စားဝတ်နေရေး တွင်းဆုံးကျသဖြင့် အနောက်နိုင်ငံမှ အမျိုးသမီးတဦး
အတွင်းခံအင်္ကျီများ၊ အနွေးထည်များ ရောင်းလိုက်ရသည်ကို
အထက်ပါပုံတွင် တွေ့ရသည်။ အရိုးကွဲလုမတတ် အေးခဲသည့်ရာသီတွင် အနွေးထည်များပင် ထုတ်ရောင်းနေရသည်အထိ စီးပွားရေးပျက်သွားသဖြင့် တကမ္ဘာလုံးက အံ့သြနေကြလေသည်။ (ဓာတ်ပုံ-အင်တာနက်)
အမေရိက၊ ဥရောပ တို့သည် မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇ၏ ပိတ်ဆို့ မှုဒဏ်ကို ခံရသဖြင့် ပျက်စီးခြင်း ၉၆ ပါးနှင့် ကြုံနေရသည်။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ၂ ရက်လုံး အနောက်နိုင်ငံအားလုံးရှိ အစိုးရရုံးများကို ပိတ်ထားလိုက်ရသည်။
ဆင်းရဲသားများ၊ လူလတ်တန်းစားများ အတိ ဒုက္ခရောက်သဖြင့် စိတ်သဘောထားများလည်း ပြောင်းလဲသွားကြသည်။ အထူးသဖြင့် တဦးနှင့်တဦး မုန်းတီးမှုက ဤ စီးပွားပျက် ကာလတွင် သိသိသာသာ ပေါ်ပေါက်လာသည်။
ဦးတေဇ၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားများ လျော့ပါးရေးအတွက် အစိုးရချင်း ကွန်ရက်ဖွဲ့ပြီး ဖြေရှင်းခဲ့ရသည်ဟု ဖင်လန်နိုင်ငံမှ ပညာရှင်တဦးက ပြောသည်။
"နောက်ဆက်တွဲ ပြဿနာတွေ ငါတို့ဆီမှာ အများကြီး ဖြစ်လာတယ်။ အထူးသဖြင့် တယောက်နဲ့တယောက် မုန်းတီးမှုကြောင့် အစိုးရတွေ ပြုတ်ကျမှာကိုတောင် စိုးရိမ်ရတယ်။ ဒါကြောင့် ဒီအမုန်းတရားတွေ ပျောက်အောင် ချစ်သူများနေ့ ဆိုပြီး ဟိုနေ့က ကျင်းပလိုက်ရတယ်" ဟု ဖင်လန်နိုင်ငံ ရှက်စရာကြီး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါ်တင်က ရှင်းပြသည်။
ချစ်သူများနေ့ကို ဦးတေဇ၏ ပိတ်ဆို့မှုဒဏ် ခံရသည့် နိုင်ငံများအပြင် တခြားနိုင်ငံများကလည်း ပူးတွဲ ကျင်းပကြသည်။ အထူးသဖြင့် လူငယ်များက ပိုမို တက်ကြွစွာ ကျင်းပကြောင်း တွေ့ရသည်။
ထိုသို့ ကျင်းပသည့်နေ့တွင် ကွန်ဒွန်များ တဟုန်ထိုး အရောင်းတက်သွားသည်။ ထိုဖြစ်ရပ် ၂ ခု မည်သို့ ဆက်စပ်နေသည်ကို ယခု သတင်းရေးချိန်အထိ မသိရသေးပေ။
ဟိုတယ်များတွင်လည်း အချိန်ပိုင်း တည်းခိုသူများဖြင့် ပြည့်သွားသည်ဟု ဆိုသည်။
နိုင်ငံတချို့တွင် ချစ်သူများနေ့ကို ကျင်းပခြင်း မပြုရန် တားဆီးမှုများရှိခဲ့သည်။ ထိုသို့သော တားဆီးမှုများ ဖြစ်ပေါ်စေရန် ဦးတေဇက ဖိအားပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း မြန်မာ့အရေး လေ့လာသူတို့က သုံးသပ်ကြသည်။

3 comments:
He He ye ya tal
ဘယ်အချိန်ကများ ပျက်စီးခြင်း ၅ ပါးကနေ ၉၆ ပါးထိတက်သွားလဲဆိုတာ..
ရှက်စရာကြီးတက္ကသိုလ် ရဲ့ သုတေသနဌာနမှူး ကို ဂျီတော့ခ် က
လှမ်းမေးကြည့်တော့.. ဦးတေဇကြောင့်ဖြစ်တာအမှန်ပါ လို့ အတည်ပြုထားပါတယ်။
တခုစီရှင်းပြပါလို့ မေတ္တာရပ်ခံတော့ သူ့ဖက်ကပြောမဲ့ဆဲဆဲ.. အင်တာနက်
ပြုတ်ကျသွားပါတယ်။ ဖင်လန်နိုင်ငံရဲ့ ညံ့ဖျင်းလှတဲ့
အင်တာနက်မြန်နှုန်းကြောင့် ဖြစ်ပါတယ်။ ဖင်လန်အစိုးရက ဆိုးရွားလှတဲ့
စစ်အာဏာရှင်ဆိုတော့ကာ.. သူတို့ပြည်သူတွေ ကို ဒီလို ပြင်ပလောက
နဲ့အဆက်အသွယ် ပြတ်အောင် တမင် လုပ်ထားတာ တဲ့။ ကျနော်တို့အစိုးရလို
ဒီမိုကရေစီ နည်းကျ ပြည်သူ့ဆန္ဒ ကိုအလေးထားတာမျိုးမရှိဘူးတဲ့ ခင်ဗျာ..
အံ့သြောစရာ..။
ဆက်မေးစရာလေးတွေရှိတာကို တော့ ခဏသီးခံပြီးစောင့်လိုက်ပါဦးမယ်..။
သူတို့ဂျီတော့ခ်က ပြန်များတက်လာမလားလို့ပါ။
ဟားဟား..
ရယ်ရတယ်..။
Post a Comment