Aug 26, 2012

သပွတ်အူ

~





ညဈေးတန်းတခုမှာ ရိုက်ထားတဲ့ သပွတ်အူတွေပါ။
အခုလေးတင် ဧရာဝတီဘလော့မှာ ဒီပုံကို သုံးလိုက်ပါတယ်။
သပွတ်အူကို ဓာတ်ပုံရိုက်ပြီး ဒီငနဲ ဘာလုပ်မှာလဲ တွေးမိသူတွေ တွေးမိလိမ့်မယ်။ ကဲ - ခုတော့ အသုံးကျနေပါပြီ။

ဓာတ်ပုံတွေ ရိုက်ထားတာကတော့ အများကြီးပဲ။ အားလုံးကို ဖိုင်တွေခွဲပြီး မသိမ်းဖြစ်သေးပါဘူး။ ရိုက်ထားတာတွေ များလွန်းလို့ စနစ်တကျသိမ်းဖို့ အချိန် မရှိဘူး ဖြစ်နေတယ်။
ပြဿနာပဲ။
ခုနေခါ ရုတ်တရက် သေသွားရင်တော့ ဒီပြဿနာက ရှင်းစရာမလိုဘူးဖြစ်သွားမယ်း)

အချိန်ကို စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်ရင် ဒီပြဿနာ ပြေလည်မယ် လို့ တွေးစရာရှိတယ်။
အင်း ... မလွယ်ဘူး။ လောကကြီးမှာ ပြဿနာ သိပ်များနေတော့
စီမံခန့်ခွဲမှု မည်မျှပင် ကောင်းစေကာမူ လူ့အလို နတ်လိုက်နိုင်မယ် မထင်ဘူး။

သပွတ်အူပုံသုံးလိုက်တာက အောက်ကပို့စ်မှာ ဖြစ်ပါတယ်။
ကနဦးတုန်းကတော့ လွှတ်တော်အထက်မှာ ဘယ်သူရှိနေသလဲ လို့ ခေါင်းစဉ် ပေးထားပါတယ်။
ရေးရင်း ပေနည်းနည်းရှည် လေနည်းနည်းရှည်မိတော့ ခေါင်းစဉ် ပြောင်းလိုက်ရတယ်။
နေပြည်တော်က သပွတ်အူဇာတ်တော်ကြီး ဆိုပြီး ပြောင်းလိုက်တယ်။
ပျော်စေပျက်စေပေါ့ဗျာ။

ဧရာဝတီဘလော့မှာ မဖတ်ရသေးရင် ဒီမှာ ဖတ်သွားပါအုံး -



ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နေတဲ့သူ ရှိနေသလား ဆိုပြီး သောကြာနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမတ်တဦးက သူရဦးရွှေမန်းကို မေးပါတယ်။

ကဏ္ဋကောစလုပ်နေတဲ့ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာ ကိစ္စတွေ ရှိနေတယ်၊ ခဏသီးခံ ဆိုလို့ သီးခံနေတာ လို့ သူက ဆိုပါတယ်။

သူ့ရဲ့ တင်ပြချက်က ဒီလိုပါ -
သမ္မတထံက ပြန်ကြားလာမယ့်ရလဒ်အပေါ်မှာမူတည်လျက် ဆက်လက် လုပ်ဆောင်ရန် ခဏသီးခံပါလို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့် လည်းကောင်း ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များက သီးခံ စောင့်ဆိုင်းခဲ့ကြပါတယ်။

သို့သော်လည်း ၎င်း သြဂုတ်လ ၂၁ ရက်နောက်ပိုင်းမှာလည်း ဘာမျှ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ ထူးခြားမှု မရှိတဲ့အတွက် ကျွန်တော်တို့ အားလုံးရဲ့ အယူအဆတွေဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးက လျစ်လျူရှုထားပါပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ လွှတ်တော်ရဲ့အပေါ်မှာ လွှမ်းမိုးထားတဲ့အဖွဲ့အစည်းတစ်ခုရှိပြီလား။ သို့မဟုတ် လွှမ်းမိုးထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦးရှိနေပြီလားဟု ထင်မြင်ယူဆမိပါတယ်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီလို ပြန်ရှင်းပါတယ် -
လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိကြောင်းကိုလည်း လွှတ်တော်ကို အသိပေး တင်ပြလိုပါတယ်။

ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်၍ စတင် ဆောင်ရွက်မယ် ဆိုတာလည်း ကြားသိထားရပါတယ်။
ဒါကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ လွှတ်တော် အခန်းကဏ္ဍ ရောက်တဲ့အခါမှာ ဆောင်ရွက်ဖွယ်ရာ ဆောင်ရွက်နိုင်အောင် သီးခံ စောင့်ဆိုင်း ‌ဆောင်ရွက်ပေးပါရန် မိမိအနေနဲ့ ထပ်မံ မေတ္တာရပ်ခံပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဆက်ပြီးသီးခံကြပါ၊ ခုံရုံးကိစ္စကို ဦးခင်အောင်မြင့်တို့ ကိုင်တွယ်ပါလိမ့်မယ် တဲ့။

နေပြည်တော်မှာ ခုံရုံး ဖြစ်နေကြတဲ့ပြဿနာက ကြီးသထက် ကြီးလာပါပြီ။

သမ္မတက စာပို့လိုက်၊ ကြားဝင်ရှင်းပေးလိုက်။
သမ္မတကပဲ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့ကို ခေါ်ပြီး ညှိနှိုင်းလိုက်။
ဒါတွေကို ဆက်တိုက် တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ တပတ်အတွင်း ၂ ကြိမ်တွေ့စဉ်မှာလည်း နေပြည်တော်ဝင်္ကပါထဲက ဒီ သပွတ်အူထုပ်ကိစ္စ ပြောဖြစ်ကြမယ်လို့ ယူဆရပါတယ်။

ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးများရဲ့ သပွတ်အူထုပ်ဇာတ်တော်ကြီး ဇာတ်ရှိန် အတော်တက်နေပုံရတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။


ဆက်စပ်
- ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်

- ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး




ညွှန်း - ပြည်သူ့လွှတ်တော် အွန်လိုင်း pyithuhluttaw.gov.mm



~

Aug 20, 2012

စိုစိုစွတ်စွတ် မဲဆောက်



သုံးယောက်တစီး

မနေ့ညက မဲဆောက်ရောက်တယ်။
မနက်ဖြန် ချင်းမိုင် ပြန်ပါမယ်။

မဲဆောက်မှာ နေမထက်ဘဲ မိုးရွာနေတာ တလ ၀န်းကျင် ရှိပြီလို့ ဆိုတယ်။
တချို့လမ်းတွေ ရေဖွေးဖွေးနဲ့။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မရှိသေးတဲ့ လမ်းသစ်တချို့ကို တွေ့ရတယ်။
အဲဒါကလွဲလို့ အပြောင်းအလဲ သိပ်မတွေ့ရသလိုပါပဲ။

မိုးတိတ်ချိန် ကားပေါ်တက်အိပ်နေတဲ့ ၂ ကောင်

တော်သေးပြီ။
နောက်မှ ဆက်ရေးမည်။



Aug 12, 2012

စနေနေ့မှာ ငါးကင် သုံးဆောင်ခြင်း

အကြေးခွံပေါ် ဆားဖြူးထားပြီး ကင်တဲ့ငါး။
စပါးလင်နဲ့ ပင်စိမ်းရွက်လည်း နည်းနည်းထည့်ထားတယ်။


ပါဝင်တဲ့အဆာများ


သံပရာ
ကြက်သွန်နီ

ကြက်သွန်ဖြူ
ဂျင်း
စပါးလင်
ပဲငံပြာရည် အကြည်ရည်

ဆား
အစပ် ကြိုက်တတ်ရင် ငရုပ်သီးစိမ်း ထည့်ပါ။

သံပုရာသီး

သံပုရာသီးကို ကြိုက်မှထည့်ပါ။
စားခါနီးမှထည့်လည်း ရပါတယ်။
သံပုရာသီးကြောင့် အရသာ ပိုကောင်းလာသလို ငါးညှီနဲ့ကိုလည်း ထိန်းသိမ်းပြီး ဖြစ်ပါတယ်။

ငှက်ပျောရွက်နဲ့ကင်မယ် ဆိုရင်

၁။ ငါးကို ငှက်ပျောရွက်နဲ့ လုံလုံခြုံခြုံ ထုပ်ပါ။ ငှက်ပျောရွက်ထုပ်
ချည်ရတုပ်ရခက်ရင် သွားကြားထိုးတံသုံးပြီး ပိတ်နိုင်ပါတယ်။
၂။ ငှက်ပျောရွက် မည်းသွားရင် ငါးကျက်ပါပြီ။


ငွေရောင်စက္ကူ (foil) နဲ့ ကင်မယ် ဆိုရင်

၁။ ငွေရောင်စက္ကူပေါ်မှာ ငါးထည့်မယ့်နေရာကို ဆီနည်းနည်းသုတ်
၂။ အဆာတွေနဲ့နှပ်ထားတဲ့ငါးကို လုံအောင် ပတ်ပြီး ကင်
foil သုံးရခြင်းရဲ့ အားသာချက်က မီးသွေးမီးနဲ့ ကင်နိုင်သလို မီးဖို (အာဗင်/oven) ထဲထည့်ပြီး ကင်နိုင်တာပါပဲ။

foil နဲ့ ထုပ်ထားတဲ့ငါး

အကောင်လိုက် ကင်မယ် ဆိုရင် အသားကို ဓားနဲ့ နည်းနည်းမွှန်းလိုက်။ ပြီးရင် အဆာတွေနဲ့ နှပ်လိုက်။

အကောင်လိုက် မကင်ဘူး ဆိုရင် - ငါးအတုံး/အပြားဖြစ်အောင် ဖြတ်တောက်၊ အဆာတွေနဲ့နှပ်ပြီးမှ ထုပ်ပိုး ကင်နိုင်ပါတယ်။

ငါးရံ့၊ ပလာတူး၊ ဆယ်လမွန်၊ ငါးကွမ်းရှပ် ကြိုက်တာဝယ်ကင်ရုံပါပဲ။

ကုန်တိုက်တွေ ရောက်တဲ့အခါ ငါးရောင်းတဲ့အတန်းမှာ mackerel, salmon, snapper, bream, talapia ဆိုတာတွေ တွေ့လိမ့်မယ်။ အကုန်လုံး ကင်စားနိုင်တဲ့ငါးတွေပါပဲ။

မနေ့က လက်တွေ့ ကင်စားခြင်း

မနေ့က ငါးကင်စားကြတယ်။ အထက်မှာ ဖော်ပြထားတဲ့ အဆာများ မီးဖိုထဲ မရှိတာကြောင့် မထည့်ဖြစ်ပါဘူး။ (သို့သော်လည်း ၀ယ်ထားတဲ့အချဉ်ရည်ထဲမှာ အဲဒီအဆာတွေ အကုန်ပါပုံရပါတယ်)


ပထမ ၂ ကောင်ကို ဧရာဝတီသတင်းထောက် ခင်ဦးသာ နဲ့ လ၀ီဝမ်တို့ ကင်ကြတယ်။ မေ့ပြီး အကြေးခွံ ခွာလိုက်တော့ ငါးတွေ တစစီကျိုးပဲ့မသွားစေဖို့ အသက်အောင့်ပြီး ကင်ကြတာ တွေ့ရတယ်။ ဘာအဆာမှ မထည့်ဘူး။

နောက် ၂ ကောင် ထပ်ကင်တော့ စာတတ်သွားပြီ၊ အကြေးခွံမခွာတော့ဘူး။ ငါးပေါ် ဆားဖြူးတယ်၊ ငါးဗိုက်ထဲ ပင်စိမ်းရွက်နည်းနည်း နဲ့ စပါးလင် ထည့်ပြီး ကင်လိုက်တယ်။

ဆားက ငါးအသားထဲ စိမ့်ဝင်သွားမယ်လို့ ယူဆရတယ်။

ငါး ၄ ကောင်စလုံး အရိုးပဲ ကျန်တဲ့အထိ စားလိုက်ကြတယ်။ (ငါးကင်နေတုန်း လ၀ီဝမ်သွားကြော်တဲ့ ကန်စွန်းရွက်ကြော်ကလည်း သဲနည်းနည်းပါတယ်လို့ သတင်း သဲ့သဲ့ ထွက်ပေမယ့် ကုန်တာပါပဲ)

ငါးကင်စားတဲ့အခါ အကောင်းဆုံးကတော့ ကင်ပြီးရင် ချက်ချင်း စားလိုက်တာ ဖြစ်ပါလိမ့်မယ်။
ဆိုင်မှာသွားဝယ်စားရင် ဈေးကြီးတယ်။ အခုလို ကိုယ်တိုင်ကင်တော့ ချွေတာရာရောက်ပါတယ်။

ကျန်းမာရေး ဂရုစိုက်သူများ ငါးကို စားကြတယ်။
သွားမရှိ သွားမကောင်းသူများအတွက်လည်း ငါးက စားရ အဆင်ပြေတယ်။ သွားကြားလည်း မညှပ်တော့ဘူး။
ပင်လယ်ငါးစားရင် ခေတ်မီတယ်လို့ တချို့က ၀ါဒဖြန့်ကြတယ်။ လူတွေ ခေတ်မီဖို့ ပင်လယ်ငါးတွေ အနစ်နာခံကြရသလို ဖြစ်နေတယ်။
ထားပါတော့ - သုတေသန ပြုချက်များအရ ဆိုရင် ငါးစားသူ ဥာဏ်ရည်တက်မယ်၊ ဥာဏ်ကောင်းတယ်။
ကမ္ဘာ့အသက်အရှည်ဆုံးပုဂ္ဂိုလ်များ စုဝေးရာ ဂျပန်မှာလည်း ငါးအစားများကြတယ်လို့ ဆိုတယ်။

ငါးကို ကင်တာပဲဖြစ်ဖြစ်၊ ချက်တာပဲ ဖြစ်ဖြစ် အချိန်တိုတိုလေးနဲ့ ကျက်တာက သဘောကျစရာ ဖြစ်ပါလိမ့်မယ်။

ပုဇွန်အကွေး၊ ငါးအနွေး လို့ ဆိုကြတယ်။ မီးပေါ်တင်လိုက်လို့ ပုဇွန်က ကွေးသွားပြီ၊ ငါးကနွေးသွားပြီ ဆိုရင် ကျက်ပြီပေါ့။