Aug 2, 2009

Tea shop in Bkk


ဘန်ကောက်က လက်ဖက်ရည်ဆိုင် လိပ်စာကဒ် အင်္ဂလိပ်လို နဲ့ ယိုးဒယားလို တင်ပေးလိုက်ပါတယ်။ တက္ကစီဆရာကို ပြပြီး ဆိုင်ကို အရောက်သွားလို့ ရတာပေါ့။
ဆိုင်ကို ၂ ကြိမ်လောက် သွားပြီး မြင်တာကို ရေးပြစ်လိုက်တယ် ဧရာဝတီမှာ
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1534:2009-08-01-09-43-03&catid=1:news&Itemid=2

ဆိုင်ရှင်ရဲ့ အသံကိုတော့ ယူမနေတော့ပါဘူး။ ဆိုင်ရှင်က အရေးမကြီးဘူးလေ။ ဆိုင်ရှင်အသံ ထည့်ဖို့ တောင်းရင် ခွင့်ပြုချင်မှ ပြုမယ်။ ဧရာဝတီမှာ သတင်းထည့်မယ်ဆိုတော့ သူက လန့်ကောင်း လန့်မယ်လေ။ တံဆိပ်ကပ်တာ အကျင့်ပါတဲ့ ရွှေတွေက ဧရာဝတီ ဆိုတာနဲ့ နိုင်ငံရေးသတင်းဌာနလို့ အလွယ်တကူ သတ်မှတ်ကြတာ မဟုတ်လား။ တကယ်တော့ ဧရာဝတီက လေးဖြူ ဇော်ဝင်းထွဋ်တို့အကြောင်းလည်း လျှောက်ရေးတာပါပဲ။ ဟိုတလောကဆို မိုးဟေကို အကြောင်း ၁၀ ရက်အတွင်း ၂ကြိမ်တောင် ရေးလိုက်သေးတယ် ဖတ်ဖြစ်တယ်မဟုတ်လား)

တံဆိပ်အကြောင်း - အဲ ဆိုင်ရှင်အကြောင်း ပြန်ဆက်ရရင် သူတို့ကို မဗျူးဖြစ်ဘူးပေါ့ဗျာ။ ဆိုင်ရှင်ရဲ့ အသံထည့်ရင်လည်း ကောင်းတာတွေပဲ ထည့်ရမှာ မဟုတ်လား၊ [ကျုပ်တို့ ဆိုင်က အလကား ဖွတ်ကျားပါခင်ဗျာ လို့  ဘယ်ဆိုင်ရှင်က ပြောပါ့မလဲ] ဆိုင်ရှင်အသံ ထည့်လိုက်ရင် ဆိုင်ကြော်ငြာပေးတဲ့ သတင်းသမား ဆိုပြီး အထင်ကြီးနေကြဦးမယ်။ အထင်မကြီးကြပါနဲ့ဗျာ။ ပထမအကြိမ်က သတင်းထောက်ဖိုးရှုပ်နဲ့ သွားတော့ သူဝယ်ကျွေးတာ။ နန်းကြီးသုတ်။ စားလို့ အဆင်ပြေပါ့ဗျာ။ ချင်းမိုင် မြန်မာဆိုင်က နန်းကြီးသုတ်ထက် ၃ ဆလောက် ပိုပြီး စားလို့  ကောင်းတယ်။ ချင်းမိုင်ဆိုင်က ရန်ကုန်သား မန္တလေးသားတွေလက်ရာမဟုတ်ဘူး ထင်ပါရဲ့ ။ နန်းကြီးသုတ် ဆိုတာ ရန်ကုန် မန်းလေးက ဆရာတွေကမှ ပိုပြီး ပိုင်တာ မဟုတ်လား။ ဒုတိယအကြိမ်သွားတော့ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ သွား၊ ကိုယ်စား ကိုယ်ရှင်းပေါ့။ စားတာကတော့ ပြည်ပလာတာ ဆိုတဲ့ဟာကို စားတယ်။ ပလာတာကို ကြက်သားဟင်းတပွဲနဲ့ ချပေးတယ်။ ရေနွေးကြမ်း မသောက်ရတာကြာတော့ လေးငါးခွက် သောက်ဖြစ်တယ်။

ဆိုင်ရှေ့ က လမ်းကိုလည်း ၂ ပုံလောက် ရိုက်ထားတာ အလုပ်ထဲက ကွန်ပျူတာထဲ ရောက်နေလို့  နောက်နေ့ တွေမှ တင်ပေးလိုက်မယ်။

အစားအစာတွေကတော့ ဈေး မများဘူး။ ပေါလည်း မပေါပါဘူး။
သွားရတာတော့ ဈေးကြီးသဗျ။ ဘန်ကောက် သိပ်မရောက်ဖြစ်တော့ ဘတ်စ်ကား မစီးတတ်။ ဘယ်သွားသွား အငှားကားနဲ့  သွားရတာ ဟန်ကျပေမယ့် ငွေကုန်တယ်။
ဘန်ကောက်သွားတဲ့စရိတ် ဧရာဝတီက ပေးပေမယ့် အိတ်ထဲက စိုက်ရတာပါပဲ။ ကျနော့်လို တောသားအတွက် ငွေသိပ်ကုန်တဲ့မြို့ ဗျား(

စိတ်တိုင်းကျ ဆိုင်မှာတော့ မြန်မာပြည်သားတွေ ၀င်လာကြ ထွက်သွားလိုက်ကြနဲ့ အများကြီးပဲ။ တ၀ိုင်းနဲ့ တ၀ိုင်းလည်း မသိကြတာ များတယ်။ လူတွေက အကြောင်းအရာမျိုးစုံနဲ့ ဘန်ကောက် ရောက်နေကြတာ မဟုတ်လား။ လာတဲ့သူတွေကို မိတ်ဆက်စကား ပြောချင်ပါတယ်။ ဒါပေမယ့် အချိန် သိပ်မရ၊ ကိုယ်ကလည်း စကားပြော လိမ်မာ ကျွမ်းကျင်သူ မဟုတ်တော့ မိတ်မဆက်ဖြစ်ပါ။

စားသုံးသူ ၂ယောက်ကိုတော့ ဗျူးလိုက်တယ်။ အစားအသောက် ဘယ်လိုနေလဲ ဘာကြောင့် လာတာလဲ မေးလိုက်တယ်။ ချင်းမိုင် ပြန်ရောက်ပေမယ့် သတင်း ချက်ချင်း မတင်ဖြစ်ဘူး။ စနေ တနင်္ဂနွေ တင်လို့ ကောင်းတဲ့သတင်းဆိုတော့ စနေ နေ့  တင်လိုက်ကြတယ်။ သတင်းရေးတဲ့နေ့ က လူရွှင်တော် မစ္စတာ ပန်းသီးနဲ့တွေ့တော့ သူလည်း စိတ်တိုင်းကျမှာ ကျောက်ပန်းတောင်း သောက်ဖူးတယ်လို့  ပြောပြတယ်။ သူပြောပြတာကိုလည်း ထည့်ရေးပစ်လိုက်တာပေါ့။ သတင်းသမားနဲ့  စကား ပြောရတာ သိပ်တော့မကောင်းဘူးလို့  ထင်ကြမှာပဲ။ မိတ်ဖြစ်ဆွေဖြစ် ပြောတာတွေကို ဒီငနဲတွေက သတင်းထဲ ထည့်ရေးချင်တယ် ရမလား လို့  လုပ်တတ်ကြတယ် မဟုတ်လား)

ကဲ ဒီကနေ့  ကျနော် လျှောက်ရေးထားတာကို ခင်ဗျားရော ဘယ်လိုထင်လဲ ပြောပြစမ်းပါဦး၊ သတင်းထဲ ထည့်ရေးလို့ရော ရမလား)

4 comments:

pandora said...

ဘယ်လိုပဲဖြစ်ဖြစ် ဒါ.. အသုံးဝင်တဲ့သတင်းပဲ။ အစားအသောက်ဆိုတာ အရေးကြီးတယ်။ ကြိုက်တတ်တဲ့ အစားအသောက်ကို ဘယ်နေရာမှာ ရနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ဘယ်သူကကျွေးမှာလဲ ဆိုတာက ဒီ့ထက်အရေးကြီးတယ်။ လာလည်ရင် ဘန်ကောက်တက်ပြီး ကိုဇာနည်ကိုယ်တိုင် လိုက်ကျွေးမှာလားဆိုတာက အရေးအကြီးဆုံး။

khin oo may said...

လိပ်စာကဒ်ပြရင်ကိုသဘောပေါက်ပါပြီ။ဘာဘာညာညာမလိုပါ။

Anonymous said...

ပိုင်ရှင်က စစ်ဗိုလ်ပါ။ ဆိုင်ဖွင့်တဲ့သူက အရင်က ကျောင်းသား။ နိုင်ငံရေးနဲ့ ထောင်ကျပြီး ထောင်ကထွက် ထောက်လှန်းရေးနဲ့ ပေါင်း စိတ်တိုင်းကျကို ဖွင့်တာ။ ဗမာပြည်ထဲလည်း သူ့ ဆိုင်ရှိတယ်ဗျား။

Moe Cho Thinn said...

တို့ကတော့ ဘန်ကောက်ရောက်ရင် ဆီးလုံ လမ်းမပေါ်က ရထား ဘူတာအထွက် (ဘူတာ နံမည်တော့ မေ့သွားပြီ) Plaza ထဲကို ၀င်တဲ့ အ၀င်ဝလေးမှာပဲ ရှိတဲ့ Black Canyon ကော်ဖီဆိုင်မှာ အမြဲထိုင်တယ်။
ကိုဇာနည် အခုပြောတဲ့ ဆိုင်တော့ သိဘူးဗျ။ ဒါပေမဲ့ ပန်ပန်ပြောတာတော့ ထောက်ခံတယ်။