Oct 29, 2009

soccer and some thought

အခုမြင်ရတာ ခေါင်းအုံးမှ ခေါင်းအုံး စစ်စစ်း)

ဒီလို ဒီလို
- - - တနေ့သမီး အဲ - တနေ့သား ကိုယ့်ခေါင်းအုံးဖုံးအနံ့ ကိုယ်မခံနိုင်တာနဲ့ လျှော်မယ်ဆိုပြီး အဖုံးချွတ်လိုက်တယ်။ ပြီးတော့ အဖုံး မရှိတဲ့ ခေါင်းအုံးကို တီရှပ်တထည် စွပ်ပေးလိုက်တာ။ ဟိုနေ့က အဲဒါကို ဓာတ်ပုံ ကောက်ရိုက်ထားတာ အခု ပို့စ်တခု ဖြစ်ရောပေါ့။

တီရှပ်မှာ မန်ယူ စာလုံးကိုထည့်ထားလို့ ကျနော်ဟာ မန်ယူ အမာခံ ဖြစ်တယ် ထင်ပြီး မဟာမိတ်ဖွဲ့ သို့မဟုတ် ရန်ဘက်ဖွဲ့မနေနဲ့ဦး)

နာမည်ကြီးအသင်းမို့ ထည့်လိုက်တာပါ။ အားကစားကို မအားလည်း အားပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီး ဘောလုံးအသင်းတွေကို အားပေးပါတယ်။ အားပေးတယ်ဆိုတာ အားပေးတာပေါ့၊ ကြည့်တော့ မကြည့်ချင်ဘူး။ အမျိုးသမီးတွေ တခြားအားကစားလုပ်တာ ကြည့်လို့ကောင်းရင် ကောင်းမယ်၊ ဘောလုံးကန်ရင်တော့ ပျင်းစရာ ကောင်းတယ်။ ကြည့်လို့ မကောင်းဘူး။ အမျိုးသမီးတွေဟာ ဘောလုံးကန်ဖို့ မွေးလာတာမဟုတ်ဘူးလို့ ထင်တာပဲ။

ဟိုတလောက ရန်ကုန်မှာ အာဆီယံဒေသ ၇ နိုင်ငံလောက်ရဲ့ ဘောပွဲ ရှိတယ်။ ကန်သူတွေက အသက် ၁၆ နှစ်အောက် အမျိုးသမီးတွေ ဆိုပဲ။ ၁၆ နှစ်အထက်တွေလည်း ပါနိုင်တာပေါ့။ အသက် လိမ်တယ် ဆိုတာ ဘာခက်တာမှတ်လို့း)

ခင်ဗျား လက်မခံဘူးထင်လို့ ကျနော် ထပ်ပြောမယ် - အမျိုးသမီးတွေ ကန်တဲ့ဘောလုံးပွဲတွေဟာ ပျင်းစရာ ကောင်းတယ်။ မယုံရင် သွားကြည့်ဗျာ။

ဒီလအတွင်း ရန်ကုန်မှာ ကန်ခဲ့တဲ့ အာဆီယံ ကလေးမတွေပွဲက ကျနော် အထင်သေးထားတာထက် ကြည့်ရ ပိုဆိုးမှာပဲ။ ကျနော်က သတင်းစာ ဖတ်ပြောတာပါ၊ သွားမကြည့်ပါဘူး။

၁၅ ဂိုး သုည ဆိုတဲ့ ပွဲတွေတောင် ပါသေးတယ်။ ဘယ်လို ကြည့်ကောင်းတော့မလဲ သို့ကလို တဖက်သတ်ပွဲတွေကို။ အားကစားစိတ်ဓာတ် မရှိဘူးလို့ ဆိုချင်ဆို။

ဂိုးအရမ်းပြတ်တယ်ဆိုတော့ ပျင်းစရာ။ ဗိုလ်လုပွဲတွေကျမှ ကြည့်လို့ကောင်းမယ်လို့ ထင်ခဲ့မိတယ်။ ဗိုလ်လုပွဲရလဒ်တွေ ထွက်လာတော့လည်း တဖက်သတ် ဖြစ်နေပြန်ရော။ သြစတြေးလျက ထိုင်းကို ရှစ်သုညနဲ့ ဗိုလ်စွဲတယ်း( ကွင်းဝင်ခွင့် ပိုက်ဆံပေးပေး မပေးပေး တနာရီကျော် သွားထိုင်ကြည့်သူဟာ အားကစားကို တော်တော်အားပေးတဲ့လူမှ ဒါမှမဟုတ် အချိန်တွေ သိပ်ပိုနေမှ ဖြစ်မယ်။

ဘောပွဲဆိုတာ ခြေညီမှ ခြေသိပ်မကွာမှ ကောင်းမှာပေါ့။ တဖက်သတ်ပွဲက ဘယ်လိုကောင်းနိုင်မှာတုန်း။ ပြီးတော့ ဥရောပဖလားတွေ ကြည့်ထားတဲ့ ပရိသတ်က ခြေမသွက်တဲ့ ဘောပွဲတွေကို ဘယ်လို နှစ်သက်နိုင်မှာတုန်း။

ဘုရားစူးရပါစေရဲ့ ကျနော်က အမျိုးသမီးတွေကို မမုန်းပါဘူး။ (ကျိန်တာလည်း ခပ်လွယ်လွယ် ကျိန်လိုက်တယ်၊ ဘုရားစူးဆိုတဲ့အဓိပ္ပာယ်ကို ခုထိ မသိဘူး။ အခုတောင် စူးချင်ချင် ဖြစ်နေတယ်၊ အေးချမ်းမေရဲ့ ဘုရားစူး ဆိုတဲ့ အသံလေး ကြားယောင်လာလို့း)

၁၉၉၃ ၀န်းကျင် မြို့ငယ်လေးတခုမှာ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကြည့်ဖူးတယ်။ အဲဒီတုန်းက အသက် ၂၀ ကျော်ပြီးပြီ ဆိုတော့ အမျိုးသမီးတွေရဲ့ အလှကို ကောင်းကောင်း ခံစားတတ်ပြီပေါ့။ မစွံပါဘူးဗျာ။ ကြည့်ရတာ မစွံတာကို ပြောတာနော်။ တန်လည်း မတန်ဘူး။ မတန်ဆို မ၀တ လူကြီးမင်းများက အိမ်ကို လက်မှတ် အတင်းလာရောင်းထားတော့ မကြည့်ချင်ဘဲ ကြည့်ရတဲ့ပွဲပေါ့။ ကျနော်နဲ့ ကျနော့်ဦးလေးနဲ့ သွားအားပေးကြတယ်။ ဦးလေးက ကြိုက်မကြိုက် မသိ၊ ကျနော်ကတော့ မကြိုက်။

မျက်စေ့ ပသာဒ သိပ်မဖြစ်စရာ ၂ ခုကို သွားတွေ့တယ်။ ကိုယ်ခန္ဓာကောက်ကြောင်းတွေ ပေါ်လွင်အောင် လက်ပြတ်အင်္ကျီ ကျပ်ကျပ် ထမီကျပ်ကျပ် စည်းထား၊ ၀တ်စားထားတာတော့ ဟုတ်ပါရဲ့ ပြိုင်တဲ့သူအားလုံးက ပုံစံတူတွေချည်း ဖြစ်နေတယ်။ တူနေတော့ ကြည့်ရတာ ပျင်းစရာ။

နောက်တခုက မိတ်ကပ်။ ကြည့်ကောင်းအောင် မိတ်ကပ်ကူတာပဲ။ မိတ်ကပ်က ကျွမ်းကျင်သူတွေ လိမ်းထားတာ မဟုတ်တော့ ကူညီရာ မရောက်ဘူး။ ရှေ့နေငှားမှ ထောင်ကျတဲ့သူတွေလို ဖြစ်နေတယ်။ ကျနော်တို့မြို့လေးမှာ မိတ်ကပ်ဆရာ နည်းတယ်၊ အဲဒီတုန်းက။

မြို့နယ် အုပ်ချုပ်ရေး လူကြီးတွေလည်း အားကစားစိတ်ဓာတ် ရှိတာကို ပြချင်တာလား၊ ငါတို့မြို့မှာလည်း ဒီလိုပွဲမျိုး ရှိတယ်ဆိုတာကို ကြွားချင်တာလား၊ ရှေ့ဆုံးတန်းကနေ မျက်စိစားပွဲ ထိုင်ချင်တာလား မသိ။

အဲဒီတုန်းက လှယဉ်ကျေးမယ်တွေရဲ့ လမ်းလျှောက်ပုံကို ဂီတနဲ့ အကူအညီပေးတာလည်း ရှိတယ်။ တီးလုံးနဲ့မို့ လမ်းလျှောက်လို့ ကောင်းချင် ကောင်းလိမ့်မယ် နားထောင်လို့တော့ မကောင်းဘူး။ နာမည်ကျော်သီချင်းထဲက တီးလုံးပဲ။ ပိုလာဘာလီ ဗျာ။ ပွဲအစအဆုံး ဒီတီးလုံးကိုပဲ ထပ်ခါတလဲလဲ တီးနေတော့ နားကြားပြင်း ကတ်လာတယ်။ အနားမှာ အုတ်ခဲကျိုးရှိမယ်၊ ကိုယ့်ကိုလည်း ဘယ်သူမှ ကြည့်မနေဘူး ဆိုရင်တော့ ဒရမ်၊ အော်ဂင်၊ ဂီတာ တခုခုကို မှန်အောင် ကောက်ပေါက်မိမယ်ထင်တာပဲ။

ဒါပါပဲ။ အဆိုးမြင်ဝါဒီ ဖြစ်နေပြီ ထင်ပါရဲ့း)

6 comments:

သက်ဝေ said...

ခေါင်းအုံးစွပ်ကို အရမ်းသဘောကျသွားပြီ...
တကယ်... တကယ်...
မဟာမိတ်တော့ ဖွဲ့ပါရစေ...
ကိုယ်က မန်ယူ ပါ... :D

Anonymous said...

အထူးသဖြင့် အမျိုးသမီးတွေ ကစားတဲ့ထဲမှာ ဘောလုံးနဲ့ တင်းနစ် ကစားတာ ကိုတော့ မကြိုက်ဆုံးဘဲဗျ... ကြည့်ရတာ အားမရဘူး... ဘယ်တော့မှလည်း မကြည့်ဘူး .. အဲ အားကစားနည်း ၂ ခုတော့ မအားတဲ့ကြားကနေ တခါတလေ တော့ ကြည့်ဖြစ်ပါတယ် ... ဒါနဲ့ ကမ္ဘာ့ ဖလားကြီး ကလည်း
လာတော့မှာနော့... စီရော်နယ်ဒို ရှိတုန်းကတော့ မန်ယူကို အားပေးခဲ့တယ်... အခုတော့လဲ .. ဟဲ ဟဲ

mie nge

sait phay yar said...

ခေါင်းအုံးစွတ်ကနေ ပို့စ်တစ်ခုရတယ်နော်။ သေချာဖတ်တော့ မိန်းမဘော်လုံးအသင်းဖြစ်နေတယ်
ဟဟဟဟဟဟဟဟ

Moe Cho Thinn said...

ခေါင်းအုံးစွပ်လေး သဘောကျသွားပြီ။

မမသီရိ said...

ခုလဲ ပိုလာဘာလီ ပဲ ..
လုံးဝ မလျှော့ ဘူး....း)

မိုးသား said...

အဲဒီ မိန်းမဘောလုံးဗိုလ်လုပွဲကို သွားကြည့်ဖြစ်တယ် ၀န်ကြီးချုပ်ရေ... ၀ါသနာပါလွန်းလို့ မဟုတ်ပါဘူး..အချိန်တွေ ပိုနေလို့ပါ..
သိပ်တော့ ပျင်းစရာ မကောင်းဘူးဗျ..ဟဲဟဲ..
16 နှစ်အောက်ဆိုပေမယ့် လူကောင်းထွားထွားကြီးတွေဗျ..သြဇီမတွေ ပြောပါတယ်... အနော်တို့ ဆီက ဘောပြားတွေကတော့ စာခြောက်ရုပ်တွေ ကျနေတာပါပဲ..ဟေ့ လူကြီး ဂေဟာမှာလဲ ရေးဦးဗျို့..