Dec 15, 2010

zarny and 500 goddesses each side ;)

ကျွန်ုပ်နှင့် နတ်သမီး တဘက် ၅၀၀
---
နတ်ပြည်ရောက်သူဟာ နတ်သမီး တဘက် ၅၀၀ စီနဲ့ ဟန်ကျပန်ကျ နေရတယ်လို့ ဟိုတုန်းက နားလည်ထားတယ်။ ကြားဖူးနားဝ ရှိတယ်။

ဒီလိုနားလည်ခဲ့တာ ကျနော်တယောက်ထဲတော့ မဟုတ်ပါဘူး။ စာရေးဆရာကြီးတယောက်ကလည်း အဲဒီလိုပဲ ကြားဖူးပါတယ် တဲ့။ နို့ပေမယ့် သူကိုယ်တိုင် နတ်ပြည်ကို မရောက်ဖူးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာမသိဘူးလို့ စာရေးဆရာ မောင်သစ်က သူ မကွယ်လွန်ခင် ရေးဖူးတယ်။ ခုလောက်ဆိုရင်တော့ ဆရာ သိလောက်ပြီ ထင်ပါရဲ့။

ခုတလော နတ်သမီး တဘက် ၅၀၀ ဆိုတဲ့ ပြဿနာဟာ ကျနော့်ခေါင်းကို မကြာခဏ ၀င်ဆောင့်နေပါတယ်။ တဘက်ကို ၅၀၀ ဆိုတော့ နှစ်ဘက်ဆိုတော့ တထောင်ပေါ့။ နတ်ပြည်က နတ်သားတိုင်းတော့ ကြင်ယာတော် တထောင်ရှိမယ် မထင်ပါဘူး။ နတ်ပြည်မှာ ဂေါ်မစွံတဲ့၊ ကိလေသာနည်းတဲ့၊ တလင်တမယားဝါဒနှစ်သက်တဲ့ နတ်တွေလည်း ရှိနိုင်ပေတာပေါ့၊ ဘယ်သူပြောနိုင်မှာလဲ။

တဘက်ကို ၅ ပါး ဆိုရင်တောင် များနေပြီမဟုတ်လား။ ဗာဟီရလုပ်ငန်းတွေ အတွက် တဘက် ၅ ပါး ဆို လောက်ပါပြီ။ အိမ်ထောင်ကျဖူးသူများဆိုရင် ဒီအရေးကို သဘောပေါက်မှာပါ။

နတ်သမီးတဘက် ၅၀၀ အကြောင်း ပြန်ဆက်ရရင် အဲဒီ မဟာကံထူးရှင် နတ်သားက အားလုံးကို ရှာကျွေးရမှာလား၊ ပြီးတော့ စီမံခန့်ခွဲဖို့လည်း မလွယ်ဘူး ထင်တာပဲ။ အားလုံး သူ့အုပ်ချုပ်ရေးအောက် ရောက်ပြီ ဆိုတော့ ဖြစ်လာတဲ့ ပြဿနာတွေ ရှင်းပေးရမယ်လေ။

နတ်သမီး အားလုံးကိုရော မှတ်မိနိုင်ပါ့မလား။ နာမည် ရာထောင်ချီကို မှတ်မိနိုင်တဲ့ မှတ်ဉာဏ် နတ်တွေမှာ ရှိပါ့မလား။ နာမည်တွေ စဉ်းစားရတာနဲ့တင် မူးသွားနိုင်တယ်။ ပြီးတော့ နတ်သမီးတွေရဲ့ နာမည်ကရော ခေါ်ရလွယ်ပါ့မလား။ ဒါမှမဟုတ် လူ့ပြည်က ဘောလုံးသမားတွေလို ကျောနံပါတ်နဲ့လားလို့ စဉ်းစားမိတယ်။ ဟုတ်တယ်၊ ဘောလုံးသမား ယူနီဖောင်းနဲ့ဆို အဆင်ပြေနိုင်တယ်။ ဒါပေမယ့် နတ်တွေက အင်္ကျီအ၀တ်အစားရော ရှိရဲ့လား။

နတ်သမီးတထောင်အတွက် မေးခွန်းတွေကလည်း တထောင်လောက် ပေါ်လာတယ်။ ဒီနတ်သမီး တထောင်က ဘာတွေ လုပ်ရသလဲ ဆိုတဲ့ မေးခွန်း အပါအ၀င်ပေါ့ဗျာ။ မြန်မာပြည်မှာ ဖိုးချစ်တို့ ကကြတဲ့ ဇာတ်ထဲမှာတော့ ရှင်းတယ်၊ မင်းသမီးတွေ ၀ိုင်းဝိုင်းလည်နေပေသော်လည်း မင်းသား ကတဲ့အခါ သူတို့တွေက ၀ိုင်းပြီး လက်ခုပ်တီးပေးရုံပါပဲ။ နတ်သမီးတထောင်ရဲ့ အလုပ်ကရော ဇာတ်ထဲက မင်းသမီးတွေလောက် လွယ်ပါ့မလား။

“နတ်သမီးတထောင် နဲ့ နတ်သားတပါး” နှုန်းထား ဆိုတာကြီးက မှန်ခဲ့ရင်တော့ အမျိုးသမီး ၁၀၀၀ နတ်ပြည် ရောက်တိုင်း အမျိုးသား ၁ ယောက် နတ်ပြည်ရောက်တယ် ဆိုတဲ့ သဘောပေါ့။ လူ့ပြည်မှာ ကျားနဲ့မ ဆိုတာ ဆတူလောက် ရှိနေတာပဲ ဆိုတော့ ကျန်တဲ့ အမျိုးသား ၉၉၉ ယောက် ဘယ်ရောက်သွားလဲ ဆိုတာ သေချာပေါက် မေးရတော့မှာပေါ့။ ဘန်ကောက်မှာ ၀န်ဆောင်မှု ပေးတဲ့ ဘာဖောက်ချုပ် ဆိုတာမျိုးများ လုပ်လိုက်လေသလား။

နတ်သမီးတပါးကို နတ်သားတဘက် ၅၀၀ ရှိတာရော မဖြစ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းလည်း စဉ်းစားမိပါတယ်။ တဘက် ၅၀၀ ဟာ နတ်သမီးပဲ ဖြစ်စေ၊ နတ်သားပဲ ဖြစ်စေ ထိန်းကျောင်းရတာတော့ အင်မတန် ဒုက္ခရောက်လိမ့်မယ် လို့ ယူဆရတယ်။ အင်း - - ကိုယ်မရောက်ဖူးတဲ့ ဒေသအကြောင်း စဉ်းစားရတာ သိပ်တော့ မလွယ်ဘူး။

ဟုတ်တယ်၊ တကယ် မလွယ်ဘူးနော်။ တဘက်ကို ကြင်ယာတော် ၅၀၀ စီ ရှိတယ် ဆိုရင် အဲဒါဟာ နတ်ပြည်တော့ မဖြစ်နိုင်ဘူး၊ ငရဲပြည် ဖြစ်မယ်လို့ ကျနော်ကတော့ ထင်တာပဲ။ ။


1 comment:

MG said...

အလို..အလို...အလို.. ဘာစိတ်ကူးနဲ့ နတ်သမီးတဖက်ငါးရာဖက် လှည့်ပြန်တယ်သာ မသိတော့..။ ထားတော့.. သူလိုချင်လို့ဘဲ နေမှာ နို့မို့ ဘာလို့သိချင်ရမှာတုန်းနော့..။ သိချင်တဲ့သူကို သိသမျှ ကြားဘူးသမျှလေး မျှရရင်.. နတ်သမီး နတ်သားဆိုတာ.. ၀တ်စရာ စားစရာ အလိုအလျောက် ရတာ..။ အလုပ် လုပ်စရာမလို.. ရှာကျွေးစရာမလို.. အိုကေ..။ ဘာလိုသေးလဲ ..အချစ်ရယ်..။

ပြီးတော့ နတ်ဖြစ်တယ်ဆိုတာ ငယ်ရာကလဲ မကြီး.. အရွယ်တော် အနေလေးနဲ့ အော်တိုမက်တစ် ဖြစ်ဆိုဘဲ..။ တခါ.. အငွေ့ဘဲ စားရပြန်တယ် ကြားဖူးတော့.. အငွေ့ဘဲ နမ်းရပြန်လိမ့်မယ် ထင်ရဲ့.. ဟန်ပါဘူးကွယ်..။ ဟဲဟဲ.. ညှိရမဲ့ကိစ္စ ကတော့ လွယ်ပါတယ်။ မင်းတုန်းမင်းကြီးလို နံပါတ်စဉ်နဲ့ ဆောင်တော်ကူးရင် အဆင်ပြေမယ်ထင်တယ်။

နောက်တမျိုးက သူ့အိမ်သူ ကိုပစ်မှားရင် နောင်ဘ၀တွေမှာ မိန်းမ ဖြစ်တတ်သတဲ့..။ ဒီလိုဆိုတော့ နေဦး..နတ်သမီးတွေ က ဒီလောက်များနေတာ.. ကာမေသုတဲ့ ပုရိသ တွေ လူ့ပြည်မှာပြုတဲ့ ကောင်းမှုတွေကြောင့် နတ်ပြည်ရောက် တယ်.. သို့သော်လဲ..တဲ့.. အဲ…တဲ့.. ဆက်သာတွေးကြည့်တော့ဗျာ.. ဟဟား။

ရေးတဲ့သူက စိတ်ကူးတည့်ရာရေးသလို comment ပေးတဲ့သူကလဲ စိတ်ကူးတည့်ရာပေးတာပါ..။ ပျော်စေ ပျက်စေ.. လေ နော်..။