Mar 7, 2010

problem for you

ဆိုကြပါစို့ ခင်ဗျားက အရမ်း အလုပ်များတယ်။ သတင်းလည်း ဖတ်ချင်တယ်။ မြန်မာပြည် ဘာတွေ ဖြစ်နေသလဲ သိချင်လို့။ ခင်ဗျားရဲ့ ပြဿနာက သတင်းဖတ်ဖို့ အချိန်က နေ့တိုင်း နာရီဝက် (နာရီဝက်) ပဲ ရှိတယ်။ ဒါဆိုရင် မေးခွန်းက -
အောက်မှာ ရေးထားတဲ့ ဘယ်ဝက်ဆိုက်ကို အရင် သွားမလဲ။ အချိန်ရဦးမယ် ဆိုရင် ဘယ်ဝက်ဆိုက်ကို သွားချင်သေးလဲ။ နောက်ဆုံးမှ သွားမယ့် ၀က်ဆိုက်က ဘာဖြစ်မလဲ။

က ။ ဒီမိုကရေစီသမားတွေကို နှိပ်ကွပ်တာတွေ ပြည့်နေတဲ့ ၀က်ဆိုက်
ကာ ။ ပေါတာကြီးသန်းရွှေတို့ကို နှိပ်ကွပ်တာတွေ ပြည့်နေတဲ့ ၀က်ဆိုက်
ကိ ။ ဒီမိုကရေစီ လှုပ်ရှားသူတွေကို စာနာတဲ့ ၀က်ဆိုက် (ပေါတာကြီးတို့ကိုလည်း တခါတရံ နှိပ်ကွပ်တယ်)
ကီ ။ ဘယ်သူ့ကိုမှ မဆဲဘူး၊ မထောက်ခံဘူး၊ မြင်တာကိုပဲ ပြောတဲ့ ၀က်ဆိုက်
ကု ။ သတင်းပေါင်းစုံရဲ့ လင့်တွေကို စုထားပေးတဲ့ ၀က်ဆိုက်
ကူ ။ တကိုယ်တော်သမားတွေ လက်စွမ်းပြတဲ့ ဘလော့

ဒီဘလော်ဂါတွေ ဖြေပေးပါ၊ ကျေးဇူးပြု၍း)

http://aungthange.blogspot.com/ ပိုင်ရှင် မစ္စတာ အောင်သာငယ်

http://blueskyforest.blogspot.com/ ကို ဖန်တီးတဲ့ ပြည်ပရောက်တောအုပ် နဲ့ မိုးကောင်းကင်

http://www.mindin.info/ နဲ့ အလုပ်များနေတဲ့ ကိုမင်းဒင်

Tag တယ်ပေါ့ဗျာ။ ဒုက္ခပေးတယ် လို့ ဘာသာပြန်သော် ရ၏။ ရှည်ရှည်ဝေးဝေး ဖြေပေးလည်း ရ၏။ လိုတိုရှင်း မြန်မြန်ပြောလိုလည်း ရ၏။ ဒီနေ့ပြောလည်းရ၊ နောက်နေ့တွေ အားမှ ပြောလည်း ရပါ၏။ ကျေးဇူး တင်ပါ၏။

Feb 27, 2010

general

ဗိုလ်မှူးကြီး တင်မိုး၊ ဗိုလ်မှူးကြီး သန်းနိုင်ဦး တို့လည်း ဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်နေပါပေါ့လား။၂၀၀၉ မတ်လတုန်းက တရုတ်ပြည်က ဆွေးနွေးပွဲတခုမှာ ရိုက်ထားတဲ့ ပုံပါ။

AP Photo 11 months ago

Myanmar Colonel Than Naing Oo, right, with his colleague Colonel Tin Moe take pictures before the start of the China-ASEAN Dialogue between Senior Defense Scholars in Beijing, China, Monday, March 30, 2009. China this week is hosting talks with high-ranking military officers from the ten countries that make up the Association of Southeast Asian Nations as part of efforts to boost cooperation and head-off clashes over rival claims to disputed island chains in the South China Sea. Speaking at Monday's opening ceremony, a Chinese general warned that the global financial crisis could aggravate such disputes by increasing competition for resources.

မလေးရှားက ဗိုလ်မှူးကြီး Ranjit S. Ramday နဲ့ ဘာတွေ ပြောနေပါလိမ့်။ ပြုံးတော့ ပြုံးနေတာပဲ။ (ကျနော့်လိုပဲ ထင်ပါရဲ့၊ ကျနော်လည်း တပါးသူပြောတာ နားမလည်ရင် ပြုံးပြလိုက်တယ်း)


ဒီပုံလည်း ကျနော့်စတိုင်ကို ယူထားတာပဲ။ အင်္ကျီကြယ်သီးတွေက ခါးပတ်ခေါင်းနဲ့ တည့်တည့် ဖြစ်မနေဘူး။ လူဖြစ်ရတာ မလွယ်ဘူးဗျာ။ အမျိုးသမီးတွေ ဆိုရင်လည်း စကပ် ၀တ်ရတော့ ထိုင်တဲ့အခါ ဒူးကို ညောင်းနေအောင် စေ့ထားရမယ်။ အမျိုးသားတွေကျတော့လည်း ဘောင်းဘီဝတ်ရတော့ ဟန်ကျတယ် ဆိုပေမယ့် တခါတလေ ဇစ်ဆွဲမတင်မိတာမျိုး ဖြစ်တတ်တယ်။ ရှုံ့ကြိုးတပ် ဘောင်းဘီတွေ ခေတ်စားလာရင်တော့ ကောင်းမယ်။ အဲဒီလို အားကစား ဘောင်းဘီတွေဟာ လူကြီးလူကောင်း ၀တ်စုံ (၀ါ) ပွဲတက်ဝတ်စုံ ဖြစ်သင့်တယ်။ ရှေးလူကြီးများ တယ်ညံ့သကိုး။ အလှကြိုက်ကြတယ် ထင်ပါရဲ့။ ဒီလိုဘောင်းဘီတွေဟာ ဇစ်ဆွဲတင်ရတာနဲ့၊ ကြယ်သီးတို့ ဘာတို့ တပ်ရတာနဲ့၊ ခါးပတ်လည်း ပတ်ရသေးတယ်။ ကျနော်ကတော့ ဘောင်းဘီရှည် ၀တ်ရင် အင်္ကျီကို အပြင်ထုတ်ဝတ်တယ်။ တခါတလေ မေ့ပြီး ဇစ်ဆွဲမတင်မိတာ လူတွေမြင်ရင် ဟားကြမှာ စိုးလို့ ။

နေစမ်းဘာဦး၊ ဒီပို့စ်က ဘာအကြောင်း ရေးထားတာလဲ လို့ မေးလာရင် အင်း - ဘယ်လို ဖြေရပါ့။ ပြန်ဖတ်ကြည့်ပေါ့လို့ ဖြေရမယ် ထင်တယ်။ ပြန်ဖတ်မနေပါနဲ့ဗျာ။ လျှောက်ရေးထားတာပါ။ စကားမစပ် - ကိုယ်ရေးလိုက်တာတွေဟာ အယ်ဒီတာ့စားပွဲ၊ သားသတ်သမားစားပွဲကို မဖြတ်ဘဲ အင်တာနက်ပေါ် ရောက်သွားတယ်ဆိုတာ သိပ်ကျေနပ်စရာ ကောင်းပါတယ်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျေနပ်စရာပါ။ ကျေနပ်ချင်လို့ ဒီပို့စ်ကို ရေးတယ် ဆိုပါစို့ရဲ့။

Feb 16, 2010

Cambodian and Burmese language

ကမ္ဘောဒီးယားနဲ့ မြန်မာစာ ဘာဆိုင်လို့လဲ
အင်း - ဟုတ်ပါတယ်။ ဘာမှ မဆိုင်ပါဘူး ဆိုပါတော့။ နို့ပေမယ့် ရေးစရာ အကြောင်းအရာ ၂ ခု ဒီနေ့ နေ့လယ်မှာ ရေးလိုက်ချင်တာနဲ့ ပို့စ် တခုတည်းမှာ ပေါင်းထည့်လိုက်လို့ ဆိုင်သလို ဖြစ်သွားတာပါ။ ဒီလို - ဒီလို

အပေါ်က သတင်းမှာ တွေ့ရတဲ့အတိုင်း ကမ္ဘောဒီးယားတွေ ရန်ကုန် ဘုရားဖူး သိပ်လာတယ် ဆိုပဲ။ ၂၀၀၉ ဇန်န၀ါရီ တလတည်းမှာတင် သောင်းနဲ့ချီပြီး ရှိတယ်လို့ သတင်းက ဆိုတယ်။ ဘယ်နေ့ထုတ် ဘယ်ဂျာနယ်ထဲက ယူထားသလဲတော့ မမေးနဲ့။ ကျနော် တကယ် မမှတ်သားမိလိုက်ဘူး။ ဒါကြောင့်လည်း စည်းကမ်းရှိတဲ့ဒီမိုကရေစီ လိုအပ်တာ ထင်ပါရဲ့း)

ဒီလိုပါပဲ။ စိတ်ဝင်စားတဲ့ အပိုင်းအစလေးတွေ ကွန်ပြူတာထဲ လျှောက်ထည့်ထားတာ သိပ်များတယ်။ စောစောက တခုခု ရှာရင်းနဲ့ ဒါလေး ၂ ခု အမှတ်တမဲ့ တွေ့တာနဲ့ တင်လိုက်ဦးမှ ဆိုပြီး တင်လိုက်တာပါ။ အနာဂတ်မှာတော့ စည်းကမ်းရှိရှိ သိမ်းဆည်းဦးမှ။ ဒါမှမဟုတ် တင်စရာရှိတာ ကိုယ့်ဘလော့မှာ ချက်ချင်းတင်လိုက်ရင် ကောင်းမယ်။ ဒါဆို အကြွေး မတင်တော့ဘူး။

လောလောဆယ်တော့ အိမ်မှာ အင်တာနက် တလ ပျက်မယ်။ အင်တာနက်နှေးလို့ ကုမ္ပဏီ အသစ်ပြောင်းတာ မှားသွားတယ်။ ပြောင်းကာမှ အင်တာနက်က လေးရက် ပျက်လိုက်၊ ငါးရက် ပျက်လိုက်နဲ့။ ခုတော့ ဖေဖော်ဝါရီ တလလုံး မလာပါဘူး တဲ့ ခင်ဗျား( ကုမ္ပဏီ နာမည်က 3BB ဆိုလား ဘာဆိုလား။ စိတ်ညစ်တာနဲ့ နာမည်တောင် မေ့သွားပြီ။

လိုရင်း ပြန်ကောက်ရရင် ကမ္ဘောဒီးယားတွေ ရွှေတိဂုံသွားတာ တလတည်းမှာတင် သောင်းနဲ့ချီပြီး ရှိတယ်တဲ့။ သိပ်များတဲ့ ပမာဏနော်။ မြန်မာဘုရားဖူးတွေရော ကမ္ဘောဒီးယားက အန်ကောဝပ်တို့ ဘာတို့ကို ဘယ်နှစ်ယောက် သွားကြပါလိမ့်။ သိချင်လိုက်တာ။

တန်ခိုးကြီးတာ တန်ခိုးသေးတာက ထားပါတော့၊ ကျနော်ကတော့ ခရီးစရိတ် ဖြုန်းနိုင်မှုကို နည်းနည်း တွေးကြည့်တာပါ။ ကမ္ဘောဒီးယားတွေ ကံကောင်းတယ် ဆိုရမှာပဲ။ ခရီးသွားနိုင်လို့။

နောက်ထပ် ရှယ်ချင်တဲ့ အပိုင်းအစ တခုကတော့ မြန်မာစာ သမားတွေ ဂုဏ်တင့်တဲ့ အကြောင်းဗျာ။ ဟောသမှာ ဖတ်ပါဦး)

ကဲ - အဲဒါပါပဲ။

စာအညံ့ဆုံးသူတွေ တက္ကသိုလ် တက်ရင် မြန်မာစာတို့ ဘာတို့ပဲ ရကြရှာတယ်ဆိုတော့ မြန်မာစာက မြန်မာပြည်မှာ ဂုဏ်ငယ်နေတာ ကြာပေါ့လို့ ထင်မိပါတယ်။ ဒါပါပဲ ပြောချင်တာကတော့း)

Feb 11, 2010

Photos in Lana Resort, Chiang Mai

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းမိုင်မြို့ပြင်က Lana Resort ဆိုတဲ့ နေရာမှာ ရိုက်ထားတဲ့ ပုံတွေပါ။


ဒါက Lana အပြင်ဘက်က ကားလမ်းမ မြင်ကွင်း)

အချိန်ပိုလို့  ကျန်းမာရေးလိုက်စား စက်ဘီးနင်းနေသူလည်း တွေ့တယ်။
ဘာပင်လို့ ထင်သလဲ။
တရုတ်စကားပန်းပင်ဗျ။ အရွက်လည်း မရှိ အပွင့်လည်း နတ္ထိ။ ဒါလည်း လှတာပဲ။
Lana Resort အ၀င်လမ်း။

အဲဒီလမ်းဘေးက မြင်ကွင်းတခု။ သစ်ပင် ပင်စည်က ကာလာဖူး ဖြစ်နေလို့ ရိုက်ထည့်လိုက်တာ။ ယူကလစ်ပင် ဆိုပဲ။

ထမင်းစားတဲ့နေရာကနေ မြင်ရတဲ့ဟာ။

ရိုးရာ ရေအိုးစင်။ ဖော်ရှိုးပေါ့ဗျာ။ ရေဘယ်ရှိပါ့မလဲ။ ကလေးတွေ လာဆော့လွန်းလို့ ရေမထည့်တာဆိုပြီး ဆိုင်က ဆင်ခြေပေးတယ်လို့ မိတ်ဆွေတယောက်က ပြောပြတယ်။

ဒါက ၀ါးဒီးဖွင့်တဲ့နေရာ။ ညဘက်ဆိုရင်တော့ သောက်ဒီးလည်း ပါတယ်။ ဆိုင်အရက်က ဈေးကြီးတော့ မြို့ထဲကနေ ၀ယ်လာကြတယ်း)
အပြင်ဘက်က ပျိုးပင် ပန်းပင် စသဖြင့် အရောင်းဆိုင်။ ၀ိတ်လျှော့နေတာခင်ဗျ။

ဟေ့လူကြီး ကျုပ်ဝိတ်လျှော့တဲ့ပုံကို ဘလော့ပေါ် မတင်နဲ့နော်။ အီးမေးနဲ့လည်း ဖြန့်မနေနဲ့။

လောရှည် - သြော် - မင်းကလည်း၊ ဒီလူကို ဒီလိုသွားပြောလို့ ရမလားကွ။

ဂျပု - ဒီလို မပြောလို့ ဘယ်လိုပြောရမှာလဲဟ ခွေးမသားရ။

လောရှည် - အင်း - ပြောမရရင်တော့ နောက်တခါတွေ့ရင် ခြေသလုံးသာ ပြေးကိုက်ပေတော့။ ဒီကောင်တွေ ဒီနေရာမှာ ဘာလာလုပ်တာလဲ မင်းသိလား။

ဂျပု - အလေ လာလိုက်တာ နေမှာပေါ့။ လူသတ္တ၀ါတွေက အလုပ်မရှိ လျှောက်သွားနေကြတာ မင်းလည်း သိသားပဲ။

လောရှည် - မင်းကို ဓာတ်ပုံရိုက်လိုက်တဲ့ ငနဲကို ကြည့်ရတာတော့ ရည်ရည်မွန်မွန် သန့်သန့်ပြန့်ပြန့် ရိုးရိုးသားသား ရှိပုံရတယ်။

ဂျပု - အင်း ဟုတ်တယ်။ ဒါပေမယ့် နည်းနည်းတော့ ကြောင်တယ်။ သူတို့တည်းတဲ့ Lana ထဲမှာ ငါလျှောက်ပြေးနေတော့ အသေအချာ လိုက် ကြည့်နေတယ်။ ကျန်တဲ့ငနဲတွေကတော့ ခပ်တည်တည်ပဲ။

လောရှည် - ဟေ့ကောင်ဂျပု - - ၊ ဟိုငနဲ ငါတို့ကို လှမ်းရိုက်နေပြန်ပြီ။
ဂျပု - သွားဖြဲပြလိုက်ပေါ့ကွာ။
း) သူတို့စကားကို ဘာသာပြန်တတ်လို့တော့ မဟုတ်ပါဘူး။ ထင်ရာ လျှောက်ရေးလိုက်တာပါ။ တော်သေးပြီ။ နားဦးမည်။း)


Feb 9, 2010

rarely used burmse alphabet

ဎ - ဒါ့ရေမှုတ် ဆိုတဲ့ခလုတ် ကျနော့် ကီးဘုတ်မှာ မရှိဘူး။ အင်တာနက်ကနေ ကော်ပီကူးလိုက်ပါကြောင်း။
မြန်မာဗျည်းတွေထဲက ဒီ ဒါ့ရေမှုတ် ဆိုတဲ့ ဗျည်းက ဘယ်မှာ သုံးပါလိမ့်လို့ စဉ်းစားနေတာ ကြာပြီ။ အဘိဓာန်တွေထဲမှာလည်း မတွေ့ပါဘူး။ ရှိရင်လည်း ၁၄ ခုမြောက်ဗျည်း ဆိုတာပဲ ပါလိမ့်မယ်။ တချို့ဆို ဘာကြောင့် သူကောင့်သားကို ထည့်ထားပါလိမ့် ဖြုတ်လိုက်ပါလားလို့တောင် ပြောတာ ကြားဖူးတယ်။ ဖြုတ်တော့ မဖြုတ်ပါနဲ့။ အသုံးတော့ ကျမှာပါ။

လောလောဆယ် ဆိုင်ကယ်နံပါတ်မှာ အသုံးပြုတယ် ဆိုတာတွေ့ရတယ်။ ဂျာနယ်တခုမှာ တွေ့လို့ ဖြတ်ညှပ်ကပ်ပေးလိုက်ပါတယ်။




Feb 7, 2010

No comment, please


ဒီရက်ပိုင်း သတင်းစာတစောင်မှာ တွေ့ရတဲ့ ကြော်ငြာတွေဗျာ။ စုံစမ်းမေးမြန်းခြင်းကို သည်းမခံပါ ဆိုတာတွေပေါ့။ မိသားစုအတွင်း ကွိုင်တက်ရာကနေ သတင်းစာပေါ် တက်လာကြတာ မဟုတ်လား။

အဖြစ်ကလည်း ဆိုးလိုက်တာ၊ သတင်းစာမှာ ပုံနှိပ်စာလုံးတွေ အများကြီး ရှိပါလျက်ကယ်နဲ့ ဒီလို ပေါက်ကရကြော်ငြာတွေမှ အရင်ဦးဆုံး ဖတ်နေရတယ်။ မျက်နှာဖုံးမှာ ဦးစားပေးထားတာတွေက ပိုပြီး ပေါက်ကရဖြစ်နေတော့ ရွေးစရာ မရှိဘူး၊ သာရေးနာရေး ကွာရှင်းရေးတွေကိုပဲ အရင် ဖတ်ရပြီပေါ့။

စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုတဲ့ စာတန်းလည်း အဲဒီ ကြော်ငြာတွေမှာ ပါတယ်။ ဘာမှ မမေးနဲ့ မပြောနဲ့ ပေါ့ဗျာ။ စပ်စုတတ်တဲ့ လူ့သဘာဝကို ဟန့်တားတဲ့ ကြော်ငြာတွေမို့ "စုံစမ်းမေးမြန်းနိုင်ပါသည်" ဆိုတဲ့ စာတန်းကို ဘယ်တွေ့ရပါ့မလဲး)

ပြတ်စဲကြောင်း မသက်ဆိုင်တော့ကြောင်း အော်ချက်ထုတ်တာတွေဟာ ရံဖန်ရံခါ အင် ဖြစ်နေတယ်တယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ လင်မယား ကွာရှင်းပြီဆိုပြီး မကြာခင်က သတင်းတွေမှာ ပါလာတယ်။ အများစု ယုံကြည်တာကတော့ မိသားစုရဲ့ မာဖီးယားစီးပွားရေးတွေ အသိမ်းခံရမှာစိုးလို့ သို့ကလို အော်ချက်ထုတ်တာ တဲ့။ ဆယ်ပြားစေ့သက်ဆင်က တရားခံပြေး မဟုတ်လား။ (သူ့နောက် လိုက်မနေဘဲ ဘန်ကောက်မှာ) ကျန်ရစ်သူ မိသားစုက ပိုင်တဲ့ စီးပွားရေး ဆိုတော့ အသိမ်းခံရမှုကနေ လွတ်ငြိမ်းချမ်းသာခွင့် ရမယ် ဆိုတဲ့သဘော။

မြန်မာပြည်ထဲမှာလည်း လိမ်ပြီး ကြော်ငြာတာ ကြုံဖူးတယ်။ ဆယ်ပြားစေ့သက်ဆင်လို ကလိမ်ကျတာတော့ မဟုတ်ပါဘူး။

ဒီလို - ဒီလို - ကျနော့် မိတ်ဆွေနိုင်ငံရေးသမား တယောက်က ရန်ကုန်မှာ နေတယ်။ လှုပ်ရှားတယ်။ နယ်မှာ ရှိတဲ့ သူ့မိသားစုက မသက်သာဘူး။ ကျက်သရေတုံးတဲ့ ထောက်လှမ်းရေးများက သူ့မိသားစုကို မကြာမကြာ သွားကြပ်တယ်။ ခင်ဗျားရဲ့ သားတော်မောင်ဆီက ဘာသံကြားလဲ ဘယ်တော့ ပြန်လာမယ် ထင်လဲ ဘာလုပ်နေလဲ ဘာကြောင့်လုပ်တာလဲ စသဖြင့် ဘ ၁၆ လုံးနဲ့ နှိပ်စက်တာကြောင့် မိသားစုက သတင်းစာကနေ ကြော်ငြာထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လာမနှောင့်ယှက်နဲ့ ဆိုတဲ့ကြော်ငြာပေါ့။ အဲဒီလို စကားလုံး အတိအကျတော့ ဘယ်သုံးပါ့မလဲ၊ သားအဖြစ်မှ စွန့်လွတ်ခြင်း၊ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဘာညာပေါ့။

ခွေးမသား ထောက်လှမ်းရေး (ခွေးတွေတော့ သိက္ခာကျပါပြီ ဒုက္ခပဲ) အဲဒီ ထောက်လှမ်းရေး လာတဲ့အခါကျတော့ အဲဒီ သတင်းစာကြော်ငြာ ပြလိုက်ပြီးနောက်ပိုင်းမှာ သူကောင့်သား ထောက်လှမ်းရေးက ထပ်မံနှောင့်ယှက်ခြင်း မပြုတော့ဘူး ဆိုပဲ။

အယုတ်တမာကောင်တွေကို မမြင်ချင်လို့ လိမ်ပြီးကြော်ငြာတာတွေ ဘယ်လောက်များမလဲ မသိပါဘူး။

သူတို့ရဲ့ ဖေဖေကြီး ဗိုလ်ခင်ညွန့်ကလည်း သို့ကလို ကြော်ငြာဖူးတာပဲ၊ သားတော်မောင် ရဲနိုင်ဝင်းက လူမျိုးခြားနဲ့ သီးချိန်တန် သီးတဲ့အတွက် သားအဖြစ်က စွန့်လွတ်တယ်လို့ သတင်းစာကနေ အော်ချက်ထုတ်တယ်။ (အိမ်ပြန်ရောက်မှ အဲဒီပုံ ပြန်ရှာပြီး တင်ဦးမှပဲ။ ဗိုလ်ခင်ညွန့်ရဲ့ ကြော်ငြာ။)

တကယ် စွန့်လွတ်ပုံ မရပါဘူး။
ဗိုလ်ခင်ညွန့်ကို ဖမ်းတော့ မိသားစုဝင်အားလုံး အဖမ်းခံရချိန်မှာ ဦးရဲနိုင်ဝင်းလည်း သံတိုင်နောက် ရောက်တယ်လို့ မှတ်သားရဖူးတယ်။

ဘာတွေ ရေးထားတာလဲ မေးမနေနဲ့ဗျာ။ သတင်းစာဖတ်ပြီး စိတ်ကူးတခုရပြီး လျှောက်ရေးလိုက်တာပါ။ ကျနော် အခု ဆွေးနွေးပွဲ တခုကို ရောက်နေတယ်။ အင်္ဂလိပ်လိုတော့ ၀ပ်ရှော့ လို့ ခေါ်တယ်။ အလုပ်ရုံဆွေးနွေးပွဲလို့ တချို့က ဘာသာပြန်တယ်။ ထိုင်နေရတာဟာ အလုပ်တခုလို့ ခင်ဗျား ယူဆရင် အဲဒီဘာသာပြန်ချက်ကို ကြိုက်မှာပါး)

ဝပ်ရှော့ဆိုတော့ ပျော်စရာ ဘယ်ဟုတ်ပါ့မလဲ ကိုယ့်လူတို့ရယ်။ ၃ ရက် လုပ်မယ်။ နက်ဖန် ၁ ရက် ကျန်တယ်။ ၀ပ်ရှော့ထဲမှာ အတည်ပြောတာ ပေါက်ကရ ပြောတာတွေကို နားဒုက္ခခံရင်း လျှောက်ရေးရတဲ့ စာ ဆိုတော့ အူကြောင်ကြောင် ဖြစ်သွားရင် တောင်းပန်ပါရဲ့။

တော်သေးပြီ။

Feb 1, 2010

let's eat!

စားလိုက်ကြစို့ သူငယ်ချင်း
အရသာရှိတဲ့ ပို့စ်ကိုဖတ်မှ အရသာရှိမယ် မဟုတ်လား။
ကျွဲရောင်းလာကြတဲ့ လူကြီးမင်းများ အရသာရှိစေဖို့ စီစဉ်တင်ဆက်လိုက်ပါတယ် ဆိုပါရစေး)
မိတ်ဆွေများ မြင်ငတ်ဖြစ်နေရတာကတော့ Spicy fried noodles တဲ့။ ခေါက်ဆွဲပြား ခပ်ကြီးကြီးကို ပင်စိမ်းရွက်၊ အသားတမျိုးမျိုး၊ ငရုတ်သီး တို့နဲ့ ကြော်ထားတာ။ အောက်ခံအစိမ်းရောင်ကတော့ ဆလပ်ရွက်ကို ခင်းထားတာပါပဲ။ ခရမ်းကျွတ်သီးလည်း ပါတယ်။
ညာဘက်ထောင့်က ခွက်အဖြူ ၄ လုံးတွဲကတော့ ထိုင်းနိုင်ငံ ခေါက်ဆွဲဆိုင်တကာ စားပွဲပေါ်တင်ထားတတ်တဲ့ ရှာလကာရည်၊ ငရုပ်သီးရည်၊ ငရုပ်သီးမှုန့်၊ သကြား တို့ကို ထည့်ထားတာပါ။ ကျနော်ကတော့ အဲဒါတွေ ထည့်မစားပါဘူး။ ခေါက်ဆွဲနာမည်ကိုက Spicy fried noodles ဆိုတော့ စပ်ပြီးသား မဟုတ်လား။
ကျနော့်ရှေ့က ကချင်ကြီးကလည်း ဒီခေါက်ဆွဲပဲ စားတာပါ။ (တကယ်တော့ သူမှာတဲ့ခေါက်ဆွဲမျိုး ကျနော် လိုက်မှာတာ။ ချက်တဲ့သူ သက်သာအောင်လို့။ ပြီးတော့ ဘာမှာရမှန်း မသိလို့။ ဗိုက်လည်း ဆာနေဘီ။) အဲဒီဆရာကတော့ ငရုပ်သီးမှုန့် ထပ်ထည့်သဗျ။ အစပ်တည့်ပုံရတယ်။ စပ်တဲ့အရသာနဲ့ တည့်ပုံရတယ်း)
နေရာကတော့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က စားသောက်ဆိုင်။ ချောင်းဘေးက ဆိုင်။ တာချီလိတ်-မယ်ဆိုင် တံတားနဲ့ ကပ်လျက်ဆိုင်။
တာချီလိတ်ဟာ အဲဒီဆိုင်ကနေ ၀ါးတရိုက်ပဲ ဝေးတယ်။
တာချီလိတ်ဘက်ကမ်း တံတားဘေးမှာတော့ ကြော်ငြာဘုတ်တွေ ထိုးထိုးထောင်ထောင်။
အဲဒီဘုတ်တွေထဲက ရွှေပြည်နန်း ကြော်ငြာမှာ သနပ်ခါးနဲ့အမျိုးသမီးက ချစ်စရာ။
ချစ်စရာ ဆိုတာ သူ့နာမည် ဟုတ်ဟန် မတူပါဘူး။ ပါးကွက်နဲ့မို့ ချစ်စရာကောင်းတယ်လို့ ပြောတာပါ။ သူ့ကို အနီးကပ် စောင့်ကြည့်နေသူက နေတိုး ဖြစ်မယ်။ မနာလိုစရာ ကောင်းလိုက်တား(
သနပ်ခါးကြော်ငြာနဲ့ အတူ တွေ့ရတာတခုက ဆပ်ပြာကြော်ငြာဗျ။ အဲသမှာ ရေးထားတာ ဇိမ်ခံဆပ်ပြာ ဆိုပါလား အရပ်ကတို့ရေ။ ဇိမ်ခံချင်သူတွေ ၀ယ်သုံးနိုင်ကြဖို့ လက်တို့လိုက်ပါတယ်း) ဇိမ်ခံကား၊ ဇိမ်ခံဟိုတယ်တို့ထက် ဇိမ်ခံဆပ်ပြာက အကုန်အကျ သက်သာမှာ အသေအချာပါပဲ။ ဘာဇိမ်တွေ ထွက်လာမလဲတော့ မသိဘူး။ :D

Jan 20, 2010

parents vs their sons and daughters

မိဘက သားသမီးကို နှင်ချတာပဲ ရှိတယ်။ မနေ့က သတင်းစာမှာတော့ သားသမီးများက မိဘကို အိမ်ပေါ်က နှင်ချလိုက်တယ် ဆိုတဲ့ ကြော်ငြာတခု တွေ့ရတယ်။

မိခင်ဖြစ်သူက ဇာတ် နာအောင် ကြော်ငြာ ထည့်ထားတာပဲ။ တကယ်ဖြစ်ရပ်မှန်က ကြော်ငြာထဲကလိုပဲလား၊ ဒါမှမဟုတ် ဘယ်လိုဖြစ်ကြတာလဲ မသိတော့ဘူး။

ကျနော်သေရင်တော့ အမွေခွဲစရာ ပစ္စည်းလည်း မရှိဘူး။ အမွေခွဲကြမယ့် သားသမီးလည်း မရှိပါဘူး။

ကဲ - ပစ္စည်းရှင် မိဘတို့၊ ခုကတည်းက ခွဲခြမ်းထားတာ ကောင်းမယ်ထင်တယ်။ ဒါပါပဲ။ တခြားလူတွေလို ဝေမျှကြည့်တာပါ။

Jan 17, 2010

female comedians


အမျိုးသမီးတွေ လူရွှင်တော်အဖြစ် အစွမ်းပြတာကို သိပ်မကြာခင်တုန်းက ချင်းမိုင်မှာ ကြည့်လိုက်ရတယ်။ လူရွှင်တော်တွေ ထွက်မလာခင် အငြင်းပွားလို့ ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်၊ ပရိသတ်ကို ၀င်ဆွေးနွေးဖို့ ဖိတ်ခေါ်တော့ ထူးခြားတဲ့ အတွေးအခေါ်တွေကိုလည်း ကြားလိုက်ရပါတယ်။

ဥပမာ စီးပွားရေးကြော်ငြာတွေမှာ အမျိုးသမီးတွေကို အသုံးချတာ သင့်လျော်ရဲ့လား ဆိုတဲ့ အချက်ပေါ့။ အမျိုးသမီးတွေကို လုပ်ငန်းရှင်တွေ အသုံးမချသင့်ဘူး၊ လူတွေကလည်း အမျိုးသမီးတွေကို အသုံးချတဲ့ ကြော်ငြာတွေကို အားမပေးသင့်ဘူး စသဖြင့် ဆွေးနွေးကြ ငြင်းခုံကြပါရဲ့။

တချို့သော ဆွေးနွေးချက်တွေကို ကြားလိုက်ရတဲ့နောက်မှာ ချင်းမိုင်ကို မကြာသေးခင်ကမှ ရောက်လာတဲ့ မြန်မာ သတင်းထောက်တယောက်က အံ့အားသင့်သွားတယ်။

ဟုတ်တယ်၊ လုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းတွေကို အမျိုးသမီးတွေနဲ့ ကြော်ငြာတာဟာ မလုပ်သင့်ဘူး ဆိုတဲ့ ဆွေးနွေးချက်ကို သူကြားလိုက်ရလို့ အံ့သြသွားရှာပေါ့။

မင်းတို့ချင်းမိုင်မှာ ဒါမျိုးတွေချည်းပဲလား တဲ့၊ အလွတ်ကျက်တဲ့ ကြက်တူရွေးတွေလား တဲ့ ကျနော့်ကို မေးတယ်။

အမျိုးသမီးရေးဝါဒီတချို့ရဲ့ သံတမန်မဆန်တဲ့ ပြောဆိုချက်တွေက အနှီ သတင်းထောက်ရဲ့ နားထဲကို ဒေါင်လိုက် ၀င်သွားဟန် တူတယ်။

ဝေဖန် လေကန် ဆွေးနွေး ပေရှည်တာတွေအပြီးမှာတော့ ပရိသတ်ကြီး မျှော်နေတဲ့ ချိုးလင်းပြာအငြိမ့်အလှည့်ကို ရောက်တယ်။

လူရွှင်တော် အမျိုးသမီး ၄ ယောက်၊ အငြိမ့်မင်းသား ၁ ယောက်၊ အငြိမ့်မင်းသမီး ၂ ယောက်ရဲ့ တင်ဆက်မှုကို တွေ့ကြရတယ်။

ပရိသတ်က သိပ်ကြိုက်ကြတာပေါ့။
ဒီပွဲက အင်မတန် လမိုင်းကပ်ပါလားလို့ ထင်မိတယ်။

လူရွှင်တော်တွေထဲက ၂ ယောက်က ထူးခြားတယ်၊ သူတို့မှာ လူရွှင်တော် မျက်နှာပေး၊ လူရွှင်တော်ရုပ်ရှိတယ်လို့ ခံစားမိတယ်။

ပြက်လုံးတွေကတော့ သိပ်များတာပေါ့။ မှတ်မိတာ တခုကတော့ ဗိုက်ကြီးသည် အမျိုးသမီးတယောက် ထွက်လာတယ်။ ဗိုက်ပူတယ် ဆိုပေမယ့် သူက ကိုယ်ဝန်ရှိတာ မဟုတ်ဘူး ဆိုပဲ။ ယောက်ျားတွေက တင်ပါးနဲ့ရင်သားကို ကြည့်ကြလွန်းတယ်၊ လမ်းလျှောက်သွားရင် တင်ပါးကို လိုက်ကြည့်ကြတယ်၊ ဒါကြောင့် စိတ်ချရအောင် တင်ပါးကို ရှေ့ပို့ထားလို့ ဗိုက်ပူတယ် ထင်ရတာပါ တဲ့၊ ကိုယ်ဝန် ရှိပါဘူး ဆိုပဲး)

မြန်မာပြည်အနှံ့ အငြိမ့်တွေ ကနေကြတာ လူရွှင်တော်တွေထဲမှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါမလဲ။ မသိနိုင်ဘူး။

လူထု ဒေါ်အမာရေးတဲ့ အငြိမ့် ဆိုတဲ့ စာအုပ်မှာ ရေးထားတာ ဂျပန်ခေတ် မတိုင်ခင်က မန္တလေးမှာ "ဒေါန နဲ့ နှင်းဆီ ဆိုတဲ့ မိန်းမလူပြက် ၂ ယောက်" ပေါ်ထွက်ခဲ့ဖူးတယ် တဲ့။

ဒေါန နဲ့ နှင်းဆီ ဆိုတော့ ပန်းနာမည်တွေပေါ့။ ဒီခေတ် မျက်လုံးနဲ့ ကြည့်ရင်တော့ ဒီနာမည်တွေက လူရွှင်တော် မဆန်ဘူး။

အနာဂတ်မှာရော အမျိုးသမီး လူရွှင်တော်တွေ ရှိလာမလား။ ရှိလာရင်ရော ဘယ်လို နာမည်တွေ ပေးမလဲ သိချင်လိုက်တာ။

အဲဒီနေ့က လူရွှင်တော်တွေကတော့ တိုးတိုး၊ စဲစဲ၊ မီးသီး၊ ဘုတ်ဘုတ် တဲ့။

Jan 13, 2010

Puppet

ဒီနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာရုပ်သေးအဖွဲ့ တဖွဲ့ ရောက်နေတယ်။ နောက်တပတ်ဆို ပြည်တော်ပြန်ပြီ။ ကျနော်လား - - ဟင့်အင်း - - - သူတို့နဲ့လိုက်မပြန်ပါဘူး)


ဒီရုပ်သေးအဖွဲ့က ချင်းမိုင်မြို့ပြင်မှာ ၃ ပတ်လောက် သင်တန်းလာပေးတယ်၊ စီစဉ်ပေးတဲ့သူရှိရင် အဲဒီနေရာကို သွားကတယ် ဒါပါပဲ သူတို့ခရီးစဉ်က။ အပေါ်မှာ မြင်ရတာက သူတို့ရဲ့ သင်တန်းသားတွေထဲက တချို့ပေါ့။ ဟိုဘက်ကပုံကတော့ ပွဲစဉ်တခု မစခင် တွေ့ရတဲ့ မြင်ကွင်း။ ဟိုတယ်တခုမှာပါ။ ဟိုတယ်ပိုင်ရှင် ယိုးဒယားဦးလေးကြီးက မြန်မာ့ယဉ်ကျေးမှုကို ခရေဇီဖြစ်လို့ စီစဉ်တဲ့ ပွဲပါ။ သူက မြန်မာ ပုဆိုး၊ မြန်မာ တိုက်ပုံ ၀တ်ထားတာ တွေ့ရတယ်။ သူ့နှုတ်ခမ်းမွှေးကတော့ ယိုးဒယားနှုတ်ခမ်းမွှေးဖြစ်မယ်။ မသေချာဘူး) ကဲ - ပုဆိုး၊ တိုက်ပုံက မြန်မာအ၀တ်အစားအစစ် မဟုတ်ဘူး ငြင်းမနေနဲ့၊ မြန်မာပြည်မှာ ဒါပဲဝတ်တာ မြန်မာဝတ်စုံပေါ့ဗျာ။ အဲဒီနေ့က သူ့အလုပ်သမားတွေကိုလည်း ပုဆိုးနဲ့တိုက်ပုံ ဆင်ထားတာ တွေ့လိုက်ရတယ်။ မြန်မာပြည်က ရှမ်းတိုင်းရင်းသား လူငယ်တွေလို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်။ အင်း - ဟုတ်မှာပါ၊ ဟိုတယ်ဝန်ထမ်းတယောက် မြန်မာလိုပြောတာ ကြားလိုက်ရတယ်။


ဟောဗျာ - ကပြီ။ ပရိသတ်ကြီး မြင်ရတာကတော့ နဂါးနဲ့ဂဠုန်အက။ နဂါးကတဲ့ အမျိုးသမီးက သီချင်းဆို ၀ါသနာပါတယ်။ ဒီလို ဒီလို - စင်ရဲ့ မြောက်ဘက် အဲ - စင်ရဲ့ ညာဘက်မှာ ဗုံအဖွဲ့တွေ့တယ်မဟုတ်လား၊ အဲဒါက ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လှည့်လည်နေတဲ့ ဗုံဆရာတွေ။ ရှမ်းလူမျိုး။ သူတို့က မြန်မာတီးလုံးတွေ တီးတယ် ပွဲမစခင်။ နဂါးရုပ်ဆွဲတဲ့ အမျိုးသမီးက တီးလုံးအတိုင်း သီချင်းလိုက်ညည်းတာ ကြားလိုက်ရလို့ပါ။ ကျနော် သွားနားထောင်တာတော့ မဟုတ်ပါဘူး။ စင်နောက်ဘက်ကို ဒီလိုပဲ ဘာရယ်မဟုတ် လျှောက်ကြည့်ရင်းနဲ့ ကြားလိုက်တာပါ။ အင်း - အကအကြောင်း ပြန်ဆက်ရရင် သူတို့က နဂါးနဲ့ဂဠုန် နောင်ဂျိန်ခန်း ကနေကြတာ။ ဂဠုန်ရုပ်ဆွဲတဲ့ ဆရာသမားလေးက ရုပ်သေးဆရာပဲ နို့ပေမယ့် ဒီအရုပ်တွေ အားလုံးကို သူထုလုပ် ပြင်ဆင်ထားတာလို့ ဆိုတယ်။ သူက ၂ မျိုး ကျွမ်းကျင်တဲ့ ပညာရှင်ပေပဲ။


ဟောသမှာ ခေါင်းပေါင်းနဲ့ ဦးလေးကြီးက ရုပ်သေးဆရာကြီး။ နောက်ကကွက်တခုအတွက် ရယ်ဒီလုပ်နေတာ။ အမျိုးသမီးက နတ်ကန်တော့ခန်း ကနေတာ။ ခုံပေါ်က အုန်းပွဲငှက်ပျောပွဲက ပလပ်စတစ်နဲ့ လုပ်ထားတာလေ၊ အဲဒါကို နတ်ရုပ်က ကောက်ကိုင်ပြီး ကသဗျ။ ကျသွားရင် ဒုက္ခ။ အင်း - ပညာရပ်တွေကတော့ ကြောက်စရာ။ ညာဘက်က ပုံကတော့ သူတို့ရဲ့ ၃ ပတ်ကြာ သင်တန်းကာလမှာ ပညာယူကြတဲ့ ချင်းမိုင်တက္ကသိုလ်က ကလေးတွေ ဖြစ်မယ်။


စင်နောက်ဘက်မှာ ချိတ်ထားတာတွေဗျ။ မဟုတ်ဘူး၊ အဲဒါ ဘောလုံးသမားအရုပ်မဟုတ်ဘူး၊ ခြင်းခတ်တဲ့အရုပ်ဗျ။ ခြင်းလုံးကို တချက် တချက် တော့ တာပေါ့ ကနေရင်းနဲ့။ အလယ်က အရုပ်တွေက နတ်သမီး နတ်သားလား ကိန္နရာ ကိန္နရီလား မမှတ်မိတော့ဘူး။ ဟိုဘက်ဆုံးကတော့ ဘီလူး ၂ ကောင်၊ ပြီးတော့ မျောက် နဲ့ ဦးရွှေရိုး။ ဦးရွှေရိုးကတော့ အင်မတန် ပညာပါတယ်၊ ကနေရင်းနဲ့ ပုသိမ်ထီးကိုဖွင့်တယ်၊ မျက်လုံး မျက်တောင် နှုတ်ခမ်းမွှေးတို့ကို ကစားပြတယ်၊ ဒါ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ထွင်တာလေ။ တခြားအဖွဲ့တွေလည်း ဒီလို အရုပ်တွေ ရှိမရှိ မသိ။
သေချာတာကတော့ ရုပ်သေးဆရာ ဆရာမ ဖြစ်ဖို့ မလွယ်ပါဘူး။ ကြိုးကိုင်တတ်ရုံတင်မက အတွင်းအားