Jun 11, 2012

ဘန်ကောက်ကို ရောက်လာပြန်ပြီ

ကျနော် ဘန်ကောက်ရောက်နေတာ တပတ် ရှိပြီ။ နောက်ထပ် အနည်းဆုံး ၂ ရက် ထပ်နေရမယ်။

အခု ကျနော့်လက်ထဲမှာ အထုပ်တထုပ် ရောက်နေတယ်။
ယူအက်စ်မှာနေတဲ့ ဦးဝင်းဖေက သူ့ပန်းချီကားတွေကို ချင်းမိုင်က မြန်မာပန်းချီပြခန်း လူကြုံပို့လိုက်တာပါ။
အဲဒီလူကြုံက ဘန်ကောက်အထိပဲ ရောက်တယ်။ ချင်းမိုင် မရောက်ဖြစ်သေးဘူး။
ဒီတော့ ပန်းချီကားထုပ်ကို ကျနော် သယ်သွားပေးမယ်။ အပမ်းမကြီးပါဘူးလေ။ အထုပ်က ကျောပိုးအိတ်ထက်ကြီးနေတာတခုပဲ ပြောစရာရှိတယ်း)
အဲဒါက အပေါ်က ဓာတ်ပုံအကြောင်း မိတ်ဆက်စာပါ။ ကဲ - ဘန်ကောက်အကြောင်း ပြန်ဆက်ရရင် -

ဘန်ကောက်ဟာ အရင်ကထက်ပိုပြီး နှစ်သက်စရာမကောင်းတဲ့မြို့ ဖြစ်လာတယ်။

၂၀၀၀ တုန်းက မကြာခဏ ဘန်ကောက်ရောက်ဖြစ်တယ်။ အဲဒီတုန်းက ကိုသားညွန့်ဦး၊ မအင်ကြင်းတို့အိမ်မှာ တည်းတာပေါ့။ ခုတော့ သူတို့ ၂ ယောက်လည်း ၃ ယောက်ဖြစ်သွားပြီး ယူအက်စ် ရောက်နေတယ်။

သူတို့ Lat Phrao လမ်း တနေရာမှာ ရှိတုန်းက သူတို့အိမ်က ကျနော်တို့ ဘန်ကောက်ရောက်တိုင်း တည်းကြတာပေါ့။ မြို့ထဲ မသွားတတ် မလာတတ်မို့ သူတို့နဲ့ လိုက်လိုက်သွားဖြစ်တယ်။ ဘန်ကောက်လမ်းတွေကလည်း ရန်ကုန်ထက် ပိုရှုပ်၊ ကျနော်က ထိုင်းလိုလည်း မပြောတတ် ဆိုတော့ ပိုပြီး အားကိုးဖြစ်တယ်း)

ဘတ်စ်၊ ရထား၊ အငှားကား စီးပုံစီးနည်း သူတို့ကြည့်ပြီး လေ့လာရတယ်။
အငှားကားစီးရတာ ဘာခက်တာမှတ်လို့။ သို့သော်
ဘန်ကောက် တက္ကစီသမားတချို့က အင်္ဂလိပ်လို ပြောကြ မေးကြတယ် - မင်း ဘယ်နိုင်ငံကလဲ တဲ့။ မြန်မာပြည်ကလို့ ဖြေလို့ မဖြစ်ဘူး။ ကိုယ့်ကိုမေးတဲ့
တက္ကစီဆရာက သာမန် စပ်စုတတ်တဲ့ လူကောင်းလား၊ လူဆိုးလား၊ တိုင်တတ် တောတတ်တဲ့သူလား မသိနိုင်ဘူး။ ဒီတော့ ဖိလစ်ပိုင်၊ စင်္ကာပူ စသဖြင့် ဖြေမိတာများတယ်။

ကိုယ်သွားတဲ့အိမ်တွေ အခန်းတွေမှာက ပတ်စ်ပို့မရှိသူတွေ များတယ်လေ။ ကျနော့်လို့ ဒုက္ခသည်လက်မှတ်နဲ့ ဖြစ်နိုင်သလို သူတို့မှာရှိတဲ့ ပတ်စ်ပို့ကလည်း မိတ်အင်ဘန်ကောက် ဖြစ်နေတတ်တယ်း) ဒီတော့ I am from Singapore ပေါ့ဗျာ။

လေပေါတဲ့ တက္ကစီဆရာတယောက်နဲ့ စကားစပ်မိတုန်းက ရီစရာနဲ့ ကြုံရသေးတယ်။

မင်း ဘယ်နိုင်ငံကလဲ။
ငါ စင်္ကာပူက။

အိုး၊ ဗဲရီးဂွတ်။
ဟုတ်တယ်၊ ဂွတ်တယ်။

မင်းတို့ဝန်ကြီးချုပ်က တကယ် တော်တာပဲ။
ဟုတ်တယ်၊ လီကွမ်ယုက သောက်ရမ်း တော်တယ်။ ငါတို့အားလုံး သူ့ကို ချစ်တယ်။

မဟုတ်ဘူး၊ လီကွမ်ယု မဟုတ်ဘူး၊ သူက ၀န်ကြီးချုပ်ဟောင်းလေ။ ငါပြောတာက လက်ရှိ ၀န်ကြီးချုပ်လေကွာ။ အင်း - ငါ နာမည် မေ့နေပြန်ပြီ (လို့ သူက လေရှည်တော့ ကျနော်လည်း လျှောက်ပြောရတော့တယ်။ အရေးထဲ ဂိုချုပ်တောင် နာမည်ကို သူရော ကျနော်ပါ မေ့နေတာမို့)
သြော် ...................... ဟုတ်တယ်၊ ငါတို့ဆီက ၀န်ကြီးချုပ်တွေ အကုန် တော်တယ်။

မင်းတို့ ၀န်ကြီးချုပ်နာမည် ဘယ်သူ? အား - ဘယ်သူပါလိမ့်။
မင်း စင်္ကာပူ ရောက်ဖူးလား။ လာလည်ပါလား။ အရမ်းကောင်းတယ်။

အင်း - လည်တာပေါ့ကွာ။ xxxx ဟဲဟဲ
ဟုတ်ကဲ့ xxxx ဟဲဟဲ xxxx

xxxxxxxxxxxxxxxxxxxxx
zzz

xxxxxxxxxxxxxxxxxxxx
zzzzz

မင်းနဲ့ စကားပြောရတာ အရမ်း အရမ်း ကောင်းတယ်ကွာ။
အေး ငါလည်း အဲဒီလိုပဲ ထင်တယ်။

တကယ်ပြောတာကွ။ စကားပြောလို့ အရမ်း အဆင်ပြေတယ်။ တချို့ခရီးသည်တွေနဲ့ စကားပြောဖြစ်တယ်။ သူတို့နဲ့ အင်္ဂလိပ်စကား ပြောရတာ မအိုကေဘူး။ မင်းနဲ့ အိုကေတယ်။ မင်းပြောတာ ငါနားလည်တယ်။ ငါပြောတာလည်း မင်းနားလည်တယ်။ ကောင်းတယ်။
ဟုတ်တယ်။

အဲဒါပါပဲဗျာ။ ဒီ ရယ်စရာအကြောင်း ကျနော့်မိန်းမကလွဲလို့ ဘယ်သူ့ကိုမှ မပြောမိသလောက်ပါပဲ။

၂၀၀၀ ၀န်းကျင်က ဘန်ကောက်ကို ဆယ်ကြိမ်မက ရောက်ဖြစ်ပေမယ့် အခုတော့ ကျဲသွားပြီ။
တည်းနေကျအိမ်မှာတည်းဖို့ မဖြစ်နိုင်လို့ ဟိုတယ်မှာပဲပေါ့။

ချိန်းပြီး ဆုံရ တွေ့ရမယ့်လူလည်း သိပ်မရှိတော့ဘူး။ ရှိတဲ့သူကလည်း အချိန်ရှားပါးသတ္တ၀ါတွေဖြစ်ကုန်ပြီ။

မပြောင်းလဲတာကတော့ ဘန်ကောက်ပဲ။ ဟိုတုန်းကလို မြောင်းပုပ်နံ့၊ ဟိုတုန်းကလို ပူပူလောင်လာင်၊ ဟိုတုန်းကလို ရှုပ်ယှက်ခတ်နေတုန်းပါ။ ယာဉ်ကြောပိတ်တာတော့ ပိုဆိုးလာတယ်။

ဘန်ကောက်ဟာ နေထိုင်သွားလာလို့ မကောင်းပေမယ့် အချက်အချာကျတဲ့နေရာ၊ အရေးပါတဲ့နေရာ ဖြစ်နေတာကြောင့် ရောက်လာရပြန်ပါပြီ။

နောက် ၂ ရက် ကျော်ရင်တော့ ကျနော် ချင်းမိုင်ပြန်ရောက်ကောင်းပါရဲ့လေ။

တော်သေးပြီ။
လျှောက်ရေးထားတာ ဖတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments: