Jul 11, 2010

Sorry you're not a winner


ပုံမှာမြင်ရတာ စက်တလုံးနဲ့ ကျနော့်ရဲ့ ဘယ်ဘက်လက်။
လက်အကြောင်း ပြောချင်တာ မဟုတ်ပါဘူး။ စက်အကြောင်းပါ။
ဒါ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရိုက်ထားတာ။

ကုန်စုံဆိုင်မှာ ထီထိုးတယ်။ နောက်နေ့တွေ ဆိုင် ထပ်သွားပြီး ကောင်တာမှာ တင်ထားတဲ့ စက်ထဲ လက်မှတ် ထိုးထည့်လိုက်တော့ ထီ ပေါက်မပေါက် သိရတယ်။

စက်ဘေးမှာ ထီလက်မှတ်တွေ ပြန့်ကျဲနေတာ တွေ့တယ် မဟုတ်လား။ ကျနော့် လက်မှတ်တွေ မဟုတ်ပါ။ ထီမပေါက်ဘူးဆိုလို့ စည်းကမ်းမရှိ ချသွားကြတာပါ။ လူဆိုတာက ဘယ်နိုင်ငံကလူပဲ ဖြစ်ဖြစ် စည်းကမ်း မရှိကြပါဘူးလေ။ ပေါက်လို့ကတော့ သွားတွေ အစွမ်းကုန်ဖြဲ လက်မှတ်ကို တရိုတသေ အိတ်ထဲထည့်ကြမှာပေါ့၊ အဲသလို ဘယ် လွှင့်ပစ်ပါ့မလဲ။

အဲဒီစက်တွေက အင်တာနက်ကတဆင့် ထီဌာနနဲ့ ချိတ်ထားပုံရတယ်။ ထီပေါက်မပေါက် ချင်းချင်း စာတန်း ပေါ်တာကိုးဗျ။ စက်က လက်မှတ်မှာ ပါတဲ့ ဂဏန်းကို စစ်တာ မဟုတ်ဘူး။ လက်မှတ် အောက်ခြေမှာ ပါတဲ့ ဘားကုတ် ကို စစ်တာ။

ပေါက်တယ် ဆိုရင် ၁ ဒေါ်လာ ၂ ဒေါ်လာလည်း ဖြစ်နိုင်သလို ဒေါ်လာ သန်းသုံးလေးငါးဆယ်လည်း ဖြစ်နိုင်တယ်။ မေလတုန်းကတော့ မိုးချိုသင်းတို့မြို့က လင်မယား ထီပေါက်တယ်။ ၂၆၆ သန်း ပေါက်သတဲ့။ အစိုးရ အခွန်အရပ်ရပ် ဆောင်ပြီးရင်တော့ အသားတင် ၁၆၅ သန်း ရမယ်လို့

http://www.megamillions.com/mcenter/pressrelease.asp?newsID=DA461B8D-E66D-4795-8860-B8A379C2751C မှာ ရေးထားတယ်။ အင်း - အဲဒီမြို့မှာ နေသူတွေ ထီပေါက်ကိန်း ရှိတယ် ထင်ပါရဲ့။

ကျနော်လား - အဲဒီမြို့မှာ မနေတော့ မပေါက်ပါဘူးဗျာ။

၂၀၀၈ - ၂၀၀၉ ထိုင်းမှာနေတော့ ၂ စောင် ထိုးဖြစ်တယ်။ ဘတ် ၁၀၀ ၀န်းကျင် ကုန်တယ်။ ကံတရားက ကိုယ့်ဘက်မှာ မရှိ။

အခု နေတဲ့ မြို့မှာလည်း တပတ်ကို ၁ ဒေါ်လာ ၂ ဒေါ်လာဖိုး ထိုးဖြစ်တာ ၁ လ လောက် ရှိပြီ။ ကုန်ခြောက်ဆိုင်တို့ ကုန်တိုက်တို့ ဓာတ်ဆီဆိုင်နဲ့ တွဲဖွင့်ထားတဲ့ တိုလီမိုလီဆိုင်တို့မှာ ထီဝယ် ကံစမ်းလို့ရ၊ ထပ်ပြောရရင် ကံထူးမထူး ကောင်တာပေါ်က အဲဒီစက်မှာ စစ်လို့ရတော့ အဆင်ပြေတယ်း) ထီမပေါက်ပေမယ့် ရလဒ်ကို လွယ်လွယ် သိရလို့ အဆင်ပြေတာကို ပြောပါတယ်။ ဒီလို လွယ်လွယ် သိအောင် လုပ်ထားပေးလို့ ပိုရောင်းရတာ ဖြစ်နိုင်တယ်။

ကျနော် ထိုးတာလား - အလုပ်လုပ်တဲ့စားသောက်ဆိုင်နားက ဓာတ်ဆီဆိုင်မှာ ထိုးဖြစ်တာ များတယ်။ ကျနော်သာ ထီပေါက်လို့ကတော့ ဒီဆိုင်ပိုင်ရှင်လည်း ထုံးစံအတိုင်း ဒေါ်လာသိန်းနဲ့ချီ ရမှာပဲ။ အင်း - သူ ရပါစေ။

မနက်ဖြန်လည်း ၁ ဒေါ်လာဖိုးတော့ ထိုးလိုက်ဦးမှ။ အဲသလို ထိုးလိုက်ရင် ထီပေါက်လို့ကတော့ ဘာလုပ်လိုက်မယ် ညာလုပ်လိုက်မယ် ဆိုပြီးလည်း စိတ်ကူး ဖဲရိုက်နိုင်မယ်ပေါ့ဗျာ။

ဘယ်လိုပဲ စိတ်ကူးယဉ်သည် ဖြစ်စေ စက်ကို လက်မှတ် ပြကြည့်တော့ Sorry not a winner ဆိုတဲ့ မြင်နေကျ စာတန်း ပေါ်လာဖို့တော့ များပါတယ်လေ။ ဒါပေမယ့် တခြား စာသားများ ပြောင်းပြီး ပေါ်လာမလား [အထူးသဖြင့် ဂဏန်း များများနဲ့] ဆိုတဲ့ မျှော်လင့်ချက် ရှိတော့လည်း ထီထိုးဖြစ်နေတာပါပဲး)


4 comments:

myat said...

ဒီမှာတော့loto6 တဲ့ထိုးတာပါဘဲ။စက်ထဲထည့်၊ထွက်မလာသေးခင်sreen လေးကြည့်လိုက်တော့0\တဲ့။ဒီတခါမရနောက်တခါ
ပေါ့။အများဆုးံဆိုလို့10000\တခါပေါက်ဖူးတယ်။

Anonymous said...

ထီထိုးတာ ငွေ လိုချင်လို့လား။ excitement ကို လိုချင်လို့လား။ ၂ မျိုးရှိမယ် ထင်တယ်။ ကိုဇာနည်က ဘာကို လိုချင်တာလဲဟင်။ ကိုယ်ကတော့ ထီထိုးဖို့တို့ ကံစမ်းမဲ ကစားတာတို့ ကို စိတ်မပါသူမို့ စမ်းသပ်လေ့ မရှိဘူးလေ။ ငွေအတွက်ဆိုရင်…အင်း….ငွေရှိတာက ကောင်းပါတယ်။ သည်းခြေကြိုက်ကြတာမျိုးကိုး။ ဒါပေမဲ့ ကိုဇာနည်ရယ် ဘ၀ကို အဆင်ပြေစေဖို့ ငွေက အခါခပ်သိမ်းတော့ မကူညီဘူးနော်။ သေချာတာကတော့ ထီလက်မှတ် ကိုင်ထားတဲ့ ကိုဇာနည့် လက်က စိတ်ကူးယဉ်တဲ့လက်၊ စာပေသမားလက် ဆိုတာ ပေါ်လွင်လှတယ်။ ဟဲဟဲ.. စိတ်ကူး ယဉ်တာ ပိုက်ဆံ မပေးရတာမျိုးမို့ အကြိုက်သာ ယဉ်ပေရော့။ ဆက်လုပ်….း)

း))
kay irrawaddy

PAUK said...

ကျနော်လဲ ထီထိုးတာ ဝါသနာပါတယ်။
ပေါက်ဖူးတယ်...အနည်းငယ်..။
ဒါကြောင့်လဲ ဆက်ထိုးဖြစ်နေတယ် ထင်ပါရဲ့။

Moe Cho Thinn said...

မိုးချိုသင်းတို့ မြို့မှာ နေတဲ့လူ ပေါက်တာ၊ မိုးချိုသင်းတို့ ပေါက်သေးဘူးဗျို့..