Jan 3, 2009

Jan 3

ဇာနည် ဆိုတဲ့ နာမည်ကို ဘယ်သူမှည့်ပေးတာလဲ၊ အင်္ဂလိပ်လို Zarny လို့ ဘာကြောင့် စာလုံးပေါင်းရတာလဲ၊ နှစ်သစ်မှာ ဘာလုပ်နေလဲ -

ဘယ်သူမှ မမေးတဲ့ မေးခွန်းတွေကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေရရင် - ဇာနည်ဆိုတာ မြန်မာပြည်မှာကတည်းက သုံးခဲ့တဲ့ နာမည်တခု။ ကျနော့်မိတ်ဆွေ ကိုချစ်တင်က ပြောတယ် - "မင်း နာမည်ဝှက်တခုပေးပါ၊ နောက်ပိုင်း အဲဒီနာမည် ဆက်သုံးကြမယ်" တဲ့။ လုံခြုံရေးအတွက် သုံးခဲ့ရတဲ့ အမည်ဝှက်တွေထဲက တခုပေါ့။ ဒီလိုနဲ့ အသုံးတွင်လာတယ်။

ကျားမ မရွေး သုံးကြတဲ့ ဒီနာမည်ကို အများစုက အင်္ဂလိပ်လို Zarni လို့ စာလုံးပေါင်းတယ်။ "I" နဲ့ ပေါင်းကြတယ်။ ကျနော်ကတော့ "Y" နဲ့ ပေါင်းတယ်။ အများနဲ့မတူချင်လို့ ထွင်တာလား မေးလာရင် မဟုတ်ပါ လို့ ဖြေရမယ်။ Hotmail နဲ့ Yahoo ၊ နောက်ပိုင်းမှာ Gmail အီးမေးလ် အကောင့်တွေ ဖွင့်တဲ့အခါ
"I" နဲ့ က သူများတွေ ဦးသွားကုန်ပြီ။ ဒါနဲ့ လက်ကျန် "Y" ကို သုံးဖြစ်သွားတယ်။ အဲဒီလို စာလုံးပေါင်းရင်လည်း အသံထွက် မှန်နေတာပဲလေ။

နှစ်သစ်ကူးမှာ ဘာတွေလုပ်ဖြစ်သလဲ ဆိုတော့ အင်း - သိပ်မထူးခြားပါဘူး၊ ခါတိုင်းနေ့တွေလိုပဲ ကွန်ပျူတာရှေ့ ထိုင်တယ်။ ဒါဆို ဘာတွေ မလုပ်ဖြစ်ဘူးလဲ ဆိုတော့ -
၁။ ညစ်ပတ်ပြီး အနံ့နည်းနည်းထွက်နေတဲ့ အိမ်ကခွေး၂ကောင်ကို ရေမချိုးပေးဖြစ်သေးဘူး (သူတို့ကလည်း မတောင်းဆိုပါ၊ ဒါနဲ့ပဲ သူတို့နဲ့ တသွေးတသားတည်းရှိကြောင်း ကိုယ့်ရပ်တည်ချက်ကို အခိုင်အမာ ပြသတဲ့အနေနဲ့ ဒီကနေ့ ကျနော် ရေမချိုးဘူး)၊
၂။ ကျန်းမာရေးလေ့ကျင့်ခန်း ဆိုတာတွေ မလုပ်ဖြစ်သေးဘူး၊
၃။ ဘာသာရေးအတွက် အချိန်မပေးဖြစ်သေးဘူး၊
၎။ ပြောတတ်ချင်တဲ့ ယိုးဒယားစကား၊ ဂျပန်စကားတွေကို မလေ့လာရသေးဘူး။

လုပ်ဖြစ်တာတွေထဲက တခုကတော့ အဟောင်းဆိုင် သွားတယ်။ ဘတ် ငါးဆယ်တန် အင်္ကျီအဟောင်း ၄ ထည် ၀ယ်ဖြစ်တယ်။ တီရှပ် ၃ ထည်၊ ရှပ်အင်္ကျီ ၁ ထည်။ ငွေ ၂၀၀ ပေးတော့ ၅၀ ပြန်အမ်းတယ်။ ဆိုင်ရှင် အတွက်မှားသလား လျှော့ပေးတာလား မသိဘူး။ အမ်းတဲ့ငွေကို ကိုင်ပြီး သူ့ကို ပြန်ကြည့်ပေမယ့် သူက ဂရုမစိုက်ဘူး။ ကိုယ်လည်း စကားမတတ်တာနဲ့ ကျေးဇူးတင်ကြောင်းပြောပြီး အဟောင်းဆိုင်ကနေ ပြန်ခဲ့တယ်။ ( ကျေးဇူးတင်ကြောင်းတော့ ယိုးဒယားလို တတ်တယ်။ ကျနော် ပြောတတ်တဲ့ စကား လေးငါးခွန်းထဲမှာ အဲဒါလည်း ပါတယ်။ )

အဟောင်းဆိုင်တွေအကြောင်း ရေးဦးမှပဲ၊ အစားအသောက်အကြောင်းတွေလည်း ရေးချင်နေတာ ကြာလှပေါ့၊ နိုင်ငံရေးအကြောင်းတော့ ရေးရတာ ငြီးငွေ့ပြီး) မနက်ဖြန်လည်း ပို့စ်ခပ်တိုတိုလေးဖြစ်ဖြစ် တင်လိုက်ဦးမှ စသဖြင့် ဒီကနေ့ စဉ်းစားမိတယ်။

မနက်ဖြန်က ကျနော့်အတွက် အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ - အင်း - အဲဒီအကြောင်း မနက်ဖြန်မှ ပြောပြပါမယ်လေ။ ။


No comments: