Oct 21, 2008

blogging by su myat mon


(၂၀၀၆ခုနှစ်က မစုမြတ်မွန်ရဲ့ အသံလွှင့်ဆောင်းပါး။ ကျနော်ရေးဖူးတဲ့ ၂ ပုဒ် ၃ ပုဒ်ကိုတော့ နောက်နေ့တွေ တင်တာပေါ့။ ရေးပြီးသား။ ဇော်ဂျီဝမ်း ပြောင်းလိုက်ရုံသာ။)

မြန်ဆန်လွယ်ကူ အင်တာနက်စာမျက်နှာများ (ဆိုပြီး မိုးမခမှာ ပြန်ဖော်ပြဖူးတယ်)

ကိုယ့်ရဲ့ထင်မြင်ချက် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးနိုင်ပြီးတော့ ရေးထားတာတွေကိုလည်း သိစေချင်တဲ့သူတွေ တစ်ယောက်ချင်းစီ အီးမေးလ်ပို့ အကြောင်းကြားနေမယ့်အစား ကိုယ့်ရေးနေကျ ဘလော့ဂ် မှာ တင်ပြထားလိုက်တာနဲ့ အွန်လိုင်းပေါ်မှာ တပြိုင်နက် အားလုံးကသိသွားနိုင်စေတဲ့ ဘလော့ဂ်တွေဟာ ဒီကနေ့ အင်မတန်မှ ရေပန်းစားနေပါတယ်။

အွန်လိုင်းဒိုင်ယာရီလို့ အလွယ်ပြောနိုင်တဲ့ ဘလော့ဂ်တွေ ရေးနေကြတာ အခု ဘယ်လောက်များ ခေတ်စားနေလဲဆိုရင် နေ့တိုင်း အသစ်ဖန်တီးနေတဲ့ ဘလော့ဂ်ပေါင်း တစ်သိန်းရှိတယ်လို့ ဘလော့ဂ်တွေကိုရှာပေးတဲ့ Technorati ကုမ္ပဏီရဲ့စစ်တမ်းက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်နေတဲ့ ဒပ်ဖနီဆိုရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ ဘလော့ဂ်တွေ အမြဲ ရေးပါတယ် တဲ့။

“များသောအားဖြင့် ကိုယ့်ဟာကိုယ် ခုတလော ဘာတွေလုပ်နေလဲ ရေးတယ်၊ အိမ်ကနေ ဝေးနေတယ်ဆိုတော့ ကိုယ်ပြောချင်တဲ့စကားတွေ ရင်ထဲမှာ စုစုထားပြီးတော့ ဒိုင်ယာရီလိုမျိုး ပုံစံပေါ့။ ဒါပေမယ့် ကိုယ့်လျှို့ဝှက်ချက်တွေ အကုန်လုံးကို ထုတ်ရေးတာတော့ မဟုတ်ဘူး။ ကိုယ်က ဝန်းကျင်သစ်မှာ ရောက်နေတော့ ပတ်ဝန်းကျင်အသစ်က ပြဿနာတွေဖြစ်ရင် အဲဒီပြဿနာအသစ်ကအဖြေတွေ ရလာရင် သူများတွေကို မျှဝေတာတွေ ရေးဖြစ်တယ်။ နိုင်ငံရေးသတင်းတွေ အရမ်းအရေးကြီးတဲ့သတင်းတွေဆိုရင် လင့်ခ်တွေ ထားထားပြီးတော့ သူများတွေ ဖတ်လို့ရအောင် လုပ်ပေးပါတယ်”

ဘလော့ဂ်တွေက ကိုယ်ခွင့်ပြုသူကိုပဲ ဝင်ကြည့်လို့ရတဲ့ ဘလော့ဂ်မျိုးရှိသလို ဘယ်သူမဆို ဝင်ဖတ်ခွင့်ပေးထားတဲ့ ဘလော့ဂ်မျိုးလည်း ရှိပါတယ်။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အကြောင်းက စပြီးတော့ နိုင်ငံတော်သမ္မတကို ဝေဖန်တာအဆုံး လွတ်လွတ်လပ်လပ်ရေးပြီးတော့ အများကို ပေးဖတ်နိုင်တာမို့ သတင်းလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံတွေ၊ ထင်မြင်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောလို့မရတဲ့ နိုင်ငံတွေမှာဆိုရင်လည်း ဘလော့ဂ်တွေဟာ ထွက်ပေါက် ကြားခံတစ်ခုလို ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာပဲနေတဲ့ ကိုဇော်ဝင်း ကဆိုရင် သူ့ရဲ့ ဘလော့ဂ်မှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ပုံမှန်ရေးပြနေသူတစ်ယောက်ပါ။

“တိုင်းပြည်ရဲ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို မြန်မာနိုင်ငံသူ နိုင်ငံသား အထူးသဖြင့် လူငယ်တွေ သိစေချင်လို့ တင်ရတာပါ။ တစ်လ တစ်လ ကျနော့်ရဲ့ ဘလော့ဂ်ကို အနိမ့်ဆုံး ၂ဝဝ လောက် လာကြည့်တယ်၊ အများစုက ပြည်တွင်းက။ အထူးသဖြင့် အသက် ၁၄၊ ၁၅ ကနေ စပြီးတော့ ၂၅ လောက်အထိ အများဆုံးကြည့်ပါတယ်။
အထူးသဖြင့် ရှမ်းပြည်၊ ရန်ကုန်၊ မန္တလေးတို့ မြို့ကြီးတွေကပဲ များတယ်။ မြို့ငယ်လေးတွေက အင်တာနက်မသုံးနိုင်ကြဘူး။ မြို့ကြီးတော်တော်များများက ဥပမာ - ကချင်ပြည်၊ ရှမ်းပြည်၊ ရန်ကုန်၊ မန္တလေး သုံးနိုင်တယ်။ ဘလော့ဂ်ရဲ့ အကျိုးကျေးဇူးပေါ့နော်။ ကျနော်မမြင်ဖူးတဲ့ မြန်မာတွေ အဆက်အသွယ် ရပါတယ်။
အမေရိကား၊ ဥရောပ နိုင်ငံစုံက လူငယ်ကျောင်းသားတွေ ချိတ်ဆက်မိတယ်။ ပြီးတော့ ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှားရောက်နေတဲ့ မြန်မာတွေ ကျနော်တို့နဲ့ ချိတ်ဆက်မိတယ်။ တချို့ ဒုက္ခသည်စခန်းကနေတောင် တက်ကြည့်ကြပြီးတော့ စာရေးကြပါတယ်”

တရုတ်၊ အီရန်၊ ဆော်ဒီအာရေဗျတို့လို ကိုယ့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်လို့မရတဲ့ နိုင်ငံမျိုးတွေမှာလည်း ဘလော့ဂ်တွေဟာ ရေပန်းစားပါတယ်။ အထူးသဖြင့် အစိုးရဆန့်ကျင်တဲ့ အရေးအသားတွေ အင်တာနက်မှာ မဖော်ပြနိုင်လို့ အွန်လိုင်းရဲသားတွေထားတဲ့ တရုတ်နိုင်ငံမှာတောင်မှ သူ့နည်းသူ့ဟန်နဲ့ ဘလော့ဂ်တွေရေးပြီး နိုင်ငံရဲ့အခြေအနေမှန်ကို တင်ပြနေကြသူတွေ ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံမျိုးမှာ နေနေကြသူတွေကတော့ ကိုယ်ရေးချင်သမျှအကြောင်းတွေကို လွတ်လွတ်လပ်လပ် ဘလော့ဂ်ရေးနေကြသလို မျှချင်တဲ့သတင်းတွေကိုလည်း ဘလော့ဂ်ကနေပဲ တဆင့် မျှနေကြတာပါ။

“ကိုယ့်အကြောင်းတွေ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ စိတ်ကူးတွေ ပါတော့ လွတ်လပ်တာပေါ့။ ပြီးတော့ သတင်းအချက်အလက်တွေက တခါတလေ အရမ်းများနေတော့ ဘယ်ဟာဖတ်ရမလဲ ဘယ်ဟာ မဖတ်ရလဲ၊ ဘယ် သတင်းအချက်အလက်ယူသင့်သလဲ၊ သတင်းက ဘယ်ဟာမှန်သလဲဆိုတာ သူငယ်ချင်းတွေဆီက ပြန်ရတော့ ပိုပြီးတော့ ခိုင်လုံတဲ့သတင်းတွေဖြစ်တာပေါ့” လို့ ဒပ်ဖနီက ပြောပါတယ်။

ဘလော့ဂ်တွေမှာ စာသားတွေချည်းပဲသက်သက် ရေးနေ မျှနေနိုင်တာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ ဗီဒီယို စသဖြင့် ပုံစံမျိုးစုံနဲ့လည်း မျှလို့ရတဲ့ ဘလော့ဂ်တွေ ရှိပါတယ်။ ဗီဒီယို ရုပ်ပုံတွေကို မျှဝေတဲ့ ဘလော့ဂ်တွေ သူ့အခေါ်အတိုင်းဆိုရင်တော့ ဗွီလော့ဂ်(Vlog) တွေကလည်း အတော်ကို ရေပန်းစားနေတာပါ။ ဝါသနာအရ အပျော်တမ်းရိုက်တဲ့ ဗီဒီယိုကလစ်ပဲဖြစ်ဖြစ်၊ တကယ့် စီးပွားဖြစ် ရိုက်ထားတဲ့ ဗီဒီယိုကလစ်ကိုပဲဖြစ်ဖြစ်၊ မျှဝေနိုင်တဲ့ ဝက်ဆိုက်တွေလည်း ရှိနေပါပြီ။

လူပေါင်း သိန်းသန်းချီပြီး ရေးနေကြတဲ့ ဘလော့ဂ်တွေဟာ လွတ်လပ်ပွင့်လင်းလွန်းတဲ့အတွက် သူတို့ရေးသမျှ အားလုံး အမှန်တွေချည်းပဲလို့ ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီဘလော့ဂ်တွေဟာ မြန်ဆန်လွယ်ကူတဲ့ သတင်းဆက်သွယ်တဲ့ နည်းတစ်ခု ဖြစ်နေရော မဟုတ်ပါလား။ ။

No comments: