Sep 25, 2009

my problem

ပန်းချီကားထဲက လူတယောက်ထွက်ပြီး ဆေးလိပ်သောက် အနားယူနေတဲ့ပုံလို့ ယူဆရပါတယ်။ ပန်းချီအကြောင်း မသိ (မသိ) တဲ့အတွက် အတိအကျတော့ မပြောနိုင်ပါ။ ယူဆရကြောင်းလို့သာ ပြောနိုင်ပါမယ်။

ပန်းချီကားတွေ ပိုစတာတွေထဲကလူတွေဟာ ဒီလိုပဲလုပ်တတ်ကြသလား။ ဒီလိုဖြစ်ရပ်မျိုး ရှိအောင်လို့ တတ်စွမ်းနိုင်တဲ့ ပညာမျိုး ရှိသလား ပြောကြပါဦး။ ရှိရင်တော့ သင်ဇာဝင့်ကျော်၊ မိုးဟေကို၊ စန္ဒီမြင့်လွင်၊ ပပ၀င်းခင်၊ သက်မွန်မြင့် စသဖြင့်တို့ရဲ့ ပုံကြီးကြီးတွေ အိမ်မှာ ကပ်ထားဦးမှပဲ။ သူတို့အားလုံးလည်း တပြိုက်နက် အသက်မ၀င်စေဖို့တော့ လိုမယ်။

အဲ - အိမ်မှာ ကပ်ထားလို့လည်း မဖြစ်သေးဘူး။ ကျနော့်မဟေသီ ရှိတယ်။ အင်း - အလုပ်ထဲမှာ ကပ်ထားလို့လည်း မဖြစ်ဘူး။ အလုပ်ထဲမှာဆို စိတ်မချရဘူး။ အလုပ်ထဲက သတင်းထောက် လူပျိုကြီး လူပျိုလေးတွေ ရှိနေတယ်။

အင်း - ဘယ်မှာ ထားရပါ့။ ကားထဲ ထားရအောင် ကားလည်း မရှိဘူး။ သွားလေရာ ကိုင်သွားလို့လည်း မဖြစ်။
စဉ်းစားရ ခက်လိုက်တာ။ အဆင်မပြေတာတွေ သိပ်များတာပဲး)

Sep 16, 2009

funny evening in a Thai restaurant

ို(ပြီးခဲ့တဲ့ မတ်လ ချင်းမိုင်မြို့က ထမင်းဆိုင်တဆိုင်မှာ သွားစားတုန်းက ကြုံခဲ့တဲ့ အဖြစ်အပျက်တခုကို http://www.crazyvilla.co.cc မှာ တင်ခဲ့ဖူးတယ်။ မဖတ်ရသေးသူတွေ ဖတ်ချင်မလားဆိုပြီး ထပ်တင်လိုက်ပါတယ်။ နောက်လတွေမှ ကြုံရင် ကြုံသလို ပြန်လည်တူးဆွပါဦးမယ်။

အဲဒီဘလော့ဂ်ကို ရောက်ဖူးပြီးမှ ဒီစာကို ဖတ်သင့်ပါတယ်း)


ဝန်ကြီးချုပ်ထံမှ ဥပဒေ မူကြမ်း
ပုံတွင် တွေ့ရသည်မှာ နာယကကြီး ပါဝင်သော ညစာစားပွဲ အခင်းအကျင်းဖြစ်သည်။ တမတ်စေ့ ပုံစံ ပန်းကန်ပြားထဲမှ ဟင်းလျာမှာ ကြက်ရိုးများကို ကြော်ထားခြင်းဖြစ်သည်။ ဆယ်ပြားစေ့ပုံစံ ပန်းကန်မှာ ဟင်းရည်ပန်းကန် ဖြစ်ပေတော့သည်။ သို့သော် ဤဘလော့ဂ်သည် လုလု၏ မီးဖိုဆောင်ရပ်ဝန်း မဟုတ်သေးသေးတင် မဟုတ် သဖြင့် အစားအသောက်အကြောင်းကို ဇာမချဲ့လိုပြီ။ ဇာချဲ့လိုသော အကြောင်းအရာမှာ တမတ်စေ့ပန်းကန်ဘေးမှ စက္ကူဖြတ်ပိုင်း ဖြစ်တော့သည်။

တညတ၌ ဆိုင်တဆိုင်တွင် နာယကကြီး နှင့် ကျွန်ုပ် ၀န်ကြီးချုပ်တို့ အပါအ၀င် လေးဦးသား ယင်းသို့ စားသောက် သုံးဆောင်ပြီးကြသောအခါ ဘောက်ချာ ရောက်လာသည်။ ဘောက်ချာ ဟူသည်မှာ ချက် Check သို့မဟုတ် Bill ဟု ခေါ်သော စာရွက်ဖြစ်သည်။ ယိုးဒယားတို့က Check Bill ဟု ခေါ်သည်။

အဆိုပါ Check Bill ဘောက်ချာတွင် ကျသင့်ငွေကို ထင်ထင်ရှားရှား ရေးထားသည်ကို ကျွန်ုပ်တို့ တ၀ိုင်းလုံး တွေ့လိုက်ရသည်။ တခြားသူများက ထူးထွေတည့်အံ့ရာသော် ဖြစ်ဟန်မတူ။ ကျွန်ုပ်ကမူ ၀န်ကြီးချုပ်တို့၏ ရာဇအိနြေ္ဒ ဟူသည်ကိုပင် ထိန်းသိမ်းခြင်းငှာ မစွမ်းသာဘဲ အံ့သြဘနန်းဖြစ်ကာ ကင်မရာကိုပင် ထုတ်ပြီး အထက်ပါအတိုင်း မှတ်တမ်း တင်လိုက်မိခဲ့သည်။

Check Bill ဘောက်ချာပေါ်တွင် အနှီသို့ ခပ်ကြီးကြီး ရေးရခြင်းမှာ ဤဆိုင်က စားသုံးသူတို့၏ သဘောသဘာဝ ၂ မျိုး ကို သဘောပေါက် နားလည်သောကြောင့် ဖြစ်လိမ့်မည်။ စိတ်ထဲမှ ကြိတ်ပြီး အဆိုပါဆိုင်ကို Restaurant of the Month ဆု ပေးလိုက်မိသည်။ သူတို့ သဘောပေါက်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာဝ ၁။ စားသောက်ပြီးချိန်တွင် တချို့က ယမကာ တန်ခိုးကြောင့် အမြင် မှုန်ဝါးမှု

သဘာဝ ၂။ စုပေါင်းစား စုပေါင်းရှင်းသည့် အနောက်တိုင်းမှ အကျင့်များ ကူးစက်မှု

ဟုတ်သည်။ စားသောက်ဆိုင်များတွင် အထက်ပါအတိုင်း သဘာဝ ၂ ခုရှိသည်။ ထို့ကြောင့် ကျသင့်ငွေကို ဘောက်ချာဖြတ်ပိုင်းပေါ်တွင် ခပ်ကြီးကြီး ဖော်ပြ ရေးသားလိုက်ခြင်းဖြစ်နိုင်သည်။ ရလဒ်အားဖြင့် ယမကာ လုလင်များလည်း မျက်လုံးတွင် အတွင်းအားထည့်ပြီး ကြည့်ရန် မလိုတော့ပေ။ စုပေါင်းရှင်းမည့်သူများလည်း ဘောက်ချာစာရွက်ကို ယူကြည့်ရန် မလိုအပ် (မလိုအပ်) တော့ပေ။ ထိုင်ရာမထဘဲ ကျသင့်ငွေကို အရပ်လေးမျက်နှာမှ မြင်နိုင် သိနိုင်သည်။ ကောင်းလေစွ။

နိဂုံးချုပ်ပါမည်။ ဥပဒေ ဟူသည်များကို ၀န်ကြီးချုပ်ကဲ့သို့သော တာဝန်ရှိသူများက ထုတ်ပြန်တတ်သည်။
ကျွန်ုပ် ၀န်ကြီးချုပ်ကလည်း ဥပဒေ တခု ထုတ်ရမည် ဆိုလျှင် “အဟမ်း - အဟမ်း - - - ယနေ့မှစ၍ စားသောက်ဆိုင်များတွင် စားသုံးသူများအတွက် ကျသင့်ငွေကို ရေးသားဖော်ပြသည့်အခါ စာလုံးအရွယ်အစား ၁၅၀ (font size 150) ရှိစေရမည်။ ဤဥပဒေသည် စားသောက်ဆိုင်များအားလုံးတွင် အာဏာတည်စေရမည်” ဟု ထုတ်ပြန်လျှင် ကောင်းပေမည်ဟု ယူဆသည်။ ဂေဟာမှ ၀န်ကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့သားများ ဤဥပဒေ မူကြမ်းကို မည်သို့ သဘောရပါသနည်း။ အသေးစိတ် ဆွေးနွေးလိုပါက ပိုက်ဆံ ပိုပိုမိုမို ယူဆောင်ပြီး အနှီဆိုင်သို့ ကြွခဲ့ပါရန်။

( မှတ်ချက် - ဆိုင်သို့ သွားရောက်ပြီး ညစာ သုံးဆောင်သော နေ့မှာ သမ္မတဟောင်းဘုရှ်ကို ဖိနပ်စာကျွေးသူ သတင်းစာဆရာ ထောင် ၃ နှစ်ချခံရပြီး နောက်တနေ့ဖြစ်သည်။ အချိန်မှာ ညီအစ်ကို မသိတော့သည့်အချိန် ဖြစ်သည်။)

PM

(Tuesday, January 27, 2009 ရက်နေ့က http://www.crazyvilla.co.cc မှာ တင်ခဲ့တဲ့စာဗျာ။ အခု ဦးသိန်းစိန်က နယူးယောက်သွားမယ်ဆိုတာ ကြားတော့ နည်းနည်းတိုက်ဆိုင်တာနဲ့ ကော်ပီကူးပြီး ဒီမှာ တင်လိုက်တာ။ ကျနော်က အဲဒီ ဘလော့ဂ်မှာ ၀န်ကြီးချုပ် အဖြစ် PM အဖြစ် တင်မြှောက်ခံရပြီး မကြာခင် ဒီစာကို ရေးလိုက်တာပါ။ အဲဒီဘလော့ဂ် ရောက်ဖူးတယ် မဟုတ်လား ၀န်ကြီးပေါင်းစုံကို တွေ့ရမယ်။

အဲဒီဘလော့ဂ်ကို ရောက်ဖူးပြီးမှ ဒီစာကို ဖတ်သင့်ပါတယ်း)


နာမည်ပြောင်းခြင်း
အခန်း (၁)
ဝန်ကြီးချုပ်ကို အင်္ဂလိပ်တို့က PM ဟုခေါ်ကြသည်။

အခန်း (၂)
မြန်မာတို့ကား ၀န်ကြီးချုပ်ကို သိန်းစိန်ဟု ခေါ်လေသည်။

နောက်ဆုံးရ သတင်းမှာ ၀န်ကြီးချုပ်၏ တန်ဘိုး ပိုမိုတက်စေရန် သန်းစိန်ဟု အမည်ပြောင်းတော့မည်ဟူ၏။
ဤသတင်း မမှားပါက မကြာမီ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ကြော်ငြာတခု ပါလာဖွယ် ရှိသည်။

အမည်ပြောင်းခြင်းဦးသောင်းစိန် ၏ သားကြီး ဦးသိန်းစိန် အား
ယနေ့မှစ၍ ဦးသန်းစိန်ဟု ခေါ်ပါရန်။

ပုံ (ဦးသိန်းစိန်)


လူသိနည်းသော အချက်တခုရှိသည်။ ၀န်ကြီးချုပ်က "ဦးကုဋေစိန်"ဟူသော အမည်သို့ ပြောင်းလိုသည်၊ ပို၍ပို၍ တန်ဖိုးရှိသော ထိုအမည်ကို လွန်စွာ နှစ်သက်သည် ဟုလည်း သိရသည်။

သို့သော်လည်း ထိုအမည်ကို ယူမည်မဟုတ်ဟု ၀မ်းနည်းစွာဖြင့် ညည်းတွားသည်။ အကြောင်းရင်းမှာ ဦးသိန်းစိန်က "တာ့တလင်းဂျိတ်" ဟု အသံထွက်သော ဋသံလျင်းချိတ် (ဋ) ကို မရေးတတ်သောကြောင့် ဟူ၏။

ထိုသို့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ၀န်ကြီးချုပ်တွင် ရှိနေသည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ ပညာရှင်များက ၁၀၀ ရာခိုင်နှုန်း ကန့်ကွက်လိုက်သည်။ ၀န်ကြီးချုပ်၏ဇွဲ သေခါမှ လျှော့မည် ဟု ကြုံးဝါးတတ်သော မစ္စတာ သိန်းစိန်က ငပေါဂေဟာရှိ လူကြီးမင်းများနှင့် စည်းဝေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၃၀ ရက်နေ့က အနှီဝန်ကြီးချုပ်က အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ ကကြီး ခကွေး ဂငယ်တို့အနက်မှ ဋသံလျင်းချိတ်၊ ဍရင်ကောက်၊ ဎရေမှုတ် စသည့် အသုံးနည်း မြန်မာအက္ခရာများကို delete လုပ်ရန် ဟူသတည်း။

အစည်းအဝေးတွင် ၀န်ကြီးချုပ်က လိုအပ်သည်များကို ညွှန်ကြားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါ ၀န်ကြီးချုပ် မကြိုက်သည့် အက္ခရာများကို အပြီးတိုင် အငြိမ်းစားပေးရန် အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဟူ၏။ ဤကား ငပေါဂေဟာမှ ၀န်ကြီးချုပ်၏ လျှပ်တပြက်ပုံရိပ် ဖြစ်ပေတော့သည်။

အခန်း (၃)

နိုင်ငံတကာတွင် ၀န်ကြီးချုပ် များစွာရှိသည်။ ၀န်ကြီးချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် PM ဟု အခန်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အကျယ်မချဲ့လို။ လိုရင်း ရေးရပါက ၀န်ကြီးချုပ်ကို

Problem Maker
Problem Man

စသဖြင့် အနက် ဖွင့်ကြလေသည်။ Postman ဟု ဘာသာပြန်သူများလည်း ရှိလေသည်။
တနိုင်ငံ တပုဒ်ဆန်းဟု ဆိုပါက မှားအံ့မထင်။

အခန်း (၄)
ဘလော့ဂ် သရမ်းသူ မြန်မာပြည်သားအချို့ကလည်း အာဏာရှိ အစိုးရအဖွဲ့ နှင့် ဆင်တူသော ဂေဟာတခုတွင် ၀န်ကြီးအဖွဲ့ဝင်များ အသီးသီး ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ကြလေသည်။ ထိုသို့ ပေါများလှသော ၀န်ကြီးများအတွက် ကံကောင်းခြင်း လက်ဆောင်တခု ပေါ်ပေါက်လာသည်။ လွန်လေပြီးသော ရက်အနည်းငယ်အတွင်းက ဖြစ်သည်။ ယင်း လက်ဆောင်မှာ ၎င်းတို့အား အုပ်ထိန်းနိုင်မည့် ထက်မြက်သည့် အကြီးအကဲတဦးကို ထိုက်ထိုက် တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း (၅)
အဆိုပါ ၀န်ကြီးချုပ် (အခန်း ၄ တွင် ဖော်ပြထားသော ၀န်ကြီးချုပ်) က သူ၏ ဘလော့ဂ်ပေါ်မှ ကိုရီးယားမင်းသမီး ဓာတ်ပုံကို ဖြုတ်လိုက်သည်။ ၀န်ကြီးချုပ်၏ဘလော့ဂ်ဟု သိသာနိုင်စေမည့် အခြားဓာတ်ပုံတခုဖြင့် အစားထိုးလိုက်လေသည်။
အစားထိုးလိုက်သည့် ပုံမှာ ၀ံကြီး (၀န်ကြီး) တကောင်ကို ချုပ်နှောင်ထားသော ဓာတ်ပုံ ဖြစ်လေသည်။ ။

မှတ်ချက် -
ဤစာကို အများသူငါ ဖတ်ရှုနိုင်စေရန်အလို့ငှာ ဘလော့ဂ်ပေါ်သို့ တင်ရမည်။ နာယကကြီးက ဦးဆောင်ပြီး လျှို့ဝှက် ဆောင်ရွက်ရမည်။ တနင်္လာနေ့ မှ သောကြာနေ့အတွင်း ဆောင်ရွက်ရမည်။ စနေတနင်္ဂနွေနေ့များတွင်လည်း ဆောင်ရွက်နိုင်သည်။ ပုံနှိပ်မီဒီယာများက ဤစာကို ကူးယူဖော်ပြလိုပါလျှင် သင့်လျော်သည့် စာမူခ တောင်းယူပြီးမှ ခွင့်ပြုရမည်။ ။

Sep 13, 2009

censorship

၁။ တော်တော်နှိပ်ကို တော်တော်နိပ် ဟု ပြင်ဆင် ဖတ်ရှုပါး)
၂။
၃။

လုပ်ငန်းရှင် ဘလော်ဂါ၊
ဆူရှီဆရာ ဘလော်ဂါ၊
မီဒီယာဆရာ ဘလော်ဂါ နဲ့
မည်သူမည်ဝါမှန်း တိကျစွာ သိရခြင်း မရှိသေးသော ဘလော်ဂါတို့က
ကျနော်ရေးတဲ့ စာတွေမှာ မှတ်ချက်တွေ လာရေးသွားတဲ့အတွက် ကျေးဇူး ဥပကာယ တင်ပါသဗျ။

ဥပကာယ ဆိုတာ ဘာမှန်း မသိဘူး။ ကျေးဇူးနဲ့ တွဲသုံးတာ ဖတ်ဖူးတာပဲ။ ကျေးဇူးကို အလေးအနက် ဖြစ်စေတဲ့ စကားလုံးဖြစ်ဖို့ များတယ်။ special thanks လို စကားလုံးများလားမသိ။ ပါဠိ၊ သက္ကတ၊ ဟိန္ဒူ ဘာစကားလုံးများပါလိမ့်။

ဘလော့မှာ စာ တလ တပုဒ် အနည်းဆုံး ရေးမှ ဖြစ်မယ်။ ဒါမှ ဘလော်ဂါ ပီသမှာ။ ဘလော်ဂါဆိုတာ မြတ်နိုးစရာ ဂုဏ်ပုဒ်မဟုတ်လား။
အင်္ဂလိပ်လို senior citizen အဲ - မဟုတ်ပါဘူး citizen journalist လို့ သတ်မှတ်ကြတယ် တဲ့။

citizen journalist ကို ဘယ်လို ဘာသာပြန်ရမလဲ စဉ်းစားမနေနဲ့။ ဘလော်ဂါ ပေါ့ဗျား)

တော်တော်နှိပ်တဲ့ ဘွဲ့ဗျ။ journalist ဆိုတာလည်း လူတွေ အထင်ကြီး၊ လန့်ဖျပ်၊ သောက်မြင်ကပ်တတ်တဲ့ လူစားမျိုး။

citizen ဆိုတာကလည်း မက်စရာ။ အဓိပ္ပာယ်က နိုင်ငံသား တဲ့။ ရိုဟင်ဂျာတွေကလည်း (နိုင်ငံ တခုခုမှာ) နိုင်ငံသား ဖြစ်ချင်တယ်။ အာရှသားတွေကလည်း အာဖရိကတိုက် အဲ - အမေရိကတိုက်တို့ ဘာတို့ သွားပြီး နိုင်ငံသား သွားဖြစ်ချင်တယ်။ နိုင်ငံသားဖြစ်ရေးအတွက် ငွေတွေ ပုံပေးလိုက်မယ်။ ပြီးတော့ ဟိုဟာ ပုံပေးလိုက်မယ်။ ဟိုဟာ ဆိုတာ အချိန်ကို ပြောတာပါ။ ငါးနှစ်ဝန်းကျင်တော့ စောင့်ကြရမယ်မဟုတ်လား အနည်းဆုံး။ နိုင်ငံသားဖြစ်ရတာ လွယ် မှတ်လို့။

ကျနော့်မိဘတပါးဆိုရင် မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ နှစ်ပေါင်း ၇၀ ၀န်းကျင် နေသွားတာတောင်မှ မြန်မာနိုင်ငံသား ဖြစ်မသွားဘူး။ အင်း - ဒီအကြောင်းက ရယ်စရာ မဟုတ်တဲ့အတွက် ဒီနေရာမှာ မရေးတာ ကောင်းပါတယ်။

စောစောက ပြောတာ ပြန်ဆက်ရရင် -
နိုင်ငံသား ဗျာ။ နိုင်ငံသား ဆိုတဲ့ အဆင့်အတန်းက ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် လူအတော်များများအတွက်တော့ တော်တော်ဟုတ်နေတဲ့ လိုအပ်ချက်ကြီးပဲ။ ဒါနဲ့ပဲ ဘလော်ဂါ (citizen journalist) ဖြစ်နိုင်တဲ့ အခွင့်အရေးကို ယူထားတဲ့သဘောပါ။

ပြောချင်တာက
citizen journalist အကြောင်း မဟုတ်ပါဘူး။ နိဒါန်း နည်းနည်းပျိုးဖို့ ကြိုးစားရာကနေ အတွေးချော်ပြီး ကီးဘုတ်ကို ဟိုရိုက် ဒီရိုက် ရိုက်မိသွားတာ။

planet.com.mm မှာ စက်တင်ဘာ ၁၁ ရက်စွဲနဲ့ တင်ထားတာ ဖတ်လိုက်ရတယ်။
The Modern Weekly ဂျာနယ် ကို ကိုးကားပြီး ရေးထားတဲ့ သတင်းတပုဒ်ပါ။ အဲဒီမှာ ဆင်ဆာလူကြီးမင်းတယောက် ပေါက်ကရ လျှောက်ပြောထားတာတွေ ပါတယ်။

ရုပ်ရှင်မှာ စည်းကမ်းချက်နဲ့ မညီတာတွေကို ဆင်ဆာဖြတ်နေရတဲ့အကြောင်း။ သူရွှီးတာတွေက အများကြီးပဲ။ ကိုယ်က ရုပ်ရှင်လောကသားလည်း မဟုတ်၊ ရုပ်ရှင် ပုံမှန်ကြည့်တဲ့ ပရိသတ်လည်း မဟုတ်ပေမယ့် သူရွှီးတာကို မကျေနပ်ဘူး။ ဖတ်ပါဦး သူ့ဟာတွေ အရောင်ခြယ်ပေးလိုက်မယ်။



ဝိဥာဉ်နဲ့ အပြန်အလှန် စကားပြောတာမျိုး၊ ထိတွေ့ကိုင်တွယ်ပြတာမျိုးတွေ ရိုက်ကူးဖော်ပြတာ တွေ့ရတယ်။ so what? ရိုက်ပါစေ။ တကမ္ဘာလုံး ဒီလို ရိုက်နေကြတာပဲ။ ဟူလ်ပီဂူးဘတ်တောင် ghost ကားမှာ အော်စကာဆု ရသွားသေးတယ်။ ဟောလိဝုဒ်နဲ့ ကိုင်ပေါက်တာ မဟုတ်ဘူးနော်၊ အာရှမှာလည်း သရဲကားတွေ ဒုနဲ့ဒေး။ သရဲကားဟာ အာရှတန်ဖိုး မဟုတ်လား။ ခက်ပါပေ့ ဆင်ဆာလူကြီးမင်းရယ်။

တချို့ဇာတ်ကားမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို နိုင်ငံခြား သွားပြောင်းတယ်။ ယောက်ျားဘ၀နဲ့ လ၀ကမှာ မှတ်ပုံတင်ပြောင်းတယ်။ နိုင်ငံခြား မသွားခင်က ရည်းစားနဲ့ ကိုယ်ဝန်ရှိခဲ့တယ်။ ယောက်ျားဘ၀မှာ ကိုယ်ဝန် ဆောင်တယ်။ ကိုယ်ဝန်မဆောင်ခင် မိန်းမ ထပ်ယူတယ်။ ယူတဲ့ မိန်းမနဲ့ ကိုယ်ဝန်ရှိတယ်
ဒါလည်း
so what? ဘာဖြစ်လဲဗျာ။ အခု အဲသလို ပြောင်းလဲတာတွေကို ရန်ကုန်မှာ ကိုယ်စားလှယ် အကျိုးဆောင် ရုံးတောင် ဖွင့်ခွင့် ပေးထားတယ် မဟုတ်လား။ ကျားဘ၀ကနေ မဘ၀ မရောက်တောင် အပြင်ပမ်း ပြောင်းလဲသွားအောင် ခွဲစိတ်ချင်ရင် ကျပ်ငွေ သိန်း တရာတောင် ကုန်မယ် ဆိုလား။ အပြင်မှာ ဖြစ်နေတာတွေပဲ။ ရိုက်ပါစေ။ ကိုယ်ဝန်ဆောင်ကိစ္စတွေဆိုတာကလည်း လူစိတ်ဝင်စားအောင် ရိုက်ထားတာပဲ။ ပေးရိုက်လိုက်ပါ။ မီဒီယာ ဆိုတာ အများစိတ်ဝင်စားဖို့ အရေးကြီးတယ်။ ရုပ်မြင်သံကြားကနေတောင် လူစာရင်း ဖတ်ပြတာတွေ ည ၈ နာရီတိုင်း လွှင့်နေသေးတာ။

လူတစ်ယောက် အသတ်ခံရလို့ လဲသွားရင် ထပ်ပြီးဓားနဲ့ အကြိမ်ကြိမ် ထပ်ခုတ်တဲ့ အပြမျိုး၊ နားထဲကို ဆေးလိပ်မီးနဲ့ ထိုးတာလို ရက်စက်တဲ့ ပြကွက်တွေ ပြလာတယ်။
အင်း - ဒါတွေကတော့ အသက် ၁၈ နှစ် ၂၁ နှစ်အောက် မကြည့်ရ ဘာညာ သတ်မှတ်နိုင်တဲ့ အခြေအနေ ရောက်မှ
မြန်မာပြည်မှာ ရိုက်ခွင့် ရကြမယ် ထင်တယ်။ လောလောဆယ် ဒါတွေကို ဖြတ်တာတော့ ကြိုဆိုပါတယ်။ ကောင်းပါတယ်။ သဘောတူပါတယ်။

မလိုအပ်ဘဲ Love Scene တွေ ကြာတာ၊ သားနဲ့အမိ၊ မောင်နဲ့နှမ အတူကြည့်လို့ မသင့်တော်တဲ့ ပြကွက်မျိုးတွေ၊ ရာဂကို နှိုးဆွပေးတဲ့ ပြကွက်မျိုးတွေ ရိုက်ကူး ဖော်ပြလာတာ တွေ့ရပါတယ်
မြန်မာကား
Love Scene တွေ ကြာ ဆိုတာက မင်းသမီး မင်းသား ဖက်ထားကြတာကို ပြောတာ ဖြစ်မယ်။ ဖက်ကြပါစေလေ။ သမီးရည်းစားတွေ ဒီလိုပဲ လုပ်ကြတာမဟုတ်လား။ နိုင်ငံခြားသားတွေ မြန်မာကား ကြည့်ဖြစ်ရင် မင်းတို့ တွေ ကိုယ့်ရည်းစားကို မဖက်ကြ မနမ်းကြဘူးလားလို့ မေးနေဦးမယ်း) ခြင်ထောင်ထဲကအခန်း မရိုက်ရင် ပြီးရောပေါ့။

မဟော်သဓာခေတ်မှာ လက်သည်းအရှည်တွေကို အပွင့်ဖော် ဆေးဆိုးထားတယ်။ တောရွာကျေးလက်အခန်း ရိုက်ရင်လည်း ဆံပင်ရွှေရောင် ဆိုးထားတာမျိုးတွေ တွေ့နေရလို့ ပြင်ရိုက်ခိုင်းရတယ်
ဘာဖြစ်လဲ။ မဟော်သဓာခေတ်မှာ အဲဒီလိုလက်သည်းအလှဆင်တာတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။
လူကြီးမင်းတို့မှာ သက်သေ ရှိသလား။ ပြန်ရိုက်ခိုင်းမနေပါနဲ့ဗျာ။
သိပ် ခေတ်မီတာနော် အဲဒီတုန်းက လူတွေ။ အာဝါဟ ၀ိဝါဟ ဒိုင်ယာလော့ကို ရှည်ရှည်ဝေးဝေး ပြောမနေဘူး။ မဟော်သဓာနဲ့ အမရာတို့က လက်သီးဆုပ်ပြ လက်ဝါးဖြန့်ပြကြတာနဲ့ ဒိုင်ယာလော့ ပြီးသွားရော။ ခုတွေ့ ခုကြိုက် ခုအဆင်ပြေ ဆိုတာ အဲဒီခေတ်ကတည်းကလို့တောင် ပြောရမလို ဖြစ်နေပြီ။

ဆံပင်ကိစ္စ ပြောရဦးမယ်။ ကျေးလက်မှာလည်း ဆံပင် ရွှေရောင် မကဘူး ရောင်စုံ ဆိုးနေကြပြီ။ ခက်တာပဲ။ အဲယားကွန်းခန်းထဲမှာပဲ ထိုင်မနေကြပါနဲ့ ဆင်ဆာ ဆရာကြီးများ ဆရာမကြီးများရယ်။ သဘာဝ အရမ်း အရမ်းကျစေချင်ရင်လည်း လူတွေကို လုပ်အားပေးခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ထည့်ရိုက်ခိုင်းပေါ့ဗျာ။ စစ်ကားတွေက သဘာဝမကျတာ သိပ်ကြာပြီနော်။ ခင်ဗျားကြီးတို့ ဆင်ဆာ ဖြတ်လိုက်ကြဦး။ စစ်သားတွေ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေမှာ ပေါ်တာမပါ ဘာမပါ၊ ကားတွေကို ချောဆွဲတာတွေလည်း မပါဘူး။

သဘာဝ မကျတာတွေကိုတော့ ပရိသတ်ကြီးကတောင် မမြင်ချင်ယောင်ဆောင်နေတာပဲ။ ကိုယ်က အနေသာကြီး မဟုတ်လား။

ဒီစာကို ဆင်ဆာလူကြီးမင်းများ မသိပါစေနဲ့ဗျာ။ သိသွားရင် လှမ်းပြီး ဆင်ဆာ ဖြတ်ဖို့ ကြိုးစားနေဦးမယ်း)


Sep 10, 2009

Damma songs in Burmese are on the way


သီချင်းရေးဆရာတွေက ဗုဒ္ဓဘာသာ အကြောင်း ရေးဖွဲ့ထားတဲ့ ဘာသာရေး သီချင်းတွေကို ရေးနေပြီ တဲ့။ ဆရာမောင်သစ်မင်းက သတင်းတပုဒ်မှာ ပြောထားတယ် - လူငယ်တွေ ဘာသာရေး ကိုင်းရှိုင်းအောင်၊ ဘာသာရေး ဗဟုသုတနဲ့လည်း ပြည့်စုံအောင် စည်းရုံးတဲ့အနေနဲ့ လုပ်တာပါ ဆိုပဲ။ ဂီတ အဖွဲ့အစည်းနဲ့ အာဏာပိုင်များ ခိုင်းလို့ ရေးကြတော့မယ် လို့ ဆိုတယ်။ ခွေထုတ်မယ် ဖြန့်မယ် တဲ့။

၃၈ ဖြာမင်္ဂလာ တရားတော်များကိုလည်း ခေတ်ပေါ်ဂီတနဲ့ ရောသမမွှေတော့မယ်ပေါ့ဗျာ။ မွှေ ဆိုလို့ ဟစ်ပ်ဟော့တွေ ရီမစ်တွေတော့ ဟုတ်ပါဘူး။ တကယ့် ဓမ္မ သီချင်းတွေပါ။ ဓမ္မသီချင်းကို ရီမစ် လုပ်ပြီး ဖြန့်လို့ကတော့ အင်းစိန်ထောင်ထဲ ထည့်လိမ့်မယ်။ ဗိုလ်ချုပ်များက ဘာသာရေး သိပ်ကိုင်းရှိုင်းတယ် မဟုတ်လား။ ထားပါတော့ သူတို့အကြောင်း)

ခရစ်ယာန်ဘာသာဝင်များက
ဓမ္မ သီချင်းတွေနဲ့ အဆင်ပြေနေတာ ကြာလှပေါ့။ လွှမ်းမိုးရဲ့ သီချင်းတပုဒ်ရှိတယ်။ ဓမ္မသီချင်းတော့ မဟုတ်ဘူး၊ သို့ပေမယ့် ဘာသာရေးစကားလုံးတွေ ပါနေတယ်။
ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ ဆိုလားပဲ။

တကယ်တော့
ဓမ္မ သီချင်းတွေက ကျနော့်အတွက် ပျင်းစရာပဲ။ မနှစ်တုန်းက ဆုန်းသင်းပါရ် ဇမ်နူး နဲ့ အဆိုတော်တချို့ ချင်းမိုင်ကို လာတယ်။ လက်မှတ် ၀ယ်ကြည့်တယ်။ သူတို့ အားလုံး ဆိုသွားကြတာ ဓမ္မသီချင်းတွေချည်းပဲ။ ပျင်းစရာ ကောင်းလိုက်တာ။

ခရစ်ယာန်များအတွက်တော့
ဓမ္မ သီချင်းတွေက အလုပ်ဖြစ်တယ် - ဘုရားကျောင်းမှာလည်း ဂစ်တာ တဒေါင်ဒေါင်နဲ့ ဟစ်လို့ ရတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး သီချင်း ဆိုလို့ကတော့ ခုချိန်မှာ ဟန်မကျသေးဘူး။ နောင်လည်း ကျဖို့ လမ်း ဝေးဦးမယ် ထင်ပါရဲ့။ တချို့ မူကွဲဗုဒ္ဓဘာသာမှာဆို ဘုန်းကြီးတွေ သီလရှင်တွေက ဗုံကို တုတ်တချောင်းနဲ့ တီးတာတွေတော့ ရှိပါရဲ့ အဲဒါက စိတ်ငြိမ်အောင်လုပ်တာ ဖြစ်မယ်။

ထူးအိမ်သင်ရဲ့ မဟာဝီရ အိုဗုဒ္ဓ သီချင်းကို သိပ်ကြိုက်သူတွေ ရှိတယ် တဲ့။ ကျနော်တော့ ခံစားလို့ မရပါဘူး။ အဆို အတီး သီချင်းဖွဲ့စည်းမှု စတာတွေက ထိပ်တန်းအဆင့်မှာ ဖြစ်ရင် ဖြစ်နေလိမ့်မယ်၊ ဘုရားစူး မိုးကြိုးပစ် တကယ်ကို ခံစားလို့ မရဘူး( နားလည်း မထောင်ချင်ဘူး( လိုက်လည်း မဆိုချင်ဘူး(

သတိရလို့ ပြောရရင် ၃၈ ဖြာမင်္ဂလာက သီချင်း ရှိပြီးသားပဲ။ အခု ဘာပုံစံနဲ့ ရေးမှာလဲ၊ slow go go လား) bossanova လား)

ကြုံလို့ ရေးလိုက်တာပါ။ စောင့်နားထောင်ဖြစ်မယ်တော့ မထင်။ ကျနော်က ဘာသာရေး မကိုင်းရှိုင်းသေးဘူး ခုချိန်ထိ။