Dec 20, 2011

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့



Getty Images မှာ တွေ့တဲ့ ပုံပါ။
ဘာရယ်လို့မဟုတ်ဘူး၊ ကြည့်ကောင်းလို့ ကိုယ်ပိုင်ဘလော့မှာ တင်လိုက်တာပါ။
ဖေ့ဘုတ်မှာတော့ မတင်တော့ဘူး။ ဒီနေ့ သို့မဟုတ် မနက်ဖန် အလိုလို တက်လာလိမ့်မယ်။ ဘလော့နဲ့ဖေ့ဘုတ်ကို ချိတ်ထားတယ်။

(ဖြည့်စွက်ချက် - ဘလော့နဲ့ချိတ်တာကို မလုပ်ပေးတော့ဘူး တဲ့။ ဖေ့ဘုတ် http://www.facebook.com/help/?faq=206051139465982#My-blog-isn%27t-importing-to-Facebook. မှာ ရေးထားတယ်။ အင်း - ဒီကောင်တွေ ညံ့လိုက်တာ)

Thailand Prime Minister Yingluck Shinawatra poses for photo before a Gala dinner during the 4th Greater Mekong Subregion (GMS) Summit in Myanmar's capital Naypyidaw on December 19, 2011.

Dec 18, 2011

ဖူးခက် အမှတ်တရ

~


လွန်ခဲ့သော ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင် ဖူးခက် သွားတုန်းက ရိုက်ထားတဲ့ ပုံတချို့ကို ဒီနေ့ တင်လိုက်ပါတယ်။

အထည်ဆိုင်မှာ ခင်းကျင်းထားပုံလေးက ဆွဲဆောင်မှု ရှိလွန်းလို့။

အ၀တ်အစား ၃ စုံကို စုစည်းထားတာလေ။


ဒါက မျက်နှာ အနှိပ်ခန်းပေါ့။ ဆယ်ဒေါ်လာ အကုန်ခံနိုင်ရင် အဲဒီဆိုင်ထဲ ၀င်ရုံသာ။
အကုန်မခံချင်ရင်တော့ ကိုယ့်မျက်နှာကိုယ်နှိပ်။

ကိုမင်းဒင်အိမ်မှာလည်း သွားတည်းဖြစ်တယ်။ ကျနော်တို့ကို ကျွေးတဲ့ထဲက တခုကို မှတ်တမ်းတင်ထားတာ။ ဘာသီးကြော်လည်း မမှတ်မိတော့ဘူး။ ပိန္နဲသီးကြော် ထင်တာပဲ။
အောက်မှာက မင်းဂွတ်။

ဒါက ကိုမင်းဒင်ရဲ့ ကြောင်ဖြူတော်။

သူရေးတဲ့ထဲမှာ ပါဖူးတဲ့ ဇာတ်လိုက်လည်း ဖြစ်နိုင်တယ်။ သူ့ဘလော့မှာ ကြောင်စုန်း ဆိုပြီး ရေးထားသေးတယ်။ ဒီကောင့်အကြောင်းပါပဲ။








~

Dec 14, 2011

ငမိုက်သား နံပါတ် သုညကိုး


နံပါတ် သုညကိုး
လွန်ခဲ့တဲ့ ၂ လ လောက်က ဖုန်းပျောက်လို့ sim card အသစ် ဝယ်တယ်။ ၄၅ ဘတ်/တဒေါ်လာခွဲ ပေးရတယ်။
(ဖုန်းတော့ မဝယ်ဘူး။ သိမ်းထားတဲ့အဟောင်းကို ထုတ်သုံးတယ်။)

ကတ်အသစ်ဆိုတော့ နံပတ် အသစ်ပေါ့။ ဝ၉ နဲ့ အစပြုတယ်။

ယိုးဒယား လက်ကိုင်ဖုန်းနံပတ်တွေက ဝ၈ နဲ့ အစပြုကြတယ်။

အခု ဝ၉ တွေ ပေါ်နေပြီ ဆိုတာ လူတိုင်း မသိဘူး။ ဒီဘလော့ လာသူတွေ သိအောင် ရေးလိုက်ပါတယ်။

ယိုးဒယားဖုန်းနံပတ် ဝ၉ နဲ့ အစပြုရင် မအံ့သြဖို့ပါ။

အခုက ဒီနံပတ်ကို အံ့သြနေကြတယ်။ ချင်းမိုင် မဲဆောက် ဘန်ကောက်က မိတ်ဆွေများ ပြောပါတယ် - သူတို့ အံ့သြနေကြတယ်။

ဖုန်းသံကြားလို့ ဝ၉ နဲ့ အစပြုတဲ့ နံပါတ်မြင်ရင် ဘယ်နိုင်ငံက ဆက်လာတာပါလိမ့်လို့ သူတို့ ထင်နေကြတယ်။
နိုင်ငံခြားဖုန်း ထင်ပြီး လက်ခံဖြေသူရှိသလို၊ ပိတ်လိုက်သူတွေလည်း ရှိတယ်။

တချို့ကလည်း ဒီနံပါတ် ပေးလိုက်ရင် တခုခုတော့ မှားနေပြီ ထင်ကြတယ်၊ ဒီကောင် ဖုန်းနံပါတ်တောင် မှားပေးတယ်လို့ ယူဆသူလည်း အများသား။

ကဲ - မှတ်ထားလိုက် - သုညကိုးဟာ ပုံမှန်ဂဏန်း။

ငမိုက်သား

ငမိုက်သား ဆိုတာက တယ်လီဖုန်းကို ပြောတာပါ။
ဈေးကြီးတဲ့ဖုန်းတွေ မော်နီတာကျယ်ကျယ်ကို လက်နဲ့ ပွတ်နေနေကြတဲ့ ဖုန်းတွေကို Smart Phone လို့ ခေါ်ကြတယ်။ တွေ့ဖူးမှာပါ။ စင်္ကာပူ မြို့ပတ်ရထားထဲ ဒါတွေပဲ ပွတ်နေကြတာ။
ကျနော်က ဖုန်း မကြာခဏ မေ့တတ် အထားမှားတတ် ပျောက်တတ်တော့ စမတ်ဖုန်းနဲ့ဆို ဟန်မကျဘူး။ ဒီတော့ သာမန်ဖုန်းပဲ ကိုင်တယ်။ သာမန်ဖုန်း- မူလလက်ဟောင်းဖုန်းတွေက
Smart Phone မဟုတ်တော့ Stupid Phone ပေါ့။
ဒါကြောင့် ငမိုက်သား လို့ အခု ကိုင်နေတဲ့ ဖုန်းကို ခေါ်လိုက်တာ။ ကျနော့်မိန်းမ ပေးလိုက်တဲ့ နာမည်လေ။
ငမိုက်သားက ဈေး ပေါတယ် ဆိုရမယ်။ ဘတ် ၇၀၀ ထင်တယ် ၀ယ်တုန်းက။ ဒေါ်လာ ၂၀ စွန်းစွန်း။

ဒါပါပဲ။

Dec 13, 2011

NLD ပုဆိုး ပြန်ဝတ်ပြီ

~







NLD ပါတီထောင်ခွင့် ရပါပြီ လို့ ရွေးကော်မရှင်က မီးစိမ်းပြလိုက်တယ် တဲ့။
လူထုဦးဆောင် NLD ပါတီလည်း အနှစ် ၂၀ ကျော် အထုအထောင်းခံခဲ့ရပြီး အထိနာခဲ့ပေမယ့် အစိုးရက အခုလို သဘောထားကြီးစွာ ပါတီအဖြစ် ရပ်တည်ခွင့် ပေးပြီ ဆိုတော့လည်း ကောင်းတာပေါ့၊ ရေစစ္စရီ ထပ်လုပ်ပြီး ရှေ့သို့ ချီရတော့မှာပေါ့။
NLD သမိုင်းမှာ စကတည်းက ကြမ်းခန်း ရမ်းခန်းတွေချည်းပဲ။

ပါတီခေါင်းဆောင် ဧရာဝတီတိုင်းသွားတော့ ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်နဲ့ အချိန်ခံရ ၁၉၈၉။
၉၀ ရွေးကောက်ပွဲ မှာ NLD ကိုယ်စားလှယ်တွေ အရွေးခံရတော့ အဲဒီလူတွေ ထောင်ထဲ သွားနေရပြန်ရော။
ကျန်တဲ့လူတွေလည်း ၁၄ နှစ်ကြာ အမျိုးသားညီလာခံထဲ အပို့ခံရ။
ဒေါ်စုကို ထုတ်ပစ်လိုက်လို့ ဖိအားပေးပြန်တော့ ဒေါ်စုကို ပါတီကနေ ထုတ်ပေးရသေးတယ်။
တနိုင်ငံလုံးက ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ကြတယ် ဆိုတာတွေလည်း သတင်းစာတွေထဲ မကြာခဏ တွေ့ခဲ့ရတယ်။
တွေ့ဆုံဆွေးနွေးရေးမဖြစ်တာဟာ NLD သဘောထားတင်းမာလွန်းလို့ပဲ၊ လျှော့ပါအုံး လျှော့သင့်တယ်လို့ သုံးသပ်သံတွေလည်း ထွက်ခဲ့တယ်။ လျှော့စရာ ပုဆိုးပဲ ရှိတော့တယ်ဟေ့ လို့ တုံ့ပြန်သံတချို့လည်း ဘေးက ထွက်လာတယ်။
ဒီလိုနဲ့ မနှစ်တုန်းက ရွေးကောက်ပွဲလုပ်တော့ NLD က တရားမ၀င်ပါတီစာရင်းထဲ ရောက်သွားတယ်၊ အဲဒီ လျှော့စရာ ဆိုတာကို ချွတ်ပေးလိုက်ရတဲ့သဘောပေါ့။
အခုတော့ ရော့ ... ရော့ ... နင့်ပုဆိုး ပြန်ဝတ်ချည် လို့ ပြောလိုက်ပါပြီ။
ကောင်းလေစွ။






~

Nov 26, 2011

မျက်စိ ပသာဒ

.







ဆေးလိပ်ခွက်နဲ့ ပန်းဖြူဖြူ

လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ဖူးခက်က ဟိုတယ် တခု စင်္ကြံမှာ ရိုက်ထားတာ။
ဆေးလိပ်ပြာခြွေခွက်က ၃ ပေတော့ မြင့်မယ် ထင်တယ်။
အဲဒါချည်းပဲ ဆိုရင် အကျည်းတန်တာကြောင့် မျက်စိ ပသာဒ ဖြစ်အောင် တရုတ်စကားပန်းနဲ့ ကူထားတာလို့ ယူဆရတယ်။

ဟိုတယ် ဆိုတာမျိုးက လှလှပပဖြစ်အောင် လုပ်ထားရတဲ့ အဆောက်အအုံမျိုးမဟုတ်လား။
ကိုယ့်အိမ် သူ့အိမ်မှာ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အိမ်မှာ ဒီလိုပဲ အလှဆင်ကြရဲ့လား။ အချိန်ပေးနိုင်ကြရဲ့လား။

ဝါသနာနဲ့ ဆိုင်မယ် ထင်တယ်။ ၀ါသနာ ပါသူကတော့ အချိန်ပေးပြီး အလှဆင်ဖို့ ၀ါယမစိုက်ပါလိမ့်မယ်။

ကျနော်ကတော့ ၀ါသနာ မပါဘူး၊ အချိန်လည်း မပေးနိုင်ဘူး။ ဒါပေမယ့် အလှဆင်ထားတဲ့အိမ်မှာတော့ နေချင်တယ်။

ပျံနေတဲ့အိမ်မျိုးဖြစ်ဖို့ မလိုပါဘူး။

စိတ်ကူးထဲက အိမ်ကတော့ ဟိုသီချင်းထဲကလို မြက်ခင်းစိမ်းနဲ့တဲငယ်လေး မဟုတ်ဘူး။
အိမ်ငယ်တာကိုတော့ သဘောကျတယ်။ သိမ်းဆည်းရတာ အပမ်းသိပ်မကြီးဘူးလေ။
မြက်ခင်းစိမ်းတာတော့ သိပ် သဘောမကျချင်ဘူး။ ပုံမှန် ရိတ်ပေးနေရလိမ့်မယ်။ အချိန်ကုန်တယ်။ စက်နဲ့ရိတ်ရင် ဆီကုန်မယ်၊ နားညည်းမယ်။
အရိပ်ရအပင်ကြီးတွေတော့ ကြိုက်တယ်။

အိမ်အကြောင်းက ထားလိုက်ပါလေ။ မရှိတဲ့အိမ်အကြောင်း သိပ် မပြောတာ ကောင်းပါတယ်း)

မျက်စိပသာဒအကြောင်း ပြန်ဆက်ရရင် -

ကိုယ်ကရော အများရဲ့ အမြင်မှာ ဘယ်လောက် ပသာဒ ဖြစ်နေသလဲ၊ ဘယ်လောက် ကြည့်ပျော်ရှုပျော် မရှိဘူးလဲ။ သူတို့တွေ ပသာဒဖြစ်အောင် ကိုယ်အမူအယာ နှုတ်အမူအယာ ၀တ်စားဆင်ယင်ပုံတွေ ပြင်သင့်သလား။

အင်း - ပြင်စရာမလိုဘူး ထင်ပါတယ်လေ၊ အဆင်ပြေပုံရပါတယ်၊ ခုချိန်ထိ ဘယ်သူကမှ ဘာမှ မပြောသလောက်ပဲ ဆိုတော့။








.

Nov 25, 2011

မတော်တဆလား၊ ရည်ရွယ်ချက်ရှိရှိလား ??

.




အောင်ကြူကြူသတင်းကို ခွေးရူးရောဂါသတင်း နဲ့
တိရစ္ဆာန်ကုဆေးမှူး သင်တန်းသတင်း ကြားထဲမှာ ထည့်ထားတာ သတိထားမိတယ်။ ဒီနေ့ မြန်မာ့အလင်းမှာပါ။
အမြင်ကပ်လို့ ဒီလို နေရာချထားတာလား တိုက်ဆိုင်တာလား ဆိုတာတော့ မြန်မာ့အလင်း အယ်ဒီတာများကို မေးမှ သိမှာပဲ။



.

Nov 18, 2011

a pack of visa?

ရန်ကုန်သံရုံးတခုက ထူးခြားတယ်
ဗီဇာကို ထုပ်ပေးမယ် တဲ့။
ပလပ်စတစ်အိတ်နဲ့ ထုပ်မှာလား
သတင်းစာစက္ကူနဲ့ ထုပ်ပေးမှာလား မသိဘူး။


Nov 13, 2011

လူမှာ အ၀တ် နဲ့ ထွေရာလေးပါး



စကပ်တိုရခြင်းရဲ့ အကျိုးကျေးဇူးကို ရေကြီးတဲ့အခါမှာ ပိုပြီး သိရပါပြီ။
ဒီလ ၇ ရက်နေ့က ဘန်ကောက်မြို့
Lat Phrao လမ်းမှာ မှတ်တမ်းတင်ထားတဲ့ပုံပါ။

အဖြူအမည်းက ထိုင်းရဲ့ တက္ကသိုလ် ကောလိပ် ၀တ်စုံပါ။
အဲဒီလောက်အထိ တိုဖို့တော့ ညွှန်ကြားမထားပါဘူး။
အင်္ကျီဖြူရမယ်၊ စကပ်မည်းရမယ်လို့ပဲ ညွှန်ကြားပါတယ်။

ကျောင်းသူတွေရဲ့ စကပ်က အတို အရှည် မညီပါ။
တချို့လည်း အရမ်းရှည်၊ တချို့လည်း ဒီဓာတ်ပုံထဲကလို အရမ်း တိုတို။

အ၀တ်စ ချွေတာခြင်း ဟုတ်ဟန်မတူ။

ဒီလို တိုတို ၀တ်သူတွေက sexy ပေါင်တံ လို့ ကမ္ဘာသူ ကမ္ဘာသားတွေ သတ်မှတ်ထားတဲ့ ခြေထောက်ပိုင်ရှင်တွေ ဖြစ်နေတတ်တယ်။

ဘော်ဒီအလှအပကို ပေါ်တင် ဖော်ကျူးသူတွေလို့ ဆိုပါစို့။

ကိုယ့်အလှ လူသိအောင်၊
ကိုယ့်ဓန လူသိအောင်၊
ကိုယ့်ဆေးမင်ကြောင် လူသိအောင်၊
ကိုယ့်အရေပြား အရောင် (သို့မဟုတ် စိုပြေမှု) လူသိအောင်
ဒီလိုပဲ ၀တ်ပြကြတာ လူ့သဘာဝပဲ။

အစွမ်းကုန်ပြင်ဆင်ထားတာကို တပါးသူတွေက ငေးမောကြ ကြည့်ကြရင် ပြင်ဆင်ရကျိုး နပ်ပြီပေါ့။

ပြင်လာသူတွေကို ကြည့်ကြပါလေ။ တခါတရံမှာ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာမှု ရနိုင်ပါတယ်။

xxxxxxxxxxxxxxx

အင်္ဂလိပ်စကားပြောသင်တန်းတက်တုန်းက စကားဝိုင်းတခုမှာ မေးခွန်းတွေ ဖန်တီးခဲ့ဖူးတယ်။
မေးခွန်းတွေကို စာရွက်မှာရေး။ မဲလိပ်လို လိပ်။ သင်တန်းသားတယောက်ကို တလိပ်ပေး။ ကိုယ်ရတဲ့မေးခွန်းကို အင်္ဂလိပ်လို ဖြေပေတော့။
စကားပြောသင်တန်းဆိုတော့ များများ ပြောကျင့်မှ ပြောထွက်မှ စကားပြောစွမ်းရည် တိုးတက်မယ်လေ။ လူတိုင်း ပြောဖြစ်အောင် စီစဉ်တဲ့နည်းနာတွေထဲက တခုပေါ့။ ဂိမ်းတမျိုးပါပဲ။

ဖြေတဲ့သူက ဖြေ၊ အဲဒီအဖြေအပေါ် ငြင်းခုံ ဆွေးနွေး ရယ်မောကြ သဘောတူကြ သဘောမတူကြ ဖြစ်ကြပါတယ်။
နောက်ဆုံးတော့ အင်္ဂလိပ်လို ပြောထွက် ပြောဖြစ်ကြပါတယ်။ စကားဝိုင်းမှာ လူတိုင်း အနည်းနဲ့အများ ပြောဖြစ်အောင် ဖန်တီးတဲ့ ဂိမ်းပါ။

ထုတ်ခဲ့တဲ့ မေးခွန်းတွေထဲက မှတ်မိသလောက် ပြန်ပြောရရင်-

၁။ ကိုယ့်မိဘတွေက မူးယစ်ဆေး ကုန်ကူးသူတွေ ဖြစ်နေတာကို ဒီနေ့မှ ရုတ်တရက် သိလိုက်ရတယ်။ ကဲ - ခင်ဗျားမိဘတွေကို ခင်ဗျား ဘာပြောချင်လဲ။

၂။ လူမရှိတဲ့ကျွန်းတခုပေါ်ကို ခင်ဗျား ရောက်သွားတယ်။ ရာသီဥတုကလည်း ပူတယ်။ အဲဒီကျွန်းပေါ်မှာ ခင်ဗျား အ၀တ်အစား ၀တ်မှာလား မ၀တ်ဘူးလား။


အဲဒီလို ရယ်စရာ မေးခွန်းတွေပေါ့။

နံပတ် ၁ မေးခွန်းကို ရသွားတဲ့ သင်တန်းသားက ရယ်ရယ်မောမော မဖြေပါဘူး။ ကျနော့်ကို ဒေါသနဲ့ တုံ့ပြန်ပါတယ်
ငါ့မိဘတွေကို မင်း ဘာကြောင့် ဒီလို ပြောရတာလဲ တဲ့
တိုက်ဆိုင်သွားလား မဆိုနိုင်ဘူး)

နံပတ် ၂ မေးခွန်းရသွားတဲ့ သင်တန်းသားက ခပ်ပြုံးပြုံးပါပဲ။ (သူ တကယ် အဲဒီကျွန်းပေါ်ရောက်ရင်တော့ အဲဒီလို ပြုံးနိုင်မယ် မထင်ဘူး)
သူ ဘာပြောခဲ့လဲ မမှတ်မိပါ။

တခြားသင်တန်းသားတွေ ၀ိုင်းပြောတဲ့ထဲမှာတော့ ၀တ်စရာ မလိုဘူး ဆိုတာ အများဆုံးပါပဲ။

တကယ်တော့ - အ၀တ် ၀တ်တယ် ဆိုတာ
အရှက်လုံဖို့ သို့မဟုတ် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်က အဓိက မဟုတ်လား။

ဘာရယ်လို့ မဟုတ်ပါဘူး၊ ကိုယ့်ဘလော့မှာ ဘာမှ မရေးတာ ကြာပြီ ဆိုပြီး ပရိသတ်တယောက်တိတိက တောင်းဆိုနေတဲ့အတွက် ရေးလိုက်တာပါ။ တောင်းဆိုသူ ဖတ်ရှုသူများကို ကျေးဇူးကမ္ဘာပါပဲ။

စကပ်တိုတိုဝတ်တဲ့ အမျိုးသမီးနဲ့ ဓာတ်ပုံဆရာကိုတွေ့ရင်လည်း ကျေးဇူးတင်ကြောင်း လက်တို့လိုက်ပါအုံး။
သူတို့ကြောင့် ဒီပို့စ် ဖြစ်လာတာ မဟုတ်လား။













Oct 15, 2011

Depression Dog

face book က ကူးလာတဲ့ပုံပါ
ရေကြီးနေတဲ့ ထိုင်းနိုင်ငံ တနေရာပေါ့
ရေကြီး မြေပျောက်လို့ ရေလွတ်ရာ နတ်စင်ပေါ် တက်ထိုင်တဲ့ခွေး
စင်ပေါ်က ပန်းအိုးတွေကို ကန်မချဘူး
ဖယ်ရကောင်းမှန်း မသိတာလား
လူတွေရဲ့ပစ္စည်းမှန်းသိလို့ မဖယ်ချင်တာလား မသိပါ
နတ်တင်တဲ့အစားအစာတွေတော့ ရှိဟန်မတူဘူး
ထိုင်းတွေက ရယ်ဒီမိတ် အရမ်းသုံးနေတာမို့ ရေဆိုလည်း ခွက်နဲ့မထည့် ပုလင်းနဲ့ထည့်
သောက်စရာရေတောင် ရှိပါ့မလား
လည်ပတ်နဲ့မို့ ပိုင်ရှင်ရှိတဲ့ကောင်လို့ ဆိုနိုင်တယ်
ပိုင်ရှင်ရော ဘယ်ရောက်နေပြီလဲ
ဓာတ်ပုံရိုက်သူက ခွေးပိုင်ရှင်ဆို တော်ပါသေးရဲ့

Oct 9, 2011

from IrrawaddyBlog.com

....



ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။

ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် - တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် - မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။


======================


မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်...

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/


ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။

ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/


အင်း... ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/


ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/


တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ









.........

Oct 8, 2011

အပူသည်တဦး



aalholmes ဆိုတဲ့သူ ရန်ကုန်မှာ ရိုက်ထားတာပါ
ဒီအမျိုးသမီးရဲ့ မျက်နှာမှာ အပူတွေ ပြည့်နေတာပဲ
လမ်းကူးနေတုန်း ကားတစီးဝင်လာမှာကို စိုးရိမ်တဲ့ အပူမျိုးတော့ မဟုတ်တာ သေချာတယ်
သူဟာ ကလေးအမေလား ဘာလား မသိရပါ
ဘာအတွက် သောကရောက်နေရသလဲဆိုတာ ဘယ်လိုမှ မခန့်မှန်းနိုင်ပါ
စက်ဘီး အနေအထား ကြည့်ရတာတော့ ဒီစက်ဘီးကိုသုံးပြီး နေ့စဉ်လုပ်ငန်းတွေကို လုပ်နေရပုံပဲ
ကျနော့်ရဲ့ မျက်နှာရော ဒီလိုပဲလားမသိ
မှန်ကြည့်အုံးမှပဲ





Oct 6, 2011

ကလေး

ရခိုင်ပြည်နယ်မှာ ရိုက်ထားတယ်လို့ ဓာတ်ပုံဆရာ Marc Aurel က ဆိုတယ်
ကျနော် ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲလား ဆိုတာ တွေးမိတာနဲ့  ဒီပုံကို သိမ်းထားမိတာ တလနီးပါး ရှိပြီ ထင်ပါရဲ့
ခုမှပဲ ဘလော့မှာ တင်ဖြစ်တယ်

ဆရာတင်မိုးကဗျာထဲမှာတော့ အုန်းလက်ကို နွားလုပ်ပြီး ကစားတယ်
(အုန်းလက်နွားလေး ထားခဲ့မယ်လို့ ဆရာကြီးက ဆိုထားတယ်လေ)
ပစ်ထားတဲ့ ဘီးခွံတွေကို အပေါ်က ကလေးလိုပဲ လှိမ့်ပြီး ဆော့တယ်
ပျော်တာပဲ
ငယ်စဉ်မှာ တန်ဘိုးကြီးပစ္စည်းတွေက အရေးမပါပါဘူး
ရှိတာနဲ့ အလုပ်ဖြစ်တာပဲ
ငယ်စဉ်မှာ လိုတာက မိဘမေတ္တာရယ်
ရန်ဖြစ်ပြန်ချစ်ဖို့ သူငယ်ချင်းတွေရယ်ပေါ့
ခုခေတ် ကလေးတွေကို ကြည့်လိုက်ရင် ကစားစရာ တပုံတခေါင်းနဲ့
ကလေးရှိတဲ့အိမ်တွေ ကြည့်လိုက်ရင် အရုပ်တွေ ကစားစရာတွေနဲ့ ရှုပ်နေတာပဲ
မိဘများလည်း ပိုက်ဆံကုန်ကြမယ်

ဘာရယ်မဟုတ်ပါဘူး
ဘလော့ကို ၀င်ကြည့်တတ်သူတွေကို ဖတ်စရာ တခုခု ပေးဖို့ ရေးလိုက်တာပါး)


(ကဗျာဖန်တီးရှင်က ဆရာကြီးမင်းသုဝဏ်ဖြစ်တယ်လို့ စာဖတ်သူတဦးက ထောက်ပြပါတယ်။ ကျေးဇူးပါပဲ)

Oct 5, 2011

နေ့စဉ်ဘဝ

Kyaw Naing Win ဆိုတဲ့သူက အင်တာနက်မှာ တင်ထားတဲ့ ပုံ ဖြစ်ပါတယ်
စွန့်စားမှုတော့ ဟုတ်ပါဘူး ကချင်ပြည်နယ် (နေရာတချို့)ရဲ့ နေ့စဉ်ဘ၀ပါ လို့ သူက ဆိုတယ်

ကျနော်လည်း အဲဒီလို ကျေးလက်ဆန်ဆန်ဘ၀မှာ နေခဲ့ဖူးတယ်
ပျော်စရာကောင်းသလား မေးရင်တော့ ဒီလိုပါပဲ လို့ ဖြေရမယ် ထင်တယ်
ဒီလိုပါပဲ
ငယ်တုန်းကတော့ မြို့ပြကို စိတ်ဝင်စားတယ် အားကျတယ်
အခု မငယ်တော့ချိန်မှာ မြို့ပြဟာ မက်စရာ သိပ်မရှိဘူး
စားသောက်စရာမျိုးစုံ ၀ယ်လို့ရတာ အင်တာနက် အဆင်ပြေတာ စသဖြင့် မက်စရာတွေတော့ ရှိတာပေါ့လေ
နောက် - ၁၀ နှစ် မတိုင်ခင်တော့ မြို့ပြကနေ ခွာနိုင်ကောင်းပါရဲ့
အဲဒီအချိန်ဆို ကျေးလက်မှာလည်း အင်တာနက် ပိုအဆင်ပြေနေရောပေါ့
အင်း
အင်တာနက်စွဲနေတာနဲ့ပဲ မြို့ပြကို ဖက်တွယ်နေသူတွေ အတော်များနေပြီ ထင်ပါရဲ့

ဓာတ်ပုံအတွေးလေးပါ

တော်သေးပြီ

Sep 26, 2011

7Day ရိုက်ချက် ၂ ခု

ရွှေဝါရောင် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း

Sep 23, 2011

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)


ဒေါ်မွန်မွန်ရင် (ဂဠုန်ဦးစော၏မြေး)


(စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည် လို့ ဖေ့ဘုတ်မှာ ရေးထားပါတယ်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။



ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။



သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။



ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။


“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။