Jul 5, 2009

I don't care, man!


ရှစ်လုံး လို့ ခေါ်တဲ့ "သီဟသူရတင်အောင်မြင့်ဦး" တိုင်းခန်းလှည့်တဲ့ပုံ ဖြစ်မယ် ထင်တယ်။ သတင်းမှာ ရေးထားတာက စာကြည့်တိုက်တခုသို့သွား လိုအပ်သည်များကို မှာကြား ဆိုပါစို့။

ပြောစရာ နည်းနည်းရှိတယ်း) ဒီပုံနဲ့ ပတ်သက်ပြီး

ပုံကို သေချာ ကြည့်ပါဦး။ စာကြည့်တိုက်မှာ စာထိုင်ဖတ်နေတဲ့သူတွေက ဒီလူကြီးတို့အုပ်စုကို သောက်ဂရုကို မစိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်း)

ဘယ်နေ့က ဘယ်မှာ ရိုက်ထားတဲ့ပုံဆိုတာ မှတ်မထားမိဘူး။ ကျုပ်လည်း ဗိုလ်ချုပ်ကြီးများအသားပေး သတင်းစာကို အွန်လိုင်းကဖတ်ရင်း ဒီပုံကို တွေ့တွေ့ချင်း သဘောကျတာနဲ့ ဘလော့ပေါ် တင်လိုက်ဦးမှ ဆိုပြီး desktop မှာ သိမ်းထားလိုက်တာ ရက် ၂၀ တော့ အနည်းလေး ရှိဘီ။ ဒီနေ့ desktop မှာ ရှိတဲ့ ဖိုင်ပရပွကို ဖြုတ်ထုတ်ဖျက် သန့်ရှင်းရေး လုပ်ရင်းနဲ့ ဒီပုံကို ပြန်တွေ့တယ်။

ဘယ်စာကြည့်တိုက်မှန်း မှတ်တမ်း မတင်မိလိုက်တာတော့ ကျုပ် အပြစ်ပဲ။ ကဲ - သူတို့ ဘယ်လောက် လေးစားစရာ ကောင်းသလဲ။ အင်မတန် စာဖတ်တဲ့သူတွေဗျာ။ စားပွဲ ပတ်ပတ်လည် ပြွတ်သိပ်ထိုင်ပြီး အသည်းအသန် ဖတ်နေလိုက်ကြတာ။ စာကြမ်းပိုးတွေပြည့်နေတဲ့ ဒီလို စာကြည့်တိုက်မျိုး ကျုပ်က ဖွင့်ချင်နေတာ ကြာလှပေါ့။

စာကြည့်တိုက် ပရိသတ်ဟာ နိုင်ငံတော်အကြီးအကဲတယောက်လုံး လာတာတောင် နေကောင်းလား နေကောင်းတယ် စသဖြင့် စသဖြင့် မပြောနိုင် နှုတ်မဆက်နိုင်အောင် [ ပြီးတော့ လက်အုပ်မချီနိုင်အောင် ] စာပေကို စာဖတ်ခြင်းကို အာရုံစိုက်၊ နှစ်သက်၊ မြတ်နိုး၊ ချစ်ခင်၊ အလေးထား၊ ဦးစားပေး၊ ဂရုပြု ၊ စိတ်ဝင်စားနေလိုက်ကြတာလို့ မထင်ကြဘူးလား။

ဒါမှမဟုတ် စောစောက ကျုပ်ပြောသလို ဒီကောင့်ကို ငါတို့ သောက်ဂရုစိုက်စရာ မလိုပါဘူးကွာ ဆိုတဲ့ အချိုးမျိုး ချိုးနေကြတာလား။ ကျုပ်တော့ ဉာဏ်မမီပါခင်ဗျာ။ မြန်မာပြည်နဲ့ ခွဲခွာခဲ့ရတာ ကြာပြီဆိုတော့ ရွှေတွေရဲ့ စရိုက် အပြုအမူတွေ မသိတော့ဘူး အပြစ်တင်လည်း ခံရမှာပေါ့။ ဒီပုံအကြောင်းကတော့ ဒီလောက်ပါပဲ။ ခုတလော ကျုပ်လည်း အေးချမ်းသာယာရေးတို့ကိုပဲ ဓာတ်ကျနေတယ်။

ဆောဒီးဗျား)

[ စာကြမ်းပိုးတွေနဲ့ သွားတွေ့တာ ရှစ်လုံး မဟုတ်ဘူးလို့ တယောက်က ကော်မန့်ပေးပြီး ပြောတယ်း) ]

5 comments:

Myo Win Zaw said...

ရှစ်လုံးမဟုတ်လောက်ဘူး မြင့်ဆွေနဲ့ တူတယ်

မိတေဖိုး said...

မြန်မာပြည်မှာ အဲလိုပဲ အိမ်တံခါးခေါက်လို့ဖွင့်ကြည့်လိုက်ရင် စစ်ဝတ်စုံဝတ်ထားပြီး စာအုပ်လိုက်ရောင်းတဲ့ သူတွေရှိတယ်လေ။ အခုလည်း စာအုပ်လိုက်ရောင်းတဲ့သူတွေဖြစ်မှာပါ။

ကေအေ၀ိုင် said...

အားလုံး လျှော်ပါတယ်။း)

ဟိုတုန်းက..ရွှေသွေးထဲမှာ ပါတဲ့..ရုပ်ပုံ အလွဲ ၁၀ ချက် ရှာတာ..မကျေညက်ခဲ့ကြဘူးထင်တယ်။

အဲဒီ ဦးထုပ်ကားကား ကြီးနဲ့ လူကြီး စာကြည့်တိုက်လို့ ဆိုင်းဘုဒ် တပ်ထားတဲ့ ဆီကို လာကြည့်တဲ့ အချိန်မှာ..ဘာစာဖတ်သူ..မှ..မရှိတာနဲ့.. အဲဒီပွဲကို တက်တဲ့ (တိုက်ပုံများ ၀တ်ထားသည်..သေချာကြည့်ပါ) ရပ်ကွက်လူကြီး အလုပ်လက်မဲ့ များကို..ခုံပေါ်မှာ ထိုင်ခိုင်းပြီး.. အလွယ်တကူ ရှိနေတဲ့..ဂျာနယ်များ ( သေချာ ကြည့်ပါ) ကို လက်ထဲ ထဲ့..ဟန်ဆောင်ရိုက်ထားခြင်း ဖြစ်ပါသည်။

( အဘတို့တိုင်းပြည်မှာ.. ဦးထုပ်ကော့ကော့နဲ့လူကြီးတွေ လာရင်..ဘယ်သူမှ အဲသလို မနေကြပါ..)
( ဓါတ်ပုံ သတင်းစာထဲ ထဲ့ခြင်းရဲ့ ရည်၇ွယ်ချက်ကို စေ့ငုပါ )

တိန်-း)

Moe Cho Thinn said...

ဒီပို့စ် ရေလည် မိုက်တယ်။

မမသီရိ said...

မှန်း ..သေချာ ကြည့်အုံးမယ်
ကိုင်ထားတဲ့ စာအုပ်တွေ ဂျာနယ်တွေ အားလုံးက
အသင့် ရော ဟုတ်ရဲ့ လားလို့..း)
ဗြုန်းကနဲ ကောက်ကိုင်လိုက်ရလို့
ပြောင်းပြန်တွေ ပါချင်ပါနေမှာ.. :P

လူကြီး လာလို့
forced to sit and forced to read နေကြရတာကို..း)