Nov 27, 2008

10 things i dislike about me

ကျွန်ုပ်၏မုန်းစရာ ၁၀ ချက်

ဘာအဖွဲ့ရဲ့ အကြီးအကဲ ဆိုလား၊ တူးတူးသာ တဲ့။ ကိုယ့်ကိုယ်ကိုယ် မုန်းရတဲ့အချက် ၁၀ ချက် ရေးဖို့ လှမ်း လက်တို့တယ်။ မုန်းစရာအချက်က ငါးဆယ်တရာ ကျော်မယ်။ ဒီဘလော့ဂ်ရောက်လာသူများ(နဲ့ ကျနော့်)ရဲ့ တန်ဖိုးကြီးအချိန်များကို ငဲ့ပြီး နည်းနည်းပဲ လျှောက်ရေးလိုက်မယ်။



၁။ ငါကွ
၂။ နာမည်တွေ မေ့တတ်တာ
၃။ ကော်ဖီနဲ့ လက်ဖက်ရည် မတပ်မက်တာ
၎။ အခန်းလွတ်တွေရှိတာ
၅။ ဘာသာရေးလောဘနည်းတာ

၆။ ကုတ္အက်ႌ မရိွတာ
၇။ လိပ္ခုံးကား ႀကိဳက္တာ
၈။ ကိုယ်ရေးလိုက်တာတွေ
၉။ သီချင်းညည်းချင်တာ
၁၀။ ခပ်တည်တည်နေတတ်တာ

၁။ ငါကွ။
ဒီအချက်ကတော့ ရှင်းရှင်းလေး။ ရှုပ်အောင် ထပ်ရေးရရင်တော့ -
ဥပမာဗျာ၊ အရည်မရ အဖတ်မရတွေနဲ့ ပတ်သက်ပြီး ကိုယ်လည်း မကြာခဏ စဉ်းစားမိဖူးတယ်။ ဒီလိုစဉ်းစားမိတာကိုပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာ။ တယ်ဟုတ်ပါလား၊ ငါကွ ဆိုပြီး။ ခုတော့ ၀မ်းနည်းသလိုလို ဖြစ်ပြီ။ သူများသားသမီးတွေ ကိုယ့်ထက်သာသွားလို့။ သူတို့ သို့ကလို စဉ်းစားတတ်တဲ့နေရာမှာ ကိုယ့်ထက် အပုံကြီး သာတယ်လေ။ ခုပဲကြည့်၊ သူတို့တွေ ပေါက်ကရ စဉ်းစားထားလို့ လျှောက်ရေးနေရပြီ။ အင်း - မုန်းစရာ။

၂။ နာမည်တွေ မေ့တတ်တာ မုန်းစရာ။
နာမည်တွေကို မေ့တယ်။ လူရင်းတွေကိုတောင် မေ့ဖူးတယ်။ တခါတုန်းကဆိုရင် ရုံးခန်းလေးတခုမှာ လုပ်ဖော်ကိုင်ဖက် လေးငါးယောက်။ အဲဒီအချိန်မှာ ကိုယ်စကားပြောချင်တဲ့ သူကို နာမည်မေ့နေလို့ ဟေ့လူ ဆိုပြီး အနားတိုးသွား၊ လက်တို့ပြီး ပြောရတယ်။ သူကတော့ ကိုကြည်လွင်။ ပုံကိုကြည့်ပါ။

(ကိုကြည်လွင်၊ ကျနော်တို့ အေအေပီပီရုံးမှာ ရှိနေတုန်း ခင်ဗျားနာမည်ကို အနည်းဆုံး တကြိမ်မေ့ခဲ့တာ ခွင့်လွတ်ပါ။ ဟိုနေ့က ခင်ဗျား ကျနော့်ကို ဖုန်းဆက်တုန်း ကျနော်က ဟောပြောပွဲတခုထဲ ရောက်နေလို့ ပြန်မဖြေမိတာလည်း ခွင့်လွတ်ပါ။ ခင်ဗျားပုံပါတဲ့ နိုင်ငံတကာမှာပျံ့နေတဲ့ ပိုစတာကိုလည်း အခုမှ ကျနော့်ဘလော့ဂ်ပေါ်တင်မိတာ ခွင့်လွတ်ပါး)

၃။ ကော်ဖီနဲ့ လက်ဖက်ရည် မတပ်မက်တာ မုန်းစရာ။
ကျနော့်မိတ်ဆွေများ ကာဖီရည်တွေ သိပ်ကြိုက်ကြ။
သူတို့က ဖျော်ပေးမယ်၊ ၀ယ်တိုက်မယ် ဆိုတိုင်း ကျနော် ငြင်းရတယ်။ သူတို့ကြိုက်သလို ကြိုက်ချင်လိုက်တာ။ ခုတော့ ဒီကောင် ဘာကြောင်တာလဲ၊ ကာဖီမသောက် ဘာမသောက် ဆိုပြီး အထင်ခံနေရ။း(

၎။ အခန်းလွတ်တွေရှိတာ မုန်းစရာ (ဖြစ်နေမလား)
နှလုံးသားနဲ့ပတ်သက်လို့ ကျောင်းမှာ သင်ခဲ့ရတာတွေ မမှားဘူးဆိုရင် ကျနော့် နှလုံးသားမှာ အခန်း ၄ ခန်း ရှိတယ်။ လောလောဆယ် အခန်း ၃ ခန်းမှာ လူလွတ်နေတယ်။ လွတ်နေတာ ကြာပြီ။ သို့ကလို လွတ်နေတာဟာ ချို့ယွင်းချက် အားနည်းချက်ဖြစ်တယ်ဆိုရင်တော့ ဒါဟာ မုန်းစရား)

၅။ ဘာသာရေးလောဘနည်းတာ မုန်းစရာ
ကျနော့်မှာ ဘာသာရေး တခုပဲ ရှိတယ်။ ကမ္ဘာပေါ်မှာတော့ ဘာသာရေးတွေ သိပ်များတာပဲ။ အားလုံးကို အထိုက်အလျောက် ယုံကြည်လိုက်ရင် သက်တောင့်သက်သာ ရှိမယ် (လို့ ထင်တယ်)။ ကျနော်နဲ့ ကိုးကွယ်ယုံကြည်ချက်ခြင်း မတူသူတယောက်ဘက်ကကြည့်ရင် ကျနော်ဟာ အယူမှားနေသူ သနားစရာ သတ္တ၀ါဖြစ်တယ်။ သေရင် ကောင်းကင်ဘုံ (သို့မဟုတ်)၊ နိဗ္ဗာန် (သို့တည်းမဟုတ်) ဘုရားသခင်ရှေ့ ရောက်မယ့်သူမဟုတ် ဖြစ်နေတယ်။ ဒါကြောင့် ကမ္ဘာကျော် ဘာသာကြီးတွေကို အားလုံးမဟုတ်တောင် တခုထက်ပိုပြီး သက်ဝင်ယုံကြည်နေထိုင်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါဆို အနည်းဆုံး ဘာသာမတူလို့ ခွဲခြားဆက်ဆံခံရတဲ့ဘေးက လွတ်မယ်။ သေရင်လည်း ဘုရားသခင်အတော်များများနဲ့ တွေ့နိုင်ချေရှိတယ်။

စကားစပ်မိလို့ ကြားဖြတ်တွေးမိတာ ပြောရရင် ဘယ်ဘုရားသခင်နဲ့တွေ့ဖို့ဆိုရင် ဘာဝတ်စုံ ၀တ်ရမယ်ဆိုတာလည်း သိချင်တယ်။ ဟိုတပတ်က ကုတ်အင်္ကျီမရှိလို့၊ ငှားဖို့လည်း အချိန် မရလိုက်လို့ ညစာစားပွဲတခုသွားဖို့အစီအစဉ် ဖျက်လိုက်ရတယ်။း(

၆။ ဒါကြောင့် ကျနော့်မှာ ကုတ်အင်္ကျီ (၀ါးဒီးကုတ်) မရှိတာကလည်း မုန်းစရာ။

၇။ လိပ်ခုံးကားကြိုက်တာ မုန်းစရာ
ဘယ်ကားကို အကြိုက်ဆုံးလဲလို့ မေးလာရင် ဗောက်စ်ဝက်ဂွန် လို့ခေါ်တဲ့ လိပ်ခုံးကားကို အကြိုက်ဆုံးပဲ။ Volkswagen လေ။ တခြားပုံစံတွေ အများကြီးပဲ။ ပုံကိုကြည့်။ညာဘက်ထောင့်က အပြာရောင်က ပုံစံဟောင်း လိပ်ခုံးကား။ ကျနော်ပြောတဲ့ကား။ အဲဒီလို ဂျပိုးလို ကားမျိုးကိုပဲ လိပ်ခုံးကားလို့ ကျနော် ခေါ်တယ်။ တခြားလူတွေလည်း အဲသလို ခေါ်ပုံရတယ်။
ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ကားဘော်ဒီအနားကွပ်ပုံစံ မဆိုစလောက် ပြောင်းပြီး ထွက်လာပုံရတယ်။ အပေါ်မှာ မြင်ရသလိုမျိုး။

ဒါပေမယ့် ဒီကားက

(က) ဆီစား မသက်သာဘူး၊
(ကု) လူအများကြီး မဆံ့ဘူး၊
(ကေ) နောက်ခန်းထဲဝင်ထိုင်ရတာလည်း ခက်ခဲမယ်
(ကဲ) ဈေးလည်းကြီးတယ်
(ကော) ဘာကုန်ပစ္စည်းမှ တင်လို့မရ

ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံနေတယ်။ ဆင်ဖြူတော်နဲ့ နင်လား ငါလားပဲ။ အမြင်ပဲလှ။ အသုံးသိပ်မကျ။ တခါမှလည်း မစီးဖူးပါ။ ငွေအလုံအလောက် စုမိရင်လည်း ၀ယ်ဖြစ်မယ်မထင်ဘူး။ သိပ် အသုံးမကျလို့။ လမ်းမှာတွေ့ရင်တော့ ကိုယ်ကို တပတ်လှည့်ပြီးတောင် ငမ်းမိတာ။ အဲသလို သောက်သုံးမကျတဲ့ လိပ်ခုံးကားကိုကြိုက်မိတာလည်း မုန်းစရာ။

၈။ ကိုယ်ရေးလိုက်တာတွေဟာ မုန်းစရာ
တချို့ဘလော်ဂါတွေ ဥပမာ စလုံးက ပန်ဒိုရာစံ၊ သြစီက ကေသွယ်စံတို့ စိတ်ဓာတ်ကျနေတယ်လို့ ကိုယ်တိုင် ကိုယ်ကျ ဖွင့်ပြောလာကြတယ်။ ဒီဘလော့ဂ်က အရေးအသားတွေ ကြိုက်လွန်းလို့ တဲ့။ သူတို့ ဒီလို မရေးနိုင်တဲ့အတွက် စိတ်ဓာတ်ကျသတဲ့။ ကျနော်ရေးမိ၊ အပြစ်ရှိ၏ပါခင်ဗျာ။ ဒါကြောင့် သူတို့ အားကျ၊ နောက်တော့ စိတ်ဓာတ်ကျစေတဲ့ ဒီဘလော့ဂ်ပေါ်က အရေးအသားတွေဟာ မုန်းစရာ။

၉။ သီချင်းညည်းချင်တာ မုန်းစရာ
မျက်လုံးပြူးမသွားနဲ့ဦး။ သီချင်းတွေဟာ ချစ်စရာတွေပါ။ ဆိုလို့ကောင်း၊ နားထောင်လို့လည်း သိပ်ကောင်း။ အဲဒီလိုကောင်းနေတာဟာ ပြဿနာ။
xxx ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ ကိုယ်ကချစ်မိသူပါကွယ် xxx အဲသလို သီချင်းမျိုးကို အသက် ၇၀ ၀န်းကျင်မှာ ဆိုလို့ သင့်တော်ပါဦးမလားဆိုတာ စဉ်းစားစရာ။ ကိုယ်ကလည်း အချစ်သီချင်းတွေပဲ ညည်းတတ်တာ။ သီချင်းတွေကလည်း အချစ် နဲ့ နိုင်ငံရေးတွေပဲမဟုတ်လား။ ဒီတော့ သီချင်းညည်းချင်စိတ်ကြောင့် တနေ့မှာ (အသက် ၇၀ ၀န်းကျင်အထိ ရှင်သန်ခွင့်ရှိရင်) ခက်တော့တာပါပဲ ဖြစ်လာလိမ့်မယ်။

၁၀။ ခပ်တည်တည်နေတတ်တာ မုန်းစရာ။
လူဆိုတာ ပျော်ပျော်နေရမယ်။ ပေါတောတောဖြစ်ရမယ်။ တတ်နိုင်ရင် အစွမ်းကုန် ပေါသင့်။ ဘ၀မှာ စိတ်မသက်မသာစရာတွေက အများသား။ ဒါကြောင့် စိတ်ထွက်ပေါက်ရအောင် စိတ်ကို ဖော့ထားရမယ်။ တဖြည်းဖြည်းပူလာတဲ့၊ ငွေတွင်းနက်လှတဲ့၊ စိတ်ဖိစီးတာများတဲ့ ကမ္ဘာကြီးမှာ ခပ်တည်တည်နေတတ်တဲ့ကျနော်ဟာ မုန်းစရာ။

အင်း - တကယ့်ကို မုန်းစရာ။ ။ :D

6 comments:

tututha said...

ဒါဆိုရင်တော့ ကျမအဖေကိုသူ့တပည့်တွေ ပေးတဲ့နာမည်ပဲ ကိုဇာနည့်ကိုခေါ်ရမလားမသိ “ကိုပြောင်တည်” လို့ ကာရန်တော့မကိုက်ဘူးပေါ့ ကိုပြာတည်ဆို ပိုကိုက်မယ်ထင်တယ်နော်။ ခုလိုအရေးတယူရေးပေးလို့ ကျေးဇူးဂေါ်ဇီလာပါ။ ဒီပို့စ်ကို ရုံးမှာခိုးဖတ်နေတာဖြစ်တဲ့အတွက် ရယ်ချင်သော်လည်း အူလှိုက်သည်းလှိုက်မရယ်ရဲဘဲ ရင်ထဲကရယ်နေရလို့ အတော်ကသိကအောင့်နိုင်ပါတယ်။ မျက်နှာကတော့ ခပ်တည်တည်ပေါ့။ အင်း ကျမလည်း လိပ်ခုံးကား ကြိုက်တယ်။ ဟိုးညာဘက်ထောင့်က ပုံစံဟောင်း အပြာရောင်လေးပဲကြိုက်တာပါ။ သို့သော် ကားလည်းမမောင်းတတ်သေးဘဲ ကားလည်း မဝယ်နိုင်သေးပါ။ ငမ်းရုံပဲငမ်းနိုင်ပါသေးတယ်။ ကွန်မန့်ကရှည်သွားပြီ။ ထပ်ပြောပါမယ် ကျေးဇူးဗျို့။

Kay said...

အင်း- စိတ်ဓါတ်ကျရပြန်ပြီတခါ။း(
ဒီလို..(ဘာလိုမှန်းမသိတဲ့) စတိုင် မျိုးရေးတတ်တာ...ကျမတို့လည်း..မုန်းပါ့။ ( မနာလိုလို့) လေချွေတာ..မောက်စ် ချွေတာ..နက်ဖိုးချွေတာတာပဲထင်တယ်။ ၁၀ တန်းတုန်းကတော့..သံခိပ်..အတိုချုပ်မှာ- အမှတ်ကောင်းမယ်ထင်တယ်။ ဒါပေမဲ့..၀ါကျလေးတွေတော့..ဆုံးအောင်ရေးပါ။း)

pandora said...

၃ ခန်းလွတ်နေတာ အားနည်းချက် ချို့ယွင်းချက်လို့ ထင်ချင်လို့လား။ ယောင်မှားလို့ပင် မထင်လေနှင့်။ မလိမ္မာ ၁ ခါ မိုက်ခဲ့ရင် တော်ပြီပေါ့.။ ၄ ခါ မိုက်ရင် ခက်မယ်။

အမ်... ပန်ဒိုရာ တို့ မကေတို့က အားကျ စိတ်ဓာတ်ကျသတဲ့လား။
ဒါနဲ့ ဟိုနေ့ကပြောတော့ ပန်ဒိုရာ အရေးအသား ကောင်းလွန်းတာ အားကျလို့ ပန်ဒိုရာ့နာမည်က နောက်ဆုံးစာလုံးလေးကို ကိုဇာနည်နာမည် ရှေ့မှာထားပြီး ရာဇာနီဝင်း လို့ နာမည်ပြောင်းတော့မယ် ဆို.။ :)

တော်ပါပြီလေ.။ ခပ်တည်တည်ဆရာ မိန့်မိန့်ကြီး ဆိုတော့ ဆက်ပြောရင် မရိုမသေ ပြောမိသလို ပါကုန်မှာစိုးလို့ ဘရိတ်အုပ်လိုက်ပါပြီ။ ဒန်တန်တန်။ :) :P

ယောနသံစင်ရော် said...

ဟားဟားဟား....ကိုဇာနည်ရေးတဲ့ ပို့စ်ရော။ မမ တွေရေးတဲ့ ကွန်မန့်တွေရော အရမ်းဖတ်လို့ကောင်း ပြုံးလို့ကောင်း ရယ်လို့ကောင်း။....ဟက်ဟက်ဟက်....

Moe Cho Thinn said...

ဖတ်ပြီး အတော်သဘောကျသွားတယ်။
နံပါတ် ၁ကို ဖတ်တာနဲ့ တခါတည်း ရီမိတာပဲ။ ပြီးတာနဲ့ ဟယ် သူ့ကိုယ်သူ သိတယ်တော့ .. လို့ ပြောမိတယ်။

နံမည် တွေမေ့တတ်တယ်ဆိုပေမဲ့ ဂျက်လီကို တော့ မမေ့ဘူးမို့လား ဆရာဂျက်။ :)

သီချင်းညည်းချင်တာ မုန်းစရာလား၊ ဒီလိုမှန်းသိရင် အိမ်မှာ တို့သီချင်းဆိုနေတုန်း ၀င်ဆိုမခိုင်းလိုက်ရတာ နာသကွာ..

သိပ်လဲ ခပ်တည်တည် မနေပါနဲ့လေ။ ကိုယ့်ကိုယ်ကို မုန်းတာ အရေးမကြီးဘူး၊ သူများတွေကတော့ ခင်ချင်ပါတယ်။ :D

Ko Kyaw said...

မုန်းစရာတွေကို ဖတ်ပြီး ကြိုက်တယ်။ ကျနော် ၀ါးဒီးကုတ်တော့ရှိတယ်၊ စီးဖို့ ကက်ဂလုပ်ရှူး မရှိတာ၊ ပွဲတခုသွားဖို့ ဒုက္ခဖြစ်သွားသေးတယ် :)