Dec 1, 2009

Debt အကြွေး


အမေရိကန် နိုင်ငံသားအဖြစ် လျှောက်လွှာတင်ဖို့ ပြီးခဲ့တဲ့အပတ်က နည်းနည်းလေး ပြင်ဆင်မိတယ်။ ဒုက္ခသည်အဖြစ် ယူအက်စ် ရောက်ခဲ့တာ ၅ နှစ် ပြည့်ပြီးပြီမို့  လျှောက်လို့ရပြီပေါ့ဗျာ။ လျှောက်ချင်ရတဲ့အကြောင်းရင်း ပြောရရင် သိပ်များတယ်။

ဒုက္ခသည်ခရီးသွားလက်မှတ် ရချင်ရင် လဝကရုံးကို စာပို့ပြီး လျှောက်ရတယ်။ ကိုယ့်လိုလူ သိပ်များတာမို့ စောင့်ပေဦးတော့ လနဲ့ချီ။
ဒုက္ခသည် ဆိုတော့ ပတ်စ်ပို့ လျှောက်ခွင့် မရှိဘူးလေ။ ခရီးသွားလက်မှတ် ဆိုတာနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့။

နိုင်ငံသားတွေသာ ကိုင်ခွင့်ရတဲ့ ပတ်စ်ပို့ကတော့ ယူအက်စ်မှာ လျှောက်လွှာသွားတင်နိုင်တဲ့ နေရာပေါင်း ၇ဝဝဝ ဝန်းကျင် ရှိတယ်လို့ ဆိုတယ်။ စာတိုက်တွေ ဘာတွေမှာ လျှောက်နိုင်တယ်။ တချို့စာကြည့်တိုက်တွေမှာတောင် လျှောက်လွှာ တင်နိုင်ဆိုပဲ။

နိုင်ငံသားဖြစ်သွားရင် ပတ်စ်ပို့ ကို ဒေါ်လာ တရာအကုန်ခံတာနဲ့ သိပ်မကြာခင် ရတယ်။ ပြီးတော့ အမေရိကန်ပတ်စ်ပို့ ဆိုရင် လေဆိပ်တွေမှာ အရစ်မခံရတော့ဘူး။

အခုကိုင်ထားတဲ့ ခရီးသွားလက်မှတ်က ဈေးကြီးတယ်။ ဒေါ်လာလေးရာ ဝန်းကျင် ပေးရသဗျ။ ချက်ချင်းလည်း မရဘူး။ ၃လ ၆လ စသဖြင့် စောင့်ရတယ်။ ရလာတော့လည်း စာမျက်နှာက နည်းသေးတယ်။ သက်တမ်းက ခပ်တိုတို။ ၂ နှစ်ပဲ ရတယ်။ သက်တမ်းကုန်လို့ အသစ်ထပ်လျှောက်ရင် ကုန်ပေဦးတော့ နောက်ထပ် ၄ဝဝ။ ခရီးသွားလက်မှတ်က လေဆိပ်တွေမှာ အနည်းနဲ့ အများတော့ အရစ်ရှည်တာ ခံရတယ်။ ဟုတ်တာပေါ့။ ယူအက်စ် လေဆိပ်တွေမှာလည်း ရစ်ပါ့ဗျာ။

သို့ကလို ဈေးတွက် တွက်တာနဲ့တင် နိုင်ငံသားဖြစ်ရေးက အရေးပါနေပြီ။ နိုင်ငံသား လျှောက်မယ်ဗျာ။

ပထမအဆင့် အနေနဲ့ ယူအက်စ် လဝက အင်တာနက် စာမျက်နှာတွေ သွားဖတ်ပြီး လျှောက်လွှာကိစ္စ စနည်းနာတယ်။ လျှောက်တာနဲ့ ကုန်ကျစရိတ်က
$675 ပေးရမယ် တဲ့။ ဒါနဲ့ပဲ မလျှောက်ဖြစ်သေးဘူး။ အကြွေးတင်နေတော့ ပိုက်ဆံ ထပ်မချေးချင်သေးဘူး။

ဒီအကြောင်း ကျနော့်ညီတယောက်ကို ပြောပြဖြစ်တယ် အကြွေးတင်နေကြောင်း၊ နိုင်ငံသားလည်း လျှောက်ချင်ကြောင်းပေါ့ဗျာ။ သူက ဘာပြန်ပြောသလဲဆိုတော့ နီးစပ်ပါတယ် တဲ့၊ အမေရိကန်တွေလည်း အကြွေးတွေကိုယ်စီနဲ့ ဆိုပဲ။

သူ့စကားကြောင့် အကြွေးရှိတာ ကျေနပ်သလိုလို ဖြစ်သွားတယ်။ အမေရိကန်တွေနဲ့ တူတယ်ဆိုလို့ပါး) နာမည်ကျော်လူကြိုက်များသူတယောက် ယားနာပေါက်သလို ကိုယ်လည်းယားနာပေါက်လို့ ဂုဏ်ယူမိတဲ့သူလိုပေါ့ဗျာ။

အခု စာထရေးနေတာ မိုးမလင်းသေးဘူး။ စောစောက တရေးနိုး ပြန်အိပ်မရလို့ ဘလော့မှာ ပို့စ်တခု ရေးဦးမှပဲ ဆိုပြီး ထိုင်ရေးနေတာ။ အပေါ်မှာ ရေးထားတာတွေက နိဒါန်းပျိုးတာတွေပါ။

ရေးချင်တာက အကြွေးအကြောင်း။

ဒီနှစ်ထဲမှာ စကားပြောတဲ့အခါ စာရေးတဲ့အခါ ချက်တင် တက်တဲ့အခါ အကြွေးတင်နေတဲ့အကြောင်း မကြာခဏ ထုတ်ပြောဖြစ်တယ်။ ကိုယ့်အခက်အခဲကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမှာပဲ ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး)

အကြွေးရှိနေတယ်လို့ ပြောရတာကိုက ဂုဏ်ယူစရာ ပျော်စရာ ဖြစ်နေတယ်း)

တပါးသူကို ညည်းချင်းထုတ် မသိမသာ ရှိုက်သံပေးရတာ တယ် အရသာရှိတာပဲး)

အကြွေး ရှိကြောင်း ထုတ်ပြောခြင်းဟာ ငါဟာ သုံးနိုင် စွဲနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ခေသူမဟုတ်လို့ တဖက်သားကို အင်ဖော်မေးရှင်း ပေးတဲ့သဘောပေါ့ဗျား)

ဘာရယ်လို့တော့မဟုတ်ပါဘူး။ အကြွေးတင်နေတော့လည်း ဒီလိုပဲ ရေးမိရာ ရေးလိုက်တာပါး)

4 comments:

အောင်သာငယ် said...

ခက်ပါ့ ကိုယ့်ဆရာရယ်...း)

Anonymous said...

လျှောက်ပြီးရင် အင်တာဗြဲအတွက် စာလဲကျက်ရအုံးမယ်ဆို။
း(
mm

ကိုချစ်ဖေ said...

ဒါဆို ကျနော်လဲ အကြွေးရှိပြီလို့ လာကြွားသွားပါကြောင်း ကိုဇာနည်ရေ.ဘာရယ်လို့တော့မဟုတ်ပါဘူး.ပြောမိတာပါ အသက်သာကြီးလာတယ် ဆပ်စရာကြွေးတွေ တိုးတိုးလာတယ်.

Anonymous said...

စီတဇင် လုပ်တော့မယ်ဆို နာမည်လေး ဘာလေး ပြောင်းဦးမှာလား .... သွားဖြေမယ့်နေ့ကျရင် မိမိနဲ့ သက်ဆိုင်တဲ့ မွေးစာရင်း တို့ မီတာစာရွက် တို့ က အစ
ငါးနှစ်စာ အခွန်ဆောင် ထားပြီးတဲ့ စာရွက်စာတမ်း
ရှိသမျှ အကုန် သာ ထည့်သွားဖို့ မမေ့ပါနဲ့နော်... ကိုယ်တွေ့ ကြုံ ပြီး အတောင်းခံရ တဲ့ သူတွေ ရှိဖူးလို့ပါဗျ( ဆရာ လုပ်တယ်လို့ သဘောမထား ပါနဲ့ ).. သူတို့က မပါလာဘူး ဆိုရင် တောင်းတတ်လွန်းတယ်... သူတို့တောင်းတာ မယူသွားဘူး ဆိုရင် နောက် နှစ်လလောက် ထပ်ချိန်းတတ်တယ်... ပြန်သွားပြရတယ်...


mie nge