Dec 20, 2011

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့



Getty Images မှာ တွေ့တဲ့ ပုံပါ။
ဘာရယ်လို့မဟုတ်ဘူး၊ ကြည့်ကောင်းလို့ ကိုယ်ပိုင်ဘလော့မှာ တင်လိုက်တာပါ။
ဖေ့ဘုတ်မှာတော့ မတင်တော့ဘူး။ ဒီနေ့ သို့မဟုတ် မနက်ဖန် အလိုလို တက်လာလိမ့်မယ်။ ဘလော့နဲ့ဖေ့ဘုတ်ကို ချိတ်ထားတယ်။

(ဖြည့်စွက်ချက် - ဘလော့နဲ့ချိတ်တာကို မလုပ်ပေးတော့ဘူး တဲ့။ ဖေ့ဘုတ် http://www.facebook.com/help/?faq=206051139465982#My-blog-isn%27t-importing-to-Facebook. မှာ ရေးထားတယ်။ အင်း - ဒီကောင်တွေ ညံ့လိုက်တာ)

Thailand Prime Minister Yingluck Shinawatra poses for photo before a Gala dinner during the 4th Greater Mekong Subregion (GMS) Summit in Myanmar's capital Naypyidaw on December 19, 2011.

Dec 18, 2011

ဖူးခက် အမှတ်တရ

~


လွန်ခဲ့သော ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင် ဖူးခက် သွားတုန်းက ရိုက်ထားတဲ့ ပုံတချို့ကို ဒီနေ့ တင်လိုက်ပါတယ်။

အထည်ဆိုင်မှာ ခင်းကျင်းထားပုံလေးက ဆွဲဆောင်မှု ရှိလွန်းလို့။

အ၀တ်အစား ၃ စုံကို စုစည်းထားတာလေ။


ဒါက မျက်နှာ အနှိပ်ခန်းပေါ့။ ဆယ်ဒေါ်လာ အကုန်ခံနိုင်ရင် အဲဒီဆိုင်ထဲ ၀င်ရုံသာ။
အကုန်မခံချင်ရင်တော့ ကိုယ့်မျက်နှာကိုယ်နှိပ်။

ကိုမင်းဒင်အိမ်မှာလည်း သွားတည်းဖြစ်တယ်။ ကျနော်တို့ကို ကျွေးတဲ့ထဲက တခုကို မှတ်တမ်းတင်ထားတာ။ ဘာသီးကြော်လည်း မမှတ်မိတော့ဘူး။ ပိန္နဲသီးကြော် ထင်တာပဲ။
အောက်မှာက မင်းဂွတ်။

ဒါက ကိုမင်းဒင်ရဲ့ ကြောင်ဖြူတော်။

သူရေးတဲ့ထဲမှာ ပါဖူးတဲ့ ဇာတ်လိုက်လည်း ဖြစ်နိုင်တယ်။ သူ့ဘလော့မှာ ကြောင်စုန်း ဆိုပြီး ရေးထားသေးတယ်။ ဒီကောင့်အကြောင်းပါပဲ။








~

Dec 14, 2011

ငမိုက်သား နံပါတ် သုညကိုး


နံပါတ် သုညကိုး
လွန်ခဲ့တဲ့ ၂ လ လောက်က ဖုန်းပျောက်လို့ sim card အသစ် ဝယ်တယ်။ ၄၅ ဘတ်/တဒေါ်လာခွဲ ပေးရတယ်။
(ဖုန်းတော့ မဝယ်ဘူး။ သိမ်းထားတဲ့အဟောင်းကို ထုတ်သုံးတယ်။)

ကတ်အသစ်ဆိုတော့ နံပတ် အသစ်ပေါ့။ ဝ၉ နဲ့ အစပြုတယ်။

ယိုးဒယား လက်ကိုင်ဖုန်းနံပတ်တွေက ဝ၈ နဲ့ အစပြုကြတယ်။

အခု ဝ၉ တွေ ပေါ်နေပြီ ဆိုတာ လူတိုင်း မသိဘူး။ ဒီဘလော့ လာသူတွေ သိအောင် ရေးလိုက်ပါတယ်။

ယိုးဒယားဖုန်းနံပတ် ဝ၉ နဲ့ အစပြုရင် မအံ့သြဖို့ပါ။

အခုက ဒီနံပတ်ကို အံ့သြနေကြတယ်။ ချင်းမိုင် မဲဆောက် ဘန်ကောက်က မိတ်ဆွေများ ပြောပါတယ် - သူတို့ အံ့သြနေကြတယ်။

ဖုန်းသံကြားလို့ ဝ၉ နဲ့ အစပြုတဲ့ နံပါတ်မြင်ရင် ဘယ်နိုင်ငံက ဆက်လာတာပါလိမ့်လို့ သူတို့ ထင်နေကြတယ်။
နိုင်ငံခြားဖုန်း ထင်ပြီး လက်ခံဖြေသူရှိသလို၊ ပိတ်လိုက်သူတွေလည်း ရှိတယ်။

တချို့ကလည်း ဒီနံပါတ် ပေးလိုက်ရင် တခုခုတော့ မှားနေပြီ ထင်ကြတယ်၊ ဒီကောင် ဖုန်းနံပါတ်တောင် မှားပေးတယ်လို့ ယူဆသူလည်း အများသား။

ကဲ - မှတ်ထားလိုက် - သုညကိုးဟာ ပုံမှန်ဂဏန်း။

ငမိုက်သား

ငမိုက်သား ဆိုတာက တယ်လီဖုန်းကို ပြောတာပါ။
ဈေးကြီးတဲ့ဖုန်းတွေ မော်နီတာကျယ်ကျယ်ကို လက်နဲ့ ပွတ်နေနေကြတဲ့ ဖုန်းတွေကို Smart Phone လို့ ခေါ်ကြတယ်။ တွေ့ဖူးမှာပါ။ စင်္ကာပူ မြို့ပတ်ရထားထဲ ဒါတွေပဲ ပွတ်နေကြတာ။
ကျနော်က ဖုန်း မကြာခဏ မေ့တတ် အထားမှားတတ် ပျောက်တတ်တော့ စမတ်ဖုန်းနဲ့ဆို ဟန်မကျဘူး။ ဒီတော့ သာမန်ဖုန်းပဲ ကိုင်တယ်။ သာမန်ဖုန်း- မူလလက်ဟောင်းဖုန်းတွေက
Smart Phone မဟုတ်တော့ Stupid Phone ပေါ့။
ဒါကြောင့် ငမိုက်သား လို့ အခု ကိုင်နေတဲ့ ဖုန်းကို ခေါ်လိုက်တာ။ ကျနော့်မိန်းမ ပေးလိုက်တဲ့ နာမည်လေ။
ငမိုက်သားက ဈေး ပေါတယ် ဆိုရမယ်။ ဘတ် ၇၀၀ ထင်တယ် ၀ယ်တုန်းက။ ဒေါ်လာ ၂၀ စွန်းစွန်း။

ဒါပါပဲ။

Dec 13, 2011

NLD ပုဆိုး ပြန်ဝတ်ပြီ

~







NLD ပါတီထောင်ခွင့် ရပါပြီ လို့ ရွေးကော်မရှင်က မီးစိမ်းပြလိုက်တယ် တဲ့။
လူထုဦးဆောင် NLD ပါတီလည်း အနှစ် ၂၀ ကျော် အထုအထောင်းခံခဲ့ရပြီး အထိနာခဲ့ပေမယ့် အစိုးရက အခုလို သဘောထားကြီးစွာ ပါတီအဖြစ် ရပ်တည်ခွင့် ပေးပြီ ဆိုတော့လည်း ကောင်းတာပေါ့၊ ရေစစ္စရီ ထပ်လုပ်ပြီး ရှေ့သို့ ချီရတော့မှာပေါ့။
NLD သမိုင်းမှာ စကတည်းက ကြမ်းခန်း ရမ်းခန်းတွေချည်းပဲ။

ပါတီခေါင်းဆောင် ဧရာဝတီတိုင်းသွားတော့ ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်နဲ့ အချိန်ခံရ ၁၉၈၉။
၉၀ ရွေးကောက်ပွဲ မှာ NLD ကိုယ်စားလှယ်တွေ အရွေးခံရတော့ အဲဒီလူတွေ ထောင်ထဲ သွားနေရပြန်ရော။
ကျန်တဲ့လူတွေလည်း ၁၄ နှစ်ကြာ အမျိုးသားညီလာခံထဲ အပို့ခံရ။
ဒေါ်စုကို ထုတ်ပစ်လိုက်လို့ ဖိအားပေးပြန်တော့ ဒေါ်စုကို ပါတီကနေ ထုတ်ပေးရသေးတယ်။
တနိုင်ငံလုံးက ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ကြတယ် ဆိုတာတွေလည်း သတင်းစာတွေထဲ မကြာခဏ တွေ့ခဲ့ရတယ်။
တွေ့ဆုံဆွေးနွေးရေးမဖြစ်တာဟာ NLD သဘောထားတင်းမာလွန်းလို့ပဲ၊ လျှော့ပါအုံး လျှော့သင့်တယ်လို့ သုံးသပ်သံတွေလည်း ထွက်ခဲ့တယ်။ လျှော့စရာ ပုဆိုးပဲ ရှိတော့တယ်ဟေ့ လို့ တုံ့ပြန်သံတချို့လည်း ဘေးက ထွက်လာတယ်။
ဒီလိုနဲ့ မနှစ်တုန်းက ရွေးကောက်ပွဲလုပ်တော့ NLD က တရားမ၀င်ပါတီစာရင်းထဲ ရောက်သွားတယ်၊ အဲဒီ လျှော့စရာ ဆိုတာကို ချွတ်ပေးလိုက်ရတဲ့သဘောပေါ့။
အခုတော့ ရော့ ... ရော့ ... နင့်ပုဆိုး ပြန်ဝတ်ချည် လို့ ပြောလိုက်ပါပြီ။
ကောင်းလေစွ။






~

Nov 26, 2011

မျက်စိ ပသာဒ

.







ဆေးလိပ်ခွက်နဲ့ ပန်းဖြူဖြူ

လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ဖူးခက်က ဟိုတယ် တခု စင်္ကြံမှာ ရိုက်ထားတာ။
ဆေးလိပ်ပြာခြွေခွက်က ၃ ပေတော့ မြင့်မယ် ထင်တယ်။
အဲဒါချည်းပဲ ဆိုရင် အကျည်းတန်တာကြောင့် မျက်စိ ပသာဒ ဖြစ်အောင် တရုတ်စကားပန်းနဲ့ ကူထားတာလို့ ယူဆရတယ်။

ဟိုတယ် ဆိုတာမျိုးက လှလှပပဖြစ်အောင် လုပ်ထားရတဲ့ အဆောက်အအုံမျိုးမဟုတ်လား။
ကိုယ့်အိမ် သူ့အိမ်မှာ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အိမ်မှာ ဒီလိုပဲ အလှဆင်ကြရဲ့လား။ အချိန်ပေးနိုင်ကြရဲ့လား။

ဝါသနာနဲ့ ဆိုင်မယ် ထင်တယ်။ ၀ါသနာ ပါသူကတော့ အချိန်ပေးပြီး အလှဆင်ဖို့ ၀ါယမစိုက်ပါလိမ့်မယ်။

ကျနော်ကတော့ ၀ါသနာ မပါဘူး၊ အချိန်လည်း မပေးနိုင်ဘူး။ ဒါပေမယ့် အလှဆင်ထားတဲ့အိမ်မှာတော့ နေချင်တယ်။

ပျံနေတဲ့အိမ်မျိုးဖြစ်ဖို့ မလိုပါဘူး။

စိတ်ကူးထဲက အိမ်ကတော့ ဟိုသီချင်းထဲကလို မြက်ခင်းစိမ်းနဲ့တဲငယ်လေး မဟုတ်ဘူး။
အိမ်ငယ်တာကိုတော့ သဘောကျတယ်။ သိမ်းဆည်းရတာ အပမ်းသိပ်မကြီးဘူးလေ။
မြက်ခင်းစိမ်းတာတော့ သိပ် သဘောမကျချင်ဘူး။ ပုံမှန် ရိတ်ပေးနေရလိမ့်မယ်။ အချိန်ကုန်တယ်။ စက်နဲ့ရိတ်ရင် ဆီကုန်မယ်၊ နားညည်းမယ်။
အရိပ်ရအပင်ကြီးတွေတော့ ကြိုက်တယ်။

အိမ်အကြောင်းက ထားလိုက်ပါလေ။ မရှိတဲ့အိမ်အကြောင်း သိပ် မပြောတာ ကောင်းပါတယ်း)

မျက်စိပသာဒအကြောင်း ပြန်ဆက်ရရင် -

ကိုယ်ကရော အများရဲ့ အမြင်မှာ ဘယ်လောက် ပသာဒ ဖြစ်နေသလဲ၊ ဘယ်လောက် ကြည့်ပျော်ရှုပျော် မရှိဘူးလဲ။ သူတို့တွေ ပသာဒဖြစ်အောင် ကိုယ်အမူအယာ နှုတ်အမူအယာ ၀တ်စားဆင်ယင်ပုံတွေ ပြင်သင့်သလား။

အင်း - ပြင်စရာမလိုဘူး ထင်ပါတယ်လေ၊ အဆင်ပြေပုံရပါတယ်၊ ခုချိန်ထိ ဘယ်သူကမှ ဘာမှ မပြောသလောက်ပဲ ဆိုတော့။








.

Nov 25, 2011

မတော်တဆလား၊ ရည်ရွယ်ချက်ရှိရှိလား ??

.




အောင်ကြူကြူသတင်းကို ခွေးရူးရောဂါသတင်း နဲ့
တိရစ္ဆာန်ကုဆေးမှူး သင်တန်းသတင်း ကြားထဲမှာ ထည့်ထားတာ သတိထားမိတယ်။ ဒီနေ့ မြန်မာ့အလင်းမှာပါ။
အမြင်ကပ်လို့ ဒီလို နေရာချထားတာလား တိုက်ဆိုင်တာလား ဆိုတာတော့ မြန်မာ့အလင်း အယ်ဒီတာများကို မေးမှ သိမှာပဲ။



.

Nov 18, 2011

a pack of visa?

ရန်ကုန်သံရုံးတခုက ထူးခြားတယ်
ဗီဇာကို ထုပ်ပေးမယ် တဲ့။
ပလပ်စတစ်အိတ်နဲ့ ထုပ်မှာလား
သတင်းစာစက္ကူနဲ့ ထုပ်ပေးမှာလား မသိဘူး။


Nov 13, 2011

လူမှာ အ၀တ် နဲ့ ထွေရာလေးပါး



စကပ်တိုရခြင်းရဲ့ အကျိုးကျေးဇူးကို ရေကြီးတဲ့အခါမှာ ပိုပြီး သိရပါပြီ။
ဒီလ ၇ ရက်နေ့က ဘန်ကောက်မြို့
Lat Phrao လမ်းမှာ မှတ်တမ်းတင်ထားတဲ့ပုံပါ။

အဖြူအမည်းက ထိုင်းရဲ့ တက္ကသိုလ် ကောလိပ် ၀တ်စုံပါ။
အဲဒီလောက်အထိ တိုဖို့တော့ ညွှန်ကြားမထားပါဘူး။
အင်္ကျီဖြူရမယ်၊ စကပ်မည်းရမယ်လို့ပဲ ညွှန်ကြားပါတယ်။

ကျောင်းသူတွေရဲ့ စကပ်က အတို အရှည် မညီပါ။
တချို့လည်း အရမ်းရှည်၊ တချို့လည်း ဒီဓာတ်ပုံထဲကလို အရမ်း တိုတို။

အ၀တ်စ ချွေတာခြင်း ဟုတ်ဟန်မတူ။

ဒီလို တိုတို ၀တ်သူတွေက sexy ပေါင်တံ လို့ ကမ္ဘာသူ ကမ္ဘာသားတွေ သတ်မှတ်ထားတဲ့ ခြေထောက်ပိုင်ရှင်တွေ ဖြစ်နေတတ်တယ်။

ဘော်ဒီအလှအပကို ပေါ်တင် ဖော်ကျူးသူတွေလို့ ဆိုပါစို့။

ကိုယ့်အလှ လူသိအောင်၊
ကိုယ့်ဓန လူသိအောင်၊
ကိုယ့်ဆေးမင်ကြောင် လူသိအောင်၊
ကိုယ့်အရေပြား အရောင် (သို့မဟုတ် စိုပြေမှု) လူသိအောင်
ဒီလိုပဲ ၀တ်ပြကြတာ လူ့သဘာဝပဲ။

အစွမ်းကုန်ပြင်ဆင်ထားတာကို တပါးသူတွေက ငေးမောကြ ကြည့်ကြရင် ပြင်ဆင်ရကျိုး နပ်ပြီပေါ့။

ပြင်လာသူတွေကို ကြည့်ကြပါလေ။ တခါတရံမှာ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာမှု ရနိုင်ပါတယ်။

xxxxxxxxxxxxxxx

အင်္ဂလိပ်စကားပြောသင်တန်းတက်တုန်းက စကားဝိုင်းတခုမှာ မေးခွန်းတွေ ဖန်တီးခဲ့ဖူးတယ်။
မေးခွန်းတွေကို စာရွက်မှာရေး။ မဲလိပ်လို လိပ်။ သင်တန်းသားတယောက်ကို တလိပ်ပေး။ ကိုယ်ရတဲ့မေးခွန်းကို အင်္ဂလိပ်လို ဖြေပေတော့။
စကားပြောသင်တန်းဆိုတော့ များများ ပြောကျင့်မှ ပြောထွက်မှ စကားပြောစွမ်းရည် တိုးတက်မယ်လေ။ လူတိုင်း ပြောဖြစ်အောင် စီစဉ်တဲ့နည်းနာတွေထဲက တခုပေါ့။ ဂိမ်းတမျိုးပါပဲ။

ဖြေတဲ့သူက ဖြေ၊ အဲဒီအဖြေအပေါ် ငြင်းခုံ ဆွေးနွေး ရယ်မောကြ သဘောတူကြ သဘောမတူကြ ဖြစ်ကြပါတယ်။
နောက်ဆုံးတော့ အင်္ဂလိပ်လို ပြောထွက် ပြောဖြစ်ကြပါတယ်။ စကားဝိုင်းမှာ လူတိုင်း အနည်းနဲ့အများ ပြောဖြစ်အောင် ဖန်တီးတဲ့ ဂိမ်းပါ။

ထုတ်ခဲ့တဲ့ မေးခွန်းတွေထဲက မှတ်မိသလောက် ပြန်ပြောရရင်-

၁။ ကိုယ့်မိဘတွေက မူးယစ်ဆေး ကုန်ကူးသူတွေ ဖြစ်နေတာကို ဒီနေ့မှ ရုတ်တရက် သိလိုက်ရတယ်။ ကဲ - ခင်ဗျားမိဘတွေကို ခင်ဗျား ဘာပြောချင်လဲ။

၂။ လူမရှိတဲ့ကျွန်းတခုပေါ်ကို ခင်ဗျား ရောက်သွားတယ်။ ရာသီဥတုကလည်း ပူတယ်။ အဲဒီကျွန်းပေါ်မှာ ခင်ဗျား အ၀တ်အစား ၀တ်မှာလား မ၀တ်ဘူးလား။


အဲဒီလို ရယ်စရာ မေးခွန်းတွေပေါ့။

နံပတ် ၁ မေးခွန်းကို ရသွားတဲ့ သင်တန်းသားက ရယ်ရယ်မောမော မဖြေပါဘူး။ ကျနော့်ကို ဒေါသနဲ့ တုံ့ပြန်ပါတယ်
ငါ့မိဘတွေကို မင်း ဘာကြောင့် ဒီလို ပြောရတာလဲ တဲ့
တိုက်ဆိုင်သွားလား မဆိုနိုင်ဘူး)

နံပတ် ၂ မေးခွန်းရသွားတဲ့ သင်တန်းသားက ခပ်ပြုံးပြုံးပါပဲ။ (သူ တကယ် အဲဒီကျွန်းပေါ်ရောက်ရင်တော့ အဲဒီလို ပြုံးနိုင်မယ် မထင်ဘူး)
သူ ဘာပြောခဲ့လဲ မမှတ်မိပါ။

တခြားသင်တန်းသားတွေ ၀ိုင်းပြောတဲ့ထဲမှာတော့ ၀တ်စရာ မလိုဘူး ဆိုတာ အများဆုံးပါပဲ။

တကယ်တော့ - အ၀တ် ၀တ်တယ် ဆိုတာ
အရှက်လုံဖို့ သို့မဟုတ် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်က အဓိက မဟုတ်လား။

ဘာရယ်လို့ မဟုတ်ပါဘူး၊ ကိုယ့်ဘလော့မှာ ဘာမှ မရေးတာ ကြာပြီ ဆိုပြီး ပရိသတ်တယောက်တိတိက တောင်းဆိုနေတဲ့အတွက် ရေးလိုက်တာပါ။ တောင်းဆိုသူ ဖတ်ရှုသူများကို ကျေးဇူးကမ္ဘာပါပဲ။

စကပ်တိုတိုဝတ်တဲ့ အမျိုးသမီးနဲ့ ဓာတ်ပုံဆရာကိုတွေ့ရင်လည်း ကျေးဇူးတင်ကြောင်း လက်တို့လိုက်ပါအုံး။
သူတို့ကြောင့် ဒီပို့စ် ဖြစ်လာတာ မဟုတ်လား။













Oct 15, 2011

Depression Dog

face book က ကူးလာတဲ့ပုံပါ
ရေကြီးနေတဲ့ ထိုင်းနိုင်ငံ တနေရာပေါ့
ရေကြီး မြေပျောက်လို့ ရေလွတ်ရာ နတ်စင်ပေါ် တက်ထိုင်တဲ့ခွေး
စင်ပေါ်က ပန်းအိုးတွေကို ကန်မချဘူး
ဖယ်ရကောင်းမှန်း မသိတာလား
လူတွေရဲ့ပစ္စည်းမှန်းသိလို့ မဖယ်ချင်တာလား မသိပါ
နတ်တင်တဲ့အစားအစာတွေတော့ ရှိဟန်မတူဘူး
ထိုင်းတွေက ရယ်ဒီမိတ် အရမ်းသုံးနေတာမို့ ရေဆိုလည်း ခွက်နဲ့မထည့် ပုလင်းနဲ့ထည့်
သောက်စရာရေတောင် ရှိပါ့မလား
လည်ပတ်နဲ့မို့ ပိုင်ရှင်ရှိတဲ့ကောင်လို့ ဆိုနိုင်တယ်
ပိုင်ရှင်ရော ဘယ်ရောက်နေပြီလဲ
ဓာတ်ပုံရိုက်သူက ခွေးပိုင်ရှင်ဆို တော်ပါသေးရဲ့

Oct 9, 2011

from IrrawaddyBlog.com

....



ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။

ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် - တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် - မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။


======================


မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်...

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/


ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။

ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/


အင်း... ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/


ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/


တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ









.........

Oct 8, 2011

အပူသည်တဦး



aalholmes ဆိုတဲ့သူ ရန်ကုန်မှာ ရိုက်ထားတာပါ
ဒီအမျိုးသမီးရဲ့ မျက်နှာမှာ အပူတွေ ပြည့်နေတာပဲ
လမ်းကူးနေတုန်း ကားတစီးဝင်လာမှာကို စိုးရိမ်တဲ့ အပူမျိုးတော့ မဟုတ်တာ သေချာတယ်
သူဟာ ကလေးအမေလား ဘာလား မသိရပါ
ဘာအတွက် သောကရောက်နေရသလဲဆိုတာ ဘယ်လိုမှ မခန့်မှန်းနိုင်ပါ
စက်ဘီး အနေအထား ကြည့်ရတာတော့ ဒီစက်ဘီးကိုသုံးပြီး နေ့စဉ်လုပ်ငန်းတွေကို လုပ်နေရပုံပဲ
ကျနော့်ရဲ့ မျက်နှာရော ဒီလိုပဲလားမသိ
မှန်ကြည့်အုံးမှပဲ