Sep 22, 2011

ထိုင်းတီးလုံး


ဒီနေ့ နေ့ခင်း သျှမ်းသံတော်ဆင့် သတင်းဌာန ဦးစိန်ကြည် အသုဘ ရှိတယ်။ မနေ့ညက သူ့ရုပ်ကလာပ်ထားရာ ချင်းမိုင်မြို့ ၀ပ်ပါပေါက် ဘုန်းကြီးကျောင်းကို သွားတယ်။ ပရိသတ်က အင်မတန် များတယ်။ သူက ဟိုတုန်းက သူပုန်၊ သီချင်းလည်း ဆိုတယ်၊ တီးဝိုင်းထောင်တယ်၊ နောက်တော့ ထိုင်းမှာနေပြီး စာနယ်ဇင်းလုပ်ငန်း လုပ်တယ် ဆိုတော့ သူ့နာရေးမှာ အလွှာအသီးသီးကပုဂ္ဂိုလ်တွေကို တွေ့ရတယ်။ သူ့ဓာတ်ပုံတွေ နံရံကပ်စာစောင်လို အများကြီး ကပ်ထားတယ်။ ဒေသအသီးသီးကို စာနယ်ဇင်းသမား ရွှေကြိဂံမူးယစ်ဆေးအရေးလေ့လာသူ အဖြစ် ရောက်နေတုန်း ရိုက်ထားတဲ့ပုံတွေပါ။

မနေ့ညက ၇း၀၀ ၀န်းကျင်မှာ တရားနာတယ်။ နေ့တိုင်း တရားနာသလား မသိပါ။ တခြားနေ့တွေ မရောက်ဖြစ်။

ထူးခြားတာက ဘုန်းကြီးကျောင်းထဲမှာ ဒရမ်တွေ ကီးဘုတ်တွေ နဲ့ တီးဝိုင်း ပြင်ထားတာပဲ။

ဦးစိန်ကြည်က သူ့နာရေးမှာ သူ့တီးဝိုင်း တီးဖို့ ဆိုဖို့ မှာထားတယ် တဲ့။

ထိုင်းအသုဘမှာကြားရတတ်တဲ့ အီးငြောင့်အီးငြောင့် ဂီတသံတွေ ညည်းချင်းတွေကို သူမကြိုက်ဘူးလို့ ဆိုတယ်။

ထိုင်းရိုးရာတီးလုံးကို လက်ဝှေ့ပွဲတွေမှာတော့ ကြားဖူးတယ်။ ထိုင်းလက်ဝှေ့က မြန်မာပြည်ရိုးရာလက်ဝှေ့နဲ့ ဆင်တူပေမယ့် တီးလုံးတော့ မတူဘူး။ မြန်မာပြည်ရိုးရာလက်ဝှေ့မှာ ကြားရတဲ့ ဆိုင်းသံဗုံသံက ပရိသတ်ရော ကြိုးဝိုင်းထဲက လက်ဝှေ့သမားတွေကိုရော သွေးကြွစေတယ်။ လော်စပီကာသံ သေချင်စော်နံတာကတော့ ထားပါတော့လေ။

ထိုင်းရိုးရာလက်ဝှေ့အတွက် ဂီတသံက မြူးမြူးကြွကြွ မရှိဘူး။ အီးငြောင့်အီးငြောင့်နဲ့ စိတ်ညစ်ပြီး လဲသေချင်စရာ ကောင်းတယ်။ လက်ဝှေ့သမားတွေ ကြမ်းပြင်ပေါ် အိပ်ချပြီး အနားယူချင်စိတ်ပေါက်လောက်တယ်။

ထိုင်းတွေမှာ ချီးကျူးစရာအချက်တွေ ရှိပါတယ်။ ဒီလို နာရေး နဲ့ လက်ဝှေ့ရေး ဂီတသံတွေကတော့ စိတ်ညစ်ဖို့ကောင်းပါတယ်။



1 comment:

Anonymous said...

ဒီ စာပြောင်ဆရာရေးတာဖတ်ရတာ ထိုင်းမြန်မာ သံစဉ်မတူ အကြိုက်မတူကြတာ ရှင်းပြနေသလိုပါဘဲ။ မြန်မာစာကို လည်းကြည့်လိုက် အသံတွေအကုန်ကြားနေရသလို ရေးတော့တာ.. အီးငြောင့် အီးငြောင့်.. တို့.. လော်စပီကာသံ သေချင်စော်နံ..တို့.. နဲ့ နာရေးသတင်း ဖတ်နေရင်း.. ပြုံးစိစိ ဖြစ်ကုန်ပါရောလား။ :)