Mar 12, 2009

Laotian vs. Burmese

အတွေးအမြင် ဝဝ၇
လမ်းဘေးပလက်ဖောင်းပေါ်က အအေးဆိုင်ဝင်ထိုင်ပြီး ထောပတ်သီးဖျော်ရည်တခွက် မှာသောက်တယ်။ ငွေရှင်းတော့ တသောင်းရှစ်ထောင် တဲ့ဗျာ။ မငြင်းပါဘူး ထုတ်ပေးလိုက်တာပဲ။ ဒါ လာအိုနိုင်ငံလေ။ တည်းခိုခန်းခချည်းပဲ တသိန်းကျော် ကုန်ပြီးသွားပြီ။ ငွေဖောင်းပွမှု သိပ်များတဲ့နိုင်ငံ။

လာအိုစကားနဲ့ ထိုင်းစကားက အတူတူ ဆိုပါစို့။ ပြောတတ်လို့တော့ မဟုတ်ပါဘူး၊ ထောပတ်သီးကို လက်ညိုးထိုးပြလိုက်တာပဲ။

“ဒီမှာသောက်မယ်ခင်ဗျ” ဆိုတာကိုတော့ ထိုင်းလို ပြောလိုက်တယ်၊ လွတ်နေတဲ့ စားပွဲမှာ ဝင်ထိုင်တယ်။ လူတွေကို ငေးတယ်။
လာအိုမှာ တိုင်းရင်းသား ၁၃၅ မျိုး မရှိပေမယ့် လူမျိုးတော့ စုံတယ်၊ တိုင်းရင်းသားပေါင်း ၅ဝ ကျော်တော့ အနည်းဆုံး ရှိမယ်လို့ ဖတ်ဖူးတယ်။ ကျနော်ရောက်နေတဲ့ မြို့တော် ဗီယန်ကျင်းမှာတော့ တရုတ်တွေ အများသား။ များမှာပေါ့၊ တရုတ်နိုင်ငံနဲ့က အိမ်နီးချင်းတွေဆိုတော့ ကူးလာကြမှာ။ ဟိုနေ့က ထမင်းဆိုင်တဆိုင်မှာ ဆိုင်ရှင်တွေ ယူနန်လို ပြောနေတာတောင် ကြားခဲ့ရတယ်။ တရုတ်တွေကတော့ ကိုယ့်ရိုးရာ ကိုယ့်စကားကို သိပ်ထိန်းတာပဲ။

ကျနော် ဒီမြို့ကြီးမှာ ဟိုဟို ဒီဒီ လျှောက်သွားပေမယ့် အိန္ဒိယတိုက်သားတွေတော့ မတွေ့ရဘူး။ ဒုတိယမြို့တော်လို့ ဆိုတဲ့ လုမ်ဖရာဘမ် မှာတော့ အိန္ဒိယတိုက်သားတွေ တွေ့လိုက်ရတယ်။ လာအိုဟာ ဖုန်ထူတဲ့၊ ခြင်ပေါတဲ့၊ ဆင်းရဲတဲ့၊ သေနတ်သမားတွေ အာဏာကြီးတဲ့ တိုင်းပြည်လေးပါ။ နိုင်ငံရော လူတွေရော ကံဆိုးမိုးမှောင်ကျမှုရော ကျနော်တို့နဲ့ တူမှတူ။

ဒီနိုင်ငံကို ဒါ ဒုတိယအကြိမ် ရောက်ဖူးတာပဲ။ ပြောင်ပြောင်ရောင်ရောင် မရှိတဲ့တိုင်းပြည်။ လူတွေကလည်း ပြောင်ပြောင်ရောင်ရောင် မရှိ။ လာအိုတွေထက်တော့ ငါတို့တွေက အရည်အချင်း ပိုသာမယ်၊ ပိုထက်မြက်မယ်လို့ တွေးမိတယ်။ အလိုလိုနေရင်း တွေးမိတာပါ။ ဒါပေမယ့် မနေ့ကစပြီး အဲဒီလို မတွေးရဲတော့ဘူး။

မနေ့က ထိုင်းဗီဇာ လျှောက်တဲ့လူ ၄ဝဝ ကျော်တယ်။ နိုင်ငံပေါင်းစုံကလူတွေဗျာ၊ ရွှေရောင်ဆံပင် ငွေရောင်ဆံပင် မဟူရာရောင်ဆံပင်တွေနဲ့ အစုံပဲ။ မြန်မာပြည်သားတွေလည်း ပါတာပေါ့။ အာရှသားတွေ ဆံပင်မည်းတယ်ဆိုတော့ ဘာလူမျိုးမှန်း တိတိကျကျ မပြောနိုင်ပေမယ့် မြန်မာပတ်စ်ပို့ကိုင်ထားတာမြင်ရင်တော့ အဲဒီလူကို မြန်မာလို နုတ်ဆက်လိုက်တာပဲ။ ဒါနဲ့ပဲ မိတ်ဆက်ကြ ဖုန်းနံပတ်တွေ ဖလှယ်ကြ။

မြန်မာပြည်သားတွေထဲက ၂ ယောက်က အဖြစ် ဆိုးပါတယ်၊ ကောင်စစ်ဝန်ရုံးရှေ့က ပလက်ဖောင်းပေါ်မှာ လျှောက်လွှာရောင်းတဲ့သူတွေ ရှိတယ်။ လာအို ပွဲစားတွေပေါ့။ အဲဒီ ပွဲစားတွေဆီက လျှောက်လွှာ ဝယ်ကြတယ်လေ။ လျှောက်လွှာက ရုံးထဲမှာ အလကား ယူလို့ရတာ မသိဘူးလားလို့ သူတို့ကို ပြောတော့ “မဖြည့်တတ်ဘူး၊ သူတို့ဖြည့်ပေးမယ် ဆိုလို့ ဝယ်လိုက်တာပါ” တဲ့။

သူတို့ဖြည့်ထားတာ ကြည့်လိုက်တော့ လက်ရေးကလည်း ညံ့လိုက်တာ၊ ပြီးတော့ တချို့နေရာတွေမှာ ချန်ထားတာ၊ မှားဖြည့်တာ ရှိသေးတယ်။

ဖြည့်ရမယ့် ကွက်လပ်က အခု ၂ဝ လောက်ပဲလေ။ တမျက်နှာတည်း။ ဖြည့်ရမှာတွေက ရှေ့အမည်၊ အလယ်အမည်၊ နောက်အမည်၊ ကျား-မ၊ အိမ်ထောင်မရှိသေး၊ ရှိ၊ ကွာရှင်း၊ တခြား ပြီးတော့ မွေးနေ့၊ လူမျိုး၊ နိုင်ငံသား၊ လိပ်စာ စသဖြင့် စသဖြင့်။

ဒါတွေကို ဟို ပွဲစားတွေက ဖြည့်ပေးပြီး ဘတ် ၅ဝ ယူလိုက်သတဲ့။ ဘတ် ၅ဝ ဆိုတာ ရေခဲစိမ်ဘီယာတလုံး ဝယ်သောက်လို့ရမယ်။ ဘီယာမကြိုက်ရင် ခေါက်ဆွဲ ၂ ပွဲ စားလို့ရမယ် ဒါမှမဟုတ် ပက်ပ်ဆီ ၅ ပုလင်း ဝယ်လို့ရတယ်။ ဘတ် ၅ဝ က နှမြောတတ်ရင် အဲသလို နှမြောစရာ။

နောက်တယောက်ကို မေးကြည့်တယ် ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ ဘတ် ၁ဝဝ ဆိုပဲ။ ပြီးတော့ သူက ပြောလိုက်သေးတယ်၊ ပွဲစားတွေ လျှောက်လွှာဖြည့်တာလည်း လွယ်လွယ်လေးပဲ၊ ပတ်စ်ပို့ထဲက ဟာတွေကို ကူးထည့်လိုက်တာပဲ တဲ့။ သူ ခံခဲ့ရမှန်း သူ သိသွားတယ်ဆိုတော့ မဆိုးပါဘူး။

သြော် - လာအိုတွေလည်း အချဉ်မဟုတ်ပါလား။ ထိုင်း ကောင်စစ်ဝန်ရုံးရှေ့မှာ သူတို့ပွဲစားတွေ ၁ဝ ယောက်လောက် ရစ်ဝဲရစ်ဝဲ လုပ်နေကြတာ ထိုင်းဗီဇာ ရချင်တဲ့ နိုင်ငံတကာက ခရီးသည်တွေက သူတို့ကို အကူအညီ တောင်းတတ်ကြလို့ပေါ့။ ဒါကြောင့် နိုင်ငံပေါင်းစုံက လူပေါင်းစုံဟာ လျှောက်လွှာကို အကြောင်းအမျိုးမျိုးကြောင့် ငွေပေးပြီး ရေးခိုင်းတတ်တာပဲလို့ တွေးမိပါတယ်။
လာအိုတွေ နဲ့ ရွှေမြန်မာတွေ ဘယ်သူ ပိုထက်မြက်တယ် ဆိုတာတော့ မတွေးတော့ပါဘူးလေ။ ဟို ၂ ယောက်ကိုတော့ ဆရာလုပ် လိုက်တယ်၊ နောက်တခေါက် လာအိုရောက်ရင် လျှောက်လွှာအတွက် ငွေအကုန်မခံဖို့ပေါ့။ ဟုတ်တယ်လေ ပွဲစားက လက်ရေး ညံ့၊ အချက်အလက်ကူးရေးတာလည်း အမှားအယွင်း ပါသေးတယ်။ နောက်ဆုံး လျှောက်လွှာအပယ်ခံရမှာက ကိုယ်ခံရမှာ။ မြန်မာပတ်စ်ပို့ ဆိုရင် သိတယ်မဟုတ်လား၊ ပြီးခဲ့တဲ့လတုန်းက ကျနော့် အသိတယောက် ဒီကောင်စစ်ဝန်ရုံးက ပညာပြလို့ ဒီမြို့ကြီးမှာ ဆယ်ရက်လောက် သောင်တင်သွားပါရောလား။ ဒီအကြောင်းတော့ သူတို့ ၂ယောက်ကို မပြောလိုက်ပါဘူး၊ စိတ်ညစ်သွားမှာစိုးလို့။

ဒီ ၂ ယောက်နဲ့ ဒီနေ့ ပြန်တွေ့တယ်၊ သူတို့ ၂ယောက်လုံး ဗီဇာ ရကြတယ်။ အပယ်မခံရဘူး။ ကံကောင်းတာပေါ့။ ထိုင်းကလည်း ခရီးသည်တွေ သဘောကျအောင် ၃ လတိတိ ဗီဇာတွေ အလကား ပေးနေတဲ့အချိန်လည်း ဖြစ်တယ်လေ။ ဒါပါပဲ။ ။


2 comments:

Moe Cho Thinn said...

ဗမာတွေက ဘယ်နေရာမဆို ခံရတာချည်းပါပဲလား..

Nyein Chan Aung said...

လာအိုသွား တောလား လာဖတ်သွားတယ် ကိုဇာနည်