Dec 26, 2008

necessary or not necessary

ကာတွန်းတွေမှာ ရှင်းပြချက် ဖွင့်ဆိုချက်တွေ အမြဲတမ်း ထည့်ဖို့ လိုသလား။ တယောက်နဲ့တယောက် အယူအဆ မတူကြ။

ဟိုတလောက မစ္စတာမောင်ရစ် ကာတွန်းတပုဒ် ဆွဲတယ်။ သူ့ကာတွန်းမှာ ဖွင့်ဆိုချက် ထုံးစံအတိုင်း ထည့်မထားဘူး။ အဲဒီကာတွန်းကို ကြိုက်သူတွေ ရှိတယ်။ မှတ်ချက် မပေးသူလည်း ရှိတယ်။ ကျနော်နဲ့ သိတဲ့သူ လေးငါးယောက်ကတော့ အဲဒီကာတွန်းကို သဘောမကျဘူး တဲ့။ ဦးဝင်းတင်ကို နှိပ်ကွပ်ထားတာလို့ ယူဆပါသတဲ့။


စု-လွှတ်-တွေ့ ဆိုတာ ဦးဝင်းတင်ရဲ့ ကြွေးကြော်သံ။

မစ္စတာရစ်က ဦးဝင်းတင်ခရေဇီ။ အဖိုးကြီးကို နှိပ်ကွပ်ပါ့မလား။ ဒီကာတွန်း တင်တဲ့ကာလမှာ ထူးခြားတာ တခုဖြစ်တယ်လေ။ အဲဒါကြောင့် ဒီကာတွန်းဆွဲလိုက်တာ ဖြစ်မယ်။ အဲဒီတုန်းက မှတ်မိလား ဦးနေ၀င်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း အကျယ်ချုပ်က ပြန်လွတ်လာတဲ့ကာလ။

မကြိုက်တဲ့သူရှိလည်း မတတ်နိုင်ဘူး၊ ဆက်ပြီး လျှာရှည်ရရင် - ဒေါ်စုကို လွှတ်ဖို့ပြောတာ ဒေါ်စုကို မလွှတ်ဘဲ ကျေးဇူးရှင်တွေက ဟိုဂျီးဒေါ်ကို လွှတ်လိုက်ပါလေရော။ ဒေါ်စန္ဒာဝင်းဆိုတာလည်း တကယ့်မြွေပွေး။ အခု သူက အာဏာမရှိ ဘုန်းမရှိတဲ့အချိန်မို့ တီကောင်ဖြစ်နေရတာ။ ဒါပေမယ့် မြွေပွေးဖြစ်ခဲ့ဖူးသူကို ကာတွန်းဆရာက ကြောက်ရှာသား။ ဒါကြောင့် စုမလွှတ်ဘဲ ဘာကြီးလွှတ်လိုက်ပါလိမ့် ဆိုပြီး ပြေးရရှာတယ်။ သန်းရွှေကြီးပုံကိုလည်း ကျက်သရေမရှိအောင် ဖန်တီးထားတယ် ထုံးစံအတိုင်း။

ကာတွန်းတွေ ကဗျာတွေကို ဖွင့်ဆိုချက် လုပ်ဖို့ လိုမလား။ အဖြေက အမျိုးမျိုး ဖြစ်ပါလိမ့်မယ်။

Dec 25, 2008

unorganized thoughts


ဒီနေ့ ခရစ်စမတ်နေ့။ တူးတူးသာတို့အိမ်မှာ ကော်ရည်ခေါက်ဆွဲချက်တယ်။ နေ့ခင်းတုန်းက သူတို့အိမ်ရောက်တယ်။ Merry X'mas လို့တောင် မပြောခဲ့မိတာ ခုမှ သတိရ။

ဟိုနေ့တုန်းကလည်း ခရစ်စမတ် ဆုတောင်းပွဲတခုကို ရောက်တယ်။ မြန်မာပြည်သား ကောလိပ်ကျောင်းသားကျောင်းသူတွေရဲ့ ပွဲ။ အစီအစဉ် ၈ ခုလောက် ရှိမယ် အဲဒီပွဲမှာ။ ဒုတိယအစီအစဉ်က တရားဟောဆရာမတယောက်က စကားပြောတယ်။ သူပြောတဲ့ထဲမှာ ဧမာနွေလ၊ ဧ၀ံဂလိ ဆိုတဲ့ စကားလုံးတွေလည်း ပါတယ်။ (ဧမာနွေလ ဆိုတာ ဘုရားသခင်ရဲ့သားတော် ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်ဆိုလားပဲ။ ) ရှင်ပြန်ထမြောက်၊ နွားတင်းကုပ်၊ ရှင်ပေါလု ဆိုတဲ့ စကားလုံးတွေလည်း ပါတယ်။ ခရစ်စမတ် ဆိုတာ သခင်ခရစ်တော်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို ဆင်နွဲခြင်း လို့လည်း ပြောသံ ကြားလိုက်တယ်။

ဆုတောင်းပွဲမှာ သီချင်း ဆိုတဲ့ ကြားဖြတ်အစီအစဉ်တွေပါတယ်။ သီချင်း ၄ ပုဒ်လောက် ပါတယ်။ သီချင်းတွေက နားထောင်လို့ သိပ်ကောင်းတာပဲ။ နောက်ဆုံးသီချင်းက Silent Night ဖြစ်မယ်။ ကင်မရာလည်း ပါမသွား၊ အသံဖမ်းစက်လည်း ပါမသွားတာ နောင်တ ရမိတယ်။
Silent Night သီချင်းက အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ ဆိုတဲ့သူက ငါးယောက်။ သူတို့ကလည်း အကြိမ်ကြိမ် ဆိုတီးကျင့်ထားတယ် လို့ ကျနော့်မဟေသီရဲ့သူငယ်ချင်းတယောက်က ပြောပြတယ်။

ဆုတောင်းပွဲက ပျင်းစရာ မကောင်းဘူး။ အင်မတန် အဆင်ပြေတယ်။ ဂီတသံတွေ ပါတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ခရစ်ယာန် ကျောင်းသားလေးတွေကိုကြည့်ပြီး စဉ်းစားမိတာက ဒီလူငယ်လေးတွေ ပူးပေါင်းဆောင်ရွက်မှုတော်တော်လေး အားကောင်းပုံရတယ် ဆိုတာပဲ။ အားလုံးဝိုင်းဆိုတဲ့ သီချင်းအတွက် ကျနော့်ကို စာရွက်ပေးသေးတယ်။ မယူဖြစ်လိုက်ဘူး။ အားလုံး အင်္ဂလိပ်လို ဘာသာရေးသီချင်းတပုဒ် ဆိုကြတယ်။ အဲဒီသီချင်း သိပ်မခံစားတတ်ဘူး။
Silent Night ကို ဟိုငါးယောက် ဆိုသွားတာက နားထဲကရော မျက်လုံးထဲကပါ ထုတ်လို့မရ။ ( ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဆုတောင်းပွဲလုပ်တဲ့အခါ ဂီတ/သီချင်း ပါပုံမရ။ မပါဘူး ထင်တာပဲ။ ဂီတအနုပညာနဲ့ဆိုရင် လူငယ်တွေ ဘာသာရေးနဲ့ ပိုထိတွေ့ဖြစ်မှာပဲ။ ပိုပြီး စုစည်းမိကြ၊ အသင်းအဖွဲ့နဲ့လုပ်တဲ့အကျင့် ရကြမှာပဲ။ ကိုယ့်ဘုရားသခင်ရဲ့ ကျေးဇူးတော် ဘာဘာညာညာတွေကို ဖွဲ့သီကြမယ်ဆိုရင် လူငယ်တွေလည်း လိုက်ဆိုကြမှာပဲ။ ထူးအိမ်သင်ကတော့ မဟာဝီရအိုဗုဒ္ဓ ဆိုပြီး လုပ်ထားတာတော့ ရှိတယ်။ ဒါပေမယ့် သံသေးသံကြောင်တွေထည့်ထားတာတော့ မကြိုက်ဘူး။ Silent Night သီချင်းလောက်လည်း မကြိုက်ဘူး။ သူကလည်း လူတွေကြိုက်အောင် စပ်ဆိုထားတာ ဟုတ်ချင်မှ ဟုတ်မယ်။ )

ဆုတောင်းပွဲလုပ်တဲ့နေရာက ဆိတ်ငြိမ်ရပ်ကွက်တခုထဲမှာ။ အဲဒီအိမ်မှာ ကြိုက်တာ ၂ ခုရှိတယ်။ အိမ်ရှေ့တခါး ညာဘက်မှာ ရုပ်သေးရုပ် ၂ ရုပ် ချိတ်ထားတာတွေ့တယ်။ ပြီးတော့ ခြံဝင်းထဲမှာလည်း သစ်ခွပန်းတွေ တွေ့တယ်။

ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကျနော်က သိပ်အစိမ်းကြီးတော့မဟုတ်။ ငယ်တုန်းက နှစ်ချင်းခရစ်ယာန်ကျောင်းဝင်းတခုကို ရောက်ဖူးတယ်။ အဲဒီမှာ နွားတင်းကုပ်ထဲမှာ ကလေးမွေးတဲ့အခန်း ပါတဲ့ ပြဇာတ်ကို ကြည့်ဖူးတယ်။ ရန်ကုန်က အင်္ဂလီကန်ဘုရားရှိခိုးကျောင်းကိုလည်း တက်ဖူးတယ်။

မနေ့ကလည်း လူ ၂၀၀ ကျော်လောက်တက်တဲ့ ခရစ်စမတ်ပွဲတခုကို ရောက်တယ်။ ကိုယ်နဲ့သိတဲ့သူ အယောက် ၂၀ လောက်တော့ တွေ့ရတယ်။ အများစုက ခရစ်ယာန်တွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ပျော်ကြ တွေ့ကြ ဆုံကြပေါ့။

ဒီစာမှာ အချက်အလက်တွေ ပြန့်ကျဲနေတာ တွေ့ရမယ်။ စတိုင်သစ်တော့ မဟုတ်ဘူး။ ကျနော့်အာရုံတွေက ပြန့်ကျဲနေတာကြောင့် ဒီပို့စ်ကလည်း
အဲသလို ပြန့်ကျဲသွားတာဖြစ်မလားပဲ။

ဟိုထိပ်ဆုံးမှာ တင်ထားတာက ၁၉၄၅ ခုနှစ် ရန်ကုန်ကို ဗုံးကြဲတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံ။ ( အင်္ဂလိပ်၊ အမေရိကန် စတဲ့ အနောက်တိုင်းမဟာမိတ်နိုင်ငံတွေက ကျဲတာလေ။ ဂျပန်တွေက ဆုတ်။ မြန်မာပြည်သားတွေ သောက်သောက်လဲ သေ။ အဲဒီကာလမှာတော့ တကမ္ဘာလုံး သေတာပါပဲ။ ကမ္ဘာစစ်လို့ သမိုင်းဆရာတွေ သတ်မှတ်တယ်လေ။ ) မြို့တော်ခန်းမက ပျက်စီးမသွားဘူး။ ဧမာနွေလ ဘုရားကျောင်းလည်း ပျက်ပုံမရဘူး။ သူ့ဘယ်ဘက်ဘေးက အဆောက်အဦကတော့ တွေ့တဲ့အတိုင်းပဲ။ လမ်းပေါ်မှာက လူတချို့နဲ့ မြင်းလှည်းတစီး။ ပန်းခြံက ၀ါးခြံစည်းရိုးနဲ့။

တရားဟောဆရာမ ပြောတဲ့ထဲမှာ ဧမာနွေလ ဆိုတာ ပါလို့ ဒီဓာတ်ပုံ တင်လိုက်ဦးမှဆိုပြီး တင်လိုက်တာပါ။ ပုံတင်တယ်ဆိုတော့လည်း စာ နည်းနည်းရေးရပြီပေါ့။ ဒီဘုရားကျောင်းကို မောနွေလ လို့ ထင်ခဲ့တာ၊ နောက်မှ ကိုယ်အဖတ်မှားမှန်း သိတယ်။ ဒါပါပဲဗျာ။ ခရစ်ယာန်တွေရော၊ ခရစ်ယာန်မဟုတ်တဲ့သူတွေရောကို ဒီရဲ့ ပြန့်ကျဲနေတဲ့ပို့စ်နဲ့ နှုတ်ဆက်ပါတယ်၊ ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ။

Dec 14, 2008

the beginning of a nick name

ဂျက်လီဆိုတဲ့ နာမည်ပြောင်တခု ကောက်ရထားတယ်။ အရောင်းမြှင့်တင်ရေးဗျူဟာတခုကြောင့် ရခဲ့တဲ့ နာမည်ပါ။ ပြီးခဲ့တဲ့ ၁၀ ရက်အထိ အလုပ်လုပ်ခဲ့တဲ့ ထမင်းဆိုင်မှာ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းအမျိုးသမီးတယောက်က ထမင်းဟင်း ပါဆယ် လာဝယ်တဲ့အမျိုးသမီးတွေကို တခုခု ပြောလေ့ရှိတယ်။

မင်းရဲ့ အင်္ကျီ ငါကြိုက်တယ် i like your blouse (သို့မဟုတ်) မင်းဆံပင်ပုံစံ ငါကြိုက်တယ်၊ မင်းဆွဲကြိုးက လှလိုက်တာ၊ စသဖြင့်။ တနေ့တော့ အလုပ်မများတဲ့အချိန်မှာ သူ့ကိုမေးမိတယ် "မင်းက သူတို့ကို ဟိုဟာကြိုက်လိုက်တာ ဒီဟာကြိုက်လိုက်တယ်ပြောတာ တကယ်ဟုတ်ရဲ့လား" လို့။ သူက - "ကြိုက်လို့ ကြိုက်တယ် ပြောလိုက်တာလည်း ရှိပါတယ်။
တခါတလေလည်း သူတို့ ကျေနပ်သွားအောင် ပြောလိုက်တဲ့သဘောပါ။ ပြောလိုက်တော့ သူတို့ ကျေနပ်သွားကြတာပါပဲ" တဲ့။

မှန်လိုက်လေ။ သူပြောသလိုပါပဲ။ အနည်းနဲ့အများ ကျေနပ်သွားကြဟန် ရှိပါတယ်။ မပြောလည်း ရပါရဲ့။ ဒါပေမယ့် အရောင်းဝန်ထမ်းတွေက ဖောက်သည်တွေကို ဒီလိုနည်းနဲ့ မဟာမိတ်ဖွဲ့ကြတာ။ သို့ကလို ပြောထားတော့ အဲဒီဖောက်သည်နဲ့ ကိုယ်နဲ့ အဆင်ပြေသွားပြီပေါ့။ ကိုယ့်ကို ဂွီဂွမ် မလုပ်တော့ဘူး။

အဲသလို မဟာမိတ်ဖွဲ့တာ လုပ်သင့်တယ်လို့ ပြောလည်း ရပါတယ်။ တခြားနိုင်ငံသားတွေနဲ့ယှဉ်ရင် အမေရိကန်စားသုံးသူတွေက သိပ်ပြီး ပြဿနာ ရှာတတ်သလိုပဲ။ ကျနော် အလုပ်ဝင်ခါစတုန်းက အတိုင်ခံရဖူးတယ်။ ငါ့ဟင်းကို ဒီကောင်တွေ နမ်းကြည့် ရှူကြည့်တယ် တဲ့ ဆိုင်ရှင်ကို လူတယောက်က သွားပြောတယ်။ သူ့ဟင်းကို ဘာကြောင့် နမ်းရမှာလဲ။ ကျနော်တို့က ဒီဟင်းထမင်းအနံ့တွေ နေ့တိုင်းလိုလို ရှူရှိုက်နေရတာ။

လူတွေက ဗိုက်ဆာတဲ့အခါ ပိုပြီး ဒေါသထွက်တတ်တယ်လေ။ ဆိုင်မှာက နေ့လည်စာ ထမင်းနဲ့ဟင်း ၀ယ်ရဖို့အရေး သူတို့ တန်းစီရသေးတာ။ ဒါကြောင့် ဒေါသစက်ကွင်းကလွတ်အောင် ကျေးဇူးရှင်တွေကို မဟာမိတ်ပြုကြတာ ဖြစ်နိုင်တယ်။

နိဂုံးချုပ်ရရင် ဆိုင်အောက်ဆုံးထပ်မှာ ဒိန်ချဉ်ဆိုင် တဆိုင် ရှိတယ်။ အဲဒီဆိုင်ဝန်ထမ်းတွေကတော့ စားသုံးသူတွေကို အထူးတလည် ပြောမနေပါဘူး။ Thanks a lot, Have a good day စသဖြင့်လောက်ပဲ ပြောကြတယ်။
ကျနော်လည်း စားလို့ကောင်းတာကြောင့် သွားထိုင်ဖြစ်တယ် မကြာခဏ။ တရက်တော့ သူငယ်ချင်းတချို့ စားရအောင်လို့ သူတို့အတွက်ရော ကိုယ့်အတွက်ပါ များများ ၀ယ်ဖြစ်တယ်။ များများဝယ်တော့ ဆိုင်ရှင်က "မင်းက ဂျက်လီနဲ့ တူတယ် " တဲ့။ ခါတိုင်း သွားထိုင်စားနေတုန်းကတော့ ဂျက်လီနဲ့ မတူဘူး များများဝယ်တဲ့နေ့မှ ဂျက်လီနဲ့ တူတဲ့သဘေား)

ဂျက်လီဆိုတာ တရုပ်သိုင်းကားထဲက ငနဲလေ။ ဒီအကြောင်း သူငယ်ချင်းတချို့ကို ပြန်ပြောပြဖြစ်ကတည်းက ကျနော့်မှာ နာမည်ပြောင်တခု ထပ်တိုးသွားတော့တာပါပဲ။ 'ဂျက်လီ' တဲ့၊ အင်း - ခက်ကပြီ။

Dec 10, 2008

ကိုယ့်အားကိုယ်ကိုး အကျဉ်းသား

[နိဒါန်း - ဖေဖော်ဝါရီ ၄၊ ၂ဝဝ၇ ရက်စွဲနဲ့ မိုးမခမှာ ထည့်ခဲ့ဖူးတဲ့ဆောင်းပါး။ မြန်မာပြည်ကထောင်တွေ အကျဉ်းသားတွေအကြောင်း။

ကိုယ့်ကို ထောင်ထဲပို့မယ့်ကားအတွက် ကိုယ်တိုင်ကားခပေးနေရတဲ့ အကျဉ်းသားတွေ ဘယ်နိုင်ငံမှာ ရှိမယ် ထင်ပါသလဲ။ ခွကျတဲ့၊ ရယ်စရာကောင်းတဲ့မေးခွန်းပါ။ တကယ့်အဖြစ်အပျက်ဆိုတာသိရင်တော့ ရယ်နိုင်မယ် မဟုတ်ပါ။

ထောင်ဆိုတာ ဘယ်ထောင်မှ မကောင်းပါဘူး။ ကမ္ဘာ့အဆိုးဆုံးထောင်တွေ စာရင်းပြုစုလိုက်ရင် မြန်မာပြည်ကထောင်တွေ ထိပ်ပိုင်းမှာ ရှိပါမယ်။

သောင်းနဲ့ချီတဲ့ မြန်မာပြည်က ပညာတတ်တွေ၊ နိုင်ငံရေးသမားတွေဟာ ဒီထောင်တွေထဲမှာ အမှုန့်ကြိတ်ခံခဲ့ရတာကြောင့် ထောင်စနစ်ပြုပြင်ရေးတွေဟာ အနာဂတ်မှာ ဖြစ်လာမှာပါ။ သူတို့တွေက ဒီပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ကြမယ်လို့ ယူဆရပါတယ်။

လူထုအစိုးရ အုပ်ချုပ်တဲ့အချိန်၊ လာဘ်ပေးလာဘ်ယူမှု တဖြည်းဖြည်း လျော့ပါးသွားတဲ့အချိန် ရောက်ရင်တော့ အကျဉ်းထောင်စနစ် ပြုပြင်ရေးကို အစပြုလို့ရပါပြီ။

ဒီဆောင်းပါးကို ဘလော့ဂ်ပေါ်တင်ဖို့ ပြန်ဖတ်ကြည့်ပြီး စိတ်ထဲ ထပ်ပေါ်လာတာတွေကို ဆောင်းပါးအဆုံးမှာ နိဂုံးချုပ်ထားပါတယ်။]


ကိုယ့်အားကိုယ်ကိုး အကျဉ်းသား

ကားခလေးတွေ ထုတ်ထားမယ်
ကျနော်တို့ အဖနိုင်ငံတော်မှာ ဒုက္ခရောက်နေသူဆီက ငွေကိုညှစ်ယူရတာ လွယ်လှပါတယ်။ ရဲဝန်ထမ်း၊ ထောင်ဝန်ထမ်းတွေကတော့ အဲသလို ညှစ်တဲ့လုပ်ငန်းမှာ ကျွမ်းကျင်အဆင့်ပေါ့။ တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်လို့ လူတစ်ယောက်ဟာ စိတ်ညစ်ညစ်နဲ့ အချုပ်ကားစီးပြီး ထောင်ကို သွားရပြီဆိုပါစို့၊ ကားပေါ်မှာပါတဲ့ရဲတွေက ကားခ တောင်းပါလိမ့်မယ်။ ပိုက်ဆံထွက်လာဖို့ သို့မဟုတ် ပိုက်ဆံမပေးနိုင်လို့ ရိုက်နှက်ရတာလည်း ရှိမှာပါ။ ကားထဲမှာပါတဲ့ မိုက်တိမိုက်ကန်း ဝါရင့်အကျဉ်းသားတစ်ယောက်ယောက်က ရိုက်တဲ့၊ နှက်တဲ့၊ ငွေတောင်းတဲ့ အလုပ်ကို လုပ်ပေးပါတယ်။ ကဲ - ကားခ ဘယ်လောက်ကျပါသလဲ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၃၁) က ထွက်လာတဲ့ အစီရင်ခံစာတစ်စောင်အရဆိုရင် ကျပ် ၁ဝဝဝ ကနေ ၅ဝဝဝ အထိ ဖြစ်ပါသတဲ့။ ရန်ကုန်မြို့မှာဖြစ်နေတဲ့ ပေါက်ဈေးပါ။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) က ပြုစုတဲ့ အစီရင်ခံစာမှာ အဲဒီဈေးနှုန်းအတိုင်း ရေးထားပါတယ်။ အစီရင်ခံစာရဲ့ အမည်က ‘၂ဝဝ၆ ခုနှစ် မြန်မာနိုင်ငံ အကျဉ်းထောင်များအခြေအနေ’ ဖြစ်ပါတ ယ်။

စိတ်ဝင်စားစရာ အချက်အလက်များ
၂ဝဝ၆ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား သေဆုံး၊ လွတ်မြောက်စာရင်းကို အခုလို တွေ့ရပါတယ်။
ပြန်လွတ်လာသူ ၄၆ ဦး
သေဆုံးသူ ၆ ဦး

လွတ်လာသူ ၄၆ ဦး ရှိလို့ ဝမ်းသာကြိုဆိုလိုပေမယ့် ဖမ်းဆီး ထောင်ချခံရသူပေါင်းက ၇၈ ဦး ဖြစ်နေပါတယ်။
‘အမေက မွေး၊ ထောင်က ကျွေး’လို့ ထောင်ထဲမှာ ပြောလေ့ရှိပါတယ်။ အဲဒီခေတ် ကုန်သွားပါပြီ။ ခုတော့ အမေက မွေး၊ အမေကပဲ ကျွေးရပါတယ်။ ဟောဒီ အချက်အလက်တွေကို ကြည့်ပါဦး။

ထောင်သို့သွားသည့် အချုပ်ကားခ ၁ဝဝဝ မှ ၅ဝဝဝ
ရိုက်နှက်မှုသက်သာရန် လိုင်းကြေး ၂ဝဝဝဝ မှ ၃ဝဝဝဝ
သစ်သားကွပ်ပျစ်ပေါ် အိပ်လိုပါက ၁၅ဝဝဝ
(မပေးနိုင်ပါက သမံတလင်းပေါ်တွင် အိပ်ရန်။)

အချိန်မရွေး ရေချိုး၊ အဝတ်လျှော်နိုင်ရန် ၁၅ဝဝ
အချိန်မရွေး အပေါ့အလေးစွန့်ရန် ၁၅ဝဝ
ရဲဘက်အလုပ်ကြမ်းစခန်း မသွားလိုပါက ၁ဝဝ ဝဝဝ

အလုပ်သက်သာသော ရဲဘက်စခန်းများသို့ ထွက်လိုပါက ၁ဝဝ ဝဝဝ
ရှေ့တန်းစစ်ဆင်ရေး အထမ်းသမားမဖြစ်လိုပါက ၁ဝဝ ဝဝဝ
အခြားထောင်များသို့ မပြောင်းရွှေ့လိုပါက ၁၅ဝ ဝဝဝ

ထောင်အတွင်း အလုပ်မှ ကင်းလွတ်မှုရရန် ၂ဝ ဝဝဝ
ထောင်အတွင်း သက်သာသည့်အလုပ်ရရန် ၂ဝ ဝဝဝ
ဆေးခန်းပြ အမည်စာရင်းတွင်ပါရှိရန် ၁ဝဝ သို့မဟုတ် ကော်ဖီမစ် (၁)ထုပ်

ထောင်ဆေးရုံ ဆရာဝန်၏စမ်းသပ်မှု ခံယူလိုပါက ၅ဝဝ
(စမ်းသပ်သည်ဆိုသည်မှာ အခန်းထဲမှဆရာဝန်က အခန်းအပြင်တွင် ထောင်ပုံစံဖြင့်ရပ်နေသော လူနာအကျဉ်းသားအား လှမ်း၍ မေးမြန်းခြင်းဖြစ်သည်။)
ဆေးရုံတက်ရန် ၃ဝဝဝ
(လူနာ၏အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ငွေကြေးရ မှ ဆေးရုံတင် ပေးခြင်းဖြစ်သည်။)
ဆေးရုံရောက်သည်နှင့် ပေးရသည့်ငွေ ၃ဝဝဝဝ
တာဝန်ကျဆရာဝန် ပြောင်းသွားပါက ၂ဝဝဝဝ

ဒီနှုန်းအတိုင်းဆို အကျဉ်းဦးစီးဌာနအရာရှိများအဖို့ ဝင်ငွေကောင်းသလောက် အကျဉ်းသားမိသားစုတွေအဖို့ ငွေထုပ်ပိုက်ပြီး ထောင်ဝင်စာ သွားတွေ့ရမယ့်ကိန်းပါပဲ။ အစီရင်ခံစာမှာ အကျဉ်းသားတွေ “ပိုက်ဆံမရှိလျှင် အကျဉ်းထောင်အတွင်း အသက်ရှင်ရန်အတွက် အလွန်ခက်ခဲသော အချိန်ကာလဖြစ်နေပေသည်” လို့ သုံးသပ်ထားပါတယ်။

ဟန်ဆောင်လူနာ
ထောင်ရောက်အောင်ပို့ပေးတဲ့ အချုပ်ကားအတွက် အကျဉ်းသားက ပိုက်ဆံပေးရပါသတဲ့။ အံ့သြစရာပေပ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ထောင်ထဲမှာ ‘ဟန်ဆောင် လူနာ’ ဆိုတာလည်း ရှိသတဲ့။
ပိုက်ဆံတတ်နိုင်တဲ့ အကျဉ်းသားက ဆရာဝန်တွေ၊ ထောင်အာဏာပိုင်တွေကို ချဉ်းကပ်ပြီး ဆေးရုံဆောင်မှာ တက်နေကြသတဲ့။ ဆေးရုံဆောင်မှာနေရတာ ပိုပြီး သက်သောင့်သက်သာရှိတာကိုး။ ဒီနည်းနဲ့ ဟန်ဆောင်လူနာ ဆိုတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခြင်းလို့ ဆိုပါတယ်။

ပိုက်ဆံမပေးနိုင်တဲ့ အကျဉ်းသားတစ်ယောက်ယောက် နာဖျားခဲ့ရင်တော့ ဆေးရုံတက်ရောက်ခွင့်ရဖို့ “အလွန်ခက်ခဲသော ကိစ္စတစ်ခုဖြစ်နေ”ပါသတဲ့။ ရောဂါအခြေအနေ အတော်ဆိုးရွားမှ ဆေးရုံတက်ခွင့်ပြုမယ်၊ အဲဒီ လူနာအစစ်တွေဟာ ခုတင်ပေါ်မှာ မနေရဘဲ “ဟန်ဆောင်လူနာများ၏ ခုတင်များကြားရှိ သမံတလင်းပေါ်တွင် အခင်းမပါဘဲ နေထိုင်ကြရသည်” လို့ ဆိုပါတယ်။

သာယာဝတီအကျဉ်းထောင်ကဆရာဝန် ဒေါက်တာဝင်းဖေရဲ့ လက်သုံးစကားကိုလည်း ကိုးကားထားပါသေးတယ်။ အကျဉ်းသားတွေကို ပြောတဲ့ပုံက “ထောင်ဝင်စာ လာသလား၊ မလာရင်တော့ သေမှာပဲ” တဲ့။

ကိုယ်ထူကိုယ်ထ
သာယာဝတီထောင်အုပ်စုအတွက် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ရိက္ခာရှာဖွေနေရတယ်၊ လယ်ထွန်တဲ့အခါ နွားနေရာမှာ အကျဉ်းသားတွေကို အစားထိုးပြီး ထွန်ယက်ခိုင်းပါတယ် တဲ့။ နွားသေရင် အစီရင်ခံစာတွေ အဆင့်ဆင့် ရေးတင်ရမယ်ဆိုတော့ လူတွေကိုပဲ ခိုင်းတဲ့သဘောဖြစ်ပါလိမ့်မယ်။

အကျဉ်းထောင်အသီးသီးမှာ ထောက်ပံ့တာ လျှော့ချလိုက်ပြီ၊ နောက် ၂ နှစ်ဆိုရင် ထောင်အာဏာပိုင်တွေက ထောင်ရဲ့ကုန်ကျစရိတ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှာဖွေရမယ်လို့ ဆိုပါတယ်။ လာဘ်ပေး လာဘ်ယူမှုများ၊ နိုင်ထက်စီးနင်းပြုမှုများ၊ မတရားသောနည်းဖြင့် ရန်ပုံငွေရှာမှုများ တိုးသည်ထက် တိုးပွားလာမယ့်သဘောပါ။

တိုးတက်မှုများ
အကန့်အသတ်ဖြင့် စာရေးစာဖတ်ခွင့် ရရှိခြင်း၊
သောက်သုံးရေသန့် ရရှိခြင်း၊
ငွေကြေးနှင့်အထောက်အပံ့ပစ္စည်းများရရှိခြင်း
ဆိုတဲ့ တိုးတက်မှုတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။ သို့ပေမယ့် ဒီတိုးတက်မှုတွေဟာ ထောင်တချို့မှာပဲ ဖြစ်ခဲ့တယ်၊ အကျဉ်းသားတချို့ပဲ ခံစားခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

၄၆ ဦးကို ပြန်လွတ်ပေးလိုက်တာလည်း တိုးတက်မှုပါပဲ။ လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်တာကြောင့် ကျေးဇူးတင်ဖို့မလိုပါလို့ ပြောလို့မဖြစ်ပါဘူး။ လွတ်ရက်ကျော်နေပေမယ့် ဆက်ပြီးထောင်ကျနေသူတွေ အများကြီး ရှိတယ်မဟုတ်လား။

“နိုင်ငံရေးအကျဉ်းသားများအပေါ် နိုင်ငံတကာက စိတ်ဝင်စားမှုများလာပြီး ဖိအားပေးမှုများကြောင့် အကျဉ်းထောင်အခြေအနေများနှင့်ပတ်သက်၍ နအဖအနေဖြင့် အထူး သတိထားလာသည်ကို တွေ့ရှိရပေသည်။ သတင်းစာရှင်းလင်းပွဲများတွင် အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများ အကြောင်းကို အထူးပြု ဖြေရှင်းခြင်းများ ပြုလုပ်လာခဲ့သည်” လို့ အစီရင်ခံစာ တစ်နေရာမှာ သုံးသပ်ထားပါတယ်။ ဒါကြောင့်လည်း အထက်မှာဆိုခဲ့တဲ့ မဖြစ်စလောက်တိုးတက်မှုတွေ ဖြစ်ပေါ်လာပုံပါပဲ။


သုံးသပ်ချက်
ဒီလိုအခြေအနေတွေကြောင့် ထောင်ထဲကထွက်လာတဲ့သူတွေဟာ စာရိတ္တတွေ ပျက်စီးလာမယ်၊ လူဆိုးတွေလည်း အပိုးကျိုးမလာဘဲ ဆိုးသည်ထက် ဆိုးလာမှာပါ။

အပိုဝင်ငွေရဖို့၊ အထက်အရာရှိကိုပေးဖို့ ဝန်ထမ်းဆိုတာ လာဘ်စားရ၊ ငွေရှာရ၊ ညစ်ရပါတယ်။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေလည်း ဒီလိုပါပဲ။ အကျဉ်းထောင်ထဲက အခြေအနေဆိုးတွေဟာ အမြစ်တွယ်နေပါပြီ။ မြန်မာပြည်ဒီမိုကရေစီရပြီး နှစ်အတော်ကြာမှပဲ ဖြည်းဖြည်းချင်း ပြောင်းလဲယူနိုင်မယ်လို့ သုံးသပ်ရပါတယ်။ အခုတော့ အကျဉ်းသားတွေလည်း ထောင်အပြင်ဘက်ကလူတွေလိုပဲ ကိုယ့်အားကိုယ်ကိုးရုံပေါ့။ ။

[နိဂုံး - မြန်မာပြည်မှာ စစ်ပွဲတွေအကြောင်း ရုပ်ရှင်ရိုက်ရင် ယုတ္တိရှိအောင်ရိုက်လို့ မရသေးပါဘူး။ နည်းပညာနဲ့ မဆိုင်ပါ။ ဆင်ဆာဘုတ်နဲ့ ဆိုင်ပါတယ်။ မြန်မာ့တပ်မတော်က နောက်တန်းမှာ အရပ်သားတွေကို လုပ်အားပေး ခေါ်ခိုင်းပါတယ်။ တပ်စခန်းခြံစည်းရိုးကာဖို့ကအစ ကတုတ်ကျင်းတူးဖို့အဆုံး။
ရှေ့တန်းမှာ၊ စစ်မြေပြင်မှာလည်း အရပ်သားတွေကို အားကိုးရတာပါပဲ။ လက်နက်သယ်ဖို့၊ ရိက္ခာသယ်ဖို့၊ မိုင်းရှင်းဖို့၊ လိင်စိတ် ဖြေဖျောက်ဖို့။ ရုပ်ရှင်ရိုက်တဲ့အခါ ဒါတွေကို ထည့်လို့ဘယ်ရပါ့မလဲ။

ဒီဘလော့ဂ်ဖတ်သူဟာ မျက်ရည်လွယ်သူဖြစ်နေရင် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားတွေနဲ့ တွေ့ရင် ငိုမိမှာပါ။ မသေရုံတမယ်ကျွေးတဲ့ထမင်း ဆိုတာ ကြားဖူးမှာပေါ့။ သူတို့စားခဲ့ရတာ အဲဒါမျိုးမဟုတ်ပါဘူး၊ တဖြည်းဖြည်းသေအောင် ကျွေးတဲ့ထမင်းလို့ ဆိုကြပါတယ်။ ကျွဲနွားတွေနေရာမှာ အကျဉ်းသားတွေက ၀င်ပြီး လယ်ထွန်ပေးရတဲ့အကြောင်း၊ အသေအပျောက် ရေတွက်လို့မရကြောင်းတွေ ကြားရမယ်။

လင်းယုန်သစ်လွင်ရေးတဲ့ ယိုးဒယားမြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း ဖတ်ပြီးသူတွေက ဂျပန်တွေ အတော့်ကို ဆိုးခဲ့တာပဲ လို့ မှတ်ချက်ချကြတယ်။ ဒီနေ့ ဘ၀သစ် ရဲဘက်အလုပ်ကြမ်းစခန်း (အကျဉ်းသားတွေ အခေါ် ဘ၀ပျက်စခန်း)တွေရဲ့ မြင်ကွင်းကို မြင်ရကြားရရင်တော့ ဂျပန်တွေ သိပ်မဆိုးပါဘူးလို့ မှတ်ချက်ချကြမယ်ထင်ပါရဲ့။

တခါတရံ အကျဉ်းသားတွေဟာ ထောင်တွေ၊ ဘ၀သစ်စခန်းတွေကနေ လွတ်မြောက်ခွင့်၊ အရှင်ထွက် ထွက်ခွင့်ကြုံကြတယ်။ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွက် ရွေးချယ်ခေါ်ထုတ်ခံရလို့ပါ။

ဘ၀သစ်စခန်းတွေကို သာမန်အကျဉ်းသားတွေတင်မက နိုင်ငံရေးသမားတွေကိုလည်း ပို့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်က အဖမ်းခံရတဲ့ ရဟန်းသံဃာတွေ ဘ၀သစ်စခန်း အပို့ခံရတဲ့အကြောင်း
http://www.aappb.org/monkreport.pdf မှာ အင်္ဂလိပ်ဘာသာနဲ့ ဖတ်နိုင်တယ်။ မနှစ်က ဆန္ဒပြရင်း အဖမ်းခံရတဲ့ ရဟန်းသံဃာတချို့၊ မူဆလင်ဘာသာဝင်တချို့လည်း အခုအချိန်ဆို ဘ၀သစ်စခန်းအသီးသီးမှာ အရိုးပေါ်အရေတင်ဘ၀နဲ့ အလုပ်ကြမ်းလုပ်နေကြရမှာပါ။

ကျနော်တို့ ဒီရဲ့ငရဲခန်းတွေအတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ကြမလဲ။ ကိုယ့်နိုင်ငံ ကောင်းတဲ့ဘက်ကို ပြောင်းလဲလာမှ ဒီငရဲခန်းတွေပပျောက်ရေးအတွက် တဖြည်းဖြည်း အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေကိုချည်းပဲ အားကိုးလို့ မရပါဘူး။ ကျနော်တို့ကိုယ်တိုင်က နိုင်ငံရေးသမားတွေကို အားမရကြဘူးမဟုတ်လား။ ကိုယ်နိုင်သလောက် မြန်မာပြည်အရေးမှာ ၀င်လုပ်လို့ ရပါတယ်။ ကိုယ်နိုင်တာထက် ပိုလုပ်သင့်ပါတယ်။ လူမှုရေးဘက်ကဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကဖြစ်ဖြစ် ၀င်လုပ်နိုင်ပါတယ်။

ဘယ်တော့ ဒီမိုကရေစီရမလဲ မေးမနေပါနဲ့ဗျာ။ ခင်ဗျား ၀င်လုပ်လိုက်ရင် တရက်စောပြီး ပိုရမှာ ]



Dec 4, 2008

some Khit Pyaing news

ခေတ်ပြိုင် အင်တာနက်စာမျက်နှာကို ထိုင်းနိုင်ငံက မိတ်ဆွေတွေပဲ ၀င်ကြည့်လို့ရ။ တခြားနိုင်ငံက မိတ်ဆွေတချို့ကို လှမ်းမေးကြည့်တော့ မရဘူး တဲ့။ မဲဆောက်က တယောက် လှမ်းပို့ပေးတဲ့ ၃ ရက်နေ့ သတင်းတွေ ဖတ်ကြည့်ပါဦး။ ဒီဘလော့ဂ်မှာ သတင်းတွေတင်ဖို့ အစီအစဉ် မရှိပါ။ မရှိပေမယ့် ဖတ်ချင်သူတွေ အဆင်ပြေအောင် တင်လိုက်မယ် တခါတလေ။

အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ

ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း

မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ


အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

စစ်အစိုးရ စာပေစိစစ်ရေး၏ (၂) လကြာ အပိတ်ခံထားရသည့် True News ဂျာနယ် အတွဲ (၁) အမှတ် (၁၈) ဒီဇင်ဘာ (၂) ရက်က ပြန်လည်ထုတ်ဝေသည်ကိုတွေ့ရသော်လည်း တလအပိတ်ခံထားရသည့် Action Times ဂျာနယ်မှာ (၂) လကျော်သည်ထိ ပြန်လည်ထုတ်နိုင်ခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Action Times ဂျာနယ်တွင် လုပ်ကိုင်နေသူတဦးကို မေးကြည့်ရာ “ကျနော်တို့ ရပ်ထားတာ (၄) ပတ်၊ တလပြည့်တဲ့အခါ စာပေစိစစ်ရေးက ပြန်ထုတ်ဖို့ ညွှန်ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အခက်အခဲ အမျိုးမျိုးကြောင့် ခုချိန်ထိ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိသေးတာပါ” ဟု ပြောသည်။

ဂျာနယ်တစောင် ရပ်ထားရချိန်တွင် ၀န်ထမ်းလစာအပါအ၀င် အထွေထွေစရိတ် များစွာရှိကြောင်း၊ စာပေစိစစ်ရေးမှ ပိတ်လိုက်သည့်အတွက် နာမည်ပျက်စာရင်း သွင်းလိုက်သကဲ့သို့ ဖြစ်သွားကာ အချို့ဝန်ထမ်းများ ထွက်ကုန်ပြီး ဂျာနယ်တိုက်လည်း မတည်မငြိမ်ဖြစ်ကြောင်း၊ ကြော်ငြာရှင်များ၊ ဖြန့်ချိရေးသမားများနှင့် ရှင်းရသည့် ကိစ္စများလည်း ရှိကြောင်း၊ ၎င်းတို့ ဂျာနယ်အနေဖြင့် စာဖတ်သူများအကြား နာမည်ပေါက်ရန် ကြိုးစားနေရဆဲ ကာလတွင် ပိတ်ပင်ခံရသဖြင့် ပြန်ထွက်သည့်အခါ အသစ်ကဲ့သို့ ပြန်ဖြစ်သွားပြီး ပြန်လည်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။
True News နှင့် Action Times ဂျာနယ် (၂) စောင်ကို ပြီးခဲ့သည့် (၂) လကျော်မှစပြီး စာပေစိစစ်ရေးက ထုတ်ဝေခွင့်ရပ်စဲခဲ့ခြင်းဖြစ်သည်။ မည်သည့်ကိစ္စကြောင့် အဆိုပါ ဂျာနယ် (၂) စောင်အား ပိတ်သည်ကို စာပေစိစစ်ရေးမှ ဖော်ပြခဲ့ခြင်းမရှိဘဲ ပိတ်ရန်သာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဂျာနယ်တိုက်များမှ အကြောင်းပြချက်တောင်းပါက နောင်တွင် စာပေစိစစ်ရေးက ပို၍ အနိုင်ကျင့်မည်ကို စိုးသည့်အတွက် ခေါင်းငုံ့ခံနေရသည်ဟု အယ်ဒီတာများက ပြောသည်။ ဂျာနယ်တစောင် အပိတ်ခံရ၍ ပြင်ပမီဒီယာများက မေးမြန်းပါက အစိုးရမှ ပို၍အငြိုးထားမည်ကိုစိုးရိမ်ပြီး မဖြေကြားရန် သက်ဆိုင်ရာ တိုက်ပိုင်ရှင်များက ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။
http://www.khitpyaing.org/news/December_08/03-12-08a.php

