Jul 25, 2008

အိပ်လိုက်ကြစို့ သူငယ်ချင်း

(မေ ၁ဝ၊ ၂ဝဝ၆ နေ့က မိုးမခမှာ တင်လိုက်တဲ့ ဆောင်းပါး ခေါ်မလား အက်ဆေးခေါ်မလား ဘာခေါ်မလဲ။ မူရင်းစာရေးသူက USA Today မှာ အပတ်စဉ် ပင်တိုင်ရေးတဲ့ အန်ကယ်ကြီး။

ခင်ဗျားဆောင်းပါး ကျုပ်တို့ယူသုံးတယ်ဗျာလို့ အီးမေးလ်လှမ်းပို့တော့ သုံးစေ လို့ ဆိုတယ်။ ဘယ်သတင်းစာမှာ ပထမဆုံးသုံးခဲ့တယ် ဆိုတာကိုတော့ ဖော်ပြဖို့မမေ့ပါနဲ့ ဆိုပဲ။

သူရေးတာတွေကို ပုံမှန် ဖတ်ချင်ပေမဲ့ မဖတ်ဖြစ်ပါဘူး။ အင်တာနက်မှာက ဖတ်စရာများလွန်းလို့ သူ့စာတွေဆီကို မရောက်နိုင်ဘူး။ )



အိပ်လိုက်ကြစို့သူငယ်ချင်း

ခရိတ် ဝီလဆင်

ဒီလထဲမှာ ကျင်းပသွားတဲ့ ‘တရေးအိပ်တဲ့နေ့’ကို မဆင်နွှဲလိုက်ရဘူးဗျာ။ ကျနော် အိပ်နေလို့ ဖြစ်မှာပါ။ မမှတ်မိတော့ဘူး။ အိပ်နေတယ်ဆိုတာ မှန်ခဲ့ရင်တော့ အဲဒီအထိမ်းအမှတ်နေ့အတွက် စည်းရုံးလှုံ့ဆော်သူတွေ ဝမ်းသာကြမှာပါ။ သူတို့ဖြစ်စေချင်တာကို ကျနော်က လုပ်ခဲ့တာကိုး။

နေ့တိုင်းနေ့တိုင်း ‘တရေးအိပ်တဲ့နေ့’ ဖြစ်စေသတည်း။

ဆိုကြပါစို့ဗျာ၊ လူတိုင်းဟာ နေ့ခင်းနေ့လယ် တရေးတမော အိပ်ကြမယ်ဆိုရင် လောကကြီး ဘယ်လောက်သာယာလိုက်မလဲ၊ စဉ်းစားမိရဲ့လား။ ‘ခင်ဗျား အိပ်နေတဲ့အချိန်မှာ ပြဿနာ အများကြီးမတက်နိုင်ဘူး’ ဆိုတာ ကျနော့် သီအိုရီပါပဲ။ နိုင်ငံရေးသမားတွေဟာ ပိုပြီးတော့ တရေးအိပ်သင့်တာပေါ့ဗျာ။ ရှေ့နေတွေလည်း အဲသလိုပါပဲ။ စာနယ်ဇင်းဆရာတွေလည်း အိပ်ရမှာပေါ့။

ကလေးဘဝတုန်းကတော့ အဲသလို တရေးအိပ်ရမှာကို မုန်းမှမုန်းပဲ။ မကြိုက်ဘူး။ နည်းနည်းလေးတော့ လွဲချော်နေသလို ခံစားရတယ်။ လှေကားထိပ်မှာ ကျနော်ထိုင်ပြီးတော့ “အိပ်ရာ ထလို့ရပြီလား” လို့ အော်ထည့်လိုက်တာ။

“မရဘူး၊ သွား …ချက်ချင်းပြန်အိပ်”

အဖြေကတော့ အမြဲတမ်း အဲသလိုပါပဲ။ ခုတော့ ကျနော် သိပါပြီ၊ ကလေးတွေထက် အမေတွေက ပိုပြီး တရေးအိပ်သင့်တာပေါ့။

ကျနော် လှေကားထိပ်မှာထိုင်ပြီး အောက်ထပ်ဆင်းခွင့်ရဖို့ အော်ပြောခဲ့ရတာ အနည်းဆုံး ၆ နှစ်တောင် ရှိမှာပဲ။ အဲဒီတုန်းကများ စိတ်ရောဂါကုဆရာဝန်ဆီကို သွားဖြစ်ခဲ့ရင်တော့ ဆရာဝန်က တစ်ခုခု အကြီးအကျယ်မှားနေပြီလို့ ထင်မှာပါ။ ကျနော့်မိဘတွေကိုပဲ အပြစ်ပြောရမှာပါ။

ခုချိန်မှာတော့လား၊ ကျနော့်ကို နေ့ခင်းနေ့လယ် ခဏအိပ်ဖို့နားဖို့ ပြောလာတဲ့သူရှိရင်တော့ ကျေးဇူးတင်မှာပဲဗျို့။

ကျနော့်အဖေကတော့ တရေးအိပ်တာနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ ဆိုဖာထိုင်ခုံပေါ် ခါးဆန့်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတာ။ ဟောက်သံတွေတောင် ထွက်လို့။ နာရီဝက်လောက်ကြာရင် လန်းလန်းဆန်းဆန်းနဲ့ ပြန်နိုးလာပြီ၊ ကျနော့်ကို ဟိုခိုင်းဒီခိုင်း ခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီ။

အဲသလိုအိပ်တတ်တာ အဖေတယောက်တည်း မဟုတ်ပါဘူး။ အိုဟိုင်းယိုးပြည်နယ်က စာဖတ်ပရိသတ်တယောက်က ပြောတယ်။ သူ့အဖေက အအိပ်ကျွမ်းကျင်သူ ဆိုပဲ။ အသက်က ၈၅ နှစ်။ တရက်တည်းနဲ့ ခဏခဏ တရေးအိပ်တတ်တယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ အဲသလိုအိပ်တယ် တဲ့။ ဒီဇင်ဘာလထဲမှာတော့ ညစာစားပြီး ထုံးစံအတိုင်း တရေးအိပ်လိုက်တာ ပြန်မနိုးလာဘူး။ ဒီစာဖတ်သူအမျိုးသမီးက ဘယ်လိုတွေးမိသလဲဆိုတော့ အဲသလို ညင်ညင်သာသာနဲ့ အသက်ထွက်သွားတာမျိုးက မျိုးရိုးလိုက်ပြီးဖြစ်တတ်ရင် ကောင်းမှာပဲတဲ့။

တရေးအိပ်ရင်း သေဆုံးခြင်း …။ အင်း … ကြိုက်တယ်ဗျာ။

ထိုင်ရင်းနဲ့အိပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ရှိတယ်။ ကွန်ပျူတာရှေ့မှာ သူထိုင်မယ်။ ကျနော့်အဘွား ပြောသလိုပဲ “မျက်လုံးတွေကို အနားပေးတာ”ပေါ့။ ကျနော် ပထမထင်တာ သူက နောက်ထပ် စာတစ်ကြောင်းရိုက်ဖို့အတွက် စဉ်းစားခန်း ဝင်နေတာပါကွာ လို့။ မဟုတ်ဘူးဗျာ။ အိပ်ကို အိပ်ပျော်နေတာ။ မျက်လုံးတွေ မှိတ်နေရုံတင်မက၊ တခေါခေါနဲ့ ဟောက်နေလိုက်သေး။

သူ့လို လုပ်ကြည့်ပါတယ်။ မလွယ်ဘူးဗျာ။ သူကတော့ အိပ်ပျော်သွားလိုက်တာ လွယ်လွယ်လေး။

ဒီနှစ်ဆန်းပိုင်းမှာ စပိန်အစိုးရက သူ့နိုင်ငံရဲ့ ဓလေ့တစ်ခုကို ပြောင်းပစ်လိုက်တယ်။ နှစ်ပေါင်း ရာချီပြီး နေ့လယ်စာ စား၊ တရေးအိပ် အနားယူကြတာ တခါတလေ ၄ နာရီတောင် ကြာသတဲ့။ အခုတော့ အစိုးရဝန်ထမ်းတွေခမျာ နေ့လယ်စာစား နားတဲ့အချိန် ၄၅ မိနစ်ပဲ ရတော့တယ် တဲ့။ ကျနော်တို့လို ဖြစ်သွားပြီပေါ့ဗျာ။

ကျနော်သာ စပိန်ပြည်သားဆိုရင်တော့ ဆန္ဒပြ ကန့်ကွက်လိုက်မှာပဲ။ အနည်းဆုံး ခဏတဖြုတ်တော့ လဲလျောင်းပြီး ကျောဆန့်လိုက်မှာပေါ့။

(ဧပြီလ ၂၅ ရက်နေ့ထုတ် ‘ယူအက်စ်အေ တူဒေး’ သတင်းစာတွင် We could all do less harm with more naps ဆောင်းပါးကို ပြန်လည်ရေးသားထားခြင်းဖြစ်သည်။)



No comments: