Feb 8, 2009

a sort of noodle in Burma

အတွေးအမြင် ဝဝ၂

ရန်ကုန်မှာ ပေါများတာ မုန့်ဟင်းခါးဆိုင်။ ရန်ကုန်ကို အထင်ကြီးတဲ့ထဲမှာ မုန့်ဟင်းခါးဆိုင်တွေ ပေါတာလည်း တချက် အပါအ၀င် ဆိုပါစို့ရဲ့။
ကွမ်းယာဆိုင်က ပိုပေါပေမယ့် ကွမ်းမကြိုက်တော့ လမ်းထိပ်တိုင်းလိုလိုမှာ ဖွင့်တတ်တဲ့ ကွမ်းယာဆိုင်တွေအကြောင်း စာမဖွဲ့တော့ဘူး။

ရန်ကုန်မှာ လေးနေရာလောက် ပြောင်းရွှေ့နေခဲ့ဖူးတာ တကြိမ်မှာတော့ တင်တင်အေးမုန့်ဟင်းခါးဆိုင်နားမှာ နေဖြစ်ခဲ့တယ်။ တင်တင်အေး မျက်စောင်းထိုးမှာ ဟိုဒင်း ရှိတယ်၊ စိန်ဥ မုန့်ဟင်းခါးဆိုင် ရှိတယ်။ စိန်ဥဟင်းရည် အရောင်က ဆွဲဆောင်မှု မရှိဘူး၊ အရသာကတော့ ဂွတ်ရှယ်။ တင်တင်အေးဟင်းရည်ကတော့ စားသုံးသူအကြိုက် အရောင်အဆင်းနဲ့။

သူတို့မုန့်ဟင်းခါး၂ဆိုင် ဘယ်ဟာ ပိုကောင်းသလဲ မေးရင်တော့ ၂ဆိုင်လုံး စားလို့ကောင်းပါကြောင်း ဖြေရမယ်။

ကောင်းပေမယ့် စိန်ဥကို ပိုစားဖြစ်တယ်။ ပိုနီးလို့၊ ပြီးတော့ ထိုင်ရတာ ခွေးခြေ လို့ ခေါ်တဲ့ ထိုင်ခုံလေးတွေနဲ့မို့၊ ပြီးတော့ အဲဒီတုန်းက အဲဒီဆိုင်က လူတယောက် ထောင်ထဲရောက်နေတယ် ဆိုတာ ကြားဖူးတော့ ပိုပြီး အားပေးဖြစ်တဲ့သဘော။ (မုန့်ဟင်းခါးစားတာတောင် နိုင်ငံရေးပါသဗျ)

မြောင်းမြဒေါ်ချို ဆိုတဲ့ဆိုင် တခါ ရောက်ဖူးတယ်။ ခုတော့လည်း ပြည်ပရောက်နေလို့ ဒေါ်ချိုရဲ့ အသင့်စားမုန့်ဟင်းခါး (ရယ်ဒီမိတ်)တွေကိုပဲ အားပေးနေရ။

မုန့်ဟင်းခါးကို ပုသိမ်မှာလည်း စားဖူးတယ် ကောင်းတာပဲ။ ဧရာဝတီတိုင်းဟာ မုန့်ဟင်းခါးရဲ့ မွေးဌာနီများလား။

မိုးကုတ်မှာတော့ မုန့်ဟင်းခါးကို နာမည်ဖျက်တဲ့ဆိုင်တခု တွေ့ဖူးတယ်။ အဲဒီဆိုင်က မုန့်ဟင်းခါးကို အမဲသားနဲ့ စီမံသဗျ။ ကျပ်ပြင် ဆိုတဲ့ ဒေသမှာ ရှိတဲ့ဆိုင်။

ငါးရှဥ့်နဲ့စီမံထားတဲ့ မုန့်ဟင်းခါးလည်း ကောင်းတာပဲ၊ ဇင်းမယ်မြို့ ဒွိုင်ဆူထေ့ တောင်ခြေက မိတ်ဆွေတယောက်ချက်တာ တခါတော့ ကြုံဖူးတယ်၊ ငါးရှဥ့်ဟာလည်း ငါးတမျိုး မဟုတ်လား။

ရန်ကုန်ရောက်ခါစတုန်းက မုန့်ဟင်းခါး နဲ့ ပတ်သက်ပြီး ခံရဖူးတယ်၊ အတန်းအပြင်ဘက်မှာ လမ်းသလားနေတုန်း ကျောင်းသားတယောက်က လှမ်းမေးတယ်၊ ဟေ့ကောင် မုန့်ဟင်းခါး စားမလား လိုက်ခဲ့ တဲ့။ သိပ်စားတာပေါ့ကွာ၊ ဒါနဲ့ သူ့နောက် လိုက်သွားတယ်။ မုန့်စားဆင်းချိန် မရောက်ခင် စားရမှာမို့ ၀မ်းသာနေတယ်၊ မုန့်စားဆင်းချိန်ဆို တိုးမပေါက်တော့ ၀ယ်စားရတာ ဟန်မကျဘူးလေ။ သူကောင့်သားနောက် လိုက်ရင်း ပါးစပ်ပြင်လို့ မပြီးသေးဘူး မုန့်ဟင်းခါးဆိုင် မရောက်ဘဲ ခန်းမကြီးတခုထဲက ခုံတွေကို သယ်ရပါရောလား၊ ရန်ကုန်သားတွေ ပြောတဲ့ မုန့်ဟင်းခါးစားတယ်ဆိုတဲ့စကားက လုပ်အားပေး တာကိုလည်း ဆိုလိုမှန်း အဲဒီမှာ သိသွားတာပေါ့။ ၆ တန်း ကျောင်းသားဘ၀ဗျာ။ အီဒီယံတခုကို လက်တွေ့ ပို့ချခံလိုက်ရတာ။

ရန်ကုန်မှာ နောက်ထပ် မုန့်ဟင်းခါး နဲ့ ဆိုင်တဲ့ အီဒီယံတခု ရှိသေး။ "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" တဲ့။ ဒီစကား အဓိပ္ပာယ်က လုပ်အားပေးနဲ့ မဆိုင်ဘူး။ ခင်မင်သူအချင်းချင်း နောက်ပြောင်ပြီးပြောတဲ့စကားဗျာ။ ကားလမ်းကို နမော်နမဲ့ဖြတ်ကူးတဲ့သူ၊ ယမကာ နေ့စဉ် အလွန်အကျွံ သုံးဆောင်သူ စသဖြင့်တို့ကို ဆုံးမတဲ့စကားပါ။ ရန်ကုန်မှာ လူတယောက် ကွယ်လွန်လို့ ရက်လည်ဆွမ်းသွပ်တဲ့နေ့မှာ လာတဲ့ပရိသတ်ကို မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ်လေ၊ နာရေးတိုင်းလိုလို မုန့်ဟင်းခါး ကျွေးတယ်။ ဒါဆို "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" ဆိုတဲ့ အဓိပ္ပာယ်ကို သိရောပေါ့။

ရန်ကုန်က နာရေးတွေနဲ့ မုန့်ဟင်းခါး ဘယ်လို ဆက်စပ်သလဲဆိုတာ ဆရာကြီး မင်းသိင်္ခ စုံစမ်းသိရှိထားတယ်၊ အတိအကျ သိချင်ရင်တော့ ဆရာကြီးနောက်ကို လိုက်မေးပေတော့ဗျာ။ ဆရာကြီးက မုန့်ဟင်းခါး ကျွမ်းကျင်သူတယောက်ပေပဲ။ မုန့်ဟင်းခါး ဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက် နောက်တခုကိုလည်း သူ့ရဲ့ ၀တ္ထုတပုဒ်ထဲမှာ ဇာတ်ကောင်တယောက်က ဟောသလို ပြောဖူးတယ်၊ "မုန့်ဟင်းခါးစားပြီးတိုင်း ဟင်းရည်အဆစ်တောင်းတာ သူ့အဖိုးက အစပြုခဲ့တာ" တဲ့။ (သူပြောတိုင်း ယုံရမှာလား၊ သူ့အဖိုးဆိုတာ သေချာပါ့မလား၊ စာရေးဆရာမ တူးတူးသာတို့ အဖိုးလည်း ဖြစ်နိုင်တာပဲ။း)

မုန့်ဟင်းခါးထဲ နံနံပင် ထည့်ရေး မထည့်ရေးကတော့ (မျက်စိမြင်တဲ့) ကလေးတွေရဲ့ အလုပ်ပဲ ဖြစ်သင့်ပါတယ်။

ရန်ကုန်သားတွေက မုန့်ဟင်းခါး စားဖို့ပဲ ၀ါသနာ ပါကြတာပါ၊ မုန့်ဟင်းခါးအကြောင်း ငြင်းခုံဖို့တော့ ကျနော် သိသလောက် သူတို့ ဝေးဝေးရှောင်ကြတယ်။ အစားအစာ ဘာသာရပ်ဟာ အမျိုးသမီးရေးရာလို့ သတ်မှတ်ထားပုံရ။

ရန်ကုန်သားများနဲ့ ၂ခါ ၃ခါ မုန့်ဟင်းခါးအကြောင်း လေပစ်ဖူးတယ်၊ "ဟေ့ရောင် - မုန့်ဟင်းခါးဆိုင် မှန်သမျှ ဟင်းရည် ချိုချို ချက်ကြတာချည်းပဲ၊ ခါးတဲ့အရသာ ငါဖြင့် မကြုံဖူးပါဘူး၊ ဒါကြောင့် မုန့်ဟင်းခါး ဆိုတာ မုန့်ဟင်းငါး ကနေ ရွေ့လာတာဖြစ်မယ်" ပေါ့ဗျာ။ မုန့်ဟင်းခါးဟင်းရည်ဆိုတာ ငါးနဲ့ စီမံထားတာကိုး။ ရန်ကုန်သားများဆီက တုံ့ပြန်ချက် ပြန်မလာပါ။ မုန့်ဖတ် အပေါင်း ဟင်းခါးရည် ညီမျှချင်း မုန့်ဟင်းခါး လို့လည်း မဖြေဘူး။ ဘာမှ မဖြေဘူး၊ မဆွေးနွေးဘူး။ တကယ်ဆို သူတို့ တခုခု ပြောသင့်တာပေါ့၊ ရန်ကုန်သား အတော်များများက မုန့်ဟင်းခါးနဲ့ မျက်နှာသစ်ကြတယ်မဟုတ်လား။

တကယ်တော့ ကျနော်ပြောချင်တာက မုန့်ဟင်းခါးအကြောင်း မဟုတ်ပါဘူး၊ မုန့်ဟင်းခါးထဲ ထည့်တဲ့ သံပုရာသီးအကြောင်းပါ။ မုန့်ဟင်းခါးထဲ သံပုရာညှစ်ပြီး စားကြည့်စမ်းပါ၊ ကြိုက်သွားပါလိမ့်မယ်၊ ကျနော်ကတော့ ကြိုက်သဗျာ။ မစားခင် သံပုရာ မညစ်နဲ့ ဦး၊ တ၀က် ကုန်အောင် စားလိုက်၊ ပြီးမှ သံပုရာညှစ်စား။ အရသာ ၂ မျိုး ရမယ်။

ပြောချင်တာ အရသာလည်း မဟုတ်ပါဘူး၊ အရသာအကြောင်း ရှင်းပြရအောင် ကျနော်က အဲသလောက် ကျွမ်းကျင်သူ မဟုတ်။ ပြောချင်တာက သံပုရာသီး။

သာရေးနာရေးမှာဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် သံပုရာသီးကို ခပ်သေးသေးစိတ်ပြီး ပန်းကန်ထဲ ထည့်ထားပေးတတ်တယ်။ ကောင်းတယ်ဗျာ၊ မုန့်ဟင်းခါး စားပြီးတိုင်း အချိုမှုန့်ဓာတ် လျှာမှာ စွဲကျန်မနေအောင် ဒီသံပုရာသီးကိုပဲ အားကိုးနေရတာ။

လူတချို့က ဒါမှမဟုတ် လူအတော်များများက သံပုရာသီးစိတ်လေးတွေကို ယူညစ်ပြီးရင် အမှိုက်ပုံးထဲ သွားမပစ်ဘူး၊ ဒါမှမဟုတ် သူ့ပန်းကန်ဘေးမှာလည်း မထားဘူး၊ သံပုရာသီးစိတ်ပန်းကန်ထဲပဲ ခပ်လွယ်လွယ် ပစ်လိုက်တယ်။ အကောင်းနဲ့ညှစ်ပြီးသားနဲ့ ရောရတာ သိပ် ၀ါသနာ ကြီးကြတယ်။ သံပုရာသီး ညှစ်ပြီးရင် အချဉ်ဓာတ်က လက်က အညစ်အကြေးတွေကို ဖွပေးလိုက်မှာပဲ၊ အညစ်အကြေး ပေသွားတဲ့ သံပုရာခြမ်းတွေကို ပန်းကန်ထဲ ပြန်ထည့်တော့ ကိုယ့်အညစ်အကြေးတွေကို ပန်းကန်ထဲ ပြန်ထည့်သလို ဖြစ်သွားတယ်။

ဟာ - ဒီငနဲ မြောက်အမေရိကမှာ ခိုလှုံခွင့်ယူပြီးပြန်လာတာ ဘိုတွေရဲ့ စရိုက်တွေ ကော်ပီကူးခဲ့ပြန်ပြီ လို့ အထင်မသေးလိုက်ပါနဲ့ဦး၊ ကျနော်က အညစ်အကြေး ကြောက်တဲ့သူ မဟုတ်ပါဘူး။ အင်း - ဘယ်လို သက်သေ ပြရပါ့။

သေချာတာကတော့ မုန့်ဟင်းခါးစားဖို့ ဟန်ပြင် ပါးစပ်ပြင်၊ အဲဒီအချိန်မှာ ညစ်ပြီးသား သံပုရာခွံတွေကို ဖယ်ပြီး သံပုရာခြမ်းတွေ လိုက်ရှာရတာက (ဘိုဆန်ဆန် ပြောရရင်) စိတ် မသက်မသာ ဖြစ်စရာပါ။ သံပုရာ ပန်းကန်ထဲ သံပုရာခွံ ရှုံ့တွတွတွေ သိပ်များနေပြီဆိုရင်တော့ မုန့်ဟင်းခါးစားခြင်းအနုပညာကို ထိခိုက်တော့တာပဲ။ ကဲဗျာ - ဒီလောက်ပါပဲ။

ခင်ဗျားတို့အိမ်မှာ (နာရေးမဟုတ်ပေမယ့်) မုန့်ဟင်းခါးချက်ဖြစ်ရင် ကျနော့်ကို ဖိတ်လို့ ရပါတယ်။ သံပုရာသီးကိစ္စကိုတော့ မေ့လိုက်ပါဗျာ၊ ဒါက ကျနော့်ရဲ့ အရေးမပါဘူးလို့ ဟန်ဆောင်လို့ရတဲ့ ဇီဇာကြောင်မှု တခုပါ။ ဒီအတွက်နဲ့တော့ ကျနော့်ကို ချန်ထားစရာ မလိုပါဘူး၊ ဖိတ်သာ ဖိတ်လိုက်ပါ၊ မုန့်ဟင်းခါးဝိုင်းမှာ ဝေါဟာရရေးရာ ငြင်းခုန်တာတွေလည်း မလုပ်ပါဘူးလို့ အာမခံပါတယ်။ အင်း - ကြိုတင် တောင်းဆိုချင်တာ တခု ပြောပါ ဆိုရင်တော့ ပထမပွဲမှာ မုန့်ဖတ်နည်းနည်း ဟင်းရည်များများ ထည့်ပေးပါဗျာ။ ။

10 comments:

Moe Cho Thinn said...

ဒီနေ့ အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်တယ်။ မုန့်ဟင်းခါး လဲ ကိုဇာနည့်ပို့စ် ဖတ်ပြီးတော့ စားချင်သွားပြီ။ နောက်တခါ အိမ်လာခဲ့ပါ။ အသေအချာ ကောင်းကောင်း ချက်ကျွေးမှာပါ။ သံပုရာပင် တပင်လုံး အိမ်နောက်ဖေးမှာလဲ ရှိရဲ့။ သံပုရာအတွက်လဲ မပူနဲ့။ :)

အောင်သာငယ် said...

ကိုဂျက်လီ ဘယ်အိမ်တွေသွား မုန့်ဟင်းခါးစားပြီး အငြင်းတွေပွားခဲ့ပါလိမ့်...း)

khin oo may said...

သေချာတာကတော့သူမုန့်ဟင်းခါး.......စားချင်နေတယ်။

မိုးချိုသင်းချက်မယ်ဆိုတာကိုတော့ ခပ်ကြောက်ကြောက်ဘဲ။

သံပုရာခြမ်းထည့်ဘို့ပန်းကန်ပါပေးပါ.မိုးချိုသင်း

pandora said...

ဒီနေ့ အိမ်မှာ မုန့်ဟင်းခါးချက်တယ်
လာနိုင်ရင် လာစား တ၀စား
သံပုရာသီးအခွံ ထည့်ဖို့ ပန်းကန်လွတ် သတ်သတ် ချပေးမယ်လေ. :P

ခင်မင်းဇော် said...

တူးတူးသာကတော့ ငရုတ်သီးအကျက်မှုန့်မှာပြီး နင်နဲ့ ထည့်ပေးလိုက်တဲ့။
သူ မုန့်ဟင်းခါး ချက်ကျွေးမလို့လားမသိ။ အိမ်မှာလာယူဦး။
အတည်ပြောတာနော်..

Kay said...

ဗမာပြည်သားနဲ့ မုန့်ဟင်းခါးကတော့..ခွဲမရလေ။
သိပ်မစဉ်းစားနဲ့လေ..စားစရာရှိစား။ မိုးကုတ်က..ငါးရှားတာကိုး..။ ဒီမှာတော့ပင်လယ်ငါးတွေနဲ့ အသက်ဆက်နေရလို့..ရေချိုငါးများကို လွမ်းမိပါရဲ့။

tututha said...

ဟင်းရည်အဆစ်တောင်းတာကို ကျမအဖိုးက စမစ မသိပေမယ့် (ကျမက အဖိုး ၂ ယောက်လုံးနဲ့မမီတော့ မမေးလိုက်ရဘူး) ကျမအလှည့်မှာတော့ ဟင်းရည် အဆစ်တောင်းတာဟာ ဆိုင်ရှင်ကို နည်းနည်း စီးပိုးရာများ ကျနေမလားလို့ တွေးမိပြီး အဆစ်မတောင်းဘူး ကိုဂျက်လီရဲ့ .. ၀၀၃ အဖြစ် မှတ်တမ်းပြုစုရင်လည်း ပြုစုလိုက်ပေါ့။ ကျမလည်း ပထမပွဲမှာ အရည်ရွှဲရွှဲဆမ်းရတာ ကြိုက်တယ်။ တခါထဲ ကျမအတွက်ပါ ထည့်ပြောပေးဦး ... နာမည်ယူသုံးခ ပေါ့။ (မှတ်ချက်။ ။ အစ်မခင်မင်းဇော်ပြောသလို မုန့်ဟင်းခါး ချက်ဖို့ လုံးဝလုံးဝ အစီအစဉ် မရှိသေးပါကြောင်း :P)

minmin said...

မုန့် ဟင်းခါးကိုကျနော်လဲတော်တော်ကြိုက်တယ်။တော်တော်
ကောင်းကောင်းလဲချက်တက်တယ်။စားချင်တယ်ဆိုရင်တော့
ကျနော်ဖိတ်ပါတယ်ရောက်အောင်သာလာပါလျှာလယ်သွား
အောင်ချက်ကြွေးမယ်။လာမယ်ဆိုသိတ်တော့မဝေးပါဘူး။
ဖင်လန်နိုင်ငံမှာကျနော်နေပါတယ်။လာမယ်ဆိုကြိုဆိုပါတယ်

ဖိုးဂျယ် said...

မုန့်ဟင်းခါး မစားရတာကြာပေါ့
မုန့်တီတော့ ဟိုတနေ့က ပန်နီဆူးလားမှာ သွားသောက်တယ်
မုန့်ဖတ်တွေက လူကို လည်ပင်း ညှစ်သတ်လို့ရတယ်။

ဒူကဘာ said...

မုန့်ဟင်းခါးနဲ့ ပါတ်သက်ရင် ဘဝမှာ ထူးထူးခြားခြား မှတ်ထားမိတာ ၂ခု ရှိတယ်၊ သူငယ်ချင်း ဇနီးတဦးပေါ့ ဘယ်လို ဟင်းရည်ရှိရှိ မုန့်ဖတ်ရှိရင် သူ့ အတွက် မုန့်ဟင်းခါး ဖြစ်သွားလေ့ ရှိတယ်...နောက်ဆို သောက်ရေနဲ့ ဆိုလဲ O.K မလားပဲ ...အံ့ဖွယ်ပေါ့၊ နောက်တဦးက ရေသောက်တိုင်း သောက်ရေအိုးကို ခွက်နဲ့ တချက်လောက် အရင်မွှေ ပြီးမှ ရေသောက်လေ့ ရှိတယ်၊ သူက ... ၁၂လုံးတန်းက ကျော်ကြား မုန့်ဟင်းခါး ဆိုင်ရှင် .... သားပဲ...အကျင့်ပေါ့ သူ့ ဟာသူတော့ သတိထားမိ ပါ့မလား မသိ။