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

ဆုကြေးငွေ သိန်း (၁,၀၀၀) ပေးမည့် ထီလက်မှတ်ကို စစ်အစိုးရက စတင်ရောင်းချနေရာ အဆိုပါ သိန်း (၁,၀၀၀) ဆုပေါက်လျှင် ထီကိုယ်စားလှယ်များကလည်း သိန်း (၅၀၀) ပေးမည်ဖြစ်သည့်အတွက် စုစုပေါင်း သိန်း (၁,၅၀၀) ပေးမည့် ကျပ် (၂၀၀) တန် ထီလက်မှတ်များကို ဒီဇင်ဘာလမှစပြီး ရောင်းချနေခြင်းဖြစ်သည်။

မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ပိုင်ရှင်တဦးက “ကျမတို့ဆိုင်က ထိုးတဲ့ ထီလက်မှတ်တွေထဲက ကျပ် သိန်း (၁,ဝဝဝ) ဆုပေါက်ရင် အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးမယ်ဆိုတော့ ကျပ်သိန်း (၁,၅ဝဝ) ရမယ်။ အလားတူ ကျပ် သိန်း (၅ဝဝ) ဆုပေါက်ရင် ကျပ် သိန်း (၅ဝ)၊ ကျပ် သိန်း (၃ဝ၀) ဆုပေါက်ရင် ကျပ် (၁ဝ) သိန်း၊ ကျပ်သိန်း (၂ဝဝ) ဆုပေါက်ရင် ကျပ် (၅) သိန်း၊ ကျပ် သိန်း (၁ဝဝ) ဆုပေါက်ရင် ကျပ် (၂) သိန်း အပိုဆုအဖြစ် ထပ်ပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အလားတူ အခြားထီကိုယ်စားလှယ် ဆိုင်ကြီးများကလည်း တူညီသည့် အပိုဆုကြေး ပေးကြပြီး အပိုဆုပေးမည့် ပမာဏနှင့် ပတ်သက်ပြီး ထီအရောင်းကိုယ်စားလှယ်ကြီးများနှင့် အစိုးရ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိ အရာရှိကြီးများ ညှိနှိုင်းပြီးမှ အမြင့်ဆုံးအပိုဆုကို ကျပ် သိန်း (၅ဝဝ) ထက်ပိုမပေးရန် ညှိနှိုင်းထားခဲ့ကြောင်းလည်း ထီကိုယ်စားလှယ်တဦးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် အစိုးရသည် ယခုနောက်ဆုံး (၂၄ဝ) အကြိမ်မြောက်ကစပြီး ထီလက်မှတ်တစောင် နဂို ကျပ် (၁ဝဝ) မှ ကျပ် (၂ဝဝ) အထိ တန်ဖိုးတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အမြင့်ဆုံးထီဆုကိုလည်း ကျပ် သိန်း (၅ဝဝ) မှ သိန်း (၁,ဝဝဝ) အထိ တိုးမြှင့်ပေးခဲ့ကြောင်း ရှင်းပြသည်။

ထီဆိုင်များအနေဖြင့် အစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ အမြတ်တင်ရောင်းချခွင့်ရှိခြင်းကြောင့် ဆုကြီးပေါက်သူများကို နောက်ထပ် အပိုဆု ထပ်ချီးမြှင့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။ ယခင် သိန်း (၅ဝဝ) ဆု တုန်းကလည်း အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးပြီး၊ ယခု ကျပ် သိန်း (၁,ဝဝဝ) မှာလည်း ကျပ် သိန်း (၅ဝဝ) ပဲ ပေးကြောင်း၊ ၎င်းပမာဏမှာမူ အစိုးရနှင့် ထီဆိုင်များ ညှိနှိုင်းပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယခု (၂ဝဝ) ကျပ်တန် ထီလက်မှတ်များကို အစိုးရထံမှ တစောင်ကို (၁၈၂) ကျပ်နှုန်းဖြင့် ဝယ်ရကြောင်း၊ အဆိုပါ ထီကို ကျပ် (၂ဝဝ) ဖြင့် ရောင်းမည်ဖြစ်သော်လည်း အပိုဆုပေးကြသည့်အတွက် ကျပ် (၂၂ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြသည်ဟုလည်း ရှင်းပြသည်။

ရန်ကုန်မြို့ရှိ ထီဆိုင်ကြီးများတွင် လောလောဆယ် အစောင် (၃ဝ) ပါ မင်္ဂလာစုံတွဲ တတွဲကို ကျပ် (၆,၅ဝဝ) မှ ကျပ် (၇,ဝဝဝ)၊ (၁ဝ) စောင်တွဲကို ကျပ် (၂,၅ဝဝ) နှင့် (၂) စောင်တွဲကို ကျပ် (၅ဝဝ) စသဖြင့် ရောင်းချနေသည်။

ထီစတင်ရောင်းချသည့် ဒီဇင်ဘာ (၁) ရက်နေ့ထိ ထီဆိုင်ကြီးအများစုသည် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း မရှိကြသေးဘဲ ဒီဇင်ဘာ (၂) ရက်နေ့ ရောက်မှသာ (၂ဝဝ) ကျပ်တန်ထီကို (၂၃ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြပြီး နယ်ထီဆိုင်များတွင်မူ ယခုထက် ဈေးနှုန်းပိုမိုမြင့်ကြောင်း စုံစမ်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်အနီး ထီဆိုင်တန်းများကိုမေးကြည့်ရာ ယခင် ကျပ် (၁ဝဝ) တန် လက်မှတ်များကဲ့သို့ ရောင်းအား မကောင်းကြောင်း၊ ထီလက်မှတ် တန်ဖိုးများ (၂) ဆ တက်သွားသော်လည်း ပြည်သူများ၏ ထီထိုးနိုင်မှု၊ ငွေကြေး တတ်နိုင်မှု ပမာဏ အခြေအနေမှာ (၂) ဆ တက်မလာကြောင်းရှင်းပြသည်။ ထီလက်မှတ် ရောင်းမကုန်ပါများလာလျှင် ထီအရောင်းကိုယ်စားလှယ် ဆိုင်ကြီးများ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာပါက လာမည့် (၂၄၁) ကြိမ်အတွက် ထီလက်မှတ်များကို အစိုးရက အက္ခရာလျော့ပြီး အရေအတွက် လျော့ထုတ်လုပ်လာနိုင်ကြောင်း ထီလုပ်ငန်းရှင်များ ဝေဖန်သုံးသပ်နေကြသည်။

ဒီဇင်ဘာလ (၂) ရက်နေ့က ထီ (၂) စောင်ထိုးခဲ့သူတဦးကမူ ယခုကဲ့သို့ ငွေ (၅ဝဝ) ကျပ်နှင့် ယခင်က ထီလက်မှတ် (၄-၅) စောင် ကံစမ်းနိုင်ကြောင်း၊ ယခု (၂) စောင်သာရသည့်အတွက် (၂) စောင်ပဲ ထိုးကြောင်း၊ ထီပေါက်ရန် သိပ်မမျှော်လင့်သော်လည်း ပေါက်လိုပေါက်ငြား ထိုးရခြင်းဖြစ်ကြောင်း ပြောပြသည်။
http://www.khitpyaing.org/news/December_08/03-12-08b.php


ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်
ခိုင်မင်း/ ၃ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မဈေးကြီးကို မြို့အရှေ့ဘက် (၂) မိုင်ကျော်ရှိ ကင်းမွန်တန်းရွာအနီး ဈေးသစ်ဘက်သို့ မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ်နေသည့်အတွက် ဈေးသူဈေးသားများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဒီဇင်ဘာ (၁၅) ရက်မှစပြီး ပြောင်းရွှေ့ရမည်ဟု မြို့ခံများကမှန်းသော်လည်း တရားဝင်အမိန့် မထွက်သေးဟု မြို့ခံတဦးက ပြောသည်။ အာဏာပိုင်များက ဆိုင်ခန်းအစားပြန်ပေးမည်ဟု လေသံပစ်သော်လည်း မည်သူကမျှ မယုံကြည်ဟု ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပျဉ်းမနားဈေးမှ ကုန်စိမ်းသည်များကို ဈေးသစ်ရှိရာသို့ပြောင်းရန် လွန်ခဲ့သည့် (၅) လကျော်ခန့်က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုတဈေးလုံး ပြောင်းရမည့်အခြေအနေဖြစ်လာသည်ဟု မြို့ခံများက ပြောသည်။ ကုန်စိမ်းသားငါးဈေးကို အေ၀မ်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့သည်။ ဈေးသစ်နေရာမှာ အခန်း (၆၀) ပါဝင်မည့် တထပ်တိုက် ပွဲရုံ (၁၂) လုံးနှင့် ဈေးဆိုင်ခန်းနေရာ (၉၀၀) ကျော်တို့ ပါဝင်မည်ဟု Myanmar Times က ရေးသည်။
http://www.khitpyaing.org/news/December_08/03-12-08d.php

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် မြန်မာရေချိုငါးနှင့် ပုစွန်များအား တရက်ခြားနှုန်းဖြင့် ပိဿာ (၄၀၀) ခန့် မဲဆောက်သို့ မြန်မာကုန်သည်များက တရားမဝင်နည်းလမ်းဖြင့် ခိုးသွင်းရောင်းချလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ကုန်သွယ်မှုလမ်းကြောတွင် မြန်မာရေထွက်ကုန်များကို အများဆုံးတင် ပို့နေသော်လည်း အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ တရားဝင်တင်ပို့ခွင့်ရရှိကြသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က တနိုင်တပိုင် ထိုင်းဘက်သို့ မြန်မာရေချို ငါးနှင့်ပုစွန် တင်သွင်းသူများမှာ စီးပွားရေး ဈေးကွက် ပျောက်ခဲ့ရသဖြင့် ယခုကဲ့သို့ ထိုင်း-မြန်မာ အာဏာပိုင်များနှင့် နားလည်မှုယူကာ မဲဆောက် သို့ ငါး၊ ပုစွန်များ တရားမဝင်နည်းလမ်းဖြင့် ရောင်းဝယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာ ငါး၊ ပုစွန် ကုန်သည် တဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ကျနော်တို့ မဲဆောက်ကို ရေချို ငါး၊ ပုစွန်တင်ပို့တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ။ လက်ရှိကားတန်း
တရက်ခြား တနေ့ကို ပိဿာ (၄၀၀) လောက် ပုံမှန်ပို့ရပါတယ်။ ဒီလို ငါး၊ ပုစွန် သယ်တာကလည်း ဗမာဘက်က လူတွေနဲ့ ထိုင်းဘက်ကလူတွေကို ပေးကမ်းပြီးမှ သယ်ရတာပါ။ မဲဆောက်နဲ့နီးတဲ့ ချင်းမိုင်၊ နခေါစဝမ်၊ ဆူခေါ်ထိုင်း အဲဒီခရိုင်မြို့ကြီးတွေက ထိုင်းတွေ အများဆုံး လာဝယ်ကြတယ်။ သူတို့စားသောက်ဆိုင်တွေမှာဆိုရင် မြန်မာ ရေချို ငါး၊ ပုစွန်နဲ့ ချက်တဲ့ ထိုင်းအစားအစာတွေကို နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော နှစ်သက်ကြ တဲ့အတွက် ဒီနေ့အထိ ကျနော်တို့ ဈေးကွက်ရနေတာပါ။ သားငါး တင်ပို့မှုကို မြန်မာကုမ္ပဏီကြီးတွေက ထိုင်းကို တန်နဲ့ချီပြီး တင်ပို့တာရှိပေမယ့် ကျနော်တို့လို အရင်းနှီးနည်းတဲ့လူတွေကတော့ တနိုင်တပိုင် ရောင်းဝယ် ကြရတာပါ” ဟု ပြောသည်။

တရက်ခြား ဝင်ရောက်လာသည့် ပိသာ (၄၀၀) ခန့်ရှိသည့် မြန်မာရေချို ငါး၊ ပုစွန်များကို မဲဆောက်ဈေးကြီးနှင့် ပွဲရုံအချို့ကို ဗဟိုပြု၍ ရောင်းချကြခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွက်သုံးရန် ချင်းမိုင်မြို့မှ ငါးနှင့်ပုစွန် လာဝယ်သူတဦးကလည်း “ကျနော်တို့ဆိုင်အတွက် အဓိက ပုစွန်ကို လာပြီးဝယ်တာဖြစ်တယ်။ တပတ်ကို တခေါက် မဲဆောက်ကို ရောက်တယ်။ အနည်းဆုံး ပုစွန်နဲ့ငါးမျိုးစုံ ကီလို (၃၀၀)လောက်တော့ ဝယ်ဖြစ်ပါတယ်။ ထိုင်းအစားအစာထဲမှာ နိုင်ငံခြားသားတွေ ကြိုက်တာက တုန့်ယမ်းကုလို့ခေါ်တဲ့ ထိုင်းပုစွန်ဟင်းချိုကို စားသုံးသူ တွေက ဗမာပြည်ကလာတဲ့ သဘာဝရေချို ပုစွန်နဲ့ချက်တာကိုမှ ခံတွင်းတွေ့ကြတော့ ဗမာ ပုစွန်ကိုပဲ မှာစားကြတယ်။ ငါးလည်း ဒီလိုပါပဲ။ ငါးမြင်း၊ ငါးခေါင်းပွ၊ ငါးမြွေထိုး၊ ငါးကြင်း၊ ငါးဖယ် ဒီငါးတွေကိုလည်း နိုင်ငံခြားသားနဲ့ ထိုင်းတွေ ကြိုက်ကြတယ်။ ကျနော်တို့ထိုင်းမှာက ရေချိုငါးရယ်လို့ မရှိသလောက်ဖြစ်သွားပြီ။ မြန်မာပုစွန်နဲ့ချက်တဲ့ ဟင်းလျာက ကြိုက်တဲ့သူများတယ်၊ ဈေးလည်း ပိုကြီးတယ်။ ဒါကြောင့် ဒီထိ လာဝယ်ရတာဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်မှတဆင့် ထိုင်းသို့တင်ပို့သည့် ငါး၊ ပုစွန်များမှာ ကရင်ပြည်နယ် ဘားအံဒေသအတွင်းရှိ ဒုံသမိမြစ်၊ ဂျိုင်းမြစ်၊ ဒေါလန်းမြစ်နှင့် အခြားမြစ်ချောင်းအင်းအိုင်များမှ ထွက်ရှိသည့် ငါးနှင့်ပုစွန်များဖြစ်သည်။

ကရင်ပြည်နယ် ဘားအံဒေသတကြောမှ ထွက်သည့်ငါးနှင့် ပုစွန်များကို ထိုင်းနိုင်ငံ မဲဆောက်သို့ တင်ပို့ကြသော်လည်း နယ်စပ်မြို့ဖြစ်သော မြဝတီဒေသအတွင်းမှ လူများမှာ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချသည့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းသော မွေးမြူရေးငါးကိုသာ စားသုံးကြရသည်။

မြဝတီမြို့မှ အိမ်ရှင်မတဦးက “ထိုင်းမွေးမြူရေးငါးတွေက ပေါ့ပျက်ပျက် အရသာဆိုပေမယ့် ဈေးချိုတဲ့ဒီငါး တွေကိုပဲ တနယ်လုံးစားကြရတယ်။ မြန်မာတွေ မြန်မာငါး စားနိုင်တဲ့ခေတ်က မရှိတော့ဘူး။ ရှိတဲ့ငါးတွေကိုလည်း နိုင်ငံခြားပို့ဖို့ ကုမ္ပဏီတွေက ဈေးကောင်းပေးပြီး လိုက်ဝယ်တော့ တော်ရုံလူစားနိုင်ဖို့ အခွင့်အရေးနည်းသွားပြီ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့။ ကျမတို့လည်း ဘယ်ဘဝက ဝဋ်ကြွေးတွေလည်း မသိတော့ဘူး”ဟု ပြောသည်။

မဲဆောက်ဈေးမှ မြန်မာငါး၊ ပုစွန် ရောင်းသူတဦးက “ကျမတို့ ရောင်းတဲ့ ငါး၊ ပုစွန်ကို ထိုင်းတွေပဲ အဓိကဝယ် စားကြတယ်။ မဲဆောက်မှာရောက်တဲ့ မြန်မာတွေ ဝယ်မစားနိုင်သလောက်ပဲ။ ပုစွန်ထုပ်ဆိုရင် အနည်းဆုံး တကီလို ဘတ် (၂၅၀) ရှိတယ်။ ငါးဘတ် (၁၀၀) ဈေး၊ ငါးမြင်း (၇၀)၊ ငါးသလောက် (၇၀)၊ ငါးမြွေထိုး (၈၀)၊ မြန်မာအလုပ်သမားတွေကို အားကိုးပြီး ရောင်းလို့ကတော့(၂) ရက်နဲ့ အရင်းပြုတ်မယ်။ ကျမတို့ မဲဆောက်မှာ ငါးရောင်းတာ ရဲကိုလည်း လစဉ်ကြေးပေးရတယ်။ မြူနီစပယ်ခလည်း ပေးရတယ်။ မပေးလို့ကတော့ ငါးလာသိမ်းတဲ့ လူနဲ့ ပုစွန်လာသိမ်းတဲ့လူနဲ့ ရဲစခန်းရောက်၊ ဘာရောက်နဲ့ ပြဿနာတွေက အများကြီးပဲ။ အမြတ်ကတော့ သင့်ရုံပဲ ရတာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူသည့် ဧရိယာမှာ ဧက (၂) သိန်းကျော်ရှိပြီး ပြည်ပ လေးနိုင်ငံသို့ ရေချိုငါးများ တင်ပို့မှုထဲတွင် ထိုင်းနိုင်ငံပါဝင်ပြီး မြဝတီကုန်သွယ်မှု လမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်သည်။
http://www.khitpyaing.org/news/December_08/02-12-08e.php


မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက “တနင်္လာနေ့ဈေးသိမ်းပြီး ညနေ (၅) နာရီခွဲလောက်က စလောင်တာ၊ ဈေးရဲ့ အနောက်ဘက်ခြမ်း ရေပေါ်ဈေး စားသောက်ဆိုင်တန်းဘက်က စလောင်တာပါ။ ဘာကြောင့် လောင်သလဲတော့ မသိရသေးဘူး” ဟု ပြောသည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန် အချိုရည် အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

ဈေးမီးကြောင့် ဖက်တန်းရပ်၊ အောက်လမ်းမကြီး တိုက်တန်းများ၊ သထုံတံတားလမ်းမှ တိုက်တန်းများ အန္တရာယ်ရှိခဲ့သော်လည်း လမ်းခြားထားသည့်အတွက် မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု စုံစမ်းသိရသည်။
မီးလောင်ကျွမ်းနေစဉ်အတွင်း မော်လမြိုင်တောင်ရိုးတန်းဘက်မှာ သီတင်းသုံးတော်မူသည့် သံဃာတော်များ ရောက်လာပြီး ဈေးသူဈေးသားများ၏ ကုန်ပစ္စည်းများကို မီးလွတ်ရာရောက်အောင် ကူညီသယ်ယူပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ခံတဦးက “ဒီဈေးကို နဝတ၊ နအဖ စစ်အစိုးရလက်ထက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆက်ဆက်နဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ဈေးကိုဖျက်ကာ ဈေးအသစ်ပြန်ဆောက်ပြီး ဆိုင်ခန်းတွေ ရောင်းစား၊ ကိုယ်ကျိုးစီးပွားရှာဖို့ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးဟာ စစ်အစိုးရလက်ထက် ဆောက်ထားတဲ့ ဈေးဖြစ်နေတာ၊ ဈေးသူဈေးသားတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့တာကြောင့် ဖျက်သိမ်းခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မတိုင်ခင်၌ ဈေးကော်မတီဝင်များက ဈေးကိုဖျက်သိမ်းခြင်း မပြုရန် ရန်ကုန်ရှိ စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအထိ သွားရောက်ပြီး အသနားခံ တင်ပြခဲ့ဖူးသည်။
http://www.khitpyaing.org/news/December_08/02-12-08b.php

Dec 3, 2008

2 bloggers in LA

ပြီးခဲ့တဲ့လက LA ဆိုတဲ့မြို့ကြီးကို ရောက်တယ်။ တည်းတဲ့အိမ်မှာ စာအုပ်စင်ကြီးတခုရှိတယ်။ စာအုပ်တွေ ယူကြည့်ပြီး ပေဖူးလွှာမဂ္ဂဇင်းဟောင်း တအုပ်ထဲမှာ အိမ်ရှင်ရဲ့ပုံကို တွေ့တာနဲ့ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ အပေါ်က ပုံပါပဲ။


ဧည့်သည်က အင်မတန်များတာပဲ။ ထိုင်းမြန်မာနယ်စပ်ကနေ တကူးတက လာသူတွေ၊ LA ဒေသခံ မြန်မာပြည်သားတွေ၊ အိမ်ရှင်ရဲ့ ရပ်နီးရပ်ဝေး မိတ်ဆွေတွေ။

အောက်ကပုံမှာတော့ ကဗျာဆရာ ကိုအောင်ဝေး ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့ရမယ်။
သူ့နောက်က ဓာတ်ပုံက အိမ်ရှင်မင်္ဂလာဆောင်တုန်းကပုံ။ နံရံပေါ်မှာတော့ ဒေါ်စုပုံ ပန်းချီကား။ ဘယ်သူဆွဲတဲ့ကားလည်း မသိ။

ဒီ အပေါ်ကပုံမှာတော့ မြင်တဲ့အတိုင်းပဲ ကွန်ပျူတာခုံ။ ပရင့်အောက်ထားတဲ့စာရွက်။ အဲဒီမြို့မှာထုတ်တဲ့ ရတနာပုံနေပြည်တော် လစဉ်ထုတ် သတင်းစာ။ ကွန်ပျူတာမှာတော့ ဒေါ်စုပုံ။ ဖန်သားပြင်ပေါ်မှာတော့ ကြောင် ပုံ။

ကြောင်ကိုပွေ့ထားတာလည်း အိမ်ရှင်ပါပဲ။ သူက ဘောလုံးပွဲကြိုက်တယ်လို့ ယူဆရတယ်။ ယူဆရတယ် ဆိုတာက တခြား ဘောလုံးပွဲဝါသနာအိုးတွေနဲ့ မတူဘူး၊ ဂိုးတော့မယ်၊ ဟာ နည်းနည်းပဲလိုတယ်၊ ဆွဲထား ဆွဲထား၊ ကန်လိုက်လေကွာ၊ ဟာ- သောက်သုံးကိုမကျဘူး ဆိုတဲ့အသံတွေ ထွက်လာတာ မကြားရဘူး။ ပွဲကြည့်တာ မန်ယူအသင်းနည်းပြ အဲလက်စ်ဖာဂူဆန် ထက်တောင် ငြိမ်တဲ့ပုံရှိ။ ဘော်လုံးကွင်းထဲမှာမဟုတ်လို့လည်း ဖြစ်နိုင်း)

ဒီပုံမှာတော့ မစ္စတာအောင်သာငယ်။ ဆံပင်ရှည်ရှည်နဲ့ ဘလော်ဂါ။ ပြီးတော့ သူ့မိတ်ဆွေတွေ။ စာပေဟောပြောပွဲ အခမ်းအနားပြင်နေတာ။ သူက ကျနော်ဓာတ်ပုံရိုက်မယ်ဆိုမှ ကမန်းကတန်း နောက်ခံပိတ်ကားကို သွားကိုင်လိုက်တာလည်း ဖြစ်နိုင်တယ်။ သိပ်မမှတ်မိတော့ဘူး။း) ဓာတ်ပုံအရဆိုရင်တော့ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သူ။း)

သူကတော့ ဟိုနေ့ကခွင့်တောင်းသေးတယ်၊ အဲဒီပွဲအကြောင်းရေးထားတဲ့ပို့စ်မှာ ကျနော့်ပုံ ထည့်လိုက်ရမလား တဲ့။ ကမန်းကတန်း နိုး လို့ ပြောလိုက်တယ်။
ခုတော့ ဒီပို့စ်မှာ သူ့ပုံကို ခွင့်မတောင်းဘဲ ထည့်သုံးလိုက်ပါပြီ။ [ ကိုအောင်သာငယ်၊ ခင်ဗျား ကျနော့်ပုံတင်မယ်ဆိုရင်တော့ ခွင့်တောင်းပါဗျာ။ ] "အောင်သာငယ် ဆိုတဲ့ ဘလော့ဂ်ကို ကျနော့်စာမျက်နှာမှာ လင့် ချင်လို့ LA အထိ လာတွေ့တာဗျာ
" ဆိုပြီး ရွှီးလိုက်ရင် ယုံကြည်ပုံ မရတာကြောင့် မပြောလိုက်မိဘူး။း)

စင်ရှေ့မှာ ခင်းထားတဲ့ ဗုံတွေက အမြင်ကောင်းအောင်၊ ရိုးရာမမေ့အောင် အလှဆင်ထားတာတွေဖြစ်မယ်။ စာပေဟောပြောပွဲမှာ မောင်သာရ၊ မောင်စွမ်းရည်၊ အောင်ဝေး ဆရာသုံးပါးစလုံး ဘယ်သူကမှ အဲဒီဗုံတွေ မတီးကြပါဘူး။ ။