Nov 3, 2008

seagull

စင်ရော်အကြောင်း ရောက်တတ်ရာရာ ရေးရမယ် ဆိုရင် -
စင်ရော် (ဇင်ယော်) တွေကို သန်လျင် ကျောက်တန်းသွားတုန်းက စပြီး တွေ့ဖူးတယ်။ တော်တော်လှတဲ့ငှက်၊ နာမည်ကလည်း လှတယ်။ ၀ါရှင်တန်ဒီစီဘက် ရောက်နေသူ အသိမိတ်ဆွေတယောက်ကလည်း ဘလော့ဂ်တခုကို တည်ဆောက်ပြီး ယောနသံစင်ရော် လို့ အမည်ပေးထားတယ်။ သူ့အတွက်တော့ ဒီနာမည်ပေးဖို့အတွက် ခိုင်လုံတဲ့အကြောင်း အပြည့်ရှိလိမ့်မယ်။ ယောနသံစင်ရော်ဆိုတာ သူ့အဖိုးရဲ့ နာမည်ကျော် စာအုပ်။ ကျနော့်အဖို့တော့ ဒီစာအုပ်က လွန်ခဲ့တဲ့ အနှစ် ၂၀ ဆယ်တန်းဒုတိယနှစ်တက်နေတုန်းကရင်း သူငယ်ချင်းတွေက ညွှန်းဖူးတဲ့စာအုပ်လေး။ ခုချိန်ထိ မဖတ်ဖြစ်သေး။ တနေ့နေ့တော့ ဖတ်ဖြစ်မှာပါ။

(စင်ရော်တွေကို အနီးကပ် သီးသန့်ရိုက်ထားတဲ့ပုံတွေ အသိမ်းလွန်နေလို့ ရှာမတွေ့ဘူး။ ဒါနဲ့ စင်ရော်တွေနောက်ခံထားပြီးရိုက်ထားတဲ့ပုံကို တင်လိုက်တယ်။ ကျနော့် တူ နဲ့ တူမ။ အိုဟိုင်းယိုးပြည်နယ်က။)

ဒီမနက်ပဲ စင်ရော်နဲ့ ပတ်သက်ပြီး ညည်းလို့ကောင်းတဲ့သီချင်းဟောင်းတပုဒ်အကြောင်း မဂ္ဂဇင်းတစောင်မှာ ဖတ်လိုက်ရလို့ တွေ့သမျှ ကူးထည့်ပေးလိုက်ပါပြီ။ ကျနော့်အမျိုးသမီးကလည်း ဒီသီချင်း ကြိုက်တယ်။ ဒါပေမယ့် သူလည်း စာသား မရဘူး။ စင်ရော် ဆိုတဲ့ စာသားလေးပဲ ရရှာတယ်။ သူက ကျနော့်ဘလော့ဂ်ကို လာဖတ်ပုံမရလို့ သူ့ကို ဆွဲဆောင်တဲ့အနေနဲ့ သူရချင်တဲ့စာသားကို တင်လိုက်တဲ့သဘောလည်း ပါတယ်း)

ချိန်ခါဆည်းဆာ မြစ်ဧရာပေါ်
ပျံကာဝဲကာ ငှက်ရွှေစင်ရော်
သံစာစာ ဟစ်ခါကြွေးကြော် ချစ်ချစ်စရာလေးနော်
ကရီ ကရာ ကခါ မြူးခါ
သူ့ဘ၀ သူပဲပျော်
လှိုင်းလေးဖွေးဖွေး အေးတဲ့မြစ်ပေါ်
ထင်ရာလည်း စိုင်းသနော် ရိုင်းတဲ့စင်ရော်

စင်ရော်ကို "ရိုင်းတယ်လို့ ဆိုလိုက်တာဟာ ပရိယာမရှိ၊ ကွယ်ဝှက်ထားမှုမရှိ ပကတိ ရိုးစင်းတာကို ဆိုလိုတာဖြစ်"ကြောင်း ဒီလ နိုဝင်ဘာထုတ် ပန်းအင်္လကာမဂ္ဂဇင်းမှာ ဖတ်လိုက်ရပါတယ်။ မောင်ညီညွတ်ရေးတဲ့ လေထဲမှာ ၀ဲပျံနေတဲ့ ချစ်စရာစင်ရော်လေးများ ဆိုတဲ့ ဂီတခံစားမှုဆောင်းပါးထဲမှာ ဖြစ်ပါတယ်။

ကဗျာဆရာ ကွန့်လိုက်ပါတဲ့ ညွန့်စာမော်
စင်ရော် ငှက်လိမ္မာတဲ့ သူ့အာဘော်
တကယ်ဆိုတော့ ငှက်ကျေးစင်ရော်
အစာမြူဖို့ လှေကလေးသာမျှော်
မောင်မယ်တွေ ချစ်တဲ့အတွေးအခေါ် သိရှာပါဘူးနော်
ကရီ ကရာ ကခါ မြူးခါ
သူ့ဘ၀ သူပဲပျော်
လှိုင်းလေးဖွေးဖွေး အေးတဲ့မြစ်ပေါ်
ထင်ရာလည်း စိုင်းသနော် ရိုင်းတဲ့စင်ရော်

"ရိုင်းတဲ့စင်ရော်" ကို ရေးသူက ၁၉၅၀ ၀န်းကျင်မှာ ထင်ရှားခဲ့တဲ့ သီချင်းရေးဆရာ သောတမောင်၊ သီဆိုခဲ့သူက ခင်ယုမေ လို့ ဆိုပါတယ်။
သောတမောင်က ၂၈-၈-၁၉၅၅ မှာ ကွယ်လွန်ခဲ့ပါတယ် တဲ့။

သူ ကွယ်လွန်ပြီး နောက် ၁၅ ရက်အကြာမှာ ကွယ်လွန်သူ သီချင်းရေးဆရာတယောက်လည်း ရှိပါတယ်။ ဆရာမြို့မငြိမ်း ဖြစ်ပါတယ်။ မြို့မငြိမ်းကလည်း ငွေစင်ရော် ဆိုတဲ့ သီချင်းကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ဘယ်သူတွေဆိုခဲ့မှန်း မသိပေမယ့် နောက်ဆုံး သီဆိုထားသူတယောက်ကတော့ ခင်မောင်တိုး ဖြစ်မှာပါ။ ခင်မောင်တိုးအကြိုက်ဆုံးမန္တလေးသီချင်းများ ဆိုတဲ့ စီးရီးမှာ ထည့်ထားပါတယ်။ စာသားတွေကတော့ -

အစားအစာ တောင်းသလား
သနားချစ်စရာ့ စင်ရော်ညီ
အပိုအလို မပြည့်တဲ့အောင် မောင့်ဖို့ဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ
မောင်မယ် မုန့်ကလေးဖဲ့ကာဖဲ့ကာ ကျွေးလိုက်ချင်သည်

နောက်နေ့ ခင်မောင်တိုး သီချင်းစာအုပ်ရှာမယ်၊ တွေ့ရင် အဲဒီသီချင်း ကူးမယ် ဖြန့်မယ်။ အသံကတော့ အင်တာနက်မှာ ရှိမှာပါ။ အဆင်ပြေရင် တွဲတင်ပေးလိုက်မယ်။
ခင်မောင်တိုးအကြိုက်ဆုံးမန္တလေးသီချင်းများ တခွေလုံးကို ဗီဒီယိုကြည့်ချင်ရင်တော့ http://myanmarjukebox.blogspot.com/2008/10/khin-maung-toe.html ကို သွားပါ။

3 comments:

ဒူကဘာ said...

ဗမာ ဇင်ယော်တွေရဲ့ သမိုင်း စုံလင်အောင်ဖတ်ရတော့ ကျေးဂျူးကဘာပါ။

tututha said...

ငယ်ငယ်ကတော့ သီတာသင်္ဘောစီးတိုင်း စာကလေးခွေဝယ်ခိုင်းပြီး ဇင်ယော်တဝက် ကျမတဝက် စားခဲ့တာပဲ ကိုဇာနည်ရေ့။ တခါတလေ ကျမချည်းပဲစားလိုက်လို့ အဖေဆူတာ ခံရတယ် :P

မေငြိမ်း said...

တိုက်တိုက်ဆိုင်ဆိုင် ညီလင်းသစ်ဆီမှာ စင်ရော်ပုံတွေ တင်ထားတယ်.. သူ့ပုံတွေကြည့်ရင်း ကိုဇာနည့်ဆီက စင်ရော်သီချင်းတွေဆိုလိုက်ရင်(အဟဲ.. နားထောင်လိုက်ရင်)အကိုက်ပဲ..။