Mar 20, 2012

မကွဲသေးတဲ့ဗုံးကို သွားမထိနဲ့ 


ဓာတ်ပုံ - CJ Myanmar ဖေ့စ်ဘုတ်

မန္တလေး စက်မှုဇုန် သခင်ဖိုးလှကြီးလမ်း၊ ၆၈ နဲ့ ၆၉ လမ်းကြား သံရည်ကျိုစက်ရုံမှာ မနေ့က ပေါက်ကွဲမှု ဖြစ်လို့ ၂ ဦး သေဆုံးတယ် လို့ CJ Myanmar ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေ သတင်းတွေ တက်လာပါတယ်
ပေါက်ကွဲတဲ့နေရာမှာ ဒုတိယကမ္ဘာစစ်ကျန် ဗုံးတွေ တွေ့ရတယ် တဲ့။

ဒီနေ့သတင်းတွေအရ ဆိုရင် သေဆုံးသူ စုစုပေါင်း ၃ ဦး ရှိသွားပြီလို့ ဆိုတယ်။

ဓာတ်ပုံ - CJ Myanmar ဖေ့စ်ဘုတ်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း စစ်တွေမြို့မှာလည်း စစ်ကျန်ဗုံးကွဲလို့ ၇ ဦး သေဆုံးခဲ့ပြီးပါပြီ။ ဖြစ်ရပ် ၂ ခုစလုံးကို ကြည့်ရင် သေဆုံးသူတွေထဲ ကလေးတွေပါဝင်နေပါတယ်။

ဒီလိုသတင်းမျိုးတွေကို သတင်းစာများ၊ ဂျာနယ်များမှာ ထင်ထင်ရှားရှား ရေးသင့်ပါတယ်။ သတင်းဖတ်မိတဲ့ မိဘ၊ ဆရာများကလည်း ကလေးတွေ တပည့်တွေကို ဒီအကြောင်း ပြောပြသင့်ပါတယ်။


ဓာတ်ပုံ - HOANG DINH NAM/AFP/Getty Images

ကျနော်တို့ဆီမှာ စစ်ကျန် ဗုံးတွေ အတော်များများ ရှိနိုင်ပါသေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကလည်း ဗုံးကွင်းဖြစ်ခဲ့တယ် မဟုတ်လား။ စာသင်ကျောင်းတချို့၊ ဘုန်းကြီးကျောင်းတချို့မှာ အချက်ပေးသံချောင်းခေါက်ဖို့ ဗုံးခွံတွေကို သုံးနေကြတာ တွေ့ဖူးကြမှာပါ။ အထက်ကပုံမှာတော့ လာအိုနိုင်ငံက စာသင်ကျောင်းတခုမှာ ဗုံးခွံတခုက ကျောင်းဆင်းကျောင်းတက် ထိုးတဲ့ခေါင်းလောင်း ဖြစ်နေပါတယ်။

စစ်ကျန်ဗုံးတွေ့တာကို လုပ်ငန်းသုံးဖို့၊ ပြန်ရောက်စားဖို့၊ အထဲမှာ ဘာရှိလဲ သိဖို့ ထုခွဲရင်း ပေါက်ကွဲသွားတာတွေ ကမ္ဘာတလွှား မကြာခဏ ဖြစ်ခဲ့ဖူးပါတယ် တဲ့။ ပေါက်ကွဲနိုင်ချေရှိသေးတဲ့ ဗုံးဟောင်း၊ မိုင်းဟောင်း၊ ကျည်ဆံဟောင်းတွေ တွေ့ရင် အလုပ်သင့်ဆုံးက ရဲကို အကြောင်းကြားတာပါပဲ တဲ့။

ဗုံးဟောင်းဟောင်း သစ်သစ် တွေ့တာနဲ့ ရဲကို အကြောင်းကြားဖို့ ကလေးတွေကို သင်ပေး၊ လူကြီးတွေကို သတိပေးရမှာပါ။ ပေါက်ကွဲဖွယ်ရှိတဲ့ပစ္စည်းနား လူမကပ်ဖို့၊ ကျွမ်းကျင်သူကို ထပ်မံဆက်သွယ်ပြီး ဖယ်ရှားဖို့၊ ဖျက်ဆီးဖို့ စသဖြင့် လုပ်ဆောင်ရမယ့်သူဟာ ရဲတပ်ဖွဲ့ဖြစ်တယ် ဆိုတာ မမေ့အောင် လုပ်ကြရမှာပါ။

ဒီဗုံးပြဿနာလို အလေးထား ကိုင်တွယ် ဖြေရှင်းရမှာက မြေမြှုပ်မိုင်းပြဿနာပါပဲ။ မြန်မာပြည်အနှံ့
အခုထိ ထောင်လို့ မပြီးသေးဘူး ဆိုတော့ ပြဿနာဖြေရှင်းရေးကို အစမပြုနိုင်သေးပါဘူး။

လောလောဆယ် လုပ်သင့်တာကို ထပ်ပြောရရင် ပေါက်ကွဲစရာပစ္စည်းတွေ့တဲ့အခါ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာ ကလေးတွေ သိအောင် လုပ်ကြဖို့ပါပဲ။


No comments: