![[Songhyekyo_Levisladystyle2.jpg]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfnxv5b5seysGurpz34gYdXeWVSTIKXSpAk9kHs7XdwtHteVj9xasUMMKUpOqmiP7wo9RoE0l-sUsYaLkJ6bGwxsLlprGLSfPsozwvXr9n9-T7e1g81n1hrGAEOfRuKz88SYayszKpiw/s1600/Songhyekyo_Levisladystyle2.jpg)
ဆောင်းဟေကို
ကိုရီးယား ဖေ့ဘုတ်တို့ ဘာတို့မှာ လူကြိုက်အများဆုံးသရုပ်ဆောင် စစ်တမ်းကောက်တော့ အောက်ပါအတိုင်း ရလဒ် ပေါ်လာတယ် ဆိုပဲ။ ဒီနေ့ ကြေးမုံ စာ ၆။

ပုံတွေ ကြည့်လိုက်တော့ အမျိုးသမီးက ဆောင်းဟေကို တယောက်ပဲ ပါနေတယ်။
ဒီစစ်တမ်းကို ကြည့်ပြီး ကောက်ချက် ၂ ခု ချမိတယ်
၁။ ကိုရီးယားမှာ အမျိုးသမီးတွေကို ကြိုက်ရကောင်းမှန်း မသိဘူး/
၂။ ဖေ့ဘုတ်တို့ ဘာတို့ကို ကိုရီးယားအမျိုးသားတွေ မသုံးကြဘူး/
း)
ဘယ်ဟာ ဖြစ်နိုင်မလဲ။
ချောကလက်စားရင် နှလုံးရောဂါ နဲ့ လေဖြတ်တာတို့ကို ခံနိုင်ရည်ရှိမယ် တဲ့။ ဒီကနေ့ မြန်မာ့အလင်း သတင်းစာက ဆိုတယ်။ သူကတော့ အင်တာနက်ကို ကိုးကားထားတာပဲ။ သတင်းရင်းမြစ်တိကျမှုကတော့ "ရန်ကုန်မြို့ကဦးမောင်မောင်" လိုပါပဲ။
ရင်းမြစ်အကြောင်း မပြောလိုပါဘူး၊ ပြောလိုတာက ချောကလက် "သင့်တင့်မျှတစွာ ပုံမှန်စားသုံးပေးပါက" ဆိုတာပါပဲး)
သင့်တင့်မျှတစွာ ဆိုတာ ဘယ်လောက် ပမာဏကို ဆိုလိုတာလဲ။ သတင်းမှာတော့ ဓာတ်ပုံကို ညွှန်းထားတယ်။ ဓာတ်ပုံကို ကြည့်လိုက်တော့ ချောကလက်ပြားကြီး တထိုင်တည်း တွယ်တော့မယ့်လူကို တွေ့ရတယ်။
Good Health ဂျာနယ် သတင်းတပုဒ်မှာလည်း ချောကလက်ရဲ့ ကောင်းကျိုးတွေ တလှေကြီး တွေ့ရပါတယ်။ ရေးထားတာက ဒီလိုပါ -
ချောကလက် စားတာကြောင့် လေဖြတ်နိုင်ခြေ နည်းပါးနိုင်ကြောင်း မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့ သုတေသန ပြုချက်အသစ်တွေ အရ သိရပါတယ်။ ပထမလေ့လာမှု တစ်ခုမှာ တစ်ပတ်ကို ချောကလက် တစ်စိတ်စားသူ လူပေါင်း ၄၄၄၈၉ ယောက် ပါဝင်ပါတယ်။
သူတို့တွေဟာ ချောကလက် မစားသူတွေထက် လေဖြတ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းနည်းတာကို တွေ့ရပါတယ်။ ဒုတိယလေ့လာမှုမှာ တစ်ပတ်ကို ချောကလက် ၅၀ ဂရမ်စားသူ ၁၁၆၉ ယောက်ပါဝင်ပြီး ချောကလက် မစားသူတွေနဲ့ နှိုင်းယှဉ်ပါက လေဖြတ်နိုင်ခြေကြောင့် သေဆုံးနှုန်း ၄၆ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ခဲ့ရပါတယ်။ လေ့လာမှုတွေ အရ နေ့စဉ် အညိုရင့်ရောင် ချောကလက် အနည်းငယ်စားတာဟာ သွေးတိုးရောဂါ ရှိသူတွေမှာ သွေးဖိအား လျော့နည်းနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ချောကလက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စရောအဆင့် (LDL)ကို ကျဆင်းစေနိုင်ပြီး သူ့မှာပါဝင်တဲ့ serotonin ဟာ စိတ်ဓာတ်ကျ ဝေဒနာကို သက်သာ နိုင်ပါတယ်။
ကောက်ချက် ချရမယ် ဆိုရင် - ဆရာဝန်ကို ရှောင်ရှားဖို့ ချောကလက်စားရတော့မယ်ပေါ့လေ။ သို့သော်လည်း ချောကလက် အများကြီးစားဖို့လည်း မသင့်ဘူး လို့ တခြား ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများက ဆိုတယ်။
အ၀လွန်ရောဂါ ကာကွယ်ဖို့ လျှော့စားရမယ့်ထဲမှာ ချောကလက် ဆိုတာလည်း ပါနေတာကို တွေ့ရမှာပါ။
သတင်းတွေအရ ဆိုရင် ချောကလက်မှာ ဆိုးကျိုးထက် ကောင်းကျိုး ပိုများနေပါတယ်။
ဒီတော့ အ၀လွန်မယ့်ပုံမရှိတဲ့ အမျိုးသားတယောက်ကို လက်ဆောင်ပေးချင်တယ် ဆိုရင်တော့ ချောကလက်က အသင့်တော်ဆုံးပစ္စည်းတခု ဖြစ်ပါလိမ့်မယ်။