Mar 1, 2009

shoe

အတွေးအမြင် ဝဝ၆

အမျိုးသားဖြစ်ရခြင်းရဲ့ အားသာချက်တခုကိုပြောပါဆိုရင် ဖိနပ် အများကြီးရှိစရာမလိုဘူး၊ အထူးသဖြင့် ဒေါက်ဖိနပ် ရှိစရာ မလိုဘူး။

အမျိုးသမီးတွေက ဖိနပ်ကို ထည်လဲ စီးကြမယ်၊ အနည်းဆုံး ၂ ရံ ရှိမယ် ထင်တယ်။ ဒေါက်ဖိနပ် မြင့်မြင့် စီးတဲ့အတွက်လည်း ခြေထောက်မှာ ရှိတဲ့ အရိုးတွေ အဆစ်တွေ ဒုက္ခ ရောက်ရတယ်လို့တော့ ဖတ်ဖူးတယ်။

တော်ပါသေးရဲ့၊ ဒေါက်ဖိနပ်စီးရတဲ့ လိင်အမျိုးအစားမဟုတ်တော့ ဒေါက်ဖိနပ်စီးကျင့်ဖို့ မလိုအပ်တော့ဘူး။ ဒေါက်မြင့်ဖိနပ် တဂွပ်ဂွပ်စီးရတာ လွယ်မယ်မဟုတ်၊ ကျွမ်းကျင်မှု ရှိရမယ်။

အမျိုးသမီးတွေက ဒေါက်ဖိနပ်နဲ့ဆို ကြည့်လို့ပိုကောင်းတယ်၊ ဒါကြောင့်လည်း သူတို့က စီးရတာခက်ခဲဟန်ရှိတဲ့ ဒေါက်ဖိနပ်ကို တဂွပ်ဂွပ် အားပေးကြတာဖြစ်မယ်။

မြန်မာဝတ်စုံပြည့်နဲ့ အမျိုးသမီးတွေ ဒေါက်ဖိနပ်စီးတာကိုတော့ အင်း - ကန့်ကွက်ပါတယ်လို့ ပြောရမလား၊ ခံစားလို့မရပါလို့ ဆိုရမလားး) တကယ့်ကို တမျိုးကြီးမှ တမျိုးကြီးပါပဲ။

ဆိုလိုတာက ဒေါက်မြင့်ဖိနပ်နဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာဝတ်စုံနဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာလိုအပြည့်အစုံဝတ်ပြီး ဒေါက်ဖိနပ်စီးထားတာကိုတော့ ကြည့်ကောင်းတယ်လို့ မထင်ပါဘူး။ ဒီလိုဖက်ရှင် ပေါ်နေတာတော့ ကြာပေါ့၊ ကျနော် အမျိုးသမီးတွေရဲ့အလှကို မခံစားတတ်ခင်ကတည်းက သူတို့က သို့ကလို ၀တ်စားနေကြတာမဟုတ်လား။ အခမ်းအနားတွေမှာ ဒီဖက်ရှင်တွေ အတွေ့ရများတယ်။

ဒီလိုဖက်ရှင်မျိုး ဘာကြောင့်ကြိုက်ကြတာလဲလို့ အမျိုးသမီးတွေကို မေးချင်ပေမယ့် မမေးရဲပါ၊ တော်တော်ကြောင်တဲ့ငနဲလို့ ထင်သွားမှာ စိုးရတယ်။

လိုရာဆု ၂ခုတောင်းစမ်း၊ ဘ၀ကို တစ်က ပြန်စနိုင်တယ်ဆိုရင်-
၁) အမျိုးသားပဲ ပြန်ဖြစ်ချင်တယ်၊ (ဒေါက်ဖိနပ် မစီးချင်လို့)
၂) အရှေ့တောင်အာရှမှာပဲ ပြန်မွေးချင်တယ်။ ဒါပါပဲ။

ဟုတ်တယ်၊ အရှေ့တောင်အာရှမှာ ခြေညှပ်ဖိနပ်ပဲ သုံးကြတယ်၊ ရှူးဖိနပ် ဘွတ်ဖိနပ် အသုံးနည်းတယ်။ ဘွတ်ဖိနပ် စီးရတာ မုန်းစရာ။

အမေရိကန်တွေကတော့ ဘွတ်ဖိနပ်ပဲ စီးကြသဗျာ။ ဘွတ်ဖိနပ်က သူတို့ရဲ့ တရားဝင်ဖိနပ်။ ဘုရားကျောင်းတက်၊ ရုံးသွား၊ နိုက်ကလပ်မှာပျော်၊ အသုဘပို့ စတာတွေမှာ ဘွတ်ဖိနပ် စီးရတယ်။ ကျန်တဲ့အချိန်တော့ ဘွတ် ရော ညှပ် ပါ စီးကြတာ တွေ့ရတယ်။

ဘွတ်ဖိနပ်က သူတို့ဆီက ရေခဲရာသီနဲ့ အကိုက်ပဲ။

ကျနော် မုန်းတဲ့ထဲမှာ ဘွတ်ဖိနပ်လည်း ပါတယ်။ သူ့ကြောင့် ခြေထောက် မလွတ်လပ်သလို ခံစားရတယ်။ ဖိနပ်ကြိုးချည်ရတာကလည်း အလုပ်ကြီးတခုလို့ ထင်စရာ။

ဒါနဲ့ အမေရိကရောက်တဲ့အခါ ဘွတ်ဖိနပ် စီးရပြီဟေ့ ဆိုရင် ဖိနပ်ကြိုးကို အသေ ချည်ထားလိုက်တယ်။ ကြိုးချည်တဲ့အလုပ်ကို ခဏခဏ လုပ်ဖို့ မလိုတော့ဘူး၊ အေးရော။ ဘယ်သူမှလည်း ကျနော့် ဖိနပ်ကြိုးကို ငုံ့မကြည့်ကြတော့ ဟန်ကျတယ်။

ကြိုးမဲ့ဘွတ်ဖိနပ်ဝယ်ပါလားလို့ ပြောချင်တဲ့သူလည်း ရှိမယ်၊ အင်း - ကြိုးမဲ့ ဘွတ်ဖိနပ်က ဈေးပိုပေးရသဗျ။ ကျနော်က ဘတ်ဂျက်သမားဆိုတော့ ဈေးပေါတာတွေပဲ ၀ယ်ဝတ်တယ်။

ဘွတ်ဖိနပ်နဲ့ မြန်မာအမျိုးသားဝတ်စုံ တွဲပြီး ၀တ်စားတာ တွေ့ဖူးကြတယ်မဟုတ်လား။ ဒါလည်း ကျနော် မ၀တ်ချင်တဲ့ ဖက်ရှင်တမျိုးပဲ။ တွဲဝတ်တဲ့သူတွေက သူတို့ နှစ်သက်လို့ ကြိုက်လို့ တွဲဝတ်တာ ဖြစ်မယ်။
ဟောသမှာ မြန်မာသံအမတ်တယောက်ပုံ ကြည့်ပါဦး၊ ဘယ်သူလဲတော့ မသိဘူး၊ သိလည်း မသိချင်ဘူး။ မြန်မာဝတ်စုံ အပြည့်အစုံနဲ့၊ ပြီးတော့ ဘွတ်ဖိနပ်နဲ့ ခန့်ခန့်ညားညား။

မြန်မာဖိနပ် အဆင်သင့်မရှိလို့လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြားအကြောင်းအရာ တခုခုကြောင့် ဖြစ်မယ်။ ရာသီဥတုဆိုပြီးတော့ ဆင်ခြေပေးမယ် မထင်ဘူး၊ အအေးပိုင်းနိုင်ငံက သံအမတ်ဆိုတာ သူနေတဲ့နေရာ သူစီးတဲ့ကား သူသွားမယ့်ရုံးတွေ အားလုံးမှာ အပူပေးစက် နဲ့ ဘာနဲ့ နွေးနွေးထွေးထွေး။

ကျနော်တော့ ဒီလိုစတိုင်ကို မ၀တ်ရဲပါ။ ၀တ်မိရင်လည်း ပေါင်မုန့်ကို ငါးပိရည်နဲ့ တို့စားရသလို ဖြစ်မယ် ထင်တယ်။

10 comments:

အောင်သာငယ် said...

ဟမ္ဘာဂါထဲမွာ
ငါးပိထောင်းထည့်ထားသလို ဖြစ်မှာပါဗျာ...
(တွေးတွေးဆဆ မြင်သွားသည်...း)

MyowinZaw said...

ဟီးဟီး မြန်မာသံအမတ်ကိုကြည့်၍ရယ်သွားသည် တချိန်တုန်းက အင်္ဂလိပ်ခေတ်ကထင်ပါသည် ယခုလိုပုံမျိုး ၀တ်ခဲ့ကြသည်ထင်သည်

myatnoe said...

ကျနော် ဒီမှာ နိုင်ငံခြားသားတယောက် (အမေရိကန်နိုင်ငံသား) သူနာမည်က ဂျိမ်းစ်တဲ့ သူဝတ်တာ မြန်မာ အဝတ်အစား ပုဆိုးနဲ့ ကို အောကိက ဘွတ်ဖိနပ်နဲ့။ အေးလို့ သူက အပေါ်က ဝတ်စကုပ် လဲ ဝတ်ထားတယ်။

အဲဒါကျတော့ ဘယ်လိုပြောမလဲ။ ဟီး
ရီစရာတော့ကောင်းပေမဲ့ ကိုယ့်နိုင်ငံက ၀တ်စုံကို ဒီလိုဝတ်တာမြင်တော့ ကျေနပ်ဂုဏ်ယူမိတယ်။
ဒီလိုပဲ မေရီဆိုတဲ့ အမေရိကန်မကလဲ ထမိန်ဝတ်လို့
သူကတောင်ပြောသေးတယ်။ နင်တို့ထမိန်က ၀လဲဝတ်လို့ရတယ်တဲ့။ သူတို့အားလုံးက မြန်မာပြည်ကို ၃၀ခေါက်ထက်မနဲ ရောက်ဖူးကြတယ်။ မြန်မာ့ အ၀တ်အစားကို နှစ်သက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ သူတို့အဲလိုဝတ်တာကြိုက်တယ်။

Moe Cho Thinn said...

မြန်မာဝတ်စုံကတော့ မြန်မာဖိနပ်နဲ့ပဲ လှတယ် ထင်မိတယ်။ မိန်းကလေးတွေ ပုံတော်ဖိနပ်လေးတွေ ၀တ်ရင် သိပ်လှတာ။
တိုက်ပုံနဲ့ ဘွတ်ဖိနပ်က တော်ပါသေးတယ်။ ခေါင်းပေါင်းနဲ့ ဘွတ်ဖိနပ်ကတော့ မလိုက်ဆုံးပဲ။ ဖားတပိုင်း ငါးတပိုင်းလိုလို..။

Kay said...

သဘောတူသည်များ-
- ဘွတ်ဖိနပ် ( ဖိန်ပ် အပိတ်များ) မကြိုက်ပါ
- ခြေအိတ် တို့ ခါးပတ်တို့ အပို ပစ္စည်းများ မကြိုက်ပါ
- အမျိုးသားများ ဗမာအိမ်ဝင်လို့..ဘွတ် ချွတ်..ပြန်ချည် လုပ်လျှင်..လုံးဝ စိတ်မရှည်ပါ။ ( ကိုယ်ပိုင် အမျိုးသားအပါအ၀င်)

သဘောသိပ်မတူသည်များ-
- ဒေါက်အချွန်မကြိုက်သော်လဲ..ဒေါက်မြင့်ဘိနပ်တော့ကြိုက်ပါသည်။ မချိုသင်းစီးတဲ့ ပုံတော်ကိုတော့..မြတ်နိုးပါသည်။

မှတ်ချက် အစစ်-
သံအမတ်ကြီးကတော့..မိတေဖိုးပြောသလို.. ဖက်ရှင်မေ အကြံပေးလိုက်ပုံရပါသည်။ ပုဆိုးအရောင်လေးကလဲ..၀င်းဝါတောက်ပ ကြည့်လို့ အဆင်ပြေလှပါသည်။

စာရေးသူလဲ..ဖိနပ်မစီးချင်လို့ မသိချင်ယောင်ဆောင် ကြောခိုင်းနေပုံပေါ်ပါသည်။
း)

ဖုန်း မြင်. said...

အဲ့ပုံစံကြည့်ရတာ မျက်လုံးထဲ ကန့်လန့်ဗျာ..။

pandora said...

လိုရာဆု ၂ခုတောင်းစမ်း၊ ဘ၀ကို တစ်က ပြန်စနိုင်တယ်ဆိုရင်-
၁) အမျိုးသားပဲ ပြန်ဖြစ်ချင်တယ်၊ (ဒေါက်ဖိနပ် မစီးချင်လို့)
.....

ဒေါက်ဖိနပ်က တကယ့်တကယ် စီးကြည့်ရင် ထင်သလောက် မခက်ပါဘူးလေ.. အမျိုးသားတွေ စီးတဲ့ ရှုးဖိနပ်လို ပိတ်ပိတ်ကြီးနဲ့ အနက်အညိုပဲ အရောင်တွေ ပျင်းစရာမကောင်းဘူး။ မိန်းကလေးဖိနပ်က ဒီဇိုင်းစုံ အရောင်စုံ.. စီးရမယ်လေ.. သိပ်အမြင့်ကြီး မစီးချင်လည်း ခပ်နိမ့်နိမ့် ပုံလှလှလေးတွေ ရှိတယ်လေ.. ဆုတောင်းကို ပြန်စဉ်းစားပါဦးကွယ်.. နှော်.. :P

terrence said...

ကိုယ့်ဆရာ ကင်းဝန်မင်းကြီးလည်း Clark Shoe ကို စီးတယ်။

သီပေါမင်းလည်းစီးတယ်။ ဥက္ကဌ ကြီး ဦးနေဝင်းခေတ်ထိ တောင်ရှည်၊ ရင်ဖုံးတိုက်ပုံ နဲ့ ရှူးဟာ နိုင်ငံတော် dressပဲ။ ထိုင်း၊ ကမ္ဗောဒီးယား နဲ့ သီဟိုဠ်မှာလည်း ဒါမျိုး ခုထိ ဝတ်တုန်းပဲဗျ။

မေငြိမ်း said...

အင်းး သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်ဆိုသလို...
အဲဒီပုံ ဘော့စိပဲ တွေ့တတ်ပလေ..။ ဟီဟိ

ThuHninSee said...

အ၀ါရောင်ပုဆိုးနဲ့ ဖိနပ်မဲမဲ တိုက်ပုံမဲမဲကိုကြည့်ရတာ..
အ၀ါနဲ့အမဲ မြွေ.. ငန်းတော်ကျားလား။ အဲဒါနဲ့တူတယ်။