Aug 12, 2010

a satire writing from Email box

ကျနော့် မွေးစားအမေ အီးမေး ပို့လိုက်တာတွေထဲက ဒီတပုဒ်ကို ကြိုက်တာနဲ့ ဘလော့မှာ တင်လိုက်ဦးမှ လို့ စဉ်းစားမိတယ်။
ဘလော့က သေနေတာ ၂ ပတ် ပြည့်သွားပြီ မဟုတ်လား)
ရေးတဲ့သူကိုတော့ ကျနော် မသိပါဘူး။
သူ့စာ ဒီဘလော့မှာ တင်ထားတာကို မလိုလားဘူး ဆိုရင်တော့ ဖြုတ်ပေးရမှာပေါ့။
အခုတော့ ဖတ်ပြီး ရယ်ကြ ပြုံးကြပါဦး)
အဖြတ်အတောက်တွေက ကျနော် လုပ်ထားတာ။ မူရင်း အီးမေးထဲမှာက ခပ်စိပ်စိပ် ရေးထားတယ်။



အမတ်လောင်း မစ္စတာ သခင်ကြီး ဒေါက်တာ မာဂျေ

အဟေ ဟေ့ဟေ …… ရီရတယ်ဟေ့၊ အမတ်လောင်း မစ္စတာ သခင်ကြီး ဒေါက်တာ မာဂျေ တဲ့။ ခင်ဗျားကြီးက ရွေးကောက်ပွဲမှ မလာသေးဘူး၊ ဘာအရူးထတာလဲ ဆိုသံနဲ့ အတူ ပေါက်ချလာသူက တပည့်ကျော် ကြွက်နီပေါ့ ခင်ဗျာ။ လက်ထဲမှာလည်း မာဂျေ လျှောက်ဝေထားတဲ့ ဗစ်ဇစ်တင်းကပ် လို့ ခေါ်တဲ့ နံမည်ကပ်ပြားကို ကိုင်လို့။

ဟေ့ကောင် ကြွက်နီ စောစောစီးစီး ငါ မင်္ဂလာ ယူနေတာကို ဘာ လာ ဖျက်ဆီးတာလဲ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ငါလည်း အမတ် တစ်နေရာဝင် အရွေးခံမလို့။ ဘာလဲ မင်းက မနာလိုဖြစ်နေတာလား လို့ ငေါက်လိုက်တယ် ဆိုရင်ပဲ ဒင်းက အမလေး အမလေး ဘာမှလည်း မနာလို ဖြစ်စရာ မရှိပါဘူးဗျာ။ ခုဟာက ခင်ဗျားကြီး အချိုး မပြေလို့ လာတာ၊ နေစမ်းပါဦး ဘာလို့ အမတ်လောင်းတွေရော၊ မစ္စတာ တွေရော၊ သခင်ကြီး တွေရော ဒေါက်တာ တွေရော စုံလို့ ပါလား၊ ဒါက စတန့် ထွင်တာလားလို့ ပြန်မေးသေးတယ်။

ဟေ့ကောင် နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်အောင်ရယ်၊ ကမ္ဘာ့ခေတ်ကြီးထဲမှာ အမီ လိုက်နိုင်တယ် ဆိုတာ လူသိအောင်ရယ် မစ္စတာလို့ တပ်ထားတာ၊ သခင်ကြီး ဆိုတာက ငါ့မှာ မျိုးချစ်စိတ် အပြည့် အ၀ ရှိကြောင်းနဲ့ မြန်မာဘုရင် လက်ထက်က ဘုရား ထူးခံရတဲ့ မျိုးရိုးက ဆင်းသက်တယ် ဆိုတာ ဖော်ညွှန်းထားတာ၊ ဒေါက်တာကတော့ ငါ အင်တာနက် ပေါ်ကနေ ငါးသိန်းပေးပြီး ၀ယ်ထားတာ၊ လျှောက်ပြော မနေနဲ့ဦး။ သူများ တွေဆို ဒေါက်တာ ဒေါက်တာနဲ့ သုံးတာ ကြာလှပြီ၊ ငါ့မှာ အခုမှ စသုံးရတာ ဘာပဲ ပြောပြော ဒေါက်တာ တပ်ထားတော့ လူရှိန်တာပေါ့ကွာ၊ ဒါတောင် ဂျီမေးလ်လည်း သုံးတတ်ပါတယ်။ ဖေ့စ်ဘွတ်မှာလည်း အကောင့် ရှိပါတယ် ဆိုတာတွေ မရေးသေးဘူး။

ခင်ဗျားကြီးကတော့ ငွေရှာတာက လွဲရင် အကုန် လုပ်တတ်တယ် ဆိုတဲ့ ကြီးပေါကြီးပဲ။ ဒါထက် နေစမ်းပါဦး ဘယ်နယ်ကနေ အမတ် ၀င်ရွေးမှာလဲ တဲ့။

ဟ .. ငါ့မြို့ကနေ အရွေး ခံမှာပေါ့ဟ၊ တစ်သက်လုံး ငါ့ကို တောသား တောသားလို့ ပြောခဲ့တဲ့ မြို့ကြီးသားတွေ အခု ဘယ်က ၀င်ရွေးရမှန်း မသိ ဖြစ်နေချိန်မှာ ငါက ငါ့တောမြို့လေးက အရွေး ခံမှာပေါ့။ တောသား ဖြစ်ရတဲ့ သုခ ပေါ့ကွာ လို့ ဖြေလိုက်ရတယ်။

သင်းက နှာခေါင်းတစ်ချက် ရှုံ့ပြီး နေစမ်းပါဦး ခင်ဗျားကြီးက ခင်ဗျားမြို့ အတွက် ကောင်းရာ ကောင်းကျိုး ဘာတွေများ လုပ်ပေးဘူးလို့လဲ။ အခုမှ သူများယောင်လို့ ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်း မသိ ဆိုသလို ဖြစ်နေပါဦးမယ် တဲ့။

မင်းကလေ ငါ့ဆိုရင် တသက်လုံး အထင်ကို မကြီးဘူး၊ ဟေ့ကောင်… ပါကစ္စတန်သမ္မတနာမည် မသိတဲ့ ဘုရှ်တောင် အမေရိကန် သမ္မတ ဖြစ်သေးတာ။ ဒါတွေမလိုပါဘူး။ ဘယ်ဆရာတော် ဘုရားကြီး ဆိုလဲကွာ ပြောသလို စိတ်ထားကောင်းဖို့ ပထမ တဲ့။ ငါ ဘယ်သူ့ အပေါ် ယုတ်မာတာများ မင်း တွေ့ဘူးသလဲ လို့ ဖြေလိုက်တော့

တော်စမ်းပါ။ ဆရာတော်ကြီးတွေရဲ့ အဆို အမိန့်တွေကို ကိုးကား ချင်ရင် အဲဒီ ဆရာတော်ကြီး တွေရဲ့ ဘွဲ့ လောက်တော့ သိအောင် လုပ်ထားရတယ် ဗျ။ ခုန ခင်ဗျား ပြောတာ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး ပြောခဲ့တာဗျ။ ပြီးတော့လည်း ခင်ဗျား ပြောသလို စိတ်ထား ကောင်းဖို့ ပထမ မဟုတ်ဘူး။ စိတ်ကောင်း ရှိဖို့ ပထမလို့ ပြောခဲ့တာ။ ထားပါတော့ဗျာ။ ဒါပေသိ ခု အမတ် လုပ်မယ့်ကိစ္စက ဒါနဲ့ မဆိုင်ဘူး ထင်တယ် တဲ့။

ဟေ့ကောင် လောကကြီးမှာ စိတ်ကောင်း စေတနာကောင်း ရှိရင် ဘာလုပ်လုပ် ကုသိုလ် ရတယ်။ ဘာလုပ်လုပ် အောင်မြင်တယ်။ ငါက မကြွားချင်သေးလို့။ မြန်မာဘုရင် လက်ထက် တုန်းက ငါ့ဘေးက မြို့သုံးမြို့ကို စားရတဲ့ မြို့စား၊ မြစ်ကမ်းထိပ်မှာ အိမ်ကြီးနဲ့ နေတာကို အင်္ဂလိပ်မြန်မာ ဒုတိယ စစ်မှာ သောက်အင်္ဂလိပ်က စစ်သဘောင်္ပေါ်က အမြောက်နဲ့ တေ့ပစ်သွားလို့ သေရရှာတာ။ သူ့ကျွန် ဖြစ်ရတာကို သူများထက် ငါက ပိုနာတယ်။ နို့မို့ဆိုရင် ငါလဲ မြို့စားရဲ့မြစ် ဆိုတော့ အခု ဆိုရင် မြို့စား ဖြစ်နေပြီ။ ဒီလောက်တောင် မျိုးနဲ့ရိုးနဲ့ နေလာတဲ့ ငါ့ကိုမှ မဲမထည့်ရင် ဘယ်သူ့ကို ထည့်ကြမှာလဲ။

ဒါကတော့ ခင်ဗျားကြီး တွေးလုံးကိုဗျ။ ခင်ဗျားကြီး ပြောပေါက် ဆိုပေါက်နဲ့ ဘုရင်ခေတ်က ဆိုရင် စအိုကနေ တံကျင်လျှို အသတ်ခံရတာ ကြာပြီ။ ဒါထက် နေစမ်းပါဦး။ ခင်ဗျားက ဘယ် ပါတီကနေ ၀င် အရွေးခံမှာလဲ၊ ခင်ဗျားတို့ ပါတီရဲ့ ပေါ်လစီက ဘာလဲ ပြောပါဦး တဲ့။

ငါက ဘယ်ပါတီကမှ မပါဘူး။ တသီး ပုဂ္ဂလိက၊ ငါ့မူကတော့ ကောင်းတာ အားလုံး လုပ်မယ်။

ဒါဆိုရင် ကာရာအိုကေ သွားတာတို့၊ အနှိပ်ခန်း သွားတာတို့လည်း ကောင်းတာတွေ ဆိုတော့ ဆက် လုပ်မှာပေါ့နော် တဲ့။

ဟေ့ကောင် စကားကောင်း ပြောနေတာကို လာ မဖောက်နဲ့။ တော်ကြာမှ အမတ်မင်း မာဂျေ အနှိပ်ခန်းမှာ ဖယောင်းတိုင် မှုတ်ခြင်း ဆိုပြီး ကျော်မကောင်း ကြားမကောင်း ပါလာဦးမယ်။ ဒီခေတ် ဂျာနယ်လစ်တွေက လွယ်တာ မဟုတ်ဘူး။ တစ်ခုခု ဖြစ်လို့ စိတ် မထိန်းနိုင်ရင်လည်း လက်ရောက်မှုနဲ့ တရား စွဲ ခံရဦးမယ်၊ မနေနိုင်လို့ စာနဲ့ တုံ့ပြန်ရင်လည်း အသရေ ဖျက်မှုတို့ ဘာတို့က လာဦးမယ်။

ထားပါတော့ ငါ ဆက်ရှင်းပြဦးမယ်။ ငါ့မြို့မှာ ငယ်ငယ်တုန်းက ညလုံးပေါက် မီးရတယ်။ အခု မရတော့ဘူး။ ငါ အမတ်ဖြစ်ရင် ညလုံးပေါက် မီးရအောင် လွှတ်တော်ထဲမှာ အရေး ဆိုပေးမယ်။ ငါတို့မြို့က ဘောလုံး အသင်း အတွက် အကြောဖြေဆေးတို့ ဘာတို့ ထုတ်တဲ့ သူတွေ ဆီကနေ စပွန်ဆာ ရှာပေးမယ်။ ပြည်မြို့နဲ့ ငါတို့မြို့ကြားမှာ ရွှံ့လမ်း (အဲလေ) ကျောက်ခင်း ကားလမ်း ရှိတယ်။ ဒါကို ကတ္တရာလမ်း ဖြစ်အောင် အရေး ဆိုပေးမယ်။ အရေးအခင်း မဖြစ်ခင်က ငါတို့မြို့နားမှာ ဧရာဝတီ မြစ်ကူး တံတား ဆောက်ဖို့ ဂျပန်က တိုင်းထွာထားတာ ရှိတယ်။ အရေး အခင်းကြောင့်အဲဒီ စီမံကိန်း ပျက်သွားတယ်။ အဲဒီ တံတားကြီး ပြန်ဆောက်ပေးဖို့ ဂျပန်ကို သွားပြီး အရေးဆိုပေးမယ်….. လို့ မဲဆွယ်လိုက်ရင် ငါ့ကိုမှ မဲမထည့်ရင် ဘယ်သူ့ကို မဲ သွားထည့်ကြမှာလဲ လို့ ရှင်းပြလိုက်ရင်ပဲ..

နို့နေပါဦး ခင်ဗျား ပြောတဲ့ အထဲမှာ တိုင်းပြည်ကို တိုးတက်အောင် စီးပွားရေး ပေါ်လစီက ဘယ်လို ချမယ်၊ နိုင်ငံခြားရေး ပေါ်လစီက ဘယ်နည်း ချမယ်၊ ကျန်းမာရေး ပညာရေးက ဘယ်သို့ ဘယ်ပုံ စသဖြင့်လည်း မပါပါလား တဲ့။

… ဟ ဒါတွေက နိုင်ငံရေး ပါတီတွေ လုပ်ကြလိမ့်မယ် ငါ့အပူ မဟုတ်ဘူး လို့ ဖြေလိုက်တော့.. သင်းက ခင်ဗျားကြီးကို မဲပေးရကျိုးတော့ တော်တော် နပ်မှာပဲ၊ အင်းလေ တွက်ရေးတော့ စက်သူဌေးပေါ့၊ လက်တွေ့မှာ စက် မရှိတာက ခက်တာ.. ခင်ဗျားကြီး ပြောတဲ့ အတိုင်း ဟုတ် မဟုတ် မကြာခင် စောင့်ကြည့်ရဦးမယ် ဆိုပြီး ပြန်သွားပါလေရော။

အနာဂတ်ရဲ့ အမတ်လောင်းနဲ့ ခင်တယ် ဆိုပြီး ဂုဏ်လဲ မယူတတ်ဘူး။ အလကား အကောင်၊ ဒါကြောင့် ဒီကောင် မိန်းမ မရတာ ………..

မာဂျေ

3 comments:

မောင်မောင်သောင်း said...

ဒေါက်တာဇေကမ္ဘာတို့များတော့ သုံးသိန်းလောက်နဲ့ရတယ်ကြားတယ်။ ဟဲဟဲ..မာဂျေတော့ ခံလိုက်ရပြီ။ သူက သခင်တင်လိုမီးခွက်မှုတ်ပြီးမျက်ခုံးမွှေးမီးလောင် မတတ်လဲ .ကျော်ကြားချင်သူကိုး။ ဖေ့စ်ဘွတ်ထဲမှာ သူတကာကို အတင်းမိတ်ဆွေဖွဲ့ တဲ့အမတ် စာရင်းလဲဝင်ဆိုဘဲ။ ခေတ်မီပါပေရဲ့အမတ်မင်း ဆရာမာဂျေ။

တခုလျှော်သဗျာ.နိုင်ငံရေးပေါ်လစီက နိုင်ငံရေးပါတီတွေနဲ့ဆိုင်သလားမဆိုင်သလားမသိလောက်အောင် ခြာတာလေ။ ဒါက တဘ၀စံ မင်ကြားကြီး ဖန်ပြီးသား.မဟုတ်ဘူးလား။ အကွက်ကိုစေ့လို့ရယ်......

ဂျီးဒေါ် said...

ဒီနေ့ မှသခင်ကြီးဒေါက်တာမာဂျေပုံကိုမြင်ရတယ်း))))
လန်းတယ်။ကျွဲကော်သီးဦးထုပ်ကလေးနဲ့။ချစ်ရှာလေး)))
ြဲကျံ့  ဖွတ်တွေရိုက်မှာစိုးလို့လား။မော်တော်ဆိုင်ကယ်စီးမလို့လား။
ထက်ထက်မိုးဦးကိုကော့က်လို့ လားးးး
(ရတနာပုံတယ်လီပို့ ကျေးဇူးနဲ့ ဒီနေ ပုံတွေမြင်ရသဟေ့)

ခင်မင်းဇော် said...

မာဂျေတို့ ကြွက်နီတို့ကတော့ အပြင်မှာလဲ တကယ်ရှိတာပဲ. မိုက်ပ