Showing posts with label news. Show all posts
Showing posts with label news. Show all posts

Feb 19, 2012

ရွှေသွင်းခြင်း


(ဓာတ်ပုံများ - Kham / Reuters)

ဟနွိုင်မြို့ Viet My အလှပြင်ဆိုင်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မျက်နှာရွှေသွင်းနေတာပါ။


မျက်နှာပေါင်းတင်တာတော့ လူသိများပေမယ့် မျက်နှာကို ရွှေသွင်း၊ ပုလဲသွင်း၊ ရေညှိပေါင်း၊ ဂျပန်ရွံ့စေးပေါင်း၊ အဆိပ်ထုတ်၊ ဂျီးချွတ်၊ ဆားဝက်ခြံစုတ် ဆိုတာတော့ လူသိနည်းကြမယ် ထင်ပါရဲ့။ လူသိနည်းပေမယ့် မြန်မာပြည်က မြို့ကြီးတွေမှာ ဒီလိုဝန်ဆောင်မှုတွေ ရှိနေပါပြီ။ ဘယ်နိုင်ငံတွေက ရောက်လာတဲ့ ၀န်ဆောင်နည်း၊ ငွေရှာနည်းတွေလည်း မသိပါ။


မျက်နှာတခုတည်း နည်းမျိုးစုံ ပြုပြင် ဆေးကြောတာမဟုတ်ပါ။

ဆံပင်၊ မျက်ခုံး၊ မျက်တောင်၊ ခြေ၊ လက်၊ လက်သည်းတို့အတွက်လည်း နည်းနာမျိုးစုံ အလှဆင်နေကြပါတယ်။

ဆံပင်ကြောပြင်တာတောင်ရှိ ဆိုပဲ။


မျက်နှာရွှေသွင်းတဲ့အကြောင်း ပြန်ဆက်ရရင် အီဂျစ်ဘုရင်မ ကလီယိုပါထရာလည်း ဒီနည်းနာ သုံးခဲ့တယ်လို့ ဆိုတယ်။

ဒီနေ့ခေတ် ဆေးပညာရှင်များကတော့ မျက်နှာရွှေသွင်းတာကို အားမပေးကြပါဘူး။ အရေပြား ဒုက္ခပေးမယ့် သက်ရောက်မှုတွေ ရှိတယ်လို့ သတိပေးနေကြတယ်။

နုပျို အရွယ်တင်ဖို့ ရွှေတခါသွင်းရင် မြန်မာပြည်မှာ ဘယ်လောက် ယူတယ် မသိပါ၊ ပုံမှာပါတဲ့ဆိုင်ကတော့ ဒေါ်လာ ၉၀ နီးပါး ယူတယ်လို့ ဆိုတယ်။

Jun 13, 2010

why i want to stay in NY?

နယူးယောက်မှာ နေချင်ရတဲ့ အကြောင်း
၁။ နယူးယောက်မှာ ဒီကနေ့ တတိယအကြိမ်မြောက် မြန်မာအစားအစာ ပွဲတော် လုပ်မယ်လို့ ဆိုတယ်။
၂။ နယူးယောက်မှာ မြန်မာတွေလည်း များတယ်။
ဒါကြောင့် နယူးယောက်မှာ နေချင်တယ်။
အစားအသောက် စာရင်းတွေ ကြည့်ကြပါဦး။ ဖတ်ရတာ အရသာ ရှိလိုက်တား) အရသာ ရှိတဲ့အကြောင်းကို ရေးမှ အရသာရှိတဲ့ပို့စ် ဖြစ်မယ်လေး)

မစားဖူးတာတွေလည်း ပါတယ်။
အားလုံးလိုလိုက စားချင်စရာတွေချည်းပဲး)

မြန်မာပြည်က မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ရှာတဲ့ပွဲလို့ ဆိုတယ်။ ဒီကနေ့ တနင်္ဂနွေ နေ့ ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဆိုပဲ။ သွားပြီး အားပေးကြပေတော့။ အခု ဒီပို့စ် ရေးနေချိန်ကပဲ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီခွဲနေပြီ။ လိပ်စာ အပြည့်အစုံက-

Full Address:
PS-12 James B Colgate School
42-00 72nd Street
Woodside, NY 11377
Corner of Woodside Ave and 72nd Street in Queens, New York.

ဒီပွဲကို စီစဉ်တာက မိုးကြိုး ဆိုတဲ့ အဖွဲ့။ သူတို့ဝက်ဆိုက် http://blog.moegyo.org/ မှာတော့ သူတို့ အကြောင်းတွေ ရေးထားတယ်။ ဓာတ်ပုံတွေလည်း ရှိတယ်။ ဓာတ်ပုံတပုံက စကားလုံး တသိန်းဆိုလား ကြားဖူးတယ် မဟုတ်လား။ ပုံတွေကို ကြည့်သင့်တာပေါ့။ ဘာအဖွဲ့လဲ ကိုယ်ဘာလုပ်ပေးနိုင်မလဲ သိချင်ရင်
http://www.moegyo.org/faq.php ကို သွားပါ။ (ကျနော်ကတော့ အဖွဲ့ဝင် မဟုတ်ပါဘူး။ လုပ်အားပေးတော့ လုပ်ချင်ပါတယ်။ ဒါမျိုးပွဲ ဖိတ်စာတွေကို မြန်မာလို စာစီစာရိုက် လုပ်ချင်တယ် ဆိုရင် ကျနော့်ကို ဆက်သွယ်ပါး)

အင်း - လိုရင်း ပြောရရင် နယူးယောက်မှာ သွားနေရရင် ကောင်းမယ်။ မြန်မာရနံ့တွေ ရဖို့ အထီးမကျန်ဖို့ပေါ့း)

Apr 19, 2010

Gen.Than Shwe in pagoda

ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ၊ ရန်အောင်မာရ်အောင် ဆုတောင်းပြည့်စေတီက ချိုကုပ်ဒူးကြီးရဲ့ အလှူ

ချိုကုပ်ဒူးကြီးက သူ့ဇာတိမြေ ကျောက်ဆည်မြို့မှာ ဘာသာရေးလုပ်ငန်းတွေ သွားလုပ်တယ်။ နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်နေ့က ဆိုပဲ။ ဒီနေ့ (၁၉ ရက်နေ့) ကြေးမုံ သတင်းစာမှာ ပါလာတယ်။

ဒီလူကြီးက မဟုတ်တာတွေအများကြီး လုပ်နေပေမယ့် ဒါတွေလည်း လုပ်သားပဲး)


Dec 4, 2008

some Khit Pyaing news

ခေတ်ပြိုင် အင်တာနက်စာမျက်နှာကို ထိုင်းနိုင်ငံက မိတ်ဆွေတွေပဲ ၀င်ကြည့်လို့ရ။ တခြားနိုင်ငံက မိတ်ဆွေတချို့ကို လှမ်းမေးကြည့်တော့ မရဘူး တဲ့။ မဲဆောက်က တယောက် လှမ်းပို့ပေးတဲ့ ၃ ရက်နေ့ သတင်းတွေ ဖတ်ကြည့်ပါဦး။ ဒီဘလော့ဂ်မှာ သတင်းတွေတင်ဖို့ အစီအစဉ် မရှိပါ။ မရှိပေမယ့် ဖတ်ချင်သူတွေ အဆင်ပြေအောင် တင်လိုက်မယ် တခါတလေ။

အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ

ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း

မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ


အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

စစ်အစိုးရ စာပေစိစစ်ရေး၏ (၂) လကြာ အပိတ်ခံထားရသည့် True News ဂျာနယ် အတွဲ (၁) အမှတ် (၁၈) ဒီဇင်ဘာ (၂) ရက်က ပြန်လည်ထုတ်ဝေသည်ကိုတွေ့ရသော်လည်း တလအပိတ်ခံထားရသည့် Action Times ဂျာနယ်မှာ (၂) လကျော်သည်ထိ ပြန်လည်ထုတ်နိုင်ခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Action Times ဂျာနယ်တွင် လုပ်ကိုင်နေသူတဦးကို မေးကြည့်ရာ “ကျနော်တို့ ရပ်ထားတာ (၄) ပတ်၊ တလပြည့်တဲ့အခါ စာပေစိစစ်ရေးက ပြန်ထုတ်ဖို့ ညွှန်ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အခက်အခဲ အမျိုးမျိုးကြောင့် ခုချိန်ထိ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိသေးတာပါ” ဟု ပြောသည်။

ဂျာနယ်တစောင် ရပ်ထားရချိန်တွင် ၀န်ထမ်းလစာအပါအ၀င် အထွေထွေစရိတ် များစွာရှိကြောင်း၊ စာပေစိစစ်ရေးမှ ပိတ်လိုက်သည့်အတွက် နာမည်ပျက်စာရင်း သွင်းလိုက်သကဲ့သို့ ဖြစ်သွားကာ အချို့ဝန်ထမ်းများ ထွက်ကုန်ပြီး ဂျာနယ်တိုက်လည်း မတည်မငြိမ်ဖြစ်ကြောင်း၊ ကြော်ငြာရှင်များ၊ ဖြန့်ချိရေးသမားများနှင့် ရှင်းရသည့် ကိစ္စများလည်း ရှိကြောင်း၊ ၎င်းတို့ ဂျာနယ်အနေဖြင့် စာဖတ်သူများအကြား နာမည်ပေါက်ရန် ကြိုးစားနေရဆဲ ကာလတွင် ပိတ်ပင်ခံရသဖြင့် ပြန်ထွက်သည့်အခါ အသစ်ကဲ့သို့ ပြန်ဖြစ်သွားပြီး ပြန်လည်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။
True News နှင့် Action Times ဂျာနယ် (၂) စောင်ကို ပြီးခဲ့သည့် (၂) လကျော်မှစပြီး စာပေစိစစ်ရေးက ထုတ်ဝေခွင့်ရပ်စဲခဲ့ခြင်းဖြစ်သည်။ မည်သည့်ကိစ္စကြောင့် အဆိုပါ ဂျာနယ် (၂) စောင်အား ပိတ်သည်ကို စာပေစိစစ်ရေးမှ ဖော်ပြခဲ့ခြင်းမရှိဘဲ ပိတ်ရန်သာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဂျာနယ်တိုက်များမှ အကြောင်းပြချက်တောင်းပါက နောင်တွင် စာပေစိစစ်ရေးက ပို၍ အနိုင်ကျင့်မည်ကို စိုးသည့်အတွက် ခေါင်းငုံ့ခံနေရသည်ဟု အယ်ဒီတာများက ပြောသည်။ ဂျာနယ်တစောင် အပိတ်ခံရ၍ ပြင်ပမီဒီယာများက မေးမြန်းပါက အစိုးရမှ ပို၍အငြိုးထားမည်ကိုစိုးရိမ်ပြီး မဖြေကြားရန် သက်ဆိုင်ရာ တိုက်ပိုင်ရှင်များက ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။
http://www.khitpyaing.org/news/December_08/03-12-08a.php

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

ဆုကြေးငွေ သိန်း (၁,၀၀၀) ပေးမည့် ထီလက်မှတ်ကို စစ်အစိုးရက စတင်ရောင်းချနေရာ အဆိုပါ သိန်း (၁,၀၀၀) ဆုပေါက်လျှင် ထီကိုယ်စားလှယ်များကလည်း သိန်း (၅၀၀) ပေးမည်ဖြစ်သည့်အတွက် စုစုပေါင်း သိန်း (၁,၅၀၀) ပေးမည့် ကျပ် (၂၀၀) တန် ထီလက်မှတ်များကို ဒီဇင်ဘာလမှစပြီး ရောင်းချနေခြင်းဖြစ်သည်။

မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ပိုင်ရှင်တဦးက “ကျမတို့ဆိုင်က ထိုးတဲ့ ထီလက်မှတ်တွေထဲက ကျပ် သိန်း (၁,ဝဝဝ) ဆုပေါက်ရင် အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးမယ်ဆိုတော့ ကျပ်သိန်း (၁,၅ဝဝ) ရမယ်။ အလားတူ ကျပ် သိန်း (၅ဝဝ) ဆုပေါက်ရင် ကျပ် သိန်း (၅ဝ)၊ ကျပ် သိန်း (၃ဝ၀) ဆုပေါက်ရင် ကျပ် (၁ဝ) သိန်း၊ ကျပ်သိန်း (၂ဝဝ) ဆုပေါက်ရင် ကျပ် (၅) သိန်း၊ ကျပ် သိန်း (၁ဝဝ) ဆုပေါက်ရင် ကျပ် (၂) သိန်း အပိုဆုအဖြစ် ထပ်ပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အလားတူ အခြားထီကိုယ်စားလှယ် ဆိုင်ကြီးများကလည်း တူညီသည့် အပိုဆုကြေး ပေးကြပြီး အပိုဆုပေးမည့် ပမာဏနှင့် ပတ်သက်ပြီး ထီအရောင်းကိုယ်စားလှယ်ကြီးများနှင့် အစိုးရ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိ အရာရှိကြီးများ ညှိနှိုင်းပြီးမှ အမြင့်ဆုံးအပိုဆုကို ကျပ် သိန်း (၅ဝဝ) ထက်ပိုမပေးရန် ညှိနှိုင်းထားခဲ့ကြောင်းလည်း ထီကိုယ်စားလှယ်တဦးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် အစိုးရသည် ယခုနောက်ဆုံး (၂၄ဝ) အကြိမ်မြောက်ကစပြီး ထီလက်မှတ်တစောင် နဂို ကျပ် (၁ဝဝ) မှ ကျပ် (၂ဝဝ) အထိ တန်ဖိုးတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အမြင့်ဆုံးထီဆုကိုလည်း ကျပ် သိန်း (၅ဝဝ) မှ သိန်း (၁,ဝဝဝ) အထိ တိုးမြှင့်ပေးခဲ့ကြောင်း ရှင်းပြသည်။

ထီဆိုင်များအနေဖြင့် အစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ အမြတ်တင်ရောင်းချခွင့်ရှိခြင်းကြောင့် ဆုကြီးပေါက်သူများကို နောက်ထပ် အပိုဆု ထပ်ချီးမြှင့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။ ယခင် သိန်း (၅ဝဝ) ဆု တုန်းကလည်း အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးပြီး၊ ယခု ကျပ် သိန်း (၁,ဝဝဝ) မှာလည်း ကျပ် သိန်း (၅ဝဝ) ပဲ ပေးကြောင်း၊ ၎င်းပမာဏမှာမူ အစိုးရနှင့် ထီဆိုင်များ ညှိနှိုင်းပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယခု (၂ဝဝ) ကျပ်တန် ထီလက်မှတ်များကို အစိုးရထံမှ တစောင်ကို (၁၈၂) ကျပ်နှုန်းဖြင့် ဝယ်ရကြောင်း၊ အဆိုပါ ထီကို ကျပ် (၂ဝဝ) ဖြင့် ရောင်းမည်ဖြစ်သော်လည်း အပိုဆုပေးကြသည့်အတွက် ကျပ် (၂၂ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြသည်ဟုလည်း ရှင်းပြသည်။

ရန်ကုန်မြို့ရှိ ထီဆိုင်ကြီးများတွင် လောလောဆယ် အစောင် (၃ဝ) ပါ မင်္ဂလာစုံတွဲ တတွဲကို ကျပ် (၆,၅ဝဝ) မှ ကျပ် (၇,ဝဝဝ)၊ (၁ဝ) စောင်တွဲကို ကျပ် (၂,၅ဝဝ) နှင့် (၂) စောင်တွဲကို ကျပ် (၅ဝဝ) စသဖြင့် ရောင်းချနေသည်။

ထီစတင်ရောင်းချသည့် ဒီဇင်ဘာ (၁) ရက်နေ့ထိ ထီဆိုင်ကြီးအများစုသည် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း မရှိကြသေးဘဲ ဒီဇင်ဘာ (၂) ရက်နေ့ ရောက်မှသာ (၂ဝဝ) ကျပ်တန်ထီကို (၂၃ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြပြီး နယ်ထီဆိုင်များတွင်မူ ယခုထက် ဈေးနှုန်းပိုမိုမြင့်ကြောင်း စုံစမ်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်အနီး ထီဆိုင်တန်းများကိုမေးကြည့်ရာ ယခင် ကျပ် (၁ဝဝ) တန် လက်မှတ်များကဲ့သို့ ရောင်းအား မကောင်းကြောင်း၊ ထီလက်မှတ် တန်ဖိုးများ (၂) ဆ တက်သွားသော်လည်း ပြည်သူများ၏ ထီထိုးနိုင်မှု၊ ငွေကြေး တတ်နိုင်မှု ပမာဏ အခြေအနေမှာ (၂) ဆ တက်မလာကြောင်းရှင်းပြသည်။ ထီလက်မှတ် ရောင်းမကုန်ပါများလာလျှင် ထီအရောင်းကိုယ်စားလှယ် ဆိုင်ကြီးများ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာပါက လာမည့် (၂၄၁) ကြိမ်အတွက် ထီလက်မှတ်များကို အစိုးရက အက္ခရာလျော့ပြီး အရေအတွက် လျော့ထုတ်လုပ်လာနိုင်ကြောင်း ထီလုပ်ငန်းရှင်များ ဝေဖန်သုံးသပ်နေကြသည်။

ဒီဇင်ဘာလ (၂) ရက်နေ့က ထီ (၂) စောင်ထိုးခဲ့သူတဦးကမူ ယခုကဲ့သို့ ငွေ (၅ဝဝ) ကျပ်နှင့် ယခင်က ထီလက်မှတ် (၄-၅) စောင် ကံစမ်းနိုင်ကြောင်း၊ ယခု (၂) စောင်သာရသည့်အတွက် (၂) စောင်ပဲ ထိုးကြောင်း၊ ထီပေါက်ရန် သိပ်မမျှော်လင့်သော်လည်း ပေါက်လိုပေါက်ငြား ထိုးရခြင်းဖြစ်ကြောင်း ပြောပြသည်။
http://www.khitpyaing.org/news/December_08/03-12-08b.php


ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်
ခိုင်မင်း/ ၃ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မဈေးကြီးကို မြို့အရှေ့ဘက် (၂) မိုင်ကျော်ရှိ ကင်းမွန်တန်းရွာအနီး ဈေးသစ်ဘက်သို့ မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ်နေသည့်အတွက် ဈေးသူဈေးသားများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဒီဇင်ဘာ (၁၅) ရက်မှစပြီး ပြောင်းရွှေ့ရမည်ဟု မြို့ခံများကမှန်းသော်လည်း တရားဝင်အမိန့် မထွက်သေးဟု မြို့ခံတဦးက ပြောသည်။ အာဏာပိုင်များက ဆိုင်ခန်းအစားပြန်ပေးမည်ဟု လေသံပစ်သော်လည်း မည်သူကမျှ မယုံကြည်ဟု ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပျဉ်းမနားဈေးမှ ကုန်စိမ်းသည်များကို ဈေးသစ်ရှိရာသို့ပြောင်းရန် လွန်ခဲ့သည့် (၅) လကျော်ခန့်က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုတဈေးလုံး ပြောင်းရမည့်အခြေအနေဖြစ်လာသည်ဟု မြို့ခံများက ပြောသည်။ ကုန်စိမ်းသားငါးဈေးကို အေ၀မ်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့သည်။ ဈေးသစ်နေရာမှာ အခန်း (၆၀) ပါဝင်မည့် တထပ်တိုက် ပွဲရုံ (၁၂) လုံးနှင့် ဈေးဆိုင်ခန်းနေရာ (၉၀၀) ကျော်တို့ ပါဝင်မည်ဟု Myanmar Times က ရေးသည်။
http://www.khitpyaing.org/news/December_08/03-12-08d.php

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် မြန်မာရေချိုငါးနှင့် ပုစွန်များအား တရက်ခြားနှုန်းဖြင့် ပိဿာ (၄၀၀) ခန့် မဲဆောက်သို့ မြန်မာကုန်သည်များက တရားမဝင်နည်းလမ်းဖြင့် ခိုးသွင်းရောင်းချလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ကုန်သွယ်မှုလမ်းကြောတွင် မြန်မာရေထွက်ကုန်များကို အများဆုံးတင် ပို့နေသော်လည်း အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ တရားဝင်တင်ပို့ခွင့်ရရှိကြသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က တနိုင်တပိုင် ထိုင်းဘက်သို့ မြန်မာရေချို ငါးနှင့်ပုစွန် တင်သွင်းသူများမှာ စီးပွားရေး ဈေးကွက် ပျောက်ခဲ့ရသဖြင့် ယခုကဲ့သို့ ထိုင်း-မြန်မာ အာဏာပိုင်များနှင့် နားလည်မှုယူကာ မဲဆောက် သို့ ငါး၊ ပုစွန်များ တရားမဝင်နည်းလမ်းဖြင့် ရောင်းဝယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာ ငါး၊ ပုစွန် ကုန်သည် တဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ကျနော်တို့ မဲဆောက်ကို ရေချို ငါး၊ ပုစွန်တင်ပို့တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ။ လက်ရှိကားတန်း
တရက်ခြား တနေ့ကို ပိဿာ (၄၀၀) လောက် ပုံမှန်ပို့ရပါတယ်။ ဒီလို ငါး၊ ပုစွန် သယ်တာကလည်း ဗမာဘက်က လူတွေနဲ့ ထိုင်းဘက်ကလူတွေကို ပေးကမ်းပြီးမှ သယ်ရတာပါ။ မဲဆောက်နဲ့နီးတဲ့ ချင်းမိုင်၊ နခေါစဝမ်၊ ဆူခေါ်ထိုင်း အဲဒီခရိုင်မြို့ကြီးတွေက ထိုင်းတွေ အများဆုံး လာဝယ်ကြတယ်။ သူတို့စားသောက်ဆိုင်တွေမှာဆိုရင် မြန်မာ ရေချို ငါး၊ ပုစွန်နဲ့ ချက်တဲ့ ထိုင်းအစားအစာတွေကို နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော နှစ်သက်ကြ တဲ့အတွက် ဒီနေ့အထိ ကျနော်တို့ ဈေးကွက်ရနေတာပါ။ သားငါး တင်ပို့မှုကို မြန်မာကုမ္ပဏီကြီးတွေက ထိုင်းကို တန်နဲ့ချီပြီး တင်ပို့တာရှိပေမယ့် ကျနော်တို့လို အရင်းနှီးနည်းတဲ့လူတွေကတော့ တနိုင်တပိုင် ရောင်းဝယ် ကြရတာပါ” ဟု ပြောသည်။

တရက်ခြား ဝင်ရောက်လာသည့် ပိသာ (၄၀၀) ခန့်ရှိသည့် မြန်မာရေချို ငါး၊ ပုစွန်များကို မဲဆောက်ဈေးကြီးနှင့် ပွဲရုံအချို့ကို ဗဟိုပြု၍ ရောင်းချကြခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွက်သုံးရန် ချင်းမိုင်မြို့မှ ငါးနှင့်ပုစွန် လာဝယ်သူတဦးကလည်း “ကျနော်တို့ဆိုင်အတွက် အဓိက ပုစွန်ကို လာပြီးဝယ်တာဖြစ်တယ်။ တပတ်ကို တခေါက် မဲဆောက်ကို ရောက်တယ်။ အနည်းဆုံး ပုစွန်နဲ့ငါးမျိုးစုံ ကီလို (၃၀၀)လောက်တော့ ဝယ်ဖြစ်ပါတယ်။ ထိုင်းအစားအစာထဲမှာ နိုင်ငံခြားသားတွေ ကြိုက်တာက တုန့်ယမ်းကုလို့ခေါ်တဲ့ ထိုင်းပုစွန်ဟင်းချိုကို စားသုံးသူ တွေက ဗမာပြည်ကလာတဲ့ သဘာဝရေချို ပုစွန်နဲ့ချက်တာကိုမှ ခံတွင်းတွေ့ကြတော့ ဗမာ ပုစွန်ကိုပဲ မှာစားကြတယ်။ ငါးလည်း ဒီလိုပါပဲ။ ငါးမြင်း၊ ငါးခေါင်းပွ၊ ငါးမြွေထိုး၊ ငါးကြင်း၊ ငါးဖယ် ဒီငါးတွေကိုလည်း နိုင်ငံခြားသားနဲ့ ထိုင်းတွေ ကြိုက်ကြတယ်။ ကျနော်တို့ထိုင်းမှာက ရေချိုငါးရယ်လို့ မရှိသလောက်ဖြစ်သွားပြီ။ မြန်မာပုစွန်နဲ့ချက်တဲ့ ဟင်းလျာက ကြိုက်တဲ့သူများတယ်၊ ဈေးလည်း ပိုကြီးတယ်။ ဒါကြောင့် ဒီထိ လာဝယ်ရတာဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်မှတဆင့် ထိုင်းသို့တင်ပို့သည့် ငါး၊ ပုစွန်များမှာ ကရင်ပြည်နယ် ဘားအံဒေသအတွင်းရှိ ဒုံသမိမြစ်၊ ဂျိုင်းမြစ်၊ ဒေါလန်းမြစ်နှင့် အခြားမြစ်ချောင်းအင်းအိုင်များမှ ထွက်ရှိသည့် ငါးနှင့်ပုစွန်များဖြစ်သည်။

ကရင်ပြည်နယ် ဘားအံဒေသတကြောမှ ထွက်သည့်ငါးနှင့် ပုစွန်များကို ထိုင်းနိုင်ငံ မဲဆောက်သို့ တင်ပို့ကြသော်လည်း နယ်စပ်မြို့ဖြစ်သော မြဝတီဒေသအတွင်းမှ လူများမှာ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချသည့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းသော မွေးမြူရေးငါးကိုသာ စားသုံးကြရသည်။

မြဝတီမြို့မှ အိမ်ရှင်မတဦးက “ထိုင်းမွေးမြူရေးငါးတွေက ပေါ့ပျက်ပျက် အရသာဆိုပေမယ့် ဈေးချိုတဲ့ဒီငါး တွေကိုပဲ တနယ်လုံးစားကြရတယ်။ မြန်မာတွေ မြန်မာငါး စားနိုင်တဲ့ခေတ်က မရှိတော့ဘူး။ ရှိတဲ့ငါးတွေကိုလည်း နိုင်ငံခြားပို့ဖို့ ကုမ္ပဏီတွေက ဈေးကောင်းပေးပြီး လိုက်ဝယ်တော့ တော်ရုံလူစားနိုင်ဖို့ အခွင့်အရေးနည်းသွားပြီ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့။ ကျမတို့လည်း ဘယ်ဘဝက ဝဋ်ကြွေးတွေလည်း မသိတော့ဘူး”ဟု ပြောသည်။

မဲဆောက်ဈေးမှ မြန်မာငါး၊ ပုစွန် ရောင်းသူတဦးက “ကျမတို့ ရောင်းတဲ့ ငါး၊ ပုစွန်ကို ထိုင်းတွေပဲ အဓိကဝယ် စားကြတယ်။ မဲဆောက်မှာရောက်တဲ့ မြန်မာတွေ ဝယ်မစားနိုင်သလောက်ပဲ။ ပုစွန်ထုပ်ဆိုရင် အနည်းဆုံး တကီလို ဘတ် (၂၅၀) ရှိတယ်။ ငါးဘတ် (၁၀၀) ဈေး၊ ငါးမြင်း (၇၀)၊ ငါးသလောက် (၇၀)၊ ငါးမြွေထိုး (၈၀)၊ မြန်မာအလုပ်သမားတွေကို အားကိုးပြီး ရောင်းလို့ကတော့(၂) ရက်နဲ့ အရင်းပြုတ်မယ်။ ကျမတို့ မဲဆောက်မှာ ငါးရောင်းတာ ရဲကိုလည်း လစဉ်ကြေးပေးရတယ်။ မြူနီစပယ်ခလည်း ပေးရတယ်။ မပေးလို့ကတော့ ငါးလာသိမ်းတဲ့ လူနဲ့ ပုစွန်လာသိမ်းတဲ့လူနဲ့ ရဲစခန်းရောက်၊ ဘာရောက်နဲ့ ပြဿနာတွေက အများကြီးပဲ။ အမြတ်ကတော့ သင့်ရုံပဲ ရတာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူသည့် ဧရိယာမှာ ဧက (၂) သိန်းကျော်ရှိပြီး ပြည်ပ လေးနိုင်ငံသို့ ရေချိုငါးများ တင်ပို့မှုထဲတွင် ထိုင်းနိုင်ငံပါဝင်ပြီး မြဝတီကုန်သွယ်မှု လမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်သည်။
http://www.khitpyaing.org/news/December_08/02-12-08e.php


မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက “တနင်္လာနေ့ဈေးသိမ်းပြီး ညနေ (၅) နာရီခွဲလောက်က စလောင်တာ၊ ဈေးရဲ့ အနောက်ဘက်ခြမ်း ရေပေါ်ဈေး စားသောက်ဆိုင်တန်းဘက်က စလောင်တာပါ။ ဘာကြောင့် လောင်သလဲတော့ မသိရသေးဘူး” ဟု ပြောသည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန် အချိုရည် အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

ဈေးမီးကြောင့် ဖက်တန်းရပ်၊ အောက်လမ်းမကြီး တိုက်တန်းများ၊ သထုံတံတားလမ်းမှ တိုက်တန်းများ အန္တရာယ်ရှိခဲ့သော်လည်း လမ်းခြားထားသည့်အတွက် မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု စုံစမ်းသိရသည်။
မီးလောင်ကျွမ်းနေစဉ်အတွင်း မော်လမြိုင်တောင်ရိုးတန်းဘက်မှာ သီတင်းသုံးတော်မူသည့် သံဃာတော်များ ရောက်လာပြီး ဈေးသူဈေးသားများ၏ ကုန်ပစ္စည်းများကို မီးလွတ်ရာရောက်အောင် ကူညီသယ်ယူပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ခံတဦးက “ဒီဈေးကို နဝတ၊ နအဖ စစ်အစိုးရလက်ထက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆက်ဆက်နဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ဈေးကိုဖျက်ကာ ဈေးအသစ်ပြန်ဆောက်ပြီး ဆိုင်ခန်းတွေ ရောင်းစား၊ ကိုယ်ကျိုးစီးပွားရှာဖို့ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးဟာ စစ်အစိုးရလက်ထက် ဆောက်ထားတဲ့ ဈေးဖြစ်နေတာ၊ ဈေးသူဈေးသားတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့တာကြောင့် ဖျက်သိမ်းခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မတိုင်ခင်၌ ဈေးကော်မတီဝင်များက ဈေးကိုဖျက်သိမ်းခြင်း မပြုရန် ရန်ကုန်ရှိ စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအထိ သွားရောက်ပြီး အသနားခံ တင်ပြခဲ့ဖူးသည်။
http://www.khitpyaing.org/news/December_08/02-12-08b.php

Aug 19, 2008

Pyapon Tsp news


ဒီနေ့ နေ့စွဲနဲ့ အသံဗလံဂျာနယ် (the voice)မှာ ပါတဲ့သတင်းဗျာ။ ဆင်ခြင်ဖို့ ဝေမျှလိုက်ခြင်း။

Jul 28, 2008

news from weekly eleven journal ( july 23 2008

ခွေးတစ်ကောင်ဓာတ်လိုက်နေသည်ကို ၀င်ကယ်သူနှစ်ဦး ဓာတ်လိုက်သေဆုံး
ခွေးတစ်ကောင်ဓာတ်လိုက်နေ သည်ကိုဝင်ကယ်ရာမှ လူနှစ်ဦးဓာတ် လိုက်သေဆုံးခဲ့ရသည့်ဖြစ်ရပ် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လက လှိုင်သာယာမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်ပွားပုံမှာ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ် အချိန်တွင် အင်းစိန်ဆေးရုံသို့ ဓာတ် လိုက်သေဆုံးသူနှစ်ဦးရောက်ရှိလာ ကြောင်းသက်ဆိုင်ရာက သတင်းရရှိ သောကြောင့် သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ လှိုင်သာယာစက်မှုဇုန်(၄)၊ ပြင်စည် မင်းသားကြီးလမ်းရှိပလတ်စတစ် စက်ရုံ ၀င်းအတွင်းတွင် မီးစက်ထားသည့် အဆောက်အအုံကို ကာရန်ထားသော သံဆန်ခါတွင်စက်ရုံပိုင် ခွေးတစ်ကောင် ဓာတ်လိုက်နေ၍စက်ရုံလုံခြုံရေးအမျိုး သားတစ်ဦးကသွားရောက်ဖယ်ယူစဉ် လျပ်စစ်စီးဝင်နေသော သံဆန်ခါအား ကိုင်မိပြီး ဓာတ်လိုက်ခဲ့ရာ ¤င်းအား ကူညီရန်သွားသူ စက်ပြင်လုပ်သား တစ်ဦးပါ သံဆန်ခါနှင့်ထိမိပြီးဓာတ် လိုက်ခံခဲ့ရကြောင်း သိရသည်။

စက်ရုံမှတာဝန်ရှိသူများက လျပ် စစ်မီးအားဖြတ်တောက်ပြီး ဓာတ် လိုက်ခံရသူနှစ်ဦးကိုအင်းစိန် ဆေးရုံသို့ ပို့စဉ် လမ်း၌သေဆုံးခဲ့ကြောင်းသိ ရသည်။ သေဆုံးခဲ့သူများမှာ အသက် ၅၂ နှစ်ရှိသူ လုံခြုံရေးအမျိုးသားနှင့် အသက် ၂၅ နှစ်ရှိစက်ပြင်လုပ်သား တစ်ဦးတို့ဖြစ်ပြီး စက်ရုံ၌ပင်နေထိုင်သူ များဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှိုင်သာ ယာမြို့နယ်ရဲတပ်ဖွဲ့စခန်းက သေမှု သေခင်းအမှတ် ၂၀/၂၀၀၈ ဖြင့်အမှု ဖွင့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

(ဆဲရင်လည်း ခံရမှာပဲ။ ခွေးဘယ်လိုဖြစ်သွားလဲ သိချင်လိုက်တာ။)

Jun 20, 2008

( ဟောဒီသတင်းလေး ဖတ်ကြပါဦး။ http://biweeklyeleven.com/m001/m001.php?id=17 ကနေ ရတယ်။ မိုးမခမှာ ပြန်သုံးခဲ့တဲ့ မောင်သစ်ဆင်းရဲ့ဆောင်းပါးကိုလည်း သတိရမိတယ်။ ဆူနာမီတုန်းက မြန်မာပြည် အသေအပျောက် နည်းရတဲ့အကြောင်းရင်းကို ရေးထားတာပါ။)


ဒီရေတောများကာကွယ်ထားသည့် ပင်လယ်ဝကျေးရွာ လူအသေအပျောက်မရှိခဲ့

သံဒိမြစ်ကမ်းမှ လမုတောများကို တွေ့ရစဉ်

ပင်လယ်ဝတွင်တည်ရှိသော်လည်း ဒီရေတောတစ်မျိုးဖြစ်သည့် လမုတောများကာကွယ်ထားသည့် ဧရာဝတီ တိုင်းအတွင်းရှိ ကျေးရွာတစ်ရွာတွင် လူအသေအပျောက်မရှိခဲ့ကြောင်း အဆိုပါကျေးရွာသို့ သွားရောက်ခဲ့သူများ၏ ပြောပြချက်အရ သိရှိရသည်။

ယင်းကျေးရွာမှာ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျုံဒတ်ကျေးရွာအုပ်စုမှ သံဒိပ်ကျေးရွာဖြစ်ပြီး သံဒိမြစ်နှင့် ပင်လယ်ပေါင်းဆုံသည့်နေရာတွင်တည်ရှိကာ လူဦးရေ ၁၃၀၀ ခန့်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။ ''အဲဒီ ပတ်ဝန်းကျင်က တခြားရွာတွေဆို တော်တော်အံ့သြကြတယ်။ သူတို့အတွင်းပိုင်းရွာတွေတောင် လူတွေတော်တော်သေတာ၊ သံဒိပ်က ပင်လယ်နဲ့မြစ်ဆုံတဲ့နေရာမှာဆိုတော့ ရွာလုံးကျွတ်ပြီပေါ့လေ။ ဒါပေမဲ့အံ့သြစရာကောင်းလောက်အောင် သံဒိပ်မှာ လူတစ်ယောက်မှ မသေခဲ့တာ တွေ့ရပါတယ်''ဟု အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့သည့် အလှူရှင်တစ်ဦးက ပြောပြသည်။

၎င်း၏ဆက်လက်မေးမြန်းချက်အရ သံဒိပ်ကျေးရွာနှင့်ပင်လယ်အကြားတွင် လမုပင်များအများစုပါဝင်နေသော ဒီရေတောတစ်ခုရှိနေပြီး ယင်းဒီရေတောကြောင့် ရွာထဲသို့ဝင်ရောက်လာသည့် ဒီရေလှိုင်းအရှိန်လျော့ကျကာ လူအသေ အပျောက်ကင်းရှင်းစေခဲ့ခြင်း ဖြစ်မည်ဟု အဆိုပါအလှူရှင်က ဆက်လက်သုံးသပ်ပြောကြားသည်။
''အရင်ကတော့ သံဒိပ်ကနေ အပေါ်ဘက်နှစ်ရွာ၊ သုံးရွာအထိဒီရေတောနဲ့ ကျွဲနွားစားကျက်တွေရှိနေခဲ့ပြီး နောက်ပိုင်း လယ်ယာချဲ့ထွင်တာကြောင့် အခုတော့ သံဒိပ်တစ်ဝိုက်လေးမှာပဲ ဒီရေတောတွေ ကျန်နေခဲ့တာလို့ ရွာခံတွေက ပြောပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ဒီရေတောများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားရာ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်းတွင်လည်း လူအသေအပျောက်မရှိခဲ့ကြောင်း သတင်းများကဖော်ပြခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်ဆူရင်ပစ်ဆူဝမ်ကလည်း ဒီရေတောများပျက်စီးမှုက မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ဒီရေလှိုင်းများကြောင့် လူ့အသက်ဆုံးရှုံးရမှုကို ပိုမိုများပြားစေခဲ့သည်ဟု ပြောကြားခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စည်သူကိုကို၊ ဖြိုးသန့်