်နဲ့ ထုတဲ့နည်း လုပ်သင့်တယ်
min: ဘယ်လိုပစ်နေတာလဲဟင် အနော်တော့ဘယ်လိုမှပစ်မရဘူးဗျ သင်ပေးကြပါဦး
အလွမ်းသစ်: ကောင်းကောင်းကို ဆော်ထည့်လိုက်တယ် မှတ်ကရော
win maw: thank you we can hit Than Shwe.
nayphyolay: အရမ်းကောင်းတာပဲ သန်းရွှေးကို ဆော်ရတာ အရမ်းပျော်တယ်။ အခုလိုထဲ.ထားတာ အရမ်းကောင်းတယ် ။နောက်လဲဘယ်လိုထက်ဆော်ဦးမလဲဆိုတာ စဉ်းစားပြီးထည်.ပေးဦးနော် ။။
sora: ပစ်လို.ကောင်းလိုက်တာ သန်းရွှေကိုပစ်ရတာ အရသာ ရှိလိုက်တာ အပြင်မှာဆို တော်တော်လေး အရသာရှိမှာ အပြင်မှာ ပစ်လို.ရအောင် လုပ်ပေးပါအုံး ဘိရုမာကြီးရယ် ကျေးဇူးပါပဲ ရှဲ ...ရှဲ..