Nov 10, 2010

ဆရာတွေ စာတတ်ဖို့  လိုတယ်း)



တနင်္လာနေ့ထုတ် အသံ ဂျာနယ်မှာ ပါတဲ့ ဟာသ။
နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ထားတာ။
ပြောင်လှောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိနိုင်တယ်။

ပြောင်ချင်စရာပါပဲ။
တော်တော်များများက စာမတတ်ကြဘူး။
အထူးသဖြင့် သတင်းထောက်နဲ့ စကားပြောတဲ့အခါပေါ့။

သတင်းသမားက သူရေးမယ့် သတင်းအတွက် ဒီဆရာတယောက်ယောက်ကို ဗျူးပြီဆိုရင် အရှည်ကြီး ပြန်ဖြေတာမျိုးနဲ့ ကြုံရတာ မကြာခဏပါ။

ဒီဆရာတွေ မသိတဲ့ အချက်က သတင်းသမားမှာ စာလုံးရေ အကန့်အသတ် ရှိတယ် ဆိုတာပဲ။ ရုပ်သံ - ရေဒီယို ဆိုရင် အကန့်အသတ် ပိုများတယ်၊ သတင်းတပုဒ်ကို လွှင့်ချိန် ၁ မိနစ် ၀န်းကျင်။

အဲဒီလို အကန့်အသတ် ရှိတာ ဒီဆရာတွေ မသိဘူး)

သတင်း တက်လာလို့ ဖတ်-ကြည့်-နားထောင် တဲ့အခါ ဒီဆရာတွေက မကျေနပ် -"ငါပြောတာတွေ အကုန်လုံးကို ဒီငနဲ (သို့မဟုတ် ဒီငနဲမ) ဘာကြောင့် မထည့်ရတာလဲ" ပေါ့လေ။

အဖြေကတော့ - "အယ်ဒီတာတွေ ဖြုတ်လိုက်တယ်"

ယုံချင်ယုံ၊ မယုံချင်နေ အဲဒီလို ဖြေလိုက်တာ ပိုကောင်းမယ်။
ဒီဆရာတွေ ပြောသမျှ (သို့မဟုတ် အတော်များများ) ကို သတင်းထဲ ထည့်ရင် အယ်ဒီတာက ဆဲမယ် ဆိုတော့ ဘယ်သတင်းသမားမှ ထည့်ကြမယ် မဟုတ်။

ဒီပို့စ်ကို တင်တုန်းကတော့ အပေါ်က ဟာသလေးပဲ တင်မလို့ပါ။
အခုတော့ ကျနော်လည်း အဲဒီ ဟာသထဲက နိုင်ငံရေးသမားနဲ့ တူလာပြီး)

လေကြော ဆက်ရှည်ရရင် -

နိုင်ငံရေးသမားတွေ သတင်းထောက်မေးခွန်းကို လိုတိုရှင်း တုန့်ပြန်ဖို့ အရေးကြီးတယ်။

၁။ ဒါဟာ - နိုင်ငံရေးသမားတယောက်ရဲ့ အရည်အချင်းကောင်းဖြစ်တယ်။ (ဟုတ်မယ် ထင်တယ်၊ ဟုတ်မှာပါး)
၂။ သတင်းသမားက သတင်း ရေးသား ပြင်ဆင် ဖြတ်ညှပ်ကပ် တည်းဖြတ် ရတာ အဆင်ပြေတော့ အဲဒီနိုင်ငံရေးသမားကို အထင်ကြီးမယ်။ ဒီလူ (သို့မဟုတ် ဒီလူမ) နဲ့ပဲ ဗျူးချင်တယ် ဆိုတဲ့ စိတ် ၀င်လာတယ်။ သူ့ကို ဗျူးရတာ ငါ့သတင်းအတွက် အဆင်ပြေတယ်ပေါ့ဗျာ။

လေကြောရှည်သူနဲ့ဗျူးရရင်တော့ သေပြီဆရာပဲ။ အသံဖမ်းထားတာကို ပြန်ရစ်ပြီး နားထောင်ရင်း ကျိန်ဆဲပေတော့။ အဲဒီအချိန်မှာ အယ်ဒီတာမင်းများက ဆူပြီပူပြီအော်ပြီ ဆိုရင် အသံဖမ်းစက်ကိုပဲ ပေါက်ခွဲလိုက်ချင်စိတ်၊ လေကြောရှည်သူကိုပဲ လည်ပင်းသွားညစ်ချင်စိတ် ပေါ်လာနိုင်တယ်။

ကျနော်က သတင်း မလိုက်ဖြစ် မဗျူးဖြစ်သလောက်ပဲ ဆိုတော့ ဒီပြဿနာ မကြုံရဘူး။

မနှစ်က ရေးဖြစ်တဲ့ထဲက တပုဒ်အတွက် သခင်ချန်ထွန်းကို ဗျူးတယ်။ မရေးမဖြစ် ခပ်ရိုးရိုး နိုင်ငံရေးသတင်းတပုဒ်ပါပဲ။ ဥပမာ - ရာဇလီ လာတယ်၊ ရာဇလီ ပြန်တယ် ဆိုတာမျိုးပေါ့။
ဖုန်းလိုင်းက မကောင်းဘူး။ ကျနော် နှုတ်ဆက်ချိန်က ၁၀ စက္ကန့်၊ မေးခွန်းကလည်း ၁၀ စက္ကန့်ဝန်းကျင်ပဲ ကြာမယ်။ သခင်ချန်ထွန်း အဖြေကလည်း စက္ကန့် ၂၀ ထက် မပိုဘူး။ အဘ သခင်ချန်ထွန်းက သတင်းသမားဉာဉ်ရှိတယ် လို့ ပြောရမလား။ လိုတိုရှင်း ပြောတတ်သူလို့  ဆိုရမလား။ သတင်းသမားတွေ ရေးသား တည်းဖြတ်ရလွယ်အောင် ပြောနိုင်တယ် ဆိုရမလားပဲ။

နိုင်ငံရေးသမားတွေ၊ လေ့လာအကဲခတ်သူတွေ၊ ပညာရှင်တွေကလည်း သတင်းတွေ နားစွင့်နေတာ။ ဒါဟာ သူတို့အလုပ်လည်း ဖြစ်တယ်၊ ဒါမှ သုံးသပ်ချက် ထင်မြင်ချက် ပေးနိုင်မယ်။ တခုခုဖြစ်ပြီ ဆိုတာနဲ့ သူတို့က ဘယ်လို ပြောလိုက်မယ်၊ တုန့်ပြန်လိုက်မယ် ဆိုတာမျိုး ဖြစ်နေတတ် အဆင်သင့် ရှိနေတတ်တယ်။

ဒီဆရာတွေ စာတတ်ဖို့ လိုတယ်။ ဒါမှ သတင်းထောက်တွေ အသက်ရှူ ချောင်မယ်း)


No comments: