Nov 26, 2011

မျက်စိ ပသာဒ

.







ဆေးလိပ်ခွက်နဲ့ ပန်းဖြူဖြူ

လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ဖူးခက်က ဟိုတယ် တခု စင်္ကြံမှာ ရိုက်ထားတာ။
ဆေးလိပ်ပြာခြွေခွက်က ၃ ပေတော့ မြင့်မယ် ထင်တယ်။
အဲဒါချည်းပဲ ဆိုရင် အကျည်းတန်တာကြောင့် မျက်စိ ပသာဒ ဖြစ်အောင် တရုတ်စကားပန်းနဲ့ ကူထားတာလို့ ယူဆရတယ်။

ဟိုတယ် ဆိုတာမျိုးက လှလှပပဖြစ်အောင် လုပ်ထားရတဲ့ အဆောက်အအုံမျိုးမဟုတ်လား။
ကိုယ့်အိမ် သူ့အိမ်မှာ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အိမ်မှာ ဒီလိုပဲ အလှဆင်ကြရဲ့လား။ အချိန်ပေးနိုင်ကြရဲ့လား။

ဝါသနာနဲ့ ဆိုင်မယ် ထင်တယ်။ ၀ါသနာ ပါသူကတော့ အချိန်ပေးပြီး အလှဆင်ဖို့ ၀ါယမစိုက်ပါလိမ့်မယ်။

ကျနော်ကတော့ ၀ါသနာ မပါဘူး၊ အချိန်လည်း မပေးနိုင်ဘူး။ ဒါပေမယ့် အလှဆင်ထားတဲ့အိမ်မှာတော့ နေချင်တယ်။

ပျံနေတဲ့အိမ်မျိုးဖြစ်ဖို့ မလိုပါဘူး။

စိတ်ကူးထဲက အိမ်ကတော့ ဟိုသီချင်းထဲကလို မြက်ခင်းစိမ်းနဲ့တဲငယ်လေး မဟုတ်ဘူး။
အိမ်ငယ်တာကိုတော့ သဘောကျတယ်။ သိမ်းဆည်းရတာ အပမ်းသိပ်မကြီးဘူးလေ။
မြက်ခင်းစိမ်းတာတော့ သိပ် သဘောမကျချင်ဘူး။ ပုံမှန် ရိတ်ပေးနေရလိမ့်မယ်။ အချိန်ကုန်တယ်။ စက်နဲ့ရိတ်ရင် ဆီကုန်မယ်၊ နားညည်းမယ်။
အရိပ်ရအပင်ကြီးတွေတော့ ကြိုက်တယ်။

အိမ်အကြောင်းက ထားလိုက်ပါလေ။ မရှိတဲ့အိမ်အကြောင်း သိပ် မပြောတာ ကောင်းပါတယ်း)

မျက်စိပသာဒအကြောင်း ပြန်ဆက်ရရင် -

ကိုယ်ကရော အများရဲ့ အမြင်မှာ ဘယ်လောက် ပသာဒ ဖြစ်နေသလဲ၊ ဘယ်လောက် ကြည့်ပျော်ရှုပျော် မရှိဘူးလဲ။ သူတို့တွေ ပသာဒဖြစ်အောင် ကိုယ်အမူအယာ နှုတ်အမူအယာ ၀တ်စားဆင်ယင်ပုံတွေ ပြင်သင့်သလား။

အင်း - ပြင်စရာမလိုဘူး ထင်ပါတယ်လေ၊ အဆင်ပြေပုံရပါတယ်၊ ခုချိန်ထိ ဘယ်သူကမှ ဘာမှ မပြောသလောက်ပဲ ဆိုတော့။








.

1 comment:

Anonymous said...

တကယ်တော့.. လူဆိုတာ ကိုယ်က ပြုချင်သည်ဖြစ်စေ.. သူများက ပြုပြင်ထားသည်ဖြစ်စေ.. မျက်စိပသာဒ ဖြစ်ဘွယ်မှန်သမျှကိုတော့.. နှစ်သက်ကြသူချည့်..။ ဟိုတယ်ဆိုတော့ ပိုလို့တိုး.. ပရိုမိုးရှင်း တို့ မားကက်တင်း တို့ သဘောဖက်ကိုယိုင်သွားပေမပေါ့။

ရှေးလူကြီးများဆိုစကား က.. လူမှာအ၀တ်.. တောင်းမှာအကွပ်တဲ့။ သပ်ယပ်ကြည့်ကောင်းမှု ကို အဓိကဦးစားပေးထားတယ်လေ။ လူမှာအ၀တ်ဆိုတဲ့နေရာမှာ သန့်ရှင်းဖို့လည်းလိုသလို.. သပ်ယပ်အချိုးကျတာလေးကလည်း.. ကောင်းတာဘဲ..။ တချို့များဆို.. ကိုယ်နဲ့မတော်တဲ့အကျီင်္ကြပ်ကြပ် သို့မဟုတ် ပွပွကြီးတွေဝတ်တတ်တယ်။ မြင်ရတာ အဆင်မပြေဘူးပေါ့။ သို့သော် ချစ်စိတ်နဲ့ကြည့်နေမိရင်သာ အပစ်မမြင်တာ.. အနည်းဆုံးတော့.. ပြုံးမိကြမှာ။ ခုလည်းစာရေးရင်း မြင်ချင်သူကိုစိတ်ကူးနဲ့မြင်ကြည့်ရင်း ပြုံးနေမိတယ်။ :)