Nov 28, 2008

special post for YawNaThanZinYaw


ကာတွန်းကားတွေဟာ ကလေးတွေအတွက်ပဲလို့ ထင်ရင် မှားပါမယ်။ ဒီနေ့ခေတ် ကာတွန်းရုပ်ရှင်တွေဟာ ကလေးရော လူကြီးပါ နှစ်သက်အောင် ဖန်တီးထားကြတယ်။ Ratatouille ဆိုတဲ့ ကာတွန်းကားကို ကြည့်ပါ။ ဒီကားက
computer-animated film (ကွန်ပျူတာနဲ့ဖန်တီးတဲ့ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်) ဖြစ်ပါတယ်။

Remy ဆိုတဲ့ ကြွက်က အကောင်းစားတွေမှ စားချင်တယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးတခုမှာလည်း စားဖိုမှူး ဖြစ်ချင်တယ်။ ကြွက်တကောင်အတွက်တော့ ဒါတွေဟာ အိပ်မက်။ ဒီကြွက်မှာ အားသာချက်က နာမည်ကျော်စားဖိုမှူးကြီးတယောက်ရဲ့ဝိဉာဉ် ပူးနေလို့ ချက်ပြုတ်တာတွေကို တဖက်ကမ်းတတ်ကျွမ်းနေတယ်။ ကံကောင်းချင်တော့ ပြင်သစ်စားသောက်ဆိုင်တခုရဲ့ မီးဖိုဆောင်အကူဝန်ထမ်းတယောက်နဲ့ပေါင်းပြီး အလုပ်ဖြစ်သွားတယ်။ ကြွက်က စားဖိုမှူးတာဝန်ယူပြီးနောက် ဆိုင်ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်။ စားဖိုဆောင်မှာ လုပ်အားလိုတဲ့အတွက် ဇာတ်လိုက်ကျော်ကြွက်ကလေးရဲ့ မိတ်ဆွေကြွက်တွေက ချက်ပြုတ်ရေးမှာ အလုံးအရင်းနဲ့ ၀င်ကူကြတယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးကို လာကြတဲ့ စားသုံးသူတွေကို ကြွက်တွေက ချက်ပြုတ်ပေးတဲ့သဘော။

ဇာတ်လိုက်ကြွက်က ဇာတ်လိုက်မင်းသားကို အိမ်မှာ လေ့ကျင့်ပေးတယ်။ ဆံပင်ကို ဆွဲတဲ့နည်းနဲ့ ဆက်သွယ်စကားပြောတဲ့နည်း လေ့ကျင့်ကြတယ်။ ဆိုင်ရောက်ရင် ကြွက်က ဦးထုပ်ထဲဝင်၊ သူ့ဆံပင်ကိုဆွဲပြီး ညွှန်ကြားချက်ပေးတယ်။

ဒါက ဇာတ်လမ်းအကျဉ်းတော့ မဟုတ်ပါဘူး။ ကြည့်ဖူးတဲ့ဒီရုပ်ရှင်ကို အဆင်ပြေအောင် ပြန်ပြောပြတာပါ။ ဒီရုပ်ရှင်ထွက်လာတော့ ဝေဖန်အကဲဖြတ်သူတွေ ၀ိုင်းပြီး ချီးကျူး ရေးသားကြတယ်၊ ၂၀၀၇ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့တယ်။

ဒီလောက်အောင်မြင်တဲ့ရုပ်ရှင်ဖြစ်လာအောင် စီစဉ်ခဲ့ရတာလည်း ပုံမှန်ကြိုးစားခဲ့ရတာတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်ကတည်းက အစပြုခဲ့တာလို့ ဆိုပါတယ်။ ရုံတင်တော့ ၂၀၀၇ နှစ်လယ်ပိုင်း။ ကာတွန်းဖန်တီးရေးဆွဲသူတွေက ဇာတ်ကွက်တွေအတွက် ပြင်သစ်အထိသွားပြီး ပါရီမြို့ထဲမှာ ၇ ရက်လောက် ဆိုင်ကယ်စီးပြီး လျှောက်ကြည့်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့က ချက်နည်းပြုတ်နည်းသင်တန်းကျောင်းတခုမှာ သင်တန်းတက်ကြတယ်။ တကယ့်စားသောက်ဆိုင်တွေ ဘယ်လိုလည်ပတ်လုပ်ကိုင်သလဲဆိုတာ နားလည်အောင်လို့ပါ။

သက်ဆိုင်ရာ ပညာရှင်တွေကိုလည်း ချည်းကပ်ခဲ့ပါသတဲ့။ ဥပမာ ကြွက်သတ္တ၀ါ ကျွမ်းကျင်သူဆီမှာ ကြွက်တွေရဲ့အပြုအမူ သိရဖို့ သွားရောက်မေးမြန်းခဲ့တယ်လို့ ဆိုတယ်။ ကာတွန်းဆရာတွေအတွက် ကြွက်တွေထည့်ထားတဲ့ ငါးမွေးကန်လိုမျိုး လှောင်အိမ်ကြီးတခုလည်း တနှစ်တိတိ ထားပေးခဲ့တယ်။ ဒါမှ ကြွက်တွေ လှုပ်ရှား ပြေးလွှားတဲ့အခါ နားရွက်၊ နှာခေါင်း၊ အမြီး၊ အရေခွံ၊ နှုတ်သီးတို့ ဘယ်လိုအနေအထားရှိတယ်ဆိုတာ သိနိုင်မယ် တဲ့။
ထုတ်လုပ်သူ ကုမ္ပဏီက ဇာတ်ကားနာမည် အသံမထွက်တတ်ကြမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် ဇာတ်ကားနာမည်ကို အသံထွက်ပုံထွက်နည်းနဲ့ တွဲပြီး Ratatouille (rat-a-too-ee) လို့ ဖော်ပြပေးခဲ့တယ်။

ဒါနဲ့ပဲ Best Animated Feature Film အကောင်းဆုံး အင်နီးမေးရှင်းရုပ်ရှင် ဆိုပြီး အော်စကာဆု ရခဲ့ပါတယ်။ အစောပိုင်းမှာတော့ အော်စကာဆု ငါးခုရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ ကွန်ပျူတာနဲ့ ဖန်တီးတဲ့ရုပ်ရှင်တွေထဲမှာ အော်စကာဆု အများဆုံး မျှော်မှန်းခံခဲ့ရတာဖြစ်ပါတယ်။

စားသောက်ဆိုင်ကို ကျန်းမာရေးဋ္ဌာနအရာရှိ ၀င်ရောက်စစ်ဆေးပုံကိုလည်း တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စားသောက်ဆိုင်တွေကို အဲသလိုပဲ စစ်ဆေးတတ်တာပါ။ သန့်ရှင်းမှုမရှိရင် လုပ်ငန်းပိတ်တဲ့အထိ အရေးယူတာ ခံရမှာပါ။ ဒီအချက်ကိုလည်း ရုပ်ရှင်ထဲ ထည့်ရိုက်ထားလေရဲ့။ စားဖိုဆောင်ဝန်ထမ်းတွေနေရာမှာ ၀င်ရောက်လုပ်ကိုင်မယ့် ကြွက်အုပ်စုကြီးကို ကိုယ်လက်သန့်စင်တဲ့ဇာတ်ဝင်ခန်းက စက္ကန့်ပိုင်းလေး ဖြစ်ပေမယ့် ပြောင်မြောက်လှပါတယ်။ ပန်းကန်ဆေးစက်ကြီးထဲကနေ ကြွက်တွေ စပ်ဖြဲဖြဲ ပေါ်လာတဲ့ပုံကို ထည့်သွင်းထားတာပါပဲ။

အသီးအရွက် အသားငါး ထားသိုတဲ့နေရာကအစ ၀န်ထမ်းတွေရဲ့ လှုပ်ရှားပုံအဆုံး ဖန်တီးချက်တွေဟာ တကယ့် မီးဖိုဆောင်ကြီးထဲကအတိုင်းပါပဲ။ အနောက်နိုင်ငံတွေမှာ အစားအသောက်နဲ့ စားသောက်ဆိုင်တွေကို ညွှန်းတဲ့ ဝေဖန်ရေးဆရာတွေဆိုတာ သီးသန့်ရှိတယ်။ ဒီရုပ်ရှင်ထဲမှာ အဲဒီလိုမျိုး ဝေဖန်ရေးဆရာတယောက်ကလည်း အဓိကဇာတ်ကောင်တကောင်အဖြစ် ပါဝင်တယ်။
ဒီလို အသေးစိပ်မှုတွေကြောင့် အင်မတန် ကောင်းတဲ့ ဟာသရုပ်ရှင်၊ ကာတွန်းရုပ်ရှင် ဖြစ်လာရတာပါပဲ။ ။

4 comments:

pandora said...

ဒစ်စနေမှာ ကာတွန်းကားတွေ ရုံမတင်ခင် အစမ်းကြည့်ပေးရတဲ့ အလုပ်ရရင်ကောင်းမယ်။
ကြားရင်ပြောစမ်းပါဗျာ

Ko Kyaw said...

ကျနော်သိပ်ကြိုက်တဲ့ ကာတွန်းကားပေါ့။ ခင်ဗျားပြန်ဆွပေးတာနဲ့ ခွေရှာပြီး တခါ ထပ်ကြည့်ဖို့ စဉ်းစားမိတယ်။

ယောနသံစင်ရော် said...

ရေးခိုင်းပြီးမှ ကွန်မန့်ပေးတာနောက်ကျသွားတယ်။ Holiday ဆိုတော့ အလည်လွန်သွားလို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကာတွန်းလေးကို ခုနကပဲ တီဗီက လာလို့ပြန်ကြည့်လိုက်သေးတယ်။ ကြွက်ကလေး ကိုသနားလို့ မျက်ရည်တောင်နည်းနည်းဝဲမိသေးတယ်။ သူက မျိုးတူတဲ့ကြွက်တွေကြားထဲမနေပဲ သူဝါသနာပါတဲ့ အလုပ်ကိုလုပ်တာလေ။

အောင်သာငယ် said...

တကယ်ရနိုင်ရင် အဲ ကြွက်ကိုပဲ အပြင်မှာ လိုချင်သဗျ...