Showing posts with label fun. Show all posts
Showing posts with label fun. Show all posts

Sep 2, 2017

သက်တော် ခြောက်ရာကျော်




ဒီနေ့က နှစ်ပေါင်း ၁ဝဝ အတွင်း အထူးခြားဆုံးနေ့ပါ
လူတိုင်း ကိုယ့်အသက်နဲ့ ကိုယ်မွေးတဲ့နှစ် ပေါင်းရင် ၂ဝ၁၇ ရတယ်လို့
တချို့က အတည်ပေါက် နောက်နေကြတယ်။
ငါတို့ဆီမှာတော့ ဒီတွက်နည်းက လူတိုင်းအတွက် အလုပ်မဖြစ်ဘူး... မြန်မာသက္ကရာဇ်ကိုပဲသုံးတဲ့သူ မနည်းမနောပါ။

ငါရောက်ဖူးတဲ့ ကျေးလက်ဒေသတွေဆိုရင် စက်တင်ဘာ အောက်တိုဘာ မသုံးဘူး၊ သီတင်းကျွတ် တန်ဆောင်မုန်း အသုံးများ၊ လဆန်း လကွယ် အသုံးများကြတယ်။
ငါတို့ဆီမှာ မြန်မာသက္ကရာဇ်၊ မြန်မာလ သုံးတဲ့သူ ပိုများကောင်း များနိုင်တယ်။

စပ်မိလို့ ပြောရရင်... ငါ့မိန်းမက အခုမှ ကမ္ဘာဆန်လာတာ။ မြန်မာဆန်မှု လျော့လာပြီ။
ခါတိုင်း မြန်မာပြက္ခဒိန်အတိုင်း နေထိုင်ပြောဆိုတော့ သူ့မွေးနေ့တို့ ဘာတို့ကို သူ သတိထားမိတယ်။

အခု... ကမ္ဘာဆန်လာတော့ မြန်မာပြက္ခဒိန် အသုံးလျော့လာတယ်၊ ရုံးဝန်ထမ်းအလုပ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စပြီး လုပ်ခဲ့တော့ အင်္ဂလိပ်လ စက်တင်ဘာ အောက်တိုဘာတို့နဲ့ အသားကျလာတယ်။

အသားကျလာပေမယ့် အတိတ်ကို အပ်ဒိတ် လုပ်ဖို့ ခက်တယ်၊  မွေးသက္ကရာဇ်ပြော ဆိုရင် မြန်မာနှစ်ပဲ ပြောနိုင်တယ်။ လနဲ့ရက် မေးလိုက်ရင်လည်း အဲဒီလိုပဲ။ ကမ္ဘာသုံးပြက္ခဒိန်အတိုင်းပြော … ဆိုရင် … မဖြေနိုင်တော့ဘူး။ နှစ် ၁ဝဝ ပြက္ခဒိန် လက်ထဲ မရောက်မချင်း သူ  ဖြေနိုင်မယ် မထင်။ မွေးနေ့၊ လ၊ နှစ် တို့ကို အလွတ်မရ။

မွေးနေ့ပွဲလုပ်တဲ့ဓလေ့လည်း မရှိ၊ မြန်မာပြက္ခဒိန်လည်း အသုံးကျဲ ဆိုတော့... သူ့မွေးနေ့ကို ခပ်တည်တည်ပဲ သူကျော်သွားလေ့ရှိတယ်။ ပြီးမှ ဟာ... ပြီးခဲ့တဲ့လ ဘယ်နှစ်ရက်နေ့ဟာ ငါ့မွေးနေ့ပဲ လို့ ပြောတတ်တယ်။
သူ့မွေးနေ့ သူသတိမထားမိတာ ကောင်းတယ်။ မေ့ထားတာ ကောင်းတယ်။

သူ့ဘတ်ဒေး သူတောင်  မေ့နေမှတော့ ငါမေ့တာက အပြစ် မဟုတ်တော့ဘူးပေါ့ကွ။

ဒီနေ့က နှစ်ပေါင်း ၁ဝဝ အတွင်း အထူးခြားဆုံးနေ့ပါ၊ လူတိုင်း ကိုယ့်အသက်နဲ့ ကိုယ်မွေးတဲ့နှစ် ပေါင်းရင် ၂ဝ၁၇ ရတယ်ဆိုတဲ့ဟာ မှန်ရင်တော့ ငါ့မိန်းမ မနုစာရီ ဖြစ်တော့မှာပေါ့။ အသက် ၆၃၈ ရှိပြီ ဆိုတော့း)

မနုစာရီ ဆိုတာ မင်းသိင်္ခ ဝတ္ထုထဲက အသက် ထောင်ဂဏန်းရှိတဲ့အမျိုးသမီးပါ။


The End

Jul 20, 2016

Prisma သုံးပြီးကြပြီလား


ဓာတ်ပုံကနေ ပန်းချီကားပုံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အက်ပ် တခု ဖြစ်တဲ့ Prisma ကို အကြီးအကျယ် လူကြိုက်များနေပါတယ်။
ဒါကြောင့် The Ladies ဂျာနယ် အယ်ဒီတာ ဆောင်းဖြူ ရိုက်ကူးပေးပို့တဲ့ ခပ်လန်းလန်းပုံကို ပုံပြောင်းပစ်လိုက်တယ်။
ကွန်ပြူတာထဲ အသင့်ရှိတဲ့ ACDSee 17 ကို သုံးပြီး ပြောင်းတာပါ။ ဘယ်လိုလဲ...ပိုကြည့်ကောင်းသွားသလား၊ ပိုပြီး ရယ်စရာဖြစ်သွားသလား။

တခြားသူတွေလုပ်တိုင်း လိုက်လုပ်မနေနဲ့လို့ အပြစ်မတင်စေချင်ဘူး။ ကမ္ဘာတလွှား လူကြိုက်များနေတော့ ကိုယ်လည်း လိုက်ပါစီးဆင်းကြည့်ခြင်းပါ။ ကိုယ့်လို လိုက်ပါ စီးဆင်းသူတွေ နေ့စဉ် တသန်းကျော် တိုးလာ ဆိုပဲ။ သတင်းတွေမှာ ရေးထားတာ။

ဂျပန်မှာ ဖြန့်ဖို့ပြင်၊ ကနေဒါမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြန့်လိုက်တဲ့ Pokemon Go  ကို သဲသဲလှုပ်ဖြစ်နေကြချိန်မှာပဲ ဒီနည်းပညာကို လူကြိုက်များနေတာပါ။ လိုင်းလည်း မတူဘူးလေ။
(ဒီနေ့ မနက်ဖြန် ဂျပန်မှာ ဖြန့်ဖို့ ပြင်နေ ဆိုပေမဲ့ ရက်ရွှေ့မယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရပြန်တယ်။)

ဓာတ်ပုံအထူးပြုလုပ်ချက်တွေက  Instagram ထက် ပိုပြီး စွမ်းဆောင်ချက်ကောင်း၊ သုံးရလွယ်သလိုမျိုး  သတင်းတွေမှာ ရေးထားတယ်။ အကြံတူ နောက်လူသာစမြဲ ဆိုရမလား။

ဘယ်လို ပန်းချီပုံပြောင်းမလဲဆိုတာ ရွေးချယ်ဖို့ ၃၃ မျိုး ရှိတယ် ( ပုံတပုံတည်းကိုပဲ မတူညီတဲ့ဟန် ၃၃ မျိုး လုပ်နိုင်တယ်) ဆိုပဲ။ ကြိုက်ချင်စရာပေါ့။

ပန်းချီဆရာတွေ အချိန်အကြာကြီးလုပ်ရတဲ့အလုပ်ကို ဖုန်းထဲမှာ ခလုတ်လေး ပွတ်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပြီးစီးတာမျိုးက စမတ်ဖုန်းနဲ့ အထာကျနေသူအကြိုက် ဆိုပါစို့။
လျှပ်တပြက်အတွင်းဖန်တီးခြင်းအလုပ်ကို စမတ်ဖုန်းသမားတွေကြိုက်ကြတာလည်း အပြစ်မဆိုသာဘူး။ မကြိုက်ဘူးဆိုမှသာ အနုပညာအမြင်ခေါင်းပါးလွန်းသူအဖြစ် သတ်မှတ်သင့်တာ။

အနုပညာပါတဲ့ နည်းနာတွေကို နှစ်သက်ခြင်းဟာ ကြိုဆိုချင်စရာ မဟုတ်ဘူးလား။

အိုင်ဖုန်းသမားတွေပဲ လက်ဆော့နိုင်တဲ့ ဒီနည်းနာက တခြားစမတ်ဖုန်းတွေမှာ ထည့်သုံးလို့ မရသေးဘူး တဲ့။
အကောင်းဘက်က တွေးကြည့်ရင်တော့ ... အချိန်ကုန် သက်သာတာပေါ့ကွား)




Aug 6, 2015

ဆိုင်ထိုင်စတိုင်

ကာတွန်းဟန်လေး။

အင်္ကျီဖြူ နဲ့လူက သူ့ကျောင်းနေဘက် ပန်းချီ သော်ဇင်။

နေ့ခင်းဘက် ထမင်း မစားခင် တွေ့ရတဲ့ပုံ။

ကျနော်တို့ရုံးနားက အင်တာနက် အခမဲ့ရတဲ့ဆိုင်။

နှစ်ယောက်သား ဖေ့ဘုတ်တို့ အီးမေးတို့ စစ်နေကြတာ။ ကာတွန်းဆရာက နက်ဖန် ရှမ်းပြည် ပြန်မယ် တဲ့။ ဘိုင်ပြတ်ပြီ တဲ့။ သူ့ကိုယ်သူ ငွေဘေးဒုက္ခသည်လို့ ပြောပါတယ်။

ကာတွန်းဆရာက မြန်မာတိုင်းမ်ရုံးကို သွားပြီး အပြန်မှာ ကျနော်နဲ့ တွေ့တာ။ ဒါနဲ့ ထမင်းဆိုင် ရောက်သွားရော။ မြန်မာတိုင်းမ်မှာ အဆင်မပြေခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က သူ့ကာတွန်း အာရှဆု ၁ ဆု ရတယ်၊ အဲဒီဆု မြန်မာတိုင်းမ်ရုံးမှာ ရှိမယ် ယူဆပြီး သွားတာ။ အဆင်မပြေခဲ့ဘူး။ မရခဲ့ဘူး။ အချိတ်အဆက် မမိဘူး ဖြစ်နေတယ်။ တနေ့နေ့တော့ ရမယ် ထင်တာပဲ။

ဘာရယ်လို့ မဟုတ်ပါ၊ တယ်လီဖုန်းထုတ်ပွတ်တာက ဒီနေ့ခေတ်ရဲ့ ဆိုင်ထိုင်စတိုင် ဖြစ်နေပြီ ဆိုပြီး အများရဲ့ ပြောဆိုချက် မှန်ကန်ကြောင်း ပြသချင်လို့ ဒီပုံ တင်လိုက်ခြင်းပါး)

Nov 5, 2014

မစ်ရှင်ကွန်ပလိ

အကြမ်းဖက်သမားတွေကို ကျနော် တိုက်ဖျက်လိုက်ပြီ။
သူတို့ရဲ့ နိုင်ငံတကာ ဋ္ဌာနချုပ်ကို ကိုင်လိုက်တား
ဒီကောင်တွေ အလူးအလဲပဲ။

မစ်ရှင်ကွန်ပလိ မဖြစ်ခင် ကျနောလည်း အလူးအလဲပဲး)

လူမျိုးစုံဟာ ဂိမ်းမျိုးစုံကို စွဲနေကြတယ်။

မိတ်ဆွေတယောက်ရဲ့သားက ဂိမ်းစွဲတယ်။ ဆယ်ကျော်သက်။
မူးယစ်ဆေးစွဲတာထက် ဂိမ်းစွဲတာ ကောင်းပါတယ်။ လွှတ်ထားလိုက်ပါ လို့ ပြောဖူးတယ်။

လူဆိုတာ တခုခုကို စွဲလမ်းတာပဲ။
ဂိမ်း ဆိုတာ မကောင်းမှုတွေထဲမှာ အကောင်းဆုံးအရာတခု ဖြစ်ပါလိမ့်မယ်။

ကဲ....

နောက်တပွဲ ထပ်ဆော့လိုက်အုံးမယ်။


May 13, 2014

ဝေမိုး ဂွမ်းသန့်

ဝေမိုး ဆိုတဲ့ နာမည် ဘယ်လောက် လှသလဲ ဆိုတော့....

လုပ်ငန်းရှင်တယောက်ကတောင် သူ့နာမည်ကို ယူသုံးရသဗျ။

ဒီည abc ဆိုင်တခု အ၀င်မှာ တွေ့လို့ ရိုက်လိုက်တာ။

(သူကိုယ်တိုင် ထုတ်တဲ့ ဆေးပစ္စည်းလည်း ဖြစ်နိုင်တာပဲ)

Jan 30, 2014

စကားပြောတဲ့ ဂဏန်းများ


ဂဏန်းတွေက စကားပြောတတ်တယ်လို့ ဆိုတယ်။


ဒီညီအစ်ကိုနှစ်ဦးရဲ့ ဂဏန်းတွေကလည်း စကား တော်တော်ပြောနေပါတယ်။

109, 110  ဆိုတဲ့ဂဏန်းတွေက ဘာကိုဆိုလိုသလဲ၊  ဘာကိုပြောတာလဲ  သိရအောင် အကြားအမြင်များတဲ့ သတင်းရပ်ကွက်ကို မေးကြည့်ရပါဦးမယ်။

သူတို့က ဒီနံပါတ်ကို ဘာကြောင့် ရွေးထားကြတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Apr 15, 2013

i love yooooooooooooooooooooo!


သင်္ကြန်မှာ အထင်ကရ အဆိုတော်တွေ စင်ပေါ်တက်ပြီး သီချင်းတွေဆိုကြ၊ ပရိသတ်နဲ့တွေ့ကြပါတယ်။

တယောက်နဲ့တယောက် အသံ/လေသံတွေ မတူကြပေမယ့် တူတာကတော့ စင်ပေါ်ကနေအော်ပြောတာတွေပါပဲ။

အထူးသဖြင့် တူတာကတော့ ကျေး ဇူး အ များ ကြီး တင် ပါ ဒဲ လို့ လိပ်ခေါင်းပြုတ်ထွက်အောင် အော်ကြရာမှာ တူကြတာပါ။

အိုင်လပ်ယူးးးးး
လို့ အော်ရာမှာလည်း တူပါတယ်။

ချစ်သုဝေ၊ ဇော်ပိုင်၊ နေနေ စသဖြင့် စသဖြင့် အထင်ကရများစွာက အိုင် လပ် ယူးးးးး နေကြပါတယ်။

ဒီနေ့ခေတ်ရဲ့ စင်ပေါ်ကနေ နုတ်ဆက်တဲ့နည်းပေါ့လေ။

အိုင် လပ် ယူးးးးး


Mar 29, 2013

ရာသီဥတုကလည်း ပူလိုက်တာ

ပူသည်၊
တကယ် ပူသည်၊
အလွန် ပူသည်၊
တကယ့်ကို အလွန်ပူသည်

အင်း ... ဘယ်လို စာဖွဲ့ရပါ့။


အပူသက်သာလို သက်သာငြား ကျနော့်ဆရာပုံကို ဒက်စတော့မှာ တင်ထားလိုက်တယ်း)


Mar 27, 2013

သူ ဘာတွေစဉ်းစားနေသလဲ


၁။ သင်္ကြန်မှာ ဒီပုံစံနဲ့ ထွက်လည်ရမလား?

၂။ နွေရာသီမှာ ဒီလို ၀တ်ဆင်သင့်ကြောင်း Facebook ကနေ လှုံ့ဆော်ရင် ကောင်းမယ် ထင်တယ်?

၃။ မြန်မာတွေလို နဖူးပေါ်လက်တင်ထားတဲ့စတိုင်မျိုး ပန်းပုထုဖို့ ငါ့ဆရာ ဘာကြောင့် အိုင်ဒီယာ မရခဲ့တာလဲ။ ခုတော့ ငါ့ခမျာ ညောင်းညာနေပြီ။

ကဲ ... သူ ဘာတွေစဉ်းစားနေတယ် ထင်ပါသလဲ။

Feb 26, 2013

ဆယ်သိန်းရနိုင်တဲ့ လိုဂို?


အာဆီယံဥက္ကဋ္ဌလိုဂို တဲ့။ ဖိတ်ခေါ်နေပါပြီ။ အရွေးခံရရင် ဆယ်သိန်း ဆိုပဲ။
အပေါ်က လိုဂို အရွေးခံရမယ် ထင်လား။
ထင်ရင် ပို့လိုက်ပါ။
အရွေးခံရရင် ဆယ်သိန်း သွားယူပေတော့း)

ကာတွန်းဟန်လေးရဲ့ လက်ရာတခုကို မှီးပြီး အခုပဲ ဖန်တီးလိုက်ပါတယ်း)


Nov 6, 2012

အိုးမိုင်ဂေါ့ဒ်!!!

ကျုပ်တို့က ဆေးပဲ ပေးတယ်၊
သို့သော် ... တကယ် ကုသပေးမယ့်သူကတော့ Jesus Christ ပါပဲ လို့ အဓိပ္ပာယ်ရတဲ့ စာတန်းကို ဆေးရုံတရုံက ပေးတဲ့ ဆေးအိတ်မှာ ပုံနှိပ်ထားပါတယ်။

သာသနာပြုတာ ကျင့်ဝတ်နဲ့မညီဘူး လို့ ဆိုသူတွေလည်း ဆိုချင် ဆိုနိုင်တယ်။
ကျန်းမာရေးဝန်ထမ်း/ဌာနက ကျင့်ဝတ်နဲ့ မညီတာတွေ ရေးနေတယ် လို့လည်း ဆိုချင် ဆိုနိုင်တယ်။

မငြင်းနိုင်တာကတော့ ဒီဆေးရုံက ခေါင်းရှောင်တာ ဖြစ်ပါလိမ့်မယ်။
လူနာ ရောဂါ မသက်သာရင်၊ မပျောက်ရင်၊ ပိုဆိုးသွားရင် ဆေးရုံက အပြစ်လွတ်နိုင်တဲ့ အရေးအသား ဖြစ်နေလို့ပါပဲ။

ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ ဝေငှလိုက်တယ် ဆိုပါရစေ။

Sep 15, 2012

ကိုရီးယားမင်းသမီး မင်းသား


[Songhyekyo_Levisladystyle2.jpg]
ဆောင်းဟေကို

ကိုရီးယား ဖေ့ဘုတ်တို့ ဘာတို့မှာ လူကြိုက်အများဆုံးသရုပ်ဆောင် စစ်တမ်းကောက်တော့ အောက်ပါအတိုင်း ရလဒ် ပေါ်လာတယ် ဆိုပဲ။ ဒီနေ့ ကြေးမုံ စာ ၆။


ပုံတွေ ကြည့်လိုက်တော့ အမျိုးသမီးက ဆောင်းဟေကို တယောက်ပဲ ပါနေတယ်။

ဒီစစ်တမ်းကို ကြည့်ပြီး ကောက်ချက် ၂ ခု ချမိတယ်

၁။ ကိုရီးယားမှာ အမျိုးသမီးတွေကို ကြိုက်ရကောင်းမှန်း မသိဘူး/
၂။ ဖေ့ဘုတ်တို့ ဘာတို့ကို ကိုရီးယားအမျိုးသားတွေ မသုံးကြဘူး/

း)

ဘယ်ဟာ ဖြစ်နိုင်မလဲ။

Aug 26, 2012

သပွတ်အူ

~





ညဈေးတန်းတခုမှာ ရိုက်ထားတဲ့ သပွတ်အူတွေပါ။
အခုလေးတင် ဧရာဝတီဘလော့မှာ ဒီပုံကို သုံးလိုက်ပါတယ်။
သပွတ်အူကို ဓာတ်ပုံရိုက်ပြီး ဒီငနဲ ဘာလုပ်မှာလဲ တွေးမိသူတွေ တွေးမိလိမ့်မယ်။ ကဲ - ခုတော့ အသုံးကျနေပါပြီ။

ဓာတ်ပုံတွေ ရိုက်ထားတာကတော့ အများကြီးပဲ။ အားလုံးကို ဖိုင်တွေခွဲပြီး မသိမ်းဖြစ်သေးပါဘူး။ ရိုက်ထားတာတွေ များလွန်းလို့ စနစ်တကျသိမ်းဖို့ အချိန် မရှိဘူး ဖြစ်နေတယ်။
ပြဿနာပဲ။
ခုနေခါ ရုတ်တရက် သေသွားရင်တော့ ဒီပြဿနာက ရှင်းစရာမလိုဘူးဖြစ်သွားမယ်း)

အချိန်ကို စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်နိုင်ရင် ဒီပြဿနာ ပြေလည်မယ် လို့ တွေးစရာရှိတယ်။
အင်း ... မလွယ်ဘူး။ လောကကြီးမှာ ပြဿနာ သိပ်များနေတော့
စီမံခန့်ခွဲမှု မည်မျှပင် ကောင်းစေကာမူ လူ့အလို နတ်လိုက်နိုင်မယ် မထင်ဘူး။

သပွတ်အူပုံသုံးလိုက်တာက အောက်ကပို့စ်မှာ ဖြစ်ပါတယ်။
ကနဦးတုန်းကတော့ လွှတ်တော်အထက်မှာ ဘယ်သူရှိနေသလဲ လို့ ခေါင်းစဉ် ပေးထားပါတယ်။
ရေးရင်း ပေနည်းနည်းရှည် လေနည်းနည်းရှည်မိတော့ ခေါင်းစဉ် ပြောင်းလိုက်ရတယ်။
နေပြည်တော်က သပွတ်အူဇာတ်တော်ကြီး ဆိုပြီး ပြောင်းလိုက်တယ်။
ပျော်စေပျက်စေပေါ့ဗျာ။

ဧရာဝတီဘလော့မှာ မဖတ်ရသေးရင် ဒီမှာ ဖတ်သွားပါအုံး -



ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နေတဲ့သူ ရှိနေသလား ဆိုပြီး သောကြာနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမတ်တဦးက သူရဦးရွှေမန်းကို မေးပါတယ်။

ကဏ္ဋကောစလုပ်နေတဲ့ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာ ကိစ္စတွေ ရှိနေတယ်၊ ခဏသီးခံ ဆိုလို့ သီးခံနေတာ လို့ သူက ဆိုပါတယ်။

သူ့ရဲ့ တင်ပြချက်က ဒီလိုပါ -
သမ္မတထံက ပြန်ကြားလာမယ့်ရလဒ်အပေါ်မှာမူတည်လျက် ဆက်လက် လုပ်ဆောင်ရန် ခဏသီးခံပါလို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားကြီးမှုကို အလေးထား လေးစားသောအားဖြင့် လည်းကောင်း ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များက သီးခံ စောင့်ဆိုင်းခဲ့ကြပါတယ်။

သို့သော်လည်း ၎င်း သြဂုတ်လ ၂၁ ရက်နောက်ပိုင်းမှာလည်း ဘာမျှ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ ထူးခြားမှု မရှိတဲ့အတွက် ကျွန်တော်တို့ အားလုံးရဲ့ အယူအဆတွေဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးက လျစ်လျူရှုထားပါပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ လွှတ်တော်ရဲ့အပေါ်မှာ လွှမ်းမိုးထားတဲ့အဖွဲ့အစည်းတစ်ခုရှိပြီလား။ သို့မဟုတ် လွှမ်းမိုးထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦးရှိနေပြီလားဟု ထင်မြင်ယူဆမိပါတယ်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီလို ပြန်ရှင်းပါတယ် -
လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိကြောင်းကိုလည်း လွှတ်တော်ကို အသိပေး တင်ပြလိုပါတယ်။

ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်၍ စတင် ဆောင်ရွက်မယ် ဆိုတာလည်း ကြားသိထားရပါတယ်။
ဒါကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ လွှတ်တော် အခန်းကဏ္ဍ ရောက်တဲ့အခါမှာ ဆောင်ရွက်ဖွယ်ရာ ဆောင်ရွက်နိုင်အောင် သီးခံ စောင့်ဆိုင်း ‌ဆောင်ရွက်ပေးပါရန် မိမိအနေနဲ့ ထပ်မံ မေတ္တာရပ်ခံပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဆက်ပြီးသီးခံကြပါ၊ ခုံရုံးကိစ္စကို ဦးခင်အောင်မြင့်တို့ ကိုင်တွယ်ပါလိမ့်မယ် တဲ့။

နေပြည်တော်မှာ ခုံရုံး ဖြစ်နေကြတဲ့ပြဿနာက ကြီးသထက် ကြီးလာပါပြီ။

သမ္မတက စာပို့လိုက်၊ ကြားဝင်ရှင်းပေးလိုက်။
သမ္မတကပဲ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့ကို ခေါ်ပြီး ညှိနှိုင်းလိုက်။
ဒါတွေကို ဆက်တိုက် တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ တပတ်အတွင်း ၂ ကြိမ်တွေ့စဉ်မှာလည်း နေပြည်တော်ဝင်္ကပါထဲက ဒီ သပွတ်အူထုပ်ကိစ္စ ပြောဖြစ်ကြမယ်လို့ ယူဆရပါတယ်။

ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးများရဲ့ သပွတ်အူထုပ်ဇာတ်တော်ကြီး ဇာတ်ရှိန် အတော်တက်နေပုံရတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။


ဆက်စပ်
- ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်

- ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး




ညွှန်း - ပြည်သူ့လွှတ်တော် အွန်လိုင်း pyithuhluttaw.gov.mm



~

Jul 8, 2012

သံတမန်


သံအမတ်သစ်ကြီး ဒဲရက်မစ်ချယ် ရန်ကုန်လာတော့မယ်။ ဒီအကြောင်း ရန်ကုန်မြို့ ယူအက်စ်သံရုံး Facebook မှာ ကြော်ငြာထိုးလိုက်တော့ ၀ဲကမ်း ၀ဲကမ်း ဆိုပြီး အရမ်း ကြိုဆိုကြောင်း ကော်မန့်တွေ ပေးနေကြပါတယ်။

ဒီလူကြီးလည်း အရင်လူတွေလုပ်တဲ့အလုပ် ဆက်လုပ်ရမှာပါပဲ။
အရင်လူတွေ ဘာလုပ်သလဲ သိချင်ရင် ၀ီကီလိ ကိုသာ မွှေနှောက် ဖတ်ရှုပါလေး)

သံတမန်ဖြစ်ရတာ မလွယ်ပါဘူး။ ထောက်လှမ်းရေးအလုပ်ပဲ လုပ်နေရတာ များပါတယ်။ ကိုယ်တာဝန်ကျတဲ့နိုင်ငံအကြောင်း စုံစမ်း၊ တခြား သံတမန်တွေနဲ့စကားပြောပြီး သတင်းဖလှယ် စကားနှိုက် ၊ သံခင်းတမန်ခင်းကိစ္စများလည်း ဆောင်ရွက် .... အင်း ... မလွယ်ပါလား။ နိုင်ငံတကာမှာ ဗိုလ်ကျချင်တဲ့ အမေရိကန်ရဲ့ သံတမန်တွေဆို ပိုပြီး အလုပ်ရှုပ်ရှာမှာပဲ။

မြန်မာသံတမန်များကတော့ လတ်တလောမှာ ပရိုမိုးရှင်းတွေပဲ လိုက်လုပ်နေရမယ် ထင်တယ်း)

သံတမန်ပညာ ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။ သူတို့ကို သင်တန်းမျိုးစုံ ပေးလွှတ်လိုက်တာပါ။

သံတမန် ဆိုလို့ လူသိများတဲ့ ဟာသ တခုကို ပြန်နူးရရင် -

အမျိုးသမီးတယောက်နဲ့ သံတမန်တယောက် ဘယ်လိုကွာခြားသလဲ ဆိုတဲ့ ဟာသ။

သံတမန်တယောက်က
ရက်စ် လို့ ပြောတယ်ဆိုရင် တကယ့် ဆိုလိုရင်းက Maybe (ဖြစ်နိုင်ပါတယ်) တဲ့။

ဖြစ်နိုင်ပါတယ် လို့ ပြောရင်တော့ အဲဒီ သံတမန် ဆိုလိုတာက No (ဟင့်အင်း) တဲ့။

တကယ်လို့များ သံတမန် တယောက်က No လို့ ပြောလာရင် ဘယ်လို ဘာသာပြန်ရမလဲ။ ဘယ်လိုမှ ဘာသာပြန်မနေနဲ့ - သံတမန် ဆိုတာ No လို့ ဘယ်တော့မှ မပြောကြဘူး တဲ့။

အဲဒါကတော့ သံတမန်တွေ ပေါ့လေ။

အမျိုးသမီးတွေကရော -

မိန်းမတယောက်က No လို့ ပြောခဲ့ရင် Maybe ဖြစ်နိုင်ပါတယ်ရှင် လို့ ဆိုလိုပါတယ်။

ဖြစ်နိုင်ပါတယ်ရှင် လို့ ပြောလာရင်တော့ အဲဒါ Yes လို့ ဆိုလိုတာပဲ။ (ရှုပ်လာပြီ မဟုတ်လား)

ဒါဆိုရင် Yes လို့ပြောလာရင် ဘယ်လိုနားလည်ရမလဲ။ ဘယ်လိုမှ နားလည် မနေနဲ့ Yes လို့ပြောလာရင် အဲဒါ မိန်းမ မဟုတ်ဘူး တဲ့။

ဟာသလေးကတော့ ဒါပါပဲ။

အနောက်တိုင်းဟာသ ဆိုတော့ အနောက်တိုင်းကိစ္စ၀ိစ္စတွေ ကြားဖူးနားဝရှိမှ ဒီဟာသ ရီရလိမ့်မယ် ထင်ပါတယ်း)

ကျနော်လည်း တ၀က်လောက်ပဲ ရီရပါကြောင်း။

Jun 21, 2012

smile!


Ph. D ရဖူးတယ် ဆိုရင် ဘယ်သူမှ ယုံမယ် မထင်ဘူး။

PASSED HIGHSCHOOL with DIFFICULTY.. လို့ လူနားလည်အောင် ပြောရင်တော့ ယုံမယ် ထင်တယ်း)

ဒါပါပဲ

ပြုံးလိုက်ပါလေ
း)

Jan 21, 2012

သတို့သမီး

ဖေ့စ်ဘုတ်မှာ ရှယ်နေကြပါပြီ
ကဲ - မင်္ဂလာဆောင် ဖိတ်စာမှာ ဘွဲ့တွေ တသီတတန်း ကောက်ထည့် လျှောက်ထည့်ထားတာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ် ဆိုတာ ဒီသတင်းက ပြောနေပါပြီ

ကောင်းကျိုးက - ကိုယ့်အကြောင်း အသေးစိတ်အချက်အလက် လူသိမယ်၊ ကိုယ့်အမြီးတွေ လူအထင်ကြီးမယ်။

ဆိုးကျိုးက - နိုင်ငံခြားထွက် ပတ်စပို့လုပ်ရာမှာ ပညာရေးဌာနကိုလျော်ကြေးပေးရမယ်၊ ပတ်စ်ပို့ရုံးကဆိုလား သာရေးနာရေးဖိတ်စာတွေ ကြော်ငြာတွေ မှတ်တမ်း တင်နေတယ် တဲ့။
နောက်ထပ်ဆိုးကျိုးကတော့ နာမည်နောက်ကအမြီးတွေဖတ်ပြီး ခေါင်းမူးသွားတဲ့ သတင်းသမားတွေ လျှောက်ရေးမိလို့ သတို့သမီးနာမည် အခုလို ပျောက်သွားတာပါပဲ

သတင်းသမားတချို့က နဂိုကတည်းက ရှုပ်အောင် ရေးတတ်တယ်နော် - သတိထားကြး)

သာရေးနာရေး ဖိတ်စာမှာ အမြီးတွေ ဖြတ်ကြး)

တော်ကြာ ရန်ကုန်မြို့နေ AK47 (Russia), BEDC (Rangoon), ABC (Set Sun), ABC (Stout), BBC listener, Facebook lover, internet user အသက် ၈၅ နှစ်သည် ယမန်နေ့က သေဆုံး သွားပါသည် လို့ ရေးနေကြအုံးမယ်း)

Jan 20, 2012

ငါ့ဘ၀ ငါသာသခင်

ဒီနေ့ ကြေးမုံ သတင်းစာမှာ ထင်တယ်
စာအုပ်မိတ်ဆက်မှာ ပါတဲ့ တအုပ်က ဒီဘလော့ နာမည်နဲ့လည်း ဆင်တယ်၊ စိတ်ဝင်စားစရာတွေလည်း ပါတယ်

တခြားစာအုပ်တွေလည်း သူ့နည်းသူ့ဟန် ဖတ်လို့ ကောင်းမယ့် သို့မဟုတ် ကိုးကားဖို့ကောင်းမယ့်ပုံပါပဲ။

အောက်ဆုံးစာအုပ်မှာတော့ ဘာတွေ ပေါက်ကရ ရေးထားမလဲ မသိပါး)

အဲဒီစာအုပ်စာရေးသူကိုတော့ မသိဘူး ထင်တာပဲ - နာမည်တောင် မကြည့်မိး)

အင်တာဗျူးတွေမှာ ပေါက်ကရ မေးတတ်တယ် ဆိုတော့ ပေါက်ကရရေးထားမယ်လို့ ယူဆပါတယ်း)

Jan 13, 2012

ဗီဇာလျှောက်မယ် - ၂

မြန်မာပြည်ပြန်ဖို့ ဗီဇာ လျှောက်မှ ဖြစ်တော့မယ်။
အစိုးရမင်းများ သဘောတော် သိပ်ကောင်းနေပြီ။

ဒီတခါ လွှတ်ပေးတာ အရေအတွက်လည်း များတယ်၊ ဟိုအမှု ဒီအမှုတွေနဲ့ ရောမလွှတ်ဘူး။

(လူဆိုးတွေနဲ့ ရောမလွှတ်ဘူးလို့တော့ မပြောချင်ပါ၊ ဗိုလ်ခင်ညွန့်တို့၊ ဗိုလ်နေ၀င်းမြေးတို့ ပါနေတာကြောင့်)

ဗီဇာလျှောက်မယ်။
NLD က ကြားဖြတ်ရွေးကောက်ပွဲအတွက် ၀င်ပြိုင်မယ့်လူ လိုနေတယ်။ အခုလွှတ်လာသူတွေကို NLD က ညှိနှိုင်းနိုင်တယ်။
ကျနော် ပြန်ရောက်ရင်လည်း လာညှိနေအုံးမယ်။ ၀င်ပြိုင်စမ်းပါကွာ ဆိုပြီး)

အင်း - ပြန်မှပါပဲး)

getty images photo

Jan 10, 2012

၂၀၁၁ ဧရာဝတီ အတွင်းရေးများ






အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ ဆိုပြီး ဧရာဝတီ ဘလော့မှာ တင်လိုက်တယ် မနေ့က။
တကယ့် အဖြစ်အပျက်တွေပါ။
ကိုယ့်အကြောင်းလည်း ပါတယ်။ လုပ်ဖော်ကိုင်ဘက်များအကြောင်းလည်း ပါတယ်။
ပျော်စေပြက်စေပေါ့။
ဒီဘလော့မှာ ဘာမှ မရေးတာလည်း ၃ ပတ် ရှိသွားပြီ။ ဒီဘလော့ လာတဲ့သူကလည်း ဂူဂဲလ်ရဲ့ အဆိုအရ တရက်ကို သုံးလေးဆယ် ရှိနေတယ်။ ဒါကြောင့် တခုခု တင်အုံးပါမှ ဆိုပြီး ဒီအတွင်းရေးတွေကို ကူးတင်လိုက်တာ။
တခြား တင်စရာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရိုက်ထားတဲ့ပုံတွေ။ ကင်မရာထဲမှာပဲ။ မထုတ်ရသေး။
ကဲ - မဖတ်ရသေးဘူး ဆိုရင် ဖတ်ပါအုံး အတွင်းရေးတွေကိုး)


အောင်မြင်မှု
း) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း) ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။
း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း) မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။
း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။

ဆုံးရှုံးမှု
း( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း( သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်
း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရ
း( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့

ဖြစ်ထွန်းမှု
း) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း) သတင်းထောက် ၁ ယောက် လက်ထပ်
း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း) အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြ
း) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ



ပျက်ကွက်မှု
း( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း( ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်
း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း( ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်
း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်


ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)




Dec 13, 2011

NLD ပုဆိုး ပြန်ဝတ်ပြီ

~







NLD ပါတီထောင်ခွင့် ရပါပြီ လို့ ရွေးကော်မရှင်က မီးစိမ်းပြလိုက်တယ် တဲ့။
လူထုဦးဆောင် NLD ပါတီလည်း အနှစ် ၂၀ ကျော် အထုအထောင်းခံခဲ့ရပြီး အထိနာခဲ့ပေမယ့် အစိုးရက အခုလို သဘောထားကြီးစွာ ပါတီအဖြစ် ရပ်တည်ခွင့် ပေးပြီ ဆိုတော့လည်း ကောင်းတာပေါ့၊ ရေစစ္စရီ ထပ်လုပ်ပြီး ရှေ့သို့ ချီရတော့မှာပေါ့။
NLD သမိုင်းမှာ စကတည်းက ကြမ်းခန်း ရမ်းခန်းတွေချည်းပဲ။

ပါတီခေါင်းဆောင် ဧရာဝတီတိုင်းသွားတော့ ကျည်ထိုးမောင်းတင်ထားတဲ့ သေနတ်နဲ့ အချိန်ခံရ ၁၉၈၉။
၉၀ ရွေးကောက်ပွဲ မှာ NLD ကိုယ်စားလှယ်တွေ အရွေးခံရတော့ အဲဒီလူတွေ ထောင်ထဲ သွားနေရပြန်ရော။
ကျန်တဲ့လူတွေလည်း ၁၄ နှစ်ကြာ အမျိုးသားညီလာခံထဲ အပို့ခံရ။
ဒေါ်စုကို ထုတ်ပစ်လိုက်လို့ ဖိအားပေးပြန်တော့ ဒေါ်စုကို ပါတီကနေ ထုတ်ပေးရသေးတယ်။
တနိုင်ငံလုံးက ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ထွက်ကြတယ် ဆိုတာတွေလည်း သတင်းစာတွေထဲ မကြာခဏ တွေ့ခဲ့ရတယ်။
တွေ့ဆုံဆွေးနွေးရေးမဖြစ်တာဟာ NLD သဘောထားတင်းမာလွန်းလို့ပဲ၊ လျှော့ပါအုံး လျှော့သင့်တယ်လို့ သုံးသပ်သံတွေလည်း ထွက်ခဲ့တယ်။ လျှော့စရာ ပုဆိုးပဲ ရှိတော့တယ်ဟေ့ လို့ တုံ့ပြန်သံတချို့လည်း ဘေးက ထွက်လာတယ်။
ဒီလိုနဲ့ မနှစ်တုန်းက ရွေးကောက်ပွဲလုပ်တော့ NLD က တရားမ၀င်ပါတီစာရင်းထဲ ရောက်သွားတယ်၊ အဲဒီ လျှော့စရာ ဆိုတာကို ချွတ်ပေးလိုက်ရတဲ့သဘောပေါ့။
အခုတော့ ရော့ ... ရော့ ... နင့်ပုဆိုး ပြန်ဝတ်ချည် လို့ ပြောလိုက်ပါပြီ။
ကောင်းလေစွ။






~