Dec 25, 2008

unorganized thoughts


ဒီနေ့ ခရစ်စမတ်နေ့။ တူးတူးသာတို့အိမ်မှာ ကော်ရည်ခေါက်ဆွဲချက်တယ်။ နေ့ခင်းတုန်းက သူတို့အိမ်ရောက်တယ်။ Merry X'mas လို့တောင် မပြောခဲ့မိတာ ခုမှ သတိရ။

ဟိုနေ့တုန်းကလည်း ခရစ်စမတ် ဆုတောင်းပွဲတခုကို ရောက်တယ်။ မြန်မာပြည်သား ကောလိပ်ကျောင်းသားကျောင်းသူတွေရဲ့ ပွဲ။ အစီအစဉ် ၈ ခုလောက် ရှိမယ် အဲဒီပွဲမှာ။ ဒုတိယအစီအစဉ်က တရားဟောဆရာမတယောက်က စကားပြောတယ်။ သူပြောတဲ့ထဲမှာ ဧမာနွေလ၊ ဧ၀ံဂလိ ဆိုတဲ့ စကားလုံးတွေလည်း ပါတယ်။ (ဧမာနွေလ ဆိုတာ ဘုရားသခင်ရဲ့သားတော် ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်ဆိုလားပဲ။ ) ရှင်ပြန်ထမြောက်၊ နွားတင်းကုပ်၊ ရှင်ပေါလု ဆိုတဲ့ စကားလုံးတွေလည်း ပါတယ်။ ခရစ်စမတ် ဆိုတာ သခင်ခရစ်တော်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို ဆင်နွဲခြင်း လို့လည်း ပြောသံ ကြားလိုက်တယ်။

ဆုတောင်းပွဲမှာ သီချင်း ဆိုတဲ့ ကြားဖြတ်အစီအစဉ်တွေပါတယ်။ သီချင်း ၄ ပုဒ်လောက် ပါတယ်။ သီချင်းတွေက နားထောင်လို့ သိပ်ကောင်းတာပဲ။ နောက်ဆုံးသီချင်းက Silent Night ဖြစ်မယ်။ ကင်မရာလည်း ပါမသွား၊ အသံဖမ်းစက်လည်း ပါမသွားတာ နောင်တ ရမိတယ်။
Silent Night သီချင်းက အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ ဆိုတဲ့သူက ငါးယောက်။ သူတို့ကလည်း အကြိမ်ကြိမ် ဆိုတီးကျင့်ထားတယ် လို့ ကျနော့်မဟေသီရဲ့သူငယ်ချင်းတယောက်က ပြောပြတယ်။

ဆုတောင်းပွဲက ပျင်းစရာ မကောင်းဘူး။ အင်မတန် အဆင်ပြေတယ်။ ဂီတသံတွေ ပါတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ခရစ်ယာန် ကျောင်းသားလေးတွေကိုကြည့်ပြီး စဉ်းစားမိတာက ဒီလူငယ်လေးတွေ ပူးပေါင်းဆောင်ရွက်မှုတော်တော်လေး အားကောင်းပုံရတယ် ဆိုတာပဲ။ အားလုံးဝိုင်းဆိုတဲ့ သီချင်းအတွက် ကျနော့်ကို စာရွက်ပေးသေးတယ်။ မယူဖြစ်လိုက်ဘူး။ အားလုံး အင်္ဂလိပ်လို ဘာသာရေးသီချင်းတပုဒ် ဆိုကြတယ်။ အဲဒီသီချင်း သိပ်မခံစားတတ်ဘူး။
Silent Night ကို ဟိုငါးယောက် ဆိုသွားတာက နားထဲကရော မျက်လုံးထဲကပါ ထုတ်လို့မရ။ ( ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဆုတောင်းပွဲလုပ်တဲ့အခါ ဂီတ/သီချင်း ပါပုံမရ။ မပါဘူး ထင်တာပဲ။ ဂီတအနုပညာနဲ့ဆိုရင် လူငယ်တွေ ဘာသာရေးနဲ့ ပိုထိတွေ့ဖြစ်မှာပဲ။ ပိုပြီး စုစည်းမိကြ၊ အသင်းအဖွဲ့နဲ့လုပ်တဲ့အကျင့် ရကြမှာပဲ။ ကိုယ့်ဘုရားသခင်ရဲ့ ကျေးဇူးတော် ဘာဘာညာညာတွေကို ဖွဲ့သီကြမယ်ဆိုရင် လူငယ်တွေလည်း လိုက်ဆိုကြမှာပဲ။ ထူးအိမ်သင်ကတော့ မဟာဝီရအိုဗုဒ္ဓ ဆိုပြီး လုပ်ထားတာတော့ ရှိတယ်။ ဒါပေမယ့် သံသေးသံကြောင်တွေထည့်ထားတာတော့ မကြိုက်ဘူး။ Silent Night သီချင်းလောက်လည်း မကြိုက်ဘူး။ သူကလည်း လူတွေကြိုက်အောင် စပ်ဆိုထားတာ ဟုတ်ချင်မှ ဟုတ်မယ်။ )

ဆုတောင်းပွဲလုပ်တဲ့နေရာက ဆိတ်ငြိမ်ရပ်ကွက်တခုထဲမှာ။ အဲဒီအိမ်မှာ ကြိုက်တာ ၂ ခုရှိတယ်။ အိမ်ရှေ့တခါး ညာဘက်မှာ ရုပ်သေးရုပ် ၂ ရုပ် ချိတ်ထားတာတွေ့တယ်။ ပြီးတော့ ခြံဝင်းထဲမှာလည်း သစ်ခွပန်းတွေ တွေ့တယ်။

ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကျနော်က သိပ်အစိမ်းကြီးတော့မဟုတ်။ ငယ်တုန်းက နှစ်ချင်းခရစ်ယာန်ကျောင်းဝင်းတခုကို ရောက်ဖူးတယ်။ အဲဒီမှာ နွားတင်းကုပ်ထဲမှာ ကလေးမွေးတဲ့အခန်း ပါတဲ့ ပြဇာတ်ကို ကြည့်ဖူးတယ်။ ရန်ကုန်က အင်္ဂလီကန်ဘုရားရှိခိုးကျောင်းကိုလည်း တက်ဖူးတယ်။

မနေ့ကလည်း လူ ၂၀၀ ကျော်လောက်တက်တဲ့ ခရစ်စမတ်ပွဲတခုကို ရောက်တယ်။ ကိုယ်နဲ့သိတဲ့သူ အယောက် ၂၀ လောက်တော့ တွေ့ရတယ်။ အများစုက ခရစ်ယာန်တွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ပျော်ကြ တွေ့ကြ ဆုံကြပေါ့။

ဒီစာမှာ အချက်အလက်တွေ ပြန့်ကျဲနေတာ တွေ့ရမယ်။ စတိုင်သစ်တော့ မဟုတ်ဘူး။ ကျနော့်အာရုံတွေက ပြန့်ကျဲနေတာကြောင့် ဒီပို့စ်ကလည်း
အဲသလို ပြန့်ကျဲသွားတာဖြစ်မလားပဲ။

ဟိုထိပ်ဆုံးမှာ တင်ထားတာက ၁၉၄၅ ခုနှစ် ရန်ကုန်ကို ဗုံးကြဲတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံ။ ( အင်္ဂလိပ်၊ အမေရိကန် စတဲ့ အနောက်တိုင်းမဟာမိတ်နိုင်ငံတွေက ကျဲတာလေ။ ဂျပန်တွေက ဆုတ်။ မြန်မာပြည်သားတွေ သောက်သောက်လဲ သေ။ အဲဒီကာလမှာတော့ တကမ္ဘာလုံး သေတာပါပဲ။ ကမ္ဘာစစ်လို့ သမိုင်းဆရာတွေ သတ်မှတ်တယ်လေ။ ) မြို့တော်ခန်းမက ပျက်စီးမသွားဘူး။ ဧမာနွေလ ဘုရားကျောင်းလည်း ပျက်ပုံမရဘူး။ သူ့ဘယ်ဘက်ဘေးက အဆောက်အဦကတော့ တွေ့တဲ့အတိုင်းပဲ။ လမ်းပေါ်မှာက လူတချို့နဲ့ မြင်းလှည်းတစီး။ ပန်းခြံက ၀ါးခြံစည်းရိုးနဲ့။

တရားဟောဆရာမ ပြောတဲ့ထဲမှာ ဧမာနွေလ ဆိုတာ ပါလို့ ဒီဓာတ်ပုံ တင်လိုက်ဦးမှဆိုပြီး တင်လိုက်တာပါ။ ပုံတင်တယ်ဆိုတော့လည်း စာ နည်းနည်းရေးရပြီပေါ့။ ဒီဘုရားကျောင်းကို မောနွေလ လို့ ထင်ခဲ့တာ၊ နောက်မှ ကိုယ်အဖတ်မှားမှန်း သိတယ်။ ဒါပါပဲဗျာ။ ခရစ်ယာန်တွေရော၊ ခရစ်ယာန်မဟုတ်တဲ့သူတွေရောကို ဒီရဲ့ ပြန့်ကျဲနေတဲ့ပို့စ်နဲ့ နှုတ်ဆက်ပါတယ်၊ ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ။

3 comments:

pandora said...

ဧမာနွေလ ဆိုတာ Immanuel or Emmanuel ကို မြန်မာသံ ဖလှယ်ထားတယ် လို့သိရတယ်ဗျ။ ဟီးဘရူး (Hebrew) ဘာသာကနေ ဆင်းသက်လာတယ်ဆိုပဲ။ အဓိပ္ပာယ်က God is with us တဲ့။

ဧ၀ံဂလိ ဆိုတာကတော့ Evangel ကိုပြောတာလားမသိဘူး။ ဒါဆိုရင်တော့ gospel တဲ့။ Christian gospel ပေါ့။

မဟုတ်ရင် ခရစ်ယာန်တွေ လာပြင်ပေးလိမ့်မယ်။ :D

ပျော်ရွှင်ပါစေ။

အောင်သာငယ် said...

ပန်ပန်ပြောတာ ဟုတ်ပါတယ်... သဘောတူပါတယ်...း)

ကိုယ့်ဆရာဂျက်လီကလည်း... ရိုက်ရတဲ့ကားတွေကများတော့... အာရုံတွေပြန့်ကျဲနေသပေါ့ဗျာ...း)

Merry X'Mas!!! ဗျို့...

ခင်မင်းဇော် said...

အမလဲ အစက မောနွေလ လို့ချည်းပဲ ထင်ထားတာ..
နောက်တနေ့ အဲဒီနားက ဆိုင်တဆိုင်မှာ မုန့်စားရင်း စာကိုသေချာဖတ်မိတော့မှ တလျှောက်လုံးအမှားကြီးကိုပဲ ဖတ်နေတာပါလားလို့ သိရတယ်။
ကိုယ့်လိုလူ နောက်တယောက်ရှိသေးသကိုးးးးးး