Jan 1, 2010

change?

ပြောချင်တာပြော

ဘလော့တခုလုပ်ထားတယ်လို့ အသိတယောက်ကို ပြောပြတော့ ဘာတွေရေးသလဲလို့ ပြန်မေးပါတယ်။ ကျနော့်အဖြေကတော့ ရေးချင်တာတွေထဲက တော်တော်များများကို လျှောက်ရေးတာပစ်တာပဲ ပေါ့။ ဟုတ်တာပေါ့။ ရေးချင်တာ ပြောချင်တာတွေကို ဘလော့မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်တာပေါ့။ ကဲ - ရေးပြီဗျာ။

မနေ့က လူရွှင်တော်တယောက်နဲ့ ဆုံတယ်။ ဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရပ်ကို ပြက်လုံးထုတ်တော့
နိုင်ငံရေးသမားတွေက လက်ခုပ်တီးတယ်၊ ဒီမိုကရေစီလှုပ်ရှားမှုထဲက အမြင်မတော်တာတွေကို ပြက်လုံးမိထုတ်တော့ အဆဲခံရတယ် ဆိုပဲ။

ပြီးတော့ သူက မြန်မာပြည်သားတွေရဲ့ စိတ်ဓာတ် ပြုပြင်ရေးအတွက် စာနယ်ဇင်းသမားတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သဘင်သည်တွေမှာ တာဝန်မရှိဘူးလားလို့တော့ သူ့ကို မမေးမိပါဘူး။ တာဝန်ရှိပေမယ့် ပွဲခွင်တွေမှ မရှိတာလို့ သူ ပြန်ဖြေမယ် ထင်တယ်။ (မကောင်းတဲ့ စိတ်ဓာတ်တွေ ပြုပြင်ဖို့ အရေးတကြီးလိုနေပြီလို့ ပြောပေမယ့် သူကတော့ နိုင်ငံရေးသမားတွေကို အဓိက မထားပါဘူး၊ အားလုံးသော မြန်မာပြည်သား အများစုကို ဆိုလိုတာပါ တဲ့။)

လူတွေရဲ့ စိတ်ထဲ အတွေးထဲကို ကိုယ်ပေးချင်တာတွေ ထည့်ပေးလိုက်ဖို့က လွယ်တာမှတ်လို့။ သူတို့က ကိုယ်ရေးတာတွေ ဖတ်ပါ့မလား။ ၀က်ဆိုက်တခုကို လူဘယ်နှစ်ယောက် ၀င်ကြည့်လို့လဲ။ ၀င်ကြည့်တယ်ထားဦး ခလုတ်မှားနှိပ်မိလို့ ရောက်လာတာလည်း ဖြစ်နိုင်တယ်။ တကြောင်းနှစ်ကြောင်း ၀င်ဖတ်ပြီး ပြန်လှည့်သွားတာလည်း ဖြစ်နိုင်တယ်။

ရုပ်ရှင်ဒါရိုက်တာတယောက် ပြောတာကို သတိရမိတယ် ရုပ်ရှင်တွေ ဗီဒီယိုတွေဟာ သိပ်ထိရောက်တဲ့ လက်နက် ဆိုပဲ။

ရုပ်ရှင်က အထိရောက်ဆုံး မီဒီယာတစ်ခုလို့ ထင်တယ်။ တော်တော် ထိရောက်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုက ရောက်ရှိသွားနိုင်မယ့် လူဦးရေ အရေအတွက် အတိုင်းအတာက တော်တော် ကျယ်ပြန့်တယ်။ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်း ဓလေ့ထုံးစံနဲ့ နေ့တဓူဝ ဘဝထဲမှာ ရုပ်ရှင်က တော်တော် အရေးပါတယ်
တဲ့။ ဒါရိုက်တာ ရဲနိုင်မိုး (ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး)က မုခမဂ္ဂဇင်း၊ ဒီဇင်ဘာလထုတ်မှာ ပြောသွားတာပါ။

သူပြောတာ ထောက်ခံချင်စရာ။ မြို့ရောနယ်ပါ ရုပ်ရှင် ကြည့်ကြတာမဟုတ်လား။ ပညာပေးဖို့ ဝါဒဖြန့်ဖို့ ကိုယ်ပြောချင်တာ ပြောဖို့ ဆိုရင် ရုပ်ရှင်တွေက သိပ်ထိရောက်တာပေါ့။ ရုပ်ရှင်ရုံထဲ မျက်စိလည်ပြီးရောက်သွားတာဆိုလို့ သမီးရည်းစားတွေပဲ ရှိမှာပါ။ အများစုက အစအဆုံးကြည့်ဖို့ မောင်းတင်ပြီး လက်မှတ်တန်းစီခဲ့သူတွေချည်းပါပဲ။

ဒီဇင်ဘာလထုတ် လျှပ်တစ်ပြက် ဂျာနယ်တစောင်မှာ ပါတဲ့ အင်တာဗျူးကို ဖြတ်ပြီး တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ် မြန်မာပြည်မှာ အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ တွေ့မှာပါ။ (ဟို ဒါရိုက်တာ ဆရာ ပြောတာ မမှားဘူးဆိုတာ တွေ့လိမ့်မယ်။ လူတွေက စစ်ဖြစ်ရင်လည်း ရုပ်ရှင်ကြည့်မှာပဲ)

လျှပ်တစ်ပြက် အင်တာဗျူးကတော့ ရွှေမန်းရုပ်ရှင်ရုံပိုင်ရှင်ကို ဗျူးထားတာပါ။ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါဦး။

နောက်ပိုင်းမှာတော့ ပြုပြင်စရာ သောက်ကျင့်တွေအကြောင်းလည်း သူ ပြောထားတယ်။ ကဲ - ဘယ်လို ပြင်ကြမလဲဗျာတို့။
ဒီပို့စ်က ဘာပြောချင်တာလဲလို့ မမေးနဲ့နော်။ ပြောချင်တာတွေ ပြောပစ်လိုက်တာ။ ။




4 comments:

ရီမိုးပြည့်  said...

ဟုတ်တယ်.. ပြောင်းလဲရမှာတွေ အများကြီးပါ...

ပထမဆုံးလာရောက်ပြီး ပထမဆုံး ကော်မန်ပေးခွင့် ရလို့ ဝမ်းသာ၏။

မမသီရိ said...

လမ်းဘေးမှာ ဒင်းကြမ်းပြည့်နေတဲ့ပလပ်စတစ်အိတ်ခွံတွေမြင်တဲ့အခါ

လုပ်လက်စ လမ်းပေါ်မှာ ခင်းမဲ့ သဲတွေကျောက်တွေ လူမမြင်ခင် ကိုယ့်ဝင်းထဲ သယ်သွင်းသူတွေ မြင်ရတဲ့အခါ

ပြည်သူပိုင် လို့ပြောရမဲ့ အဆောက်အဦတိုင်းလိုလိုက စိတ်ပျက်ဖွယ်ရာ စုတ်ပြတ်ခြင်းတွေမြင်ရတဲ့ အခါ

ဘယ်သူ့မှာတာဝန်ရှိသလဲ လို့ ခဏခဏ ပြန်မေးဖြစ်တယ်..
အစိုးရမှာ တာဝန်ရှိတယ်
ပြီးတော့ လူတိုင်းမှာလဲ တာဝန်ရှိတယ်

ဒါပေမဲ့.. ဒီလူတွေ ကို ဒီလိုစည်းမဲ့ကမ်းမဲ့ မဖြစ်ဖြစ်အောင် တွန်းပို့နေတဲ့ အာဏာရှင်စံနစ် ကို လက်ဆုပ်လက်ကိုင်ပြုထားသူတွေ မှာ ပိုပြီး တာဝန်ရှိတာပေါ့

နိုင်ငံသားကောင်းအသိစိတ်ဓာတ်ဆိုတာ ငယ်ရွယ်စဉ်ကလေးဘ၀ ထဲက ပြုစုပျိုးထောင်ပေးရမှာ

ခုတော့နှစ်ရှည်လများ စံနစ်ဆိုးကြီးရဲ့အောက်မှာ စိတ်ဓာတ်ပျက်ပြားနေတဲ့ပြည်သူတွေရဲ့ သားငယ်သမီးငယ် အများစုက ယိုယွင်းနေတဲ့ ခြစား ပညာရေးစံနစ်ကြီးရဲ့ရွှံ့အိုင်ထဲ ပွင့်လန်းခွင့် မရတဲ့ ပန်းပွင့်တွေဖြစ် .. ပဒိုင်းပွင့်တွေ ဖြစ်လာရတာ မဆန်းပါဘူး ကိုဇာနည်.

ပြည်သူတွေကိုပညာပေးဖို့ ရုပ်ရှင် နဲ့ မီဒီယာတွေက အစွမ်းထက်တယ် ဆိုတာ ငြင်းစရာမရှိတဲ့အချက်ပါ

ဒီအချက် ကြီး ကို ကျမတို့ဘဘကြီးတွေ အမိအရ အပြည့်အ၀ အသုံးချတာ ကြည့်ပါ လား

သူတို့ပြောချင်တဲ့စကား တွေကို ပြည်သူ ချစ်တဲ့ အနုပညာသည်တွေကို အတင်းမောင်း ပြီး ပြောခိုင်းနေတာ ပေါ်လစီ ကားတွေ ရိုက်ပြီး တီဗွီမှာ လွှင့်ပေးနေတာ

blueskyforest said...

နှစ်သစ်မှာ မြန်မာ့သောက်ကျင့်များပြုပြင်ရေးအကြောင်း များများ ရေးဖြစ်ပါစေလို့ မြှောက်ပေးလိုက်ပါဒယ်ဗျား။
မာစေ၊ သာစေ၊ နွှာစေ။

ခင်မင်းဇော် said...

မမေးနဲ့ ဆိုလို့ ဘာမှမမေးတော့ပါဘူးလေ။