Feb 15, 2009

thinking about the Clock

အတွေးအမြင် ဝဝ၎
ဒီညနေ မင်္ဂလာဆောင်တခုကို သွားတယ်။ ကုန်တိုက်မှာ လက်ဖွဲ့ဖို့ ပစ္စည်းတမျိုးမျိုး ကောင်းနိုးရာရာ လိုက်ရှာတာ အများကြီး တွေ့တယ်။ ဘာပေးရမှန်း မသိ။ နောက်ဆုံး နာရီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်၊ နာရီကြီးကြီးတလုံး လက်ဖွဲ့လိုက်တယ်။ တိုင်ကပ်နာရီ။ သတို့သား မောင်ပီတာ နဲ့ သတို့သမီး မျိုးတို့ ကြိုက်မကြိုက် မသိ။ ကျနော်ကတော့ ကြိုက်တယ် ဒီနာရီကြီးကို။ အဖြူရောင်နောက်ခံ။ ဘာပုံမှ မပါဘူး။ ဂဏန်း ၁၂ လုံးနဲ့ နာရီလက်တံ၊ ဒါပဲ။

အခု ကျနော်နေတဲ့အိမ်မှာ တိုင်ကပ်နာရီ ၂ လုံး ရှိတယ်။ အိမ်ရှေ့ခန်းတလုံး၊ အခန်းထဲမှာ တလုံး။ ၂ ခုလုံးကို မကြိုက်ဘူး။

ရှေ့ခန်းက နာရီက မစ်ကီးမောက်စ်ကာတွန်းရုပ်နောက်ခံနဲ့။ နာရီဆိုတာ အချိန်သိချင်လို့ ကြည့်တာပဲ။ ဘာကြောင့် ကာတွန်းပုံက ၀င်ရှုပ်နေပါလိမ့်။ ဘဇာကြောင့် ဒီနာရီက တို့ဆီရောက်နေရတာလဲလို့ ကျနော့်မဟေသီကို မေးကြည့်တော့ သူငယ်ချင်းအိမ်ပြောင်းတုန်းက ၀ိတ်လျှော့တဲ့ ပစ္စည်းတခုပါ၊ သူမသယ်နိုင်လို့ အိမ်ကို ရောက်လာခြင်း လို့ ဆိုတယ်။ အလကားရတဲ့နွားဆိုတော့လည်း ရှိစေတော့။

အခန်းထဲက ပန်းပွင့်ပုံတွေနောက်ခံနဲ့ နာရီကြီးကတော့ ဘယ်လိုရောက်လာမှန်းတော့ မသိဘူး။

မနက်အိပ်ယာထရင် အရင်ဆုံး ကြည့်ဖြစ်တာက နာရီ။ ဘယ်အချိန်ရှိပြီလဲ သိချင်လို့။ ၆ နာရီ ၇ နာရီကျော်ကျော် မှိတ်ထားတဲ့မျက်စိကို မနည်း ပြူးပြီး ကြည့်ရတာပေါ့ ထုံးစံအတိုင်း။

ဒီ ပန်းပွင့်နာရီက ဟန်မကျပါဘူး။ ဟန်မကျလည်း သူ့ပဲ မနက်တိုင်း ကြည့်နေရတယ်။ နောက်ခံက ပန်းပွင့်ပုံတွေနဲ့ ဆိုတော့ သတင်းပို့တာ နောက်ကျတယ်။ ကျနော့်မျက်လုံးတွေက ကျနော့်ဦးနှောက်ကို သတင်းပို့တာ နောက်ကျတယ်။ မျက်လုံးက သူက သူ့ကိုယ်သူ အတည်ပြုနေရတော့ ချက်ချင်း သတင်းမပို့နိုင်ရှာဘူး။

ကျနော်သာ တိုင်ကပ်နာရီထုတ်တဲ့ စက်ရုံပိုင်ရှင်ဆိုရင် ရိုးရှင်းတဲ့ နာရီတွေကိုပဲ ထုတ်မယ်။
အလှဆင်မယ်ဆိုရင်လည်း နာရီ အခွံကိုပဲ လှအောင်လုပ်မယ်။ အရောင်ကို ဂရုစိုက်မယ်။ နာရီလက်တံတွေကို လှလှလေး လုပ်လိုက်မယ်။ ဒါပဲ။

နာရီတလုံးရဲ့ အရည်အချင်းဟာ သူ့ကို ကြည့်လိုက်တာနဲ့ ဘယ်အချိန်လဲဆိုတာကို အမြန်ဆုံးပြနိုင်မှုပဲ ဖြစ်ရမယ်။

နာရီကို ကြည့်လိုက်တာနဲ့ ဟယ်- ဘက်ဂရောင်းလေးက လှလိုက်တာ ဆိုရင် ဟန်မကျသေးဘူး၊ နာရီမှာ နောက်ခံပုံ တခုခု ထည့်ချင်သလား ဒါဆို ပြည်ပရောက်နိုင်ငံရေးသမားတွေ စင်ပြိုင်အစိုးရသစ် ဖွဲ့ချင်သလို အဲ - မယောင်ရာဆီလူးချင်သလို ဖြစ်သွားနိုင်တယ်။ တကယ်လို့ ဒီလို မယောင်ရာဆီလူးနာရီမျိုး ထုတ်လိုက်လို့ အရောင်းသွက်တယ် ဆိုရင်လည်း စီးပွားရေးအရ အောင်မြင်ပေမယ့် ကျနော် စိတ်ချမ်းသာမယ် မဟုတ်။ ဒါကြောင့်လည်း လုပ်ငန်းရှင် မဖြစ်တာ ထင်ပါရဲ့။

မိတ်ဆွေတယောက်က ပြောဖူးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်းကွာ ငါတို့ထက် အရပ် မြင့်ပါတယ်ဆိုမှ ဖိနပ်ကို ထူထူစီးတယ်၊ ပတ်ထားတဲ့ လက်ပတ်နာရီကလည်း အကြီးကြီးပဲ၊ ယောင်္ကျားတွေ ပတ်တဲ့ နာရီမျိုး ဆိုပဲ။ (သူက အကုန်သိတာပဲ။ အဖွားကြီး ဒီနေ့ ဘာပန်းပန်တယ်ကအစ အင်္ကျီ ဘာအရောင်အဆုံး။ စကားမစပ် ပြောရရင်။)

ဒေါ်စုက နာရီကြည့်ရင် အချိန်ကို ချက်ချင်း သိချင်လို့ ဒိုင်ခွက်ကြီးတဲ့ လက်ပတ်နာရီကို ရွေးပုံရတယ်။ ဒါမှမဟုတ် သူ့အမျိုးသားရဲ့ နာရီကို ယူပတ်တာလည်း ဖြစ်နိုင်တာပဲ။

ဘယ်သူ့ဟာပဲ ယူဝတ်သည် ဖြစ်ပါစေ၊ အချိန်ကို ချက်ချင်း သိချင်တယ် ဆိုတဲ့သဘော၊ စိတ်မြန်တဲ့ စိတ်မရှည်တဲ့ စရိုက်ကို ပြတာ။

(ကိုယ်က အကောင်ကြီးမဟုတ်တော့ ဒီလိုပဲ နာမည်ကြီးသူတွေကို ကိုယ့်စာတွေထဲ ထည့်ရေးရတယ်။ ဒီလိုထည့်ရေးတာ ကိုယ်ပိုင်ဟန်တောင် ဖြစ်တော့မယ်။ )

၁၉၉၉ ခုနှစ်တုန်းက ဆူးလေဘုရားရောက်တော့ ဆူးလေဘိုးဘိုးကြီးရဲ့ အဆောင်နန်းထဲ ရောက်ခဲ့ဖူးတယ်။ ဆယ်ပေပတ်လည်ထက် ပိုမကျယ်ပါဘူး ဒါပေမယ့် အဲဒီအခန်းထဲမှာ တိုင်ကပ်နာရီတွေ ချိတ်ထားလိုက်တာ များမှများပဲ။ အလုံး ၂၀ ကျော်တယ်။ အဲဒီအခန်းကျဉ်းထဲ လိုမယ်ဆိုရင်
အလွန်ဆုံး နာရီ ၄ လုံးပေါ့။ အရှေ့အနောက် တောင်မြောက်မှာ ချိတ်ထားလိုက်။ ခုတော့ ဗေဒင်ဆရာတွေ ပါးစပ်ဆော့လိုက်လို့ အပူသည်တွေက ယတြာခြေတဲ့အနေနဲ့ လှူကြတန်းကြတယ် ထင်တယ်။ နာရီပြတိုက်လိုလို နာရီပြင်ဆိုင်လိုလို ဖြစ်နေတယ်၊ ဘိုးဘိုးကြီးနတ်နန်း မဟုတ်တော့ဘူး။ နာရီပတ်လည်ဝိုင်းနေတဲ့ ဘိုးဘိုးကြီး ဖြစ်နေတယ်။

အခုနေ ဗေဒင်ဆရာတယောက်ယောက်က မောင်ဇာနည်ဝင်း ယတြာခြေပါ၊ တိုင်ကပ်နာရီတလုံး တနေရာရာကို လှူပါ ဆိုရင် ၀မ်းသာအားရ လုပ်လိုက်မှာပဲ။ လွယ်တယ်လေ အခန်းထဲက ပန်းပွင့်နာရီကို ဖြုတ်၊ ဖုန်သုတ်ပြီး လှူလိုက်ရုံသာ။

ဒီကိစ္စအတွက်တော့ ဗေဒင်ဆရာဆီ မသွားတော့ပါဘူး၊ သူ့ကို ဉာဏ်ပူဇော်ခ ပေးမယ့်အစား ရိုးရိုးရှင်းရှင်း နာရီကြီးတလုံးကိုပဲ ၀ယ်လိုက်တော့မယ်။ ဟို ပန်းပွင့်နာရီကိုတော့ အငြိမ်းစား ပေးရမယ်လေ။ ။

7 comments:

အောင်သာငယ် said...

သဘောတူတယ်...
ကျနော်လည်း ရိုးရိုးရှင်းရှင်း နာရီတွေပဲ ကြိုက်တယ်...
ကိုဂျက်လီ...
နောက်တခါ မင်္ဂလာဆောင်ရင် ပြော... အဲလေ... မွေးနေ့ လုပ်ရင်ပြော...
ရိုးရိုးရှင်းရှင်းနဲ့ အဖြူရောင်နာရီတလုံး လက်ဆောင် ပေးမယ်...း)

ThuHninSee said...

ရိုးရှင်းတဲ့အပြင်.. စက်အသံမမြည်တာလဲဖြစ်သင့်တယ်။
စာကြည့်ခန်းထဲမှာ တစ်လုံးရှိတယ်။ တစ်တစ်တစ်..နဲ့
စာထဲစိတ်မ၀င်စားပါဘူးဆိုမှ..ဒီနာရီသံကြားတိုင်း စိတ်လေလွင့်တယ်။
အမွေရထားတဲ့နာရီတဲ့..ရောင်းလို့မဖြစ်..လှုလို့လဲ မသင့်.. ဒီတစ်သက်..သုံးရမယ်ထင်တာပဲ။

pandora said...

သဘောတူတယ်။
နာရီမှာ အဓိကက နာရီအင်္ဂါရပ်နဲ့ ပြည့်စုံဖို့ပဲ။ ကြည့်လိုက်ရင် ဘယ်နှစ်နာရီလဲဆိုတာ သိရမယ်။ အချိန်မှန်ရမယ်။

sin dan lar said...

ဟုတ်ကဲ့ပါ...စက္ကန့်တံမပါတဲ့နာရီလည်း မကြိုက်ပါ။

တင်ထားတဲ့ပုံကိုကြည့်ပြီး ပြုံးရပါသည်...။
တပ်ထားတဲ့မျက်မှန်နဲ့၊ ဖတ်နေတဲ့စာအုပ်နံမည်
ကြိုက်သွားပြီ။

Kay said...

ဆရာက..ရုပ်ပြောင်းသွားသလို အတွေးအခေါ်တွေလဲ သိပ်ပြောင်းသွားတာပဲ။ ဖြစ်တတ်ပါတယ်လေ.. အသက်တွေက..စကားပြောပီကိုး။

kyaw said...

သြော် - - - ဒီလိုလားး။ ကိုဇာနီက ဘလော့လုပ်နေတာလား။ လက်ဖွဲံ့၇င်အကောင်းးဆုံးက ပိုက်ဆံလက်ဖွဲံ့တာဘဲ။ အိမ်အသုံ့းအဆောင်လက်ဖွံဲ့လဲ ကောင်းတာပါဘဲ။ နာရီလက်ဖွဲံ့သူ၃ယောက်၇ှိ၇င် သူတို့မှာ နာ၇ီ၃လုံး၇ှိသွားမယ်လေ။ သူတိုံ့မှာလဲ နာ၇ီ၂လုံး၇ှိပီးသားဆို၇င် စုစုပေါင်း နာ၇ီ ၅လုံးဖြစ်သွားမယ်လေ။ ဒါဆို၇င် သူတို့လဲ ဘိုးဘိုးကြီးနန်နန်းနဲ့ တူသါားပီ။ ပိုက်ဆံလက်ဖွဲံ့၇င်တော့ ပြသနာမတက်ဖူးလေ။ ကိုဇာနီ၇ဲ့ဘလော့ဖတ်၇တာ ကိုဇာနီစကားပြောတာကို ထိုင်နားထောင်နေ၇သလိုဘဲ။ ဘလော့လုပ်ထားတာကိုဘာကြောင့်မပြောတာလည်း။ မပြောတဲ့အတွက် ချင်းမိုင်ေ၇ာက်၇င် ဘီယာတိုက်၇မယ်။(ဘာမှ မဆိုင်ဘူး)
ကျနော့ကိုလဲ ဘလော့လုပ်နည်း သင်ပေးပါလားဗျာ။
ေ၇ှ့တပတ် တွေ့မယ်လေ။
မောင်ကျော်

Moe Cho Thinn said...

ဒီပို့စ်ကို အတော် သဘောကျတယ်။ နာရီပေါ်မှာ သဘောထားက ထပ်တူဖြစ်နေလို့။
ကေ့ ရဲ့ ကွန်မန့်တော့ အကြိုက်ဆုံးပဲ။ တကယ်က ကေ မသိလို့ပါ။ ကိုဇာနည် ရုပ်မပြောင်းပါဘူး။ ဒီပို့စ်က သူ့ဓာတ်ပုံနဲ့ LA လာတုန်းက ပုံနဲ့ အသက်နည်းနည်း ပိုကြီးသွားတာပဲ ကွာတာပါ။