Jul 20, 2016

Prisma သုံးပြီးကြပြီလား


ဓာတ်ပုံကနေ ပန်းချီကားပုံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အက်ပ် တခု ဖြစ်တဲ့ Prisma ကို အကြီးအကျယ် လူကြိုက်များနေပါတယ်။
ဒါကြောင့် The Ladies ဂျာနယ် အယ်ဒီတာ ဆောင်းဖြူ ရိုက်ကူးပေးပို့တဲ့ ခပ်လန်းလန်းပုံကို ပုံပြောင်းပစ်လိုက်တယ်။
ကွန်ပြူတာထဲ အသင့်ရှိတဲ့ ACDSee 17 ကို သုံးပြီး ပြောင်းတာပါ။ ဘယ်လိုလဲ...ပိုကြည့်ကောင်းသွားသလား၊ ပိုပြီး ရယ်စရာဖြစ်သွားသလား။

တခြားသူတွေလုပ်တိုင်း လိုက်လုပ်မနေနဲ့လို့ အပြစ်မတင်စေချင်ဘူး။ ကမ္ဘာတလွှား လူကြိုက်များနေတော့ ကိုယ်လည်း လိုက်ပါစီးဆင်းကြည့်ခြင်းပါ။ ကိုယ့်လို လိုက်ပါ စီးဆင်းသူတွေ နေ့စဉ် တသန်းကျော် တိုးလာ ဆိုပဲ။ သတင်းတွေမှာ ရေးထားတာ။

ဂျပန်မှာ ဖြန့်ဖို့ပြင်၊ ကနေဒါမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြန့်လိုက်တဲ့ Pokemon Go  ကို သဲသဲလှုပ်ဖြစ်နေကြချိန်မှာပဲ ဒီနည်းပညာကို လူကြိုက်များနေတာပါ။ လိုင်းလည်း မတူဘူးလေ။
(ဒီနေ့ မနက်ဖြန် ဂျပန်မှာ ဖြန့်ဖို့ ပြင်နေ ဆိုပေမဲ့ ရက်ရွှေ့မယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရပြန်တယ်။)

ဓာတ်ပုံအထူးပြုလုပ်ချက်တွေက  Instagram ထက် ပိုပြီး စွမ်းဆောင်ချက်ကောင်း၊ သုံးရလွယ်သလိုမျိုး  သတင်းတွေမှာ ရေးထားတယ်။ အကြံတူ နောက်လူသာစမြဲ ဆိုရမလား။

ဘယ်လို ပန်းချီပုံပြောင်းမလဲဆိုတာ ရွေးချယ်ဖို့ ၃၃ မျိုး ရှိတယ် ( ပုံတပုံတည်းကိုပဲ မတူညီတဲ့ဟန် ၃၃ မျိုး လုပ်နိုင်တယ်) ဆိုပဲ။ ကြိုက်ချင်စရာပေါ့။

ပန်းချီဆရာတွေ အချိန်အကြာကြီးလုပ်ရတဲ့အလုပ်ကို ဖုန်းထဲမှာ ခလုတ်လေး ပွတ်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပြီးစီးတာမျိုးက စမတ်ဖုန်းနဲ့ အထာကျနေသူအကြိုက် ဆိုပါစို့။
လျှပ်တပြက်အတွင်းဖန်တီးခြင်းအလုပ်ကို စမတ်ဖုန်းသမားတွေကြိုက်ကြတာလည်း အပြစ်မဆိုသာဘူး။ မကြိုက်ဘူးဆိုမှသာ အနုပညာအမြင်ခေါင်းပါးလွန်းသူအဖြစ် သတ်မှတ်သင့်တာ။

အနုပညာပါတဲ့ နည်းနာတွေကို နှစ်သက်ခြင်းဟာ ကြိုဆိုချင်စရာ မဟုတ်ဘူးလား။

အိုင်ဖုန်းသမားတွေပဲ လက်ဆော့နိုင်တဲ့ ဒီနည်းနာက တခြားစမတ်ဖုန်းတွေမှာ ထည့်သုံးလို့ မရသေးဘူး တဲ့။
အကောင်းဘက်က တွေးကြည့်ရင်တော့ ... အချိန်ကုန် သက်သာတာပေါ့ကွား)




Jun 6, 2016

အအိပ်ပြိုင်တဲ့ ညီအစ်ကို နဲ့ ရောက်တတ်ရာရာ အရေးအသား



ဒီမနက် အငယ်ကောင်နဲ့ အကြီးကောင် အအိပ်ပြိုင်နေကြတာလေ။

အငယ်ကောင် နိုင်မှာပါ။

အငယ်ကောင်က မေလလယ်မှာ မွေးတယ်။ လာမယ့် ၁၆ ရက်နေ့ဆို ၁ လ ပြည့် ပြီ။
၁ လ ပြည့် မွေးနေ့ အထိမ်းအမှတ် ဘာကျွေးရင် ကောင်းမလဲ။ အဲဒီနေ့က စနေနေ့။ မိတ်ဆွေတွေ လာနိုင်ပါ့မလား။ အိမ်ကလူတွေရော ချက်နိုင်ပါ့မလား။

  ဟိုနေ့က သူ့နဲ့ မိတ်ဆက်ပေးတော့ မတ်လလယ်လို့ မှားရေးမိတာ။ ကျနော့် အယ်ဒီတာက ထောက်ပြမှ အဲဒီအမှား တွေ့ရတား)

အငယ်က ကျန်းမာပါတယ်။ အိပ်တယ်။ ဗိုက်ဆာရင် အော်ငိုတယ်။ ပြန်အိပ်ခါစ ဆိုရင် တချက် ပြုံးတယ် သူ့အကိုလိုပဲ။

သူ့မေမေကတော့ အလုပ်အများဆုံးအမျိုးသမီး ဖြစ်နေတာပေါ့။
အလုပ်များရတဲ့အကြောင်းရင်းထဲမှာ မနေ့က ဈေးဝယ်ထွက်တာမျိုးလည်း ပါမှာပါး) ကလေးအတွက် လိုတာတွေ လိုက်ဝယ်ရမယ်လို့ ပြောတာပဲ။

ရာထူးတက်လာတော့ ထုံးစံအတိုင်းပဲ အကြီးကောင်က နည်းနည်း ဆိုးသွမ်းလာတယ်။ သူ နာမည်ပြောင်တခု ထပ်ရတယ်။ လူဆိုးကြီး။
တောင်းဆိုချက်တွေ သိပ်များလာတယ်။ အရုပ်တွေ ထပ်ဝယ်ခိုင်းတာမျိုးလေ။

သားနှစ်ယောက်အဖေ ဖြစ်ရတာ ကောင်းပါတယ်။ ဇာနည်ဝင်းနှင့်သားများ ဆိုတဲ့ နာမည်နဲ့ ဆိုင်တွေ ဘာတွေ ဖွင့်လို့ရပြီ။
အခုတော့ သားများရဲ့ဖေဖေလည်း အိပ်ရေး သိပ်မဝ။ မနက်က အိပ်ယာထနောက်ကျလို့ ရုံးတက် နည်းနည်းနောက်ကျ။
ဘယ်ကိုမှလည်း သွားမလည်ဖြစ်။
-----------------------------------

စနေနေ့ကတော့ နာရေး ပို့ဖြစ်တယ်။ ကိုမင်းနိုင် နာရေး။
ကြောင်တွေ ခွေးတွေကို ချစ်တဲ့ နိုင်ငံရေးသမား၊
ထောင်နှုတ်ခမ်းပေါ် ကာလအတော်ကြာကြာ ပြေးလွှားနေထိုင်ခဲ့တဲ့ နိုင်ငံရေးသမားပါ။
သူရှင်သန်နေတုန်းက သူ့ကို သူ့မိသားစု မပိုင်ဆိုင်သလိုမျိုး ဖြစ်ခဲ့လိမ့်မယ်။
နာရေးမှာလည်း သူ့မိသားစုရဲ့ ကဏ္ဍ ပျောက်သလို ဖြစ်နေတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုက သူ့ကိုသာမက သူ့နာရေးကိုပါ သိမ်းပိုက်လိုက်တယ်လို့ တင်စားပြီး ပြောကြည့်ချင်တယ်။
မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်တွေ အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ သူ့နာရေးမှာ စုဝေးကြတယ်။
ဈာပနအခမ်းအနား အချိန်ယူ ကျင်းပကြတယ်။ သူ့ကို ဂုဏ်ပြုကြတယ်။ လွမ်းဆွတ်ကြတယ်။ ဂူသွင်းကြတယ်။ အမှတ်တရအစီအစဉ်တွေ လုပ်ကြမယ်။ သတိရကြမယ်။
လူ့ဘောင်သစ်ပါတီ တစ်ခုထက် ပိုပြီး ကွဲနေပေမယ့် သူ့နာရေးကိုတော့ ကွဲနေတဲ့သူတွေ စုဝေးပြီး လုပ်ကြတာကို သူမြင်ရင် ဝမ်းသာမယ် ထင်တယ်။
-------------------------------------

မနေ့က တနင်္ဂနွေဆိုတော့ အားလပ်ချိန် နားနားနေနေ နေတဲ့အချိန် ပိုရတယ်။
လခစားအလုပ်ကို ဒီအချက်ကြောင့် သဘောကျတယ်။
ကိုယ်ပိုင်အလုပ်ဆိုရင် တနင်္ဂနွေပိတ်ရက် ရှိချင်မှ ရှိမယ်လေ။
ပိတ်ရက်မှာ ရုပ်ရှင်ကြည့်တယ်။ ကုလားကား။ အင်မတန်ကောင်း။ ကုလားဖြစ်ချင်စိတ်တောင် ပေါက်သွားတယ်။
အိန္ဒိယ - ပါကစ္စတန်နယ်စပ်မှာ ပျောက်သွားတဲ့ ကလေးကို နေရပ်ရင်း ပြန်ရောက်အောင် လူရိုးလူဖြောင့်ကြီးတယောက်က ကြိုးပမ်းတဲ့ ပညာပေးကား။ သူက ဟာနုမာန်ကို ကိုးကွယ်တယ်။ မျောက်တွေ့တိုင်း လက်အုပ်ချီတော့တာပဲ။
--------------------------------------

ဒီနေ့ ရုံးပြန်တက်တယ်။
မန္တလေးမှာ ဘီဘီစီသတင်းထောက် ကိုနေလင်း ထောင်သုံးလ ချခံရတဲ့သတင်း တက်လာတယ်း(
--------------------------------------

May 28, 2016

နောက်ထပ် သားတယောက်



ဒုတိယမြောက် သားတယောက် မတ်လလယ်မှာ  မွေးပါတယ်။
မိခင်နဲ့ ကလေး ကျန်းမာ၊ အဆင်ပြေ။

ပထမမြောက်သားတုန်းက ခွဲမွေးတာ။ ဒီတယောက်ကိုတော့ သဘာဝအတိုင်း မွေးချင်တယ်ဆိုတဲ့ မိခင်ရဲ့ဆန္ဒ ပြည့်ဝပါတယ်။
တွေ့ခဲ့တဲ့ဆရာဝန်များကတော့ ခွဲဖို့ မဲပေးကြတယ်။

အသက်လည်း သိပ်မကြီးသေးဘူး... ပြီးတော့ ခွဲထားတာလည်း ၄ နှစ် ရှိပြီ ဆိုတာကတော့ အားသာချက်တွေပေါ့လေ။

ကလေးက ၈ ပေါင် ပြည့်ဖို့ ၁ အောင်စ လို။
အမည် မပေးရသေး။

အမည် သူ့မေမေ ပေးပါစေ။ ရိုးရိုးရှင်းရှင်း ပေးဖို့၊ ရှည်လျား ပေမများဖို့တော့ တောင်းဆိုချင်တယ်။
မြန်မာနာမည်ပေးစေချင်တယ်။
မြန်မာအမည် မဟုတ်ရင် စာသင်ခန်းထဲ အနိုင်ကျင့်ခံရမလား စိုးရိမ်လို့ပါ။

ကလေးက ကျန်းမာတယ် ဆိုပေမဲ့ မျက်နှာ နည်းနည်း ဝါတယ်။
ဆရာဝန်က လိုလိုမယ်မယ် စစ်ပေးပါတယ် - ဆေးရုံမှာရှိတုန်း ဖနောင့်ဖောက်ပြီး သွေးယူစစ်တာ နှစ်ခါ - အဖြေက ကျန်းမာ၏ တဲ့။
မွေးပြီး တပတ်ပြည့်ချိန် ချိန်းထားတဲ့အတိုင်း သွားပြတော့ မျက်နှာ ဝါနေတုန်းဆိုတော့ ဖနောင့် ထပ်ဖောက်ပြန်တယ်။ သူနာပြုက ဖနောင့်ကနေ သွေးယူတာ ၂ မိနစ်လောက် ကြာတယ်၊ မကျွမ်းကျင်တာလား ပြာယာခပ်တာလား မစေ့စပ်တာလား မသိ၊ လှမ်းမြင်နေရတယ်၊ မှန်နံရံခြားပေမယ့် ကလေးငိုသံ ကြားနေရလို့ စိတ်မကောင်းဘူး။
သွေးအဖြေ တနာရီအကြာမှာ ထွက်လာတယ်၊ ပုံမှန်ပါပဲ တဲ့။

ဒီနေ့လည်း ဆရာဝန်နဲ့ ချိန်းထားပြန်တယ်။
ဖနောင့်ထပ်ဖောက်ဖို့ပြောရင်တော့ ငြင်းလိုက်မယ်။



ကလေးပုံ ချက်ချင်း မတင်ရခြင်း အကြောင်းရင်းက ဆေးရုံ လာကြည့်ကြမှာစိုးလို့ပါ။ သိတဲ့အတိုင်းပဲ... ရန်ကုန်မှာက သွားရေးလာရေး ခက်တယ်၊ အချိန်လည်း ဆင်းရဲကြတယ် မဟုတ်လား။     ။

Feb 1, 2016

ကလေး ၄ နှစ်ပြည့်



မနက်ပိုင်း မူကြိုကျောင်းတက်ချိန် ကမ္ဘာမကြေသီချင်းနဲ့ အစပြုတယ်။

ကလေးကျောင်းပို့ပြီး ရုံးပြေးတက်။ ရုံးက ၂ ယောက် နေပြည်တော် ပြည်သူ့လွှတ်တော်သဘင် ရောက်နေ။ သူတို့ခရီးစဉ်နဲ့ လွှတ်တော်သဘင်ကြောင့် ရုံးမှာ အလုပ်က အများသား။ အလုပ်များလို့ သတင်းအစည်းအဝေးတောင်မှ နောက်ကျပြီးမှ လုပ်ဖြစ်တယ် - ညနေမတိုင်ခင်မှ လုပ်ဖြစ်....။



ထမင်းစားချိန်ကျတော့ မူကြိုကျောင်းကို ပြန်ပြေး။
၎ နှစ်ပြည့် မွေးနေ့ကို တက်ရောက်။
ဘတ်ဒေးကိတ်စားပွဲမှာ တခြားကလေးတွေ မထိုင်ရဘူး။ ဘယ်ထိုင်ရမလဲ...ဖယောင်းတိုင်မှုတ်တဲ့အခွင့်အရေး မွေးနေ့ရှင်ပဲ ရမယ်လေ။ ဒီဦးထုပ်လည်း မွေးနေ့ရှင်ပဲ ဆောင်းရတယ်။ ကျန်တဲ့ ကလေးတွေက ဆရာမတွေ စကားနားထောင် - တခြားစားပွဲမှာ သီချင်းဆိုဖို့ ထိုင်စောင့်။ ဟက်ပီဘတ်ဒေးသီချင်း။

 

ဆိုကြမယ်အစီအစဉ်ပြီးတော့ စားကြမယ် အစီအစဉ်ပေါ့ကွာ။ ဘော်ဒါတွေနဲ့ မွေးနေ့ရှင် စုစုပေါင်း အယောက် ၃ဝ အတွက် ကြာဆံကြော်။ ကိတ်မုန့်ကတော့ နေ့ခင်း တရေးတမောအိပ်ပြီးချိန်မှ သုံးဆောင်ဖို့ ဆိုပြီး ရေခဲသေတ္တာထဲ သိမ်းထားတယ်။
ကျောင်းမှာတော့ အိနြေ္ဒရရ စားသုံးသူပေါ့။ အိမ်ပြန်ရောက်ရင်တော့ အဲဒီ အိနြေ္ဒက ကျောင်းမှာ ကျန်ခဲ့ပါလေရော။  စားပြီးတာနဲ့ ရေသောက်ပြီး အိမ်ခန်းထဲ သွားတန်းစီအိပ်ကြ။ သူတို့အိပ်ဖို့ပြင်ချိန်မှ ကျောင်းသက်ရင့်ကလေးတွေ၊ အပြောနဲ့ အဆော့ ရှေ့ပြေးတဲ့ ကလေးတွေ စားရမယ့်အလှည့်။
အဲဒီလို ၂ ပိုင်း ခွဲထားမှ ဒီကလေးတွေကို ထိန်းရလွယ်မယ် ထင်တယ်။ အငယ်တွေ စားနေတုန်း ခပ်ကြမ်းကြမ်းဆော့တဲ့ ကလေး ၄ ယောက် ဒဏ်ပေးခံရတယ်။ အခန်းထောင့်တွေမှာ မတ်တပ်ရပ်ရတဲ့ဒဏ်ပါ။ ဘာကြောင့် ဒဏ်ပေးခံရလဲ ဆိုတာကို သူတို့ နားလည်အောင် ဆရာမကြီးက ခပ်အေးအေး ဆုံးမတယ်။

အိမ်ကကောင်တော့ ဘယ်တော့များမှ ဒဏ်ပေးခံရမလဲ မသိ။

ညနေဘက် ဆူးလေပန်းခြံမှာ မွေးနေ့ရှင်ကို လွှတ်ထားပေးတယ်။ ဒီကောင် လျှောက်ပြေးတယ်။ ဒီညနေ ပန်းခြံပိတ်တာ နာရီဝက်နောက်ကျတယ်။ ၆း၃၀ မှ ပိတ်တယ်။ ခါတိုင်း ၆းဝဝ ဆို ပိတ်ပြီ။

ဝယ်ပေးတဲ့ လေယာဉ်ရုပ်နဲ့ ကျောက်တိုင်နားက လမ်းဘေးမီးတိုင်မှာ ခဏ နားနေတဲ့ မွေးနေ့ရှင်ပုံလေ။

ရွှေတိဂုံသွားဖို့ မွေးနေ့ရှင် မေမေက လှမ်းခေါ်လို့ ရုံးကနေ ၅း၄၅ မှာ ဆင်းပြီး ပန်းခြံ ပြေးရတယ်။ ဟိုရောက်တော့ ရွှေတိဂုံကို နောက်တပတ်မှ သွားဖို့ သူ့ကို နှစ်သိမ့်ဆွေးနွေး ပညာပေးရတယ်း)

မွေးနေ့ရှင်က အခု ည ၉း၃၀ ခါနီးအထိ ဆော့ကောင်းတုန်း။






 

Aug 24, 2015

ဖေ့စ်ဘုတ် အနုကြမ်းစီးမှု


ကျုပ်ရဲ့ Facebook အကောင့် လျှို့ဝှက်နံပတ် ပြောင်းလိုက်ရတယ်။
မနက်က သုံးနေတုန်း အလိုအလျောက် ဆိုင်းအောက် ဖြစ်သွားရော။
ပြန်ဝင်တော့ အထက်ကပုံ ပေါ်လာတယ်။ မင့်အကောင့်ကို ဂျပန်ကနေ ဝင်နေသူရှိတယ်။ အဲဒါဟာ မင်းမဟုတ်ဘူးဆိုရင် လျှို့ဝှက်နံပတ် အသစ်ပြောင်းပါ တဲ့။
ဒါနဲ့ အသစ်ပြောင်းလိုက်ရတယ်။
လျှို့ဝှက်နံပတ်သစ်မှာ ငယ်ရည်းစားတစ်ယောက်ရဲ့နာမည် ထည့်တယ်၊ အမှတ်ရစရာ ဂဏန်းလည်း ထည့်တယ်၊ စာမဟုတ် ဂဏန်းမဟုတ်တဲ့ အမှတ်အသားလည်း ထည့်ပါတယ်း)
စုစုပေါင်း အလုံး ၂ဝ နီးပါး ရှိတယ် ဆိုတော့ လျှို့ဝှက်နံပတ်က တော်တော်လေး ခိုင်တယ်။ အင်္ဂလိပ်လိုဆိုရင် strong ဖြစ်တယ် ဆိုပါစို့။
အကောင့် အဖောက်ခံရတယ်၊ ပါသွားတယ် ဆိုရင်လည်း ပြန်ယူတဲ့နည်းတွေ ရှိပါလိမ့်မယ်၊ အလုပ်တော့ ရှုပ်မှာပေါ့လေ။ စိတ်လည်း ရှုပ်မယ်း)
အကြောင်းမသိသူတွေပဲ ကျုပ်ရဲ့ ဂျီမေးတို့ ဖေ့ဘုတ်တို့ကို ဖောက်ဖို့  ကြိုးပမ်းတာ ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာလည်း ဈေးမ၀ယ်၊ ဘဏ်ကတ် ရှိပေမယ့် ကတ်ထဲမှာ မက်စရာပမာဏ မရှိး)
မတော်တဆ/တမင်သက်သက် ဖောက်ခံရတာမျိုး ကြုံလာရနိုင်တယ် ဆိုတဲ့အတွက် အကောင့်တွေထဲ လျှို့ဝှက်တာတွေ သိပ်မထားဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်။
ပြီးတော့ လျှို့ဝှက်နံပတ်တွေကိုလည်း မှတ်မိအောင် ကြိုးစားနေရတယ်။
အင်း....လောလောဆယ်တော့ အဆင်ပြေနေတယ် ဆိုပါစို့။

Aug 6, 2015

ဆိုင်ထိုင်စတိုင်

ကာတွန်းဟန်လေး။

အင်္ကျီဖြူ နဲ့လူက သူ့ကျောင်းနေဘက် ပန်းချီ သော်ဇင်။

နေ့ခင်းဘက် ထမင်း မစားခင် တွေ့ရတဲ့ပုံ။

ကျနော်တို့ရုံးနားက အင်တာနက် အခမဲ့ရတဲ့ဆိုင်။

နှစ်ယောက်သား ဖေ့ဘုတ်တို့ အီးမေးတို့ စစ်နေကြတာ။ ကာတွန်းဆရာက နက်ဖန် ရှမ်းပြည် ပြန်မယ် တဲ့။ ဘိုင်ပြတ်ပြီ တဲ့။ သူ့ကိုယ်သူ ငွေဘေးဒုက္ခသည်လို့ ပြောပါတယ်။

ကာတွန်းဆရာက မြန်မာတိုင်းမ်ရုံးကို သွားပြီး အပြန်မှာ ကျနော်နဲ့ တွေ့တာ။ ဒါနဲ့ ထမင်းဆိုင် ရောက်သွားရော။ မြန်မာတိုင်းမ်မှာ အဆင်မပြေခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က သူ့ကာတွန်း အာရှဆု ၁ ဆု ရတယ်၊ အဲဒီဆု မြန်မာတိုင်းမ်ရုံးမှာ ရှိမယ် ယူဆပြီး သွားတာ။ အဆင်မပြေခဲ့ဘူး။ မရခဲ့ဘူး။ အချိတ်အဆက် မမိဘူး ဖြစ်နေတယ်။ တနေ့နေ့တော့ ရမယ် ထင်တာပဲ။

ဘာရယ်လို့ မဟုတ်ပါ၊ တယ်လီဖုန်းထုတ်ပွတ်တာက ဒီနေ့ခေတ်ရဲ့ ဆိုင်ထိုင်စတိုင် ဖြစ်နေပြီ ဆိုပြီး အများရဲ့ ပြောဆိုချက် မှန်ကန်ကြောင်း ပြသချင်လို့ ဒီပုံ တင်လိုက်ခြင်းပါး)

Jul 30, 2015

ကြော်ငြား(



အော်ရီဒူး သုံးတဲ့ သတင်းသမားတယောက်က ဒေါသောင်းကျန်းသူ ထနေတယ်။ ကြော်ငြာတွေ ဝင်လွန်းလို့ တဲ့။ စာဝင်သံကြားတဲ့ အရေးကြီးတဲ့စာများဖြစ်မလား ကြည့်မိတိုင်း ဒေါသ ဖြစ်နေပုံရတယ်။

ကျနော့်ဖုန်းထဲ MPT နဲ့ တယ်လီနော  ၂ ကတ် ထည့်ထားတယ်။
တယ်လီနောလည်း သူ့ကြော်ငြာတွေ ပို့ပါတယ်။ ၁ ရက် ၁ စောင်နှုန်း လို့ ဆိုရမယ်။ တချို့နေ့တွေ မပို့ပေမယ့် တချို့နေ့တွေမှာတော့ ၂ စောင် ပို့သဗျ။ အစအဆုံး ဖတ်ဖြစ်တာ ၁ စောင်ပဲ ရှိမယ် ထင်တယ်။

ပြည်သူတွေကို လည်ပင်းညှစ်ခဲ့တဲ့ MPT က ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း စုစုပေါင်း ၄ စောင် ပို့တယ်။ (စောစောကအထိ ၃ စောင်၊ ဒီစာ ရေးနေတုန်း ၁ စောင် ထပ်ဝင်လာ)

ထိုင်းမှာ နေတုန်းကလည်း တယ်လီနော (Dtec) သုံးဖြစ်တယ်။ ကြော်ငြာတွေ ပို့တယ်။ ထိုင်းလို ရေးထားတော့ မဖတ်တတ်။ တယ်လီဖုန်းဆင်ကတ် ဈေးပေါလေ ကြော်ငြာများများရောက်လေလို့ ဆိုရမယ် ထင်ပါတယ်။

ကြော်ငြာခေတ် ဖြစ်နေပြီ ဆိုတော့ .....  ကြော်ငြာတွေဟာ လူတွေရဲ့ မျက်စေ့ရှေ့ကို အတင်းအကျပ် ရောက်လာတယ်လို့ ဆိုရမယ်။
ဖုန်းမက်ဆေ့ခ်ျ၊ တီရှပ်၊ လမ်းဆုံဆိုင်းဘုတ်၊ မော်တော်ကား ဘေးနံရံ .... အဲဒီနေရာတွေမှာ အစွမ်းကုန် ကြော်ငြာကြတယ်။

အိမ်မှာ အထိုင်ချရတဲ့ ကြိုးတန်းလန်းဖုန်းတွေလည်း အနာဂတ်မှာ ကြော်ငြာတွေ တဒီးဒီး ဝင်လာမယ်လို့ ယူဆရတယ်။ ကြိုးဖုန်းဆက်သွယ်ရေးလုပ်ငန်းကို အစိုးရက လက်ဝါးကြီးမအုပ်တော့ဘူး ဆိုရင် ပြင်ပလုပ်ငန်းရှင်တွေ လုပ်ခွင့်ရမယ်၊ အဲဒီမှာ ကြော်ငြာတွေ လာမယ်၊ ကြော်ငြာက မျက်စိရှေ့တင်မက နားထဲအထိ အတင်း တိုးဝင်လာတော့မယ်။

ဖုန်းမည်လို့ ကောက်ကိုင်ရင် ကြော်ငြာ  ဖုန်းလည်း ဖြစ်နိုင်တယ် ... လူကိုယ်တိုင်ဖုန်းဆက်ကြော်ငြာတာဆိုရင် ဆဲဆိုလိုက်လို့ ရတယ်။

သို့သော်လည်း အလိုအလျောက် စကားပြောစက်နဲ့ ကြော်ငြာတာ ဆိုရင်တော့ ဆဲလည်း အလကားပဲ။ ဟိုဘက်က ခေါ်ဆိုသူက သက်ရှိ သကောင့်သား/သကောင့်သူ မဟုတ်ဘူးဆိုရင် ဆဲရကျိုး မနပ်ဘူး။

ဘာလုပ်သင့်သလဲ။

ကြော်ငြာ ဆိုတာ ရှောင်လို မရဘူး။

လုပ်သင့်တာကတော့ စိတ်ကို လျှော့ထားဖို့ပါပဲ။ ဒါဆို စိတ်သက်သာရာ ရမယ်။ ရှောင်တိမ်းလို့ မရတော့ဘူးလေး(

Jul 18, 2015

ပိုစတာ ယဉ်ကျေးမှု



 ထိုင်းလူမျိုး ณัฐภาวี สุศิวะ ရဲ့ ဖေ့ဘုတ်မှာ တင်ထားတဲ့ ရခိုင်ပြည်နယ် မြင်ကွင်းတချို့ကို ကော်ပီကူး ဖော်ပြလိုက်ပါတယ်။

မန္တလေး လူရွှင်တော် ပါပါလေးကိုလည်း ရုပ်သံ ရိုက်ထားပါသေးတယ်။ https://www.facebook.com/lekfound/videos/vob.100000102168313/556501917696542/?type=2&theater မှာ ကြည့်ပါ။

သဘောအကျဆုံးကို အပေါ်ဆုံးမှာ တင်ပေးလိုက်တယ်။ မင်းသမီးမင်းသား ပိုစတာများကို ဒေသတချို့မှာ အဲဒီလိုပဲ အိမ်အပြင်ဘက်မှာ ကပ်ထားကြတယ်။

ကိုယ်လည်းမြင်ရ တပါးသူလည်း မြင်ရ။

ဒီယဉ်ကျေးမှုက နှစ် သိပ်မကြာသေးဘူးလို့ ယူဆရပါတယ်။







ပုံတွေကတော့ ဒါပါပဲ 

May 29, 2015

ခေါင်းကိုက်စရာ


headage ဆိုတာကို headache လို့ ပြင်ဆင် ဖတ်ရှုပါရန်း)

မနေ့က NLD နဲ့ ၈၈ တို့ ပူးတွဲအခမ်းအနား/ထုတ်ပြန်ချက်ကို သတင်းထောက်တွေ တက်ရောက်  သတင်းယူကြတယ်။

ဒီအခမ်းအနား ဒီထုတ်ပြန်ချက်ကို ကြည့်ပြီး သတင်းရေးကြပေမယ့် ထွက်လာတဲ့ပုံစံတွေကတော့ မတူဘူး။ သဘာဝကျပါတယ်။

အချက်အလက် အများကြီးထဲကမှ ဘာကို ဦးစားပေး ရေးထည့်လိုက်ရမလဲ ဆိုတာ တချို့လည်း လွယ်လွယ်ကူကူ စဉ်းစားမိပါလိမ့်မယ်။ တချို့လည်း ခဲရာခဲဆစ်ပေါ့လေ။ ကျနော်ကတော့ သတင်းမရေးဖြစ်တော့ သူတို့လို စဉ်းစားခန်း မ၀င်ဖြစ်ပါဘူး။ ရေးဖြစ်ရင်တော့ ခေါင်းစားမှာပဲး)

(ခေါင်းစားမယ် ဆိုတော့ ဒီပို့စ်အတွက် ပုံရှာဖို့ အွန်လိုင်းထဲ headage ဆိုပြီး ရှာလိုက်တာ .... ပုံတွေ အများကြီး ထွက်လာတယ်။ အဲဒါတွေထဲက အပေါ်ကပုံကို ရွေးလိုက်တယ်)

သတင်းအကြောင်း ဆက်ရရင်... ၂ ဘက် ခေါင်းဆောင်တွေ အမျးကြီး ပြောသွားပေမယ့် ဟိုလိုလို ဒီလိုလိုပါပဲကွာ ဆိုတဲ့ သတင်းထောက်တွေ၊ အကဲခတ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ ကောက်ချက်တွေလည်း ဖတ်ရတယ်။ ပူးတွဲထုတ်ပြန်ချက်ကလည်း ထိုနည်းလည်းကောင်းပါပဲ လို့ ဝေဖန်ကြတယ်။ သတင်းရေးမယ့်သူကိုယ်တိုင်လည်း အဲဒီလို သုံးသပ်မိမယ်ဆိုရင် ဒီပူးတွဲလှုပ်ရှားမှုအကြောင်း သတင်းပြန်ရေးတဲ့အခါ အခက် တွေ့နိုင်မယ် ထင်တယ် - ဘယ်လိုရေး ဘယ်အချက်ကိုရေးလိုက်ရမလဲ ဆိုပြီး ခေါင်းကိုက်နိုင်မယ်။ ခေါင်းကိုက်တာက သတင်းသမားအတွက် သိပ်တော့ မထူးပါဘူး၊ ရေးသမျှဟာ အနည်းနဲ့အများ ခေါင်းကိုက် ခေါင်းစားတာတွေချည်းပါပဲ။

ကဲ... အခမ်းအနား/ထုတ်ပြန်ချက်ကို ကြည့်ပြီး သတင်းထောက်တွေ ဘယ်လို ရေးလိုက်သလဲ ဆိုတာ သိရအောင် ခေါင်းစဉ်တွေ စုစည်းပေးလိုက်ပါတယ်။

အဲဒီသတင်းတွေ ထဲက သုံးပုဒ်လောက်တော့ ဖတ်ဖြစ်ပါတယ်။ အကုန်တော့ မဖတ်နိုင်ဘူး။

ကဲ... ခေါင်းစဉ်လေးတွေ ဖတ်ချင်ရင် ဖတ်ကြည့်ပါအုံး။ NLD နဲ့ ၈၈ ဘာတွေ ပြောကြသလဲ ဆိုတာ အကြမ်း သဘော သိအောင်ပဲ ဖြစ်ဖြစ်၊ သတင်းထောက်တွေ ဘယ်လို ချည်းကပ်ကြသလဲ ဆိုတာ လေ့လာဖို့ပဲ ဖြစ်ဖြစ်း)


လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ NLD နဲ့ ၈၈ သတိပေး
VOA

မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးက အရေးပါဆုံးပဲ- ဦးကိုကိုကြီး
DVB

ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် NLDနှင့် ၈၈ မျိုးဆက် ပူးပေါင်းလုပ်ကိုင်မည်
ဆင်ဟွာမြန်မာ

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်က စိတ်မ၀င်စားလည်း မရရအောင် ပြင်ဆင်သွားမည်ဟုဆို
 စံတော်ချိန် သတင်းစာ

၈၈ ကျောင်းသားခေါင်းဆောင်များ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်၊ NLD ပါတီမှ ဝင်၊ မဝင် မဆုံးဖြတ်ရသေးဟု ဦးကိုကိုကြီး ပြောကြား
The Voice Weekly

NLD နှင့်အပြိုင် ပါတီထောင်၍ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ဟု ၈၈ ပြော
ဧရာဝတီ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အနာဂတ်မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး လှေကားထစ်ဖြစ်ဟု NLD နှင့် ၈၈ မျိုးဆက်အဖွဲ့ အသိအမှတ်ပြု
Daily Eleven

၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေညာပြီးမှသာ NLD ပါတီ ရွေးကောက်ပွဲ ၀င်၊ မ၀င် ကိစ္စ တရားဝင်ကြေညာမည်
Daily Eleven

ရွေးကောက်ပွဲဝင်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း NLD ပြော
RFA

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်သည်အထိ ဒီချုပ်နှင့် ၈၈ (ငြိမ်း/ပွင့်)လက်တွဲမည်
7Day




Nov 5, 2014

မစ်ရှင်ကွန်ပလိ

အကြမ်းဖက်သမားတွေကို ကျနော် တိုက်ဖျက်လိုက်ပြီ။
သူတို့ရဲ့ နိုင်ငံတကာ ဋ္ဌာနချုပ်ကို ကိုင်လိုက်တား
ဒီကောင်တွေ အလူးအလဲပဲ။

မစ်ရှင်ကွန်ပလိ မဖြစ်ခင် ကျနောလည်း အလူးအလဲပဲး)

လူမျိုးစုံဟာ ဂိမ်းမျိုးစုံကို စွဲနေကြတယ်။

မိတ်ဆွေတယောက်ရဲ့သားက ဂိမ်းစွဲတယ်။ ဆယ်ကျော်သက်။
မူးယစ်ဆေးစွဲတာထက် ဂိမ်းစွဲတာ ကောင်းပါတယ်။ လွှတ်ထားလိုက်ပါ လို့ ပြောဖူးတယ်။

လူဆိုတာ တခုခုကို စွဲလမ်းတာပဲ။
ဂိမ်း ဆိုတာ မကောင်းမှုတွေထဲမှာ အကောင်းဆုံးအရာတခု ဖြစ်ပါလိမ့်မယ်။

ကဲ....

နောက်တပွဲ ထပ်ဆော့လိုက်အုံးမယ်။


Oct 24, 2014

ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့မှာ... (၁)




ချင်းမိုင်လန် - Chiang Mai Land လမ်းထဲက ဆိုင်တချို့။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြင်ကွင်း။ ဂူဂဲမြေပုံမြင်ကွင်း။

အခုတော့ အဲဒီဆိုင်ခန်းတွေမှာ လုပ်ငန်း ပြောင်းသွားပြီ။
ဒီဘက်ဆုံးက USA CELL FOODS ဆိုတဲ့ဆိုင်းဘုတ် မရှိတာ့ဘူး။
အစွန်ဆုံးက AA ဆိုတဲ့ဆိုင်ကတော့ ရှိဆဲပါပဲ ဒီနေ့အထိ။

USA CELL FOODS ဆိုင်းဘုတ်ဖြုတ်တဲ့နေရာမှာ မြန်မာထမင်းဆိုင် ၀င်လာတယ်။ နာမည်က "သီးသန့်"  တဲ့။
ဘေးကဆိုင်တွေတော့ ပိတ်ကုန်ပြီ။ ဒီလမ်းက သိပ်မစည်ကားလို့ အလုပ်မဖြစ်တာကြောင့် ပိတ်သွားပုံရတယ်။
 မြန်မာဆိုင်ကတော့ မပိတ်သေး။

အဲဒီဆိုင်မှာ အဲဒီဆိုင်ကယ်စီးပြီး သွားစားဖြစ်နေတယ် ဒီရက်ပိုင်း။

တခါပြင် ဘတ် ၄ဝ။

တဒေါ်လာခွဲနီးပါး/ကျပ်နဲ့ဆိုရင် ၁,၂ဝဝ ဖြစ်မယ်။

အသားဟင်းတခွက်၊ ဟင်းချို၊ ငါးပိရည်၊ တို့စရာ၊ ရေနွေးကြမ်း (မကြိုက်ရင် ရေခဲရေ)၊ ထညက်ခဲ။  အဲဒါ အားလုံးပါ ဘတ် ၄ဝ။ အမဲသားဆိုရင်တော့ ၅ဝ ဖြစ်သွားမယ်။ အမဲသားက ဈေးကြီးတော်မူတယ်။

တကိုယ်တော်သမားတွေအတွက် တန်တယ်လို့ ပြောရမယ်။ မိသားစုသမားတွေကတော့ အိမ်မှာပဲ သုံးဆောင်ကြ။

လွိုင်ကော်ကနေ ထိုင်းကို ပြောင်းလာသူတွေ ဖွင့်တာပါ။ စားဖိုမှူးကတော့ ဆိုင်ချက်ရော တောချက်တွေပါ ချက်တတ်တယ်။

ငါးကို ကင်ပွန်းရွက်၊ ဒန့်ဒလွန်သီး စသဖြင့်တို့နဲ့ ရောချက်တာကို တောချက်လို့ ဆိုင်ရှင်က ဆိုလိုချင်ပုံရတယ်။ သူသုံးတဲ့စကားပါ။ တောမြို့ခွဲရကောင်းလား discrimination မလုပ်နဲ့ ဆိုပြီး သတိပေးမှာစိုးလို့ သူသုံးတဲ့စကားဖြစ်ကြောင်း ပြောပြခြင်းပါ။

ကြက်သား
ဆီပြန် ၀က်သားဆီပြန်ဆိုတဲ့ ဆိုင်ချက်တွေလည်း ရှိသလို တောချက်ကလည်း တရက်ကို တခွက်လောက်တော့ ချက်တဲ့သဘောရှိတယ်။ မေးကြည့်တာ မဟုတ်ပါဘူး။ ဆိုင်ကို မနက်တခါ ညတခါ သွားပြီး ဘာဟင်းရလဲမေးရာကနေ သူတို့ရွတ်ပြတာ နားထောင်ပြီး ခန့်မှန်းကြည့်တာပါ။

ကဲ... ချင်းမိုင်ရောက်ရင် ဘတ် ၄၀ အိတ်ထဲ ထည့်ပြီး အဲဒီဆိုင် သွားလိုက်ပါ။
ရန်ကုန်မှာ ဒီဈေးနဲ့ ဘယ်ရပါ့မလဲ။ ဒါလည်း အကြောင်းရှိပါတယ်။ ဒီအကြောင်း နောင်မှ ပြောပြမယ်လေ။