ဧရာဝတီမှာ ရေးခဲ့တဲ့ တပုဒ်။
ကျနော်တို့လင်မယား ချင်းမိုင်-ဘန်ကောက် ရထားပေါ်မှာ စကားပြောရင်း ရတဲ့ အိုင်ဒီယာကို ရေးဖြစ်သွားတာ။
ဘန်ကောက်ရောက်တော့ မြန်မာပြည်သားအလုပ်သမားတွေနဲ့ တွေ့တယ်။ အချက်အလက် ထပ်ယူတယ်။ ဓာတ်ပုံတွေ ရိုက်ပေမယ့် အဆင်မပြေဘူး။ ဖုန်းပြောနေပုံ မရခဲ့။
ဒါနဲ့ပဲ မယ်ဆိုင်-တာချီလိတ်တံတားနားမှာ ရိုက်ခဲ့တဲ့ ပုံအဟောင်းကို သုံးလိုက်ရတယ်။
အခုအထိ ရင်ခုန်သံကို တယ်လီဖုန်းနဲ့ ရှာနေကြဆဲပဲလို့ သိရပါတယ်။
တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း
ဇာနည်ဝင်း Tuesday, 30 March 2010 15:24 ဆောင်းပါး
သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။
ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။
“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။
ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။
“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။
တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။
ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။
ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။
ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။
တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။
တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။
“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။
အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။
မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။
“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။
တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။
“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။
ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။
ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။
ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။
အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။
မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။
ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။
စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။
ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။ ။
Comments (5)Add Comment
0
နားအရသာ ခံခြင်း
written by ဖိုးလမင်း, August 16, 2010
လမင်း ကတော့  ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ နေပြီး ကျတ်စီလိုက် (first group apparel) မယ်ပ တောင်ပိုင်း အထည်ချူပ်စက်ရုံ မှာ ထိုင်းစာကို မြန်မာ ဘာသာပြန် အလုပ်နှင့် အတူ အလုပ်တွေက ရွေးချယ် တင်မြှောက်ချင်း ခံထားရတဲ့  လူမှူရေး မန်နေဂျာ တဦးဖြ စ်ပါတယ် ။ အထက်ပါ အကြောင်း ရင်းနဲ့ ပတ်သ က်လို့ ဝေဖန် ချက်ေ ပးရရင် အကောင်း ဘက်က မြင်ေ တွးနိုင်သလို အဆိုးဘ က်ကလဲ မြင်လို့ ရပါတယ် ။ အထက်မှာ ရေးထား သလိုပေါ့ လူတွေက လုပ်ခန်းခွင်မှာဘဲ နေ့ ရော ည ပါ အချိန် ကုန်နေတော့ဖုန်းနဲ့ ချစ်သူ ရှာဖွေ ရတာ အဆင်ပြေပါတယ် ။ ရယ်စရာတွေ လဲ ရှိပါတယ် တော်ကီ ကောင်းတဲ့ သူတွေ ဆို(ကျား + မ) ဖုန်း ထဲတင် ရည်းစားက မှိုလိုပေါက် ဘာကြောင့်လဲ ဆိုတော့ တယောက်နဲ့ တယောက်မြင်မှမမြင် ရဘဲ အသံကို အရသာ ခံရတာ ဆိုတော့  (ကျား + မ ) နှစ်ဦး လုံး ရုပ်ချောတာ လှတာ ၊ မလှတာ အဓိကမ ဟုတ်တော့ ဘူးလေ ။ ဖုန်းထံမှာ အဆင်ပြေပြီဆို အပြင်မှာ ချိန်းတွေ့  တော့ မှ ပြဿနာ တက်တာ ဘာလို့ လဲဆိုတော့  ဖုန်းထဲက မိမိကိုယ်တိုင် ပုံဖော်ထားတဲ့  ကောင်လေး ချောချော (သို့ ) ကောင်မလေး ချောချောလေးတွေက မိမိတို့ ထင်ထား သလို မဟုတ်ဘဲ ၀၀ တုတ်တုတ် ရုပ် ဆိုးဆိုး(သို့) အသက်ကြီး ကြီး တွေလဲဖြ စ်ရော သေပြီ ဆရာ တွေဖြစ် ကုန်ရော ဘဲ ။ ကြုံဘူးတဲ့ လူတွေေ တ်ာတော်များပါတယ် ။ လမင်းလဲ အပါအ ၀င်ပေါ့  (ပြုံးရင်း) နောက် ဆိုးတာက အချိန်မတော် ညနက် အချိန်မတော် ထိ ပွားတာတွေဘဲ အပွားလွန် ပြီးေ နာက်နေ့ အလုပ် နောက်ကျ (သို့ ) အလုပ်မဆင်ြး ဖစ်တာတွေဖြ စ်လာတယ် ။ ဒါကြေင့် ဖုန်းပွားတာဟာ နားအရသာ ခံရုံလောက်သာ ကောင်းပါတယ် ။ အရမ်းကြီး အစွဲ အလန်း မထားဘို့ ကျွန်တော် မောင်လမင်းက အကြံပေးပါရစေ ။ အသေးစိတ် မေး လိုက pho 0831636955 ကို ဆက်သွယ် မေးမြန်း နိုင်ပါတယ့် 
အားလုံးကို လေးစားလျှက် (မောင်လမင်း)
၁၀၀၀ မှာ တယောက်ဘဲ ကံကောင်း ပါတယ်။
written by Thein Oung, April 05, 2010
ကိုကျော်စိုးပြောသလို၊ ကောင်မလေး ရှိတဲ့ မဟာချိုင် ကို လိုက်သွားတယ် ဆိုတာ၊ ကောင်မလေး တော်တော် ကံကောင်းလို့ ဖြစ်မယ်။ အများအားဖြင့် အိမ်ဖေါ် ကောင်မလေးတွေ၊ သူတို့က စက်ရုံ၊ ဆောက်လုပ်ရေးမှာ လုပ်ရတဲ့ သူတွေ နဲ့စာရင်၊ အချိန် ပိုတယ်။ ဒါ့ကြောင့် တယ်လီဖုံးကို ဘူးဖေး လျှောက်ပြီး အချိန်ပြည့် စကားပြော ကြတယ်။ တဖက်က ယောကျားင်္လေး က အထင်ကြီး အောင်၊ ဘယ်လောက် ချစ်ကြောင်း အချိန်ပြည့် ပြောလာတော့၊ ဖုံးထဲ စကားကို အထင်ကြီးပြီး ကောင်လေး ရှိတဲ့နေရာ လိုက်သွားတာ၊ အရက် သမား၊ မြန်မာပြည်မှာ မိန်းမ ရှိတဲ့သူနဲ့ တွေ့ သွားတာနဲ့၊ အဖျက် ခံလိုက်ရတာဘဲ ကြားရတယ်။ အချို့ မြန်မာ အလုပ် သမားတွေ က အပြင်မှာ အပျော် လိုက်ရင် ပိုက်ဆံ ကုန်တယ်။ တယ်လီဖုံးလေးနဲ့ ဆို၊ သိပ် မကုန်ကျဘူး။ အခန်းကို ချိန်းပြီး ပြန်ချိန် ကျော်အောင် လုပ်လိုက်လို့၊ ညအိပ်ပြီး၊ တညတာ လင်မယား အဖြစ် ခံလိုက်ရတာလဲ ရှိပါတယ်။ အများ အားဖြင့် ကားခ ခံ ပြီး ခေါ်တယ်။ ဟိုရောက်တော့ နယ်မြေလဲ မကျွမ်း၊ စကားလဲ မတတ်တော့ မျက်ရည် စက်လက်နဲ့ ခံ လိုက်ရတာ အများကြီးပါ။ ဒီဆောင်းပါးကို ဖတ်ပြီး သိပ်ကောင်းတာဘဲ လို့ တော့ မထင်လိုက်ပါနဲ့။ ပြဿနာတွေ အများကြီးနဲ့ ပျက်စီးသွားပြီး ဘယ်သူ့မှ မပြောရဲဘဲ ကြိတ်ငိုနေတာတွေ ရှိနေပါတယ်။ သတိထားပါ။ လုပ်လိုက်တဲ့ ယောင်္ကျားလေး တွေ နှမချင်း ကိုယ်ချင်း စာပါ။ အကောင်ဆုံးက ကြိုက်ရင် မြန်မာ ပြည်မှာ ယူပါ။
ဒီမှာ က တရား မ၀င်ဘူး။ ၁-၂ ရက် ပေါင်းပြီး ပြစ်ထားလို့ ရတယ်။ စေတနာနဲ့ ကိုယ်တွေ့ ကိုပြောတာပါ။
...
written by soe, April 01, 2010
hello!
good to read.
happy for them
written by Tuumar, March 30, 2010
As long as they are happy and having a good time, go ahead fellow Burmese.
Live your lives as happy as it could be. Life is too short and it is yours to enjoy with any possible way.
ကျနော် ကြုံနေကျ
written by မျိုးလွင်, March 30, 2010
ဒီဇာတ်လမ်းမျိုး ရေးချင်တယ်ဗျာ၊ ကျနော်က ထိုင်းစာ ဖတ်တတ်ပြီး ထိုင်း တနိုင်ငံလုံး သွားလာ နေတော့၊ သူငယ်ချင်း မိတ်ဆွေ တွေ၊ ပက်သက်ရာ ပက်သက် ကြောင်းတွေက တဆင့် သူများ အတွက် ခိုးပေးခဲ့ရတဲ့ မိန်းမတွေက မမှတ်နိုင်တော့ဘူး။ အံ့လည်း အံ့ဩတယ် လူချင်း မတွေ့ဖူးပဲ တယောက်ကို တယောက် ယုံကြည် နေတာတွေ၊ ခေါ်လာတဲ့ အချိန်ကျမှ မြင်ချင်လို့ အသည်းသန် ဖြစ်နေတာတွေ၊ ယောက်ကျား ဘက် ကတော့ အရှုံး မရှိပါဘူး၊ နောက်ဆုံး ခေါ်ပြီးမှ ကိုယ်ထင်ထားတဲ့ အတိုင်း မဖြစ်ရင် ပိုက်ဆံပဲ ဆုံးတာပေါ့ (လမ်းစရိတ်ကို ယောက်ျားလေး ဘက်က ခံတာ များတယ်)၊ ဒါပေမယ့် မိန်းကလေး ဘက်ကတော့ ဘဝနဲ့ ရင်းရတာ။ ဒီဆောင်းပါးထဲက အတိုင်းပါပဲ။
အဲဒါကြောင့် မိန်းကလေး ဘက်က ဖုံးနဲ့ ကြိုက်ပြီး လိုက်မယ် ဆိုရင် နှလုံးသား တခုတည်းနဲ့ မဆုံးဖြတ်ပဲ့နဲ့ ဦးနှောက် သုံးပြီး ဆုံးဖြတ် စေချင်တယ်။
Showing posts with label my writings. Show all posts
Showing posts with label my writings. Show all posts
Apr 7, 2011
Jan 8, 2011
ကင်မရာနဲ့ ဆိုရင် ခံရပြီသာမှတ်
မြန်မာပြည်မှာ အပျော်တမ်း ရိုက်ကြတဲ့ အပြာကားတွေ အင်တာနက်မှာ တနေ့တခြား များလာတယ်။
အင်တာနက်မသုံးသူများအတွက်လည်း VCD/DVD အငှားဆိုင်တွေကနေ ငှားကြည့်နိုင်တဲ့ အခြေအနေအထိ ရောက်လာပြီ ဆိုတာ တနေ့က ဖတ်ရတဲ့ Freedom News Group ဆောင်းပါး တပုဒ်မှာ ရေးထားတယ်။
အပြာကားမှာ သရုပ်ဆောင်ဖို့ သဘောတူပြီး ရိုက်ကူး ဖြန့်ချိကြတာ ဆိုရင် ဒီစာ ရေးစရာ မလိုဘူး။ အခုက အဲဒီလို မဟုတ်။
အပျော်တမ်းကင်မရာ၊ တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာတွေနဲ့ ရိုက်ထားကြတယ်။ ကင်မရာကိုင်သူတွေက အမျိုးသားတွေ။
ဒီလူတွေက သူတို့ရဲ့ ရည်းစား၊ အိပ်ဖော်တွေနဲ့ ကုတင်ပေါ်က အဖြစ်အပျက်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတာ။ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတချို့လည်း ပါတယ်။
အပျော်တမ်းရိုက်တာ ဆိုတော့ ဗီဒီယိုကလစ်တွေက တမိနစ်စာတွေ ရှိသလို ၅ မိနစ်မက ရိုက်ထားတာတွေလည်း ရှိတယ်။
အထင်ကရ (၁)
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ၀တ်လစ်စလစ် မြန်မာအမျိုးသမီးတယောက် lotion လိမ်းတဲ့ ဗီဒီယိုကလစ် ပေါ်လာတယ်။ ထင်ရှားတဲ့ မင်းသမီးလို့ အများက ယူဆကြတယ်။ သူ့ရဲ့ လှုပ်ရှားမှုကို တယ်လီဖုန်း ကင်မရာနဲ့ရိုက်ထားတာဖြစ်နိုင်တယ်။ အမျိုးသားတယောက် တယ်လီဖုန်းပြောသံ ကြားရလို့ပါ။ ငါတို့ ဘယ်ဟိုတယ်မှာ ရောက်နေတယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုတာကို ပြောနေရင်းနဲ့ ဟိုအမျိုးသမီးလှုပ်ရှားမှုတွေကို ရိုက်ထားတာ။ ဟိုအမျိုးသမီးကတော့ lotion လိမ်းလိုက်၊ ဖုန်းပြောနေတဲ့ သူ့ကို လှမ်းကြည့်လိုက်ပေါ့။ သူ့ကို ဗီဒီယိုရိုက်နေတာ သိဟန် မတူ။
ခုတော့ အဲဒီ lotion လိမ်းတဲ့ ဗီဒီယိုကလစ်ကို အီးမေးလ်နဲ့ အဆင့်ဆင့် ဖြန့်လိုက်ကြပါပြီ။ ကာယကံရှင် အမျိုးသမီး အကြီးအကျယ် စိတ်ဒုက္ခ ရောက်စေတဲ့ ဖြန့်ချိမှုပေါ့။
အထင်ကရ (၂)
အခု အသစ်ပေါ်လာတဲ့ ဗီဒီယိုကလစ်တခုမှာတော့ အဆိုတော်ပေါက်စအမျိုးသမီး နဲ့ သူ့အိပ်ဖော်တို့ရဲ့ ခြင်ထောင်ခန်းတွေပါ။ အင်း - အဆင်ပြေအောင်သာ ရေးလိုက်ရတာ၊ တကယ်တော့ ခြင်ထောင် ထောင်မထားဘူး။
သူတို့ သီချင်းအကြောင်း ပြောဆိုတာတွေလည်း ပါတယ်။ အမျိုးသမီးက အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်သူ၊ အမျိုးသားက သူ့ကို ကူညီမယ့် ဘော့စ် လို့ ယူဆနိုင်ပုံကို သူတို့ ပြောဆိုမှုက ဖော်ပြနေတယ်။
ဂီတ၊ ရုပ်ရှင်၊ မော်ဒယ် လောကသား တချို့ရဲ့ အောင်မြင်ထင်ရှားမှုဆိုတာ ဘော့စ်ရဲ့ ကုတင်ပေါ်က ဖြတ်သွားရတယ် ဆိုတဲ့ စကားတွေက အခုတော့ ဗီဒီယိုကလစ်တွေအဖြစ် အင်တာနက်မှာ ရောက်နေပါပြီ။
နာမည်မကြီးသူများ
ဗီဒီယိုကလစ် အများစုကတော့ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံတာတွေပါပဲ။ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်နဲ့ ဆက်ဆံတာကို ကိုယ်တိုင် မှတ်တမ်းတင်ထားတာ ရှိသလို တပါးသူက ခိုးဝှက် ရိုက်ကူးထားတာတွေလည်း ရှိတယ်။
ကင်မရာ ဆိုတာ ရှားပါးပစ္စည်း မဟုတ်တော့ဘူး။ ပန်းခြံမှာ အတွဲချောင်းတတ်သူတွေလက်ထဲ ဒီ ကင်မရာ ဆိုတဲ့ဟာ ရောက်သွားဖို့ ခက်ခဲတဲ့ခေတ် မဟုတ်တော့ဘူး။ ရလဒ်ကတော့ သူတို့ ချောင်းမြောင်း ရိုက်ကူးထားတာတွေက အင်တာနက်မှာ ရောက်လာတာပဲပေါ့။ ဟုတ်ပါတယ်၊ စုံတွဲတချို့ ပုဆိုးမနိုင် လုံခြည်မနိုင် ဖြစ်ပျက်နေတာတွေကို ရိုက်ထားတာပါ။
နိုင်ငံတကာရောက် မြန်မာပြည်သားတွေဟာ မြန်မာစုံတွဲတွေရဲ့ တော်သလင်းဇာတ်ကို ရန်ကုန်က ပန်းခြံထဲ သွားချောင်းမနေဘဲ အင်တာနက်ကျေးဇူးနဲ့ အလွယ်တကူ ရှုစားနေကြပါပြီ။ ကြည့်ပြီးရင်လည်း သြော် - ဒါကြောင့် ဟိုခေတ်က အတွဲချောင်းသူတွေက ရိက္ခာအပြည့်အစုံ၊ မှန်ဘီလူး ဆိုတာတွေ ယူသွားကြတယ်လို့ ကြားဖူးတယ်၊ ခုခေတ်တော့ ကင်မရာပါ ယူနေကြပြီ လို့ ဆင်ခြင်နိုင်ပါတယ်။
တည်းခိုခန်း၊ ဟိုတယ်တို့မှာ အခန်းငှားဖို့ အခြေအနေ မပေးနိုင်သူ စုံတွဲများအဖို့တော့ အင်တာနက်ခေတ်ဟာ ကံဆိုးမိုးမှောင်ကျတဲ့ခေတ်ပေါ့။
ဖြန့်ချိရေး
နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်မျိုး ရာထောင်ချီ ရှိနေတာတော့ ကြာပါပြီ။ တချို့တော့ နာမည်ကြီးချင်လို့ ဈေးကွက်ဝင်အောင် ကိုယ်တိုင်ကိုယ်ကျ ပေါက်ကြားအောင် လုပ်ကြတယ်လို့ ဆိုတယ်။
ဝယ်လိုအား ကောင်းတဲ့ ဒီလိုမျိုး မြန်မာဖြစ် အပြာ ဗီဒီယိုကလစ်ကို ဘယ်သူတွေ ဖြန့်သလဲ?
ရိုက်ကူး မှတ်တမ်းတင်တဲ့ မောင်မင်းကြီးသားတို့က အဓိက ဖြန့်သူတွေ ဖြစ်မှာပေါ့လို့ အများက ယူဆကြတယ်။ ပြည်တွင်းဖြစ်ကို အားပေးချင်သူတွေ၊ ရှုစားချင်သူတွေက အင်တာနက်မှာ အားကောင်းကောင်းနဲ့ ရှိနေပါတယ်။ ဒီလို ဗီဒီယိုကလစ် တခု ဖြစ်ဖို့ အချိန် ဘယ်လောက် ကြာမလဲတော့ မသိဘူး၊ အင်တာနက်ပေါ် တင်ဖို့ကတော့ မိနစ်ပိုင်းပဲ ကြာမယ်။ ထပ်ဆင့် ကူးယူ ဖြန့်ချိသူ၊ လက်တို့သူ၊ အီးမေးလ်နဲ့ လက်ဆင့်ကမ်းသူများရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ကြောင့် မမြင်ကွယ်ရာက ဖြစ်ရပ်တွေလည်း ကမ္ဘာအရပ်ရပ်ကို ရောက်ကရော။
အပြာကား၊ အပြာဓာတ်ပုံ သီးသန့် တင်တဲ့ မြန်မာဘလော့ဂ်တွေလည်း အင်နဲ့အားနဲ့ပဲ။ အခပေး မြန်မာ ၀က်ဆိုက်တောင် ရှိသေး။
ပြန်ဖျက်မှာပါ ဆိုပဲ
ကင်မရာထဲ အကြာကြီး မထားဘူး၊ ကိုယ့်အပြာကား ကိုယ်ပြန်ကြည့်ချင်တယ်၊ ကြည့်ပြီးရင် ဖျက်ပစ်မှာပါ ဆိုသူတွေလည်း မနည်းလှပါ။ သူ့ ကတိအတိုင်း အင်တာနက်ပေါ် ရောက်ပြီးမှ ဖျက်ပစ်တာလည်း ဖြစ်နိုင်တယ်။
ဒါမှ မဟုတ် အဲဒီ ကင်မရာ၊ ကင်မရာပါတဲ့ တယ်လီဖုန်းကို တယောက်ယောက်က ရသွားတာ ဖြစ်နိုင်တယ်။ ကင်မရာ ပျက်လို့ ပြင်တဲ့အခါ ဆိုင်က ကူးယူထားလိုက်တာလည်း ဖြစ်နိုင်တယ်။
ဘယ်သူ့လက်ချက်လဲ အတိအကျ မသိ၊ ဖြစ်နိုင်တာတွေကတော့ အများကြီးပါ။
ကွန်ပျူတာထဲ၊ ကင်မရာထဲက ဗီဒီယိုဖိုင်တွေကို ဖျက်လိုက်ပြီ ဆိုပြီး စိတ်ချလက်ချ နေလို့မရပါ။ အီလက်ထရွန်နစ် သုတ နည်းနည်းရှိရင် ရှာဖွေလေ တွေ့ရှိလေ လုပ်လို့ ရပါသေးတယ်။
ကင်မရာကိုင်နေပြီ ဆိုရင်
ဒီတော့ အတူတူ အိပ်ကြ ရင်းနှီးကြချိန်မှာ ကိုယ့် အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်၊ ကိုယ့် ဖောက်သည်၊ ကိုယ့် ဘော့စ် ဘယ်သူပဲ ဖြစ်စေ ကင်မရာကိုင်ပြီ ဒါမှ မဟုတ် ကင်မရာဖုန်း ကိုင်ပြီ ဆိုရင်တော့ ထင်ပေါ် ကျော်ကြား လူကြည့်များခံရမယ့် ဘ၀ကို ရောက်ဖို့ ပထမခြေလှမ်းလို့သာ မှတ်ပေတော့။ ။
Nov 15, 2008
Women of the World Award အကြောင်း ကျွန်ုပ်ရေးခဲ့စဉ်က
Marie Claire မဂ္ဂဇင်းက ဘာသာမျိုးစုံနဲ့ ထုတ်တယ်။ ကမ္ဘာကျော်တယ်။ အမျိုးသမီးမဂ္ဂဇင်း။ လစဉ်ထုတ်။ စာအုပ်ဆိုင်ကြီးတွေရဲ့ အမျိုးသမီးစာစောင်တွေထားတဲ့ စင်ပေါ်မှာ တွေ့နိုင်တယ်။ စတိုးဆိုင် မဂ္ဂဇင်းစင်တွေမှာလည်း တွေ့နိုင်တယ်။ ၂၀၀၄ ခုနှစ် လေယာဉ်ကွင်းတခုမှာ အချိန်တွေပိုနေတာနဲ့ စာအုပ်ဆိုင်ထဲ လမ်းလျှောက်ရင်းနဲ့ Marie Claire မဂ္ဂဇင်းတစောင် ၀ယ်ဖြစ်တယ်။
ဘယ်အမျိုးသမီးဖတ်ဖို့ ဆိုပြီး ၀ယ်လိုက်တာတော့ မဟုတ်ပါဘူး။ အဖုံးပေါ်မှာ အမျိုးသမီး ၁၀ ယောက် ဆုရတဲ့အကြောင်း Women of the World Award ဆိုပြီး ရေးထားတာတွေ့လို့ မြန်မာပြည်ကအမျိုးသမီးတယောက်ယောက်များ ပါမလား ဆိုပြီး ဖွင့်ဖတ်ကြည့်ရင်း ပါတာနဲ့ ၀ယ်လိုက်တာ။ အဲဒီအကြောင်း ဖတ်ပြီး ဆောင်းပါးတပုဒ် ရေးခဲ့တယ်။
ဧရာဝတီမှာ ပါခဲ့တယ်။ အမျိုးသမီး ၁၀ ယောက်ရဲ့ ဓာတ်ပုံတွေလည်း ထည့်တယ်။ အခု အဲဒီ ပုံတွေ ရှာကြည့်သေးတယ်၊ မတွေ့သေးဘူး။
အခု လဆန်းပိုင်းမှာ ထိုင်း - မြန်မာ နယ်စပ်က ရှမ်းတိုင်းရင်းသူတစ်ဦး အပါအဝင် နိုင်ငံတကာက အမျိုးသမီး ၁ဝ ဦးဟာ အမေရိကန်မဂ္ဂဇင်းတစ်စောင်က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။
ဆုချီးမြင့်တဲ့ Marie Claire မဂ္ဂဇင်းဟာ အမျိုးသမီးရေးရာမဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး၊ နိုင်ငံတကာက အများအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေအကြောင်း ဖော်ပြလေ့ရှိပါတယ်။ အခု ချီးမြှင့်လိုက်တဲ့ ကမ္ဘာ့အမျိုးသမီးများဆုကတော့ မဂ္ဂဇင်းအနေနဲ့ ပထမဆုံးအကြိမ် တီထွင်လိုက်တာပဲ ဖြစ်ပါတယ်။
အဲဒီဆုကို ရရှိခဲ့တဲ့ အမျိုးသမီး ၁ဝ ဦးနဲ့ မိတ်ဆက်ပေးလိုပါတယ်။
ဘာဘိုရာဘူကော့ဗ်စကာ
ရှေ့နေ၊ စလိုဗက်နိုင်ငံ
စလိုဗက်နိုင်ငံ ဆေးရုံတွေမှာ အမျိုးသမီးတချို့ကို ကလေးမွေးပြီးတဲ့အခါ သားကြောဖြတ်လိုက်သတဲ့။ ဒီလို သားကြောဖြတ်တာဟာ ကာယကံရှင် အမျိုးသမီးတွေရဲ့ဆန္ဒ မဟုတ်ပါဘူး။
သားကြောဖြတ်ခံရတဲ့သူတွေဟာ လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုတစ်ခုကဖြစ်တယ် ဆိုတာကို အမှတ်မထင် သိရှိသွားတဲ့ ဘာဘိုရာဘူကော့ဗ်စကာက ဒီလိုမျိုး လူမဆန်တဲ့လုပ်ရပ်တွေကို စုံစမ်းပြီး ဖွင့်ချခဲ့ပါတယ်။
နာမည်ကျော်ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ ဘာဘိုရာက စုံစမ်းဖော်ထုတ်တဲ့ အလုပ်တွေအပြင်၊ ကာယကံရှင်တွေ လျော်ကြေးရရေးအတွက်ပါ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ရာနာဟူစိန်
စာနယ်ဇင်းသမား၊ ဂျော်ဒန်နိုင်ငံ
“သတင်းစာစောင်တွေထဲမှာ ပါတတ်တဲ့ စာကြောင်း ၂ ကြောင်းက ဘာလဲဆိုတော့ အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်၊ ပုလိပ်တွေက ဒီလူသတ်မှုကို စုံစမ်းနေတယ် တဲ့၊ ဒါပဲ။ စုံစမ်းတာကနေကို မတက်တော့ဘူး”
ဂျော်ဒန်နိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေကို ရာနာ က ပြောပြတာပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ရာနာက လူသတ်မှုတစ်ခုအတွက် သတင်းလိုက်ခဲ့ပါတယ်။ အသတ်ခံရတာက ၁၆ နှစ်အရွယ် အမျိုးသမီး။ ပြစ်မှုကျူးလွန်တဲ့သူက မိသားစုဝင်တစ်ယောက်။ ဒီမိန်းကလေး ဘာကြောင့် အသတ်ခံရသလဲလို့ ကျန်ရစ်သူမိသားစုကို မေးတော့ ထွက်လာတဲ့ အဖြေက “သူ့အစ်ကိုက သူ့ကို မုဒိမ်းကျင့်ခဲ့တယ်လေ” တဲ့။
မုဒိမ်းမှုအတွက် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကို အပြစ်ပုံချတယ်၊ မိသားစု ဂုဏ်သိက္ခာအတွက် အမျိုးသမီးတစ်ယောက်ကို သတ်လိုက်တယ်ဆိုတာ သိလိုက်ရတော့ အတော် ဒေါသထွက်သွားတယ်။
အခုဆို စာနယ်ဇင်းသမား ရာနာက ဒီလိုလူသတ်မှုပေါင်း ၂၅ မှုလောက်ကို နှစ်စဉ် ဖော်ထုတ် ရေးသားနေတဲ့အတွက် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားတာကတော့ ၁ နှစ်ကို နိုင်ငံတကာက အမျိုးသမီး ၅ဝဝဝ ကျော်ဟာ ‘ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်ခြင်း’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဓားစာခံဖြစ်နေပါသတဲ့။
ကက်လင်းလူးကက်စ်
လူ့အခွင့်အရေးလှုပ်ရှားသူ၊ အမေရိကန်ပြည်ထောင်စု
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက လူးကက်စ် နေတဲ့အိမ်ကနေ ၆ မိုင်လောက် ဝေးတဲ့နေရာက ထောင်တစ်ခုကို သတိပြုမိခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေးဌာနအောက်က ထောင်ကြီးတွေထဲက လူ ၈ဝဝ ကနေ ၁ဝဝဝ အထိ ဆံ့တဲ့ ထောင်တစ်ခုပေါ့။ နိုင်ငံရေးခိုလှုံခွင့်လျှောက်တဲ့သူတွေကို ဖမ်းထည့်ထားတယ်လို့ ဆိုပါတယ်။
“(အမေရိကန်ပြည်ထောင်စုထဲကို) ပြောင်းရွှေ့ဝင်ရောက်လာတဲ့သူတွေ၊ ခိုလှုံခွင့် လျှောက်တဲ့သူတွေကို ရာဇဝတ်မှု ကျူးလွန်မှုမရှိရင် ထောင်ထဲ ထည့်မထားသင့်ပါဘူး”လို့ လူးကက်စ်က ဆိုပါတယ်။
လူးကက်စ်ရဲ့အဖွဲ့ဟာ အကျဉ်းသားတွေအတွက် ရှေ့နေငှားပေးတာ၊ တရားရုံးကိစ္စတွေကို ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကိုင်နေပါတယ်။ သူဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားသူ ၉၄၅ ယောက်ကို အကျဉ်းထောင်တွေကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
နန်းချမ်တောင်း
လူ့အခွင့်အရေးလှုပ်ရှားသူ၊ ထိုင်းနိုင်ငံ
ဆုရရှိခဲ့တဲ့ ရှမ်းအမျိုးသမီး နန်းချမ်တောင်းဟာ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် ပူးပေါင်းဆောင်ရွက်ရေးအသင်းရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ နန်းချမ်တောင်းဟာ မြန်မာနိုင်ငံ ပြည်ပရောက်အဖွဲ့တွေထဲက ထင်ရှားတဲ့ ဒီအဖွဲ့မှာ အသက် ၁၇ နှစ်အရွယ် လွန်ခဲ့တဲ့ ၅ နှစ် ကတည်းက ပါဝင်ဆောင်ရွက်နေတာပါ။
နန်းချမ်တောင်းရဲ့အဖွဲ့ဟာ မြန်မာပြည်အရှေ့ဘက်ဒေသအတွင်း မြန်မာ့တပ်မတော်ရဲ့ မတရားပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ‘မုဒိမ်းကျင့်ခွင့်လိုင်စင်’ အမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း လူသိပိုများလာတဲ့အဖွဲ့အစည်းပါ။
“နန်းချမ်တောင်းရဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်ကို ရောက်လာတဲ့ ရှမ်းတိုင်းရင်းသား ၃ သိန်းဝန်းကျင်ရဲ့အရေးကို ကူညီဆောင်ရွက်နေတယ်။ နယ်စပ်ဒေသကို ရောက်လာတဲ့ ရှမ်းတိုင်းရင်းသားတွေဟာ မြန်မာစစ်တပ်က နည်းမျိုးစုံနဲ့အနိုင်ကျင့်လို့ နေရပ်ကို စွန့်ခွာခဲ့ရတာဖြစ်တယ်” စသဖြင့် ဆုချီးမြင့်တဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
နန်းချမ်တောင်းရဲ့စကားတစ်ခွန်းကိုလည်း မဂ္ဂဇင်းက ကိုးကားထားပါတယ်။ “မြန်မာတွေရဲ့အကြောင်း ပြောပြမှဖြစ်မယ်၊ သူတို့က ကမ္ဘာကို လိမ်ညာနေကြတာ” တဲ့။ ဒီစကားက အခြေအတင် ငြင်းခုံစရာမဟုတ်ရင်တောင်မှ အနည်းဆုံးတော့ စောဒကတက်စရာ စကားတစ်ခွန်းပါပဲ။ သို့ပေမယ့် ဒီစကားက နာမည်ပျက်နေတဲ့ မြန်မာ့တပ်မတော်ဟာ နန်းချမ်တောင်း မွေးဖွားကြီးပြင်းရာ ရှမ်းတိုင်းရင်းသားတွေရဲ့ဒေသမှာ အင်မတန် ဆိုးသွမ်းရမ်းကား ထင်ရာစိုင်းနေတယ် ဆိုတဲ့အချက်ကို ထင်ဟပ်နေပါတယ်။
ဒုက္ခသည်ဆိုတာ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တစ်မျိုးလိုဖြစ်နေတာ နှစ်ပေါင်း ၃ဝ ဝန်းကျင်ရှိလာပါပြီ။ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ဒေသလေးတစ်ခုကနေပဲ အရပ်သားတွေ သိန်းနဲ့ချီပြီး ကိုယ့်ဒေသကို စွန့်ခွာကြရတယ်၊ နန်းချမ်တောင်းလည်း ဒီအထဲက တစ်ယောက်ပေါ့။ အခက်အခဲတွေ့နေတဲ့ ဒီလူတွေ အားကိုးတကြီး ထွက်ပြေးခိုလှုံနေတဲ့နေရာကလည်း အရှေ့တောင်အာရှမှာ လူတွေကို ရောင်းစားတဲ့၊ လူကုန်ကူးတဲ့ နာမည်ကျော်ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ ဒီတော့လည်း သူတို့ထဲက တချို့အတွက် ထပ်ဆင့်ပြီး ဒုက္ခတွေ တွင်းဆုံးကျရပြန်ပြီပေါ့။
နန်းချမ်တောင်းဟာ ရောင်းစားကုန်ကူးခံနေရသူတွေအရေး ကူညီဆောင်ရွက်နေတဲ့အတွက် ဆုချီးမြှင့်ဂုဏ်ပြုတာဖြစ်တယ်လို့ မဂ္ဂဇင်းက ဖော်ပြထားပါတယ်။
အီမီလီယာ တေလာ
ဆီရီယာလီယွန်နိုင်ငံ
“သူတို့ ရှင့်ကို ဖမ်းလိမ့်မယ်၊ ကျွန်လို ခိုင်းစားမယ်၊ မုဒိမ်းကျင့်ဦးမယ်။ ရှင် ထွက်ပြေးဖို့ကြိုးစားလည်း အသတ်ခံရမှာပဲ” လို့ ပြောပြတဲ့ တေလာတစ်ယောက် အသက် ၉ နှစ်အရွယ်မှာ သူပုန်တွေဖမ်းတာ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူပုန်ဗိုလ်မယား၊ တိုက်ခိုက်ရေးသမား စစ်သားဘဝတွေကို မရောက်ချင်ဘဲ ရောက်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာတော့ သားတစ်ယောက် မွေးဖွားခဲ့တယ်။
သိပ်မကြာခင်မှာဘဲ စော်ကားနှိပ်စက်ခံဘဝကနေ အသက်စွန့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း သူတို့နိုင်ငံက ကလေးသူငယ် တစ်သောင်းဝန်းကျင်လောက်ဟာ တေလာ နည်းတူ ကျေးကျွန်တွေလို ခိုင်းစေခံခဲ့ရ၊ စစ်ပွဲတွေမှာ ဝင်ပြီးတိုက်ခိုက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကျောင်းတက်ရင်းနဲ့ အသံလွှင့်ဌာနတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ တေလာဟာ ဒီလိုဘဝဆိုးတွေကို ဖြတ်သန်းလာတဲ့ လူငယ်တွေအတွက် ပြန်လည်ကုစားရေးအစီအစဉ်တွေ ထုတ်လွှင့်နေပါတယ်။
ရီဘီယာ ကာဒီယာ
လူနည်းစု အမျိုးသမီးများအား ကူညီသူ၊ တရုတ်နိုင်ငံ
တရုတ်အစိုးရက လုပ်ငန်းရှင်ကြီးဖြစ်ခဲ့တဲ့ ကာဒီယာကို ထောင် ၈ နှစ် ချထားပါတယ်။ တရုတ်ပြည် ဇင်ကျန်းဒေသက လူနည်းစု အမျိုးသမီးများအခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့လို့ပါ။ ဇင်ကျန်းဒေသဟာ ဗလီဝတ်ကျောင်းတွေ အပိတ်ခံရ၊ အစိုးရဆန့်ကျင်တယ်လို့အထင်ခံရသူတွေ ဖမ်းဆီးခံရတဲ့ဒေသပါ။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လို အင်အားစုတွေက ဖိအားပေးလွန်းတဲ့အတွက် တရုတ်အစိုးရက သူ့ကို ထောင်ဒဏ် ၁ နှစ် လျှော့ပေးလိုက်ပါပြီ။ ထောင်ဝင်စာသွားတွေ့တဲ့ သူ့သားသမီးတွေကို ကာဒီယာက ဒီလို ပြောခဲ့ပါတယ်။
“ဂုဏ်ယူကြစမ်းပါကွာ၊ ငါ ထောင်ထဲရောက်နေတယ်ဆိုပြီး သိမ်ငယ်မနေကြနဲ့”
ဂျနီနာ အိုချော့စခါ
ဒုက္ခသည်များအား မျှော်လင့်ချက်ပေးသူ၊ ပိုလန်နိုင်ငံ
အသက် ၆ လသမီး အရွယ်တုန်းက ပိုလီယိုရောဂါရခဲ့တဲ့ အိုချော့စခါတစ်ယောက် မသန်မစွမ်းကလေးများဂေဟာမှာ ကြီးပြင်းခဲ့ရပါတယ်။ အခု အသက် ၄၆ နှစ်အရွယ်မှာတော့ လူသားချင်းစာနာမှု လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေပါပြီ။ ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက သူကိုယ်တိုင် ဖွဲ့စည်းခဲ့တာပါ။ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ စတာတွေကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ရည်ရွယ်ပါတယ်။ အာဖဂန်နစ္စတန်၊ အီရတ်နိုင်ငံတွေမှာ သူ့အဖွဲ့က ကူညီနေပါတယ်။
အကူအညီပေးတဲ့လုပ်ငန်း တစ်ခုတည်းမဟုတ်ဘဲ ပူးပေါင်းလုပ်ကိုင်ဖို့ ကိုယ်ထူကိုယ်ထ လုပ်နိုင်ဖို့ စတဲ့ လက်တွဲခေါ်ဆောင်ရေး လုပ်ငန်းအစီအစဉ်တွေလည်း ချမှတ်ဆောင်ရွက်ပါတယ်။
ဟာဝါအာဒင် မိုဟမ်း
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ ဆိုမာလီယာနိုင်ငံ
ဆိုမာလီယာနိုင်ငံက မိန်းကလေး ၉၈ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ခွဲစိတ်တာကို ခံနေရပါတယ်။ “ဒီရိုးရာအတိုင်း အဘွားလည်း လုပ်ခဲ့ရတာပဲ၊ အမေလည်း လုပ်ခဲ့ရတာပဲ တဲ့။ အမျိုးသမီးတွေက ဘာမှန်းမသိတာကို ကြောက်နေကြရတယ်။ ဒါမျိုးမလုပ်ခဲ့တဲ့အမျိုးသမီးကို မတွေ့ဖူးကြဘူးဆိုတော့ ကိုယ်မလုပ်လိုက်ရင် တခုခုဖြစ်လာလေမလားဆိုပြီး ဘာမှန်းမသိတာကို ကြောက်နေကြတယ်” လို့ မိုဟမ်းက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး မိုဟမ်းတစ်ယောက် ဒီဓလေ့ကို ဆန့်ကျင်တဲ့ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ နိုင်ငံအနှံ့ လှည့်ပြီး စီစဉ်ပြုလုပ်ခဲ့တယ်။ လူပေါင်း တစ်သောင်းရှစ်ထောင်ကျော် လမ်းပေါ်ထွက် ဆန္ဒပြအောင် စည်းရုံးနိုင်ခဲ့တယ်။
အခုရရှိမယ့် ဒေါ်လာ ၅ဝဝဝ ကိုတော့ အမျိုးသမီး ပညာပေးအစီအစဉ်အတွက် သုံးဖို့ စိတ်ကူးထားပါသတဲ့။
ယနာ မိုဟမ်မက်
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ အီရတ်နိုင်ငံ
ဒီတစ်ယောက်ကတော့ အမျိုးသမီးအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေကို ကန့်ကွက်တိုက်ပွဲဝင်နေတဲ့ သူပါ။
ပြီးခဲ့တဲ့နှစ်က ဘဂ္ဂဒက်မြို့တော်က ဆန္ဒပြပွဲတစ်ခုမှာ မိုဟမ်မက်က ဒီလိုပြောခဲ့ပါတယ်။
“ဒီနေ့ခေတ်မှာ အမျိုးသမီးတွေကို ဆန့်ကျင်သူတွေ မလွယ်ဘူးသာ မှတ်ပေတော့။ ကျမတို့ရဲ့ဆန္ဒကို အများသိအောင် လုပ်နေပြီမို့၊ ကျမတို့ကို ချုပ်ချယ်တားဆီးဖို့ လွယ်လွယ်နဲ့ မရတော့ပါဘူး”
ဒီလို စည်းရုံးလှုံ့ဆော်ခဲ့တဲ့အတွက် သူ့ဆီကို စာတစ်စောင် ရောက်လာပါတယ်။ ခြိမ်းခြောက်တဲ့စာပါ။ “မင်းလုပ်နေတာတွေ ရပ်တန်းက မရပ်သေးဘူး။ ငါတို့ဆီမှာ ခါးပတ်ကြိုးတွေ လျှော့ထားတဲ့၊ မင်းကို ဖောက်ခွဲပစ်ချင်တဲ့သူတွေ အများကြီး ရှိနေတယ်” တဲ့။
မိုဟမ်မက်ကလည်း နောက်တစ်လခွဲအကြာမှာ ဆန္ဒပြပွဲနောက်တစ်ခု စီစဉ်လိုက်ပါတယ်။ အမျိုးသမီးပေါင်း ၉ဝဝ ကျော် ပါဝင်အောင်လည်း စည်းရုံးနိုင်ခဲ့တယ်။
ဒီနေ့အချိန်မှာတော့ မိုဟမ်မက်ရဲ့ ပိုက်ဆံအိတ်ထဲမှာ သေနတ်တစ်လက်ဆောင်ထားတာ တွေ့ရမယ်။ ရန်သူဝိုင်းနေတဲ့အတွက် သက်တော်စောင့်တစ်ယောက်ခြံရံပြီး ခရီးသွားနေတာ တွေ့ရပါမယ်။ အခုရရှိတဲ့ ဆုငွေနဲ့ တတိယမြောက် အမျိုးသမီးဂေဟာတစ်ခု တည်ထောင်နိုင်ကောင်းပါရဲ့။
အလီနာ နီကိုလာနာ ရှီတိုဘာ
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ ရုရှနိုင်ငံ
ဆုရရှိတဲ့သူတစ်ဦးဖြစ်တဲ့ ရှီတိုဘာ က မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက် နှိပ်စက်ခံနေရတဲ့ အမျိုးသမီးတွေအရေးအတွက် ဆောင်ရွက်နေပါတယ်။ သူဦးဆောင်တဲ့အဖွဲ့ဟာ ၁ နှစ်ကို ဒီလိုအမျိုးသမီး ၁ဝဝဝ လောက်ကို အကူအညီ ပေးနေပါတယ်။ သူတို့ ရုရှနိုင်ငံမှာတော့ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိနစ် ၄ဝ ပြည့်တိုင်း အမျိုးသမီးတစ်ယောက် အသက်ဆုံးရှုံးနေတယ်လို့ ဆုပေးတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ၁ နှစ်ကို အမျိုးသမီးပေါင်း တစ်သောင်းလေးထောင်နီးပါး သေဆုံးနေ အသတ်ခံနေရတယ် ဆိုတဲ့သဘောပါ။
အခုပေးအပ်တဲ့ဆုကို နှိပ်စက်ညှဉ်းပန်းခံနေရသူတွေ၊ လူမှုအသိုင်းအဝိုင်းက အပယ်ခံထားရတွေရဲ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေထဲကနေ စိစစ် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဂုဏ်ပြုဆုအတွက် ဒေါ်လာ ၅ သောင်း သတ်မှတ်ထားပြီး ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရတဲ့ ဒီအမျိုးသမီး ၁ဝ ဦးကို အချိုးကျ ခွဲဝေပေးအပ်မှာပါ။ သူတို့ ၁ဝ ဦးရဲ့ လှုပ်ရှားမှုတွေ၊ ရင်ဆိုင်နေရတာတွေဟာ ကမ္ဘာပေါ်က လူအတော်များများအတွက် အသစ်အဆန်း ဖြစ်နေမယ်လို့ ယူဆရပါတယ်။ ။

Subscribe to:
Posts (Atom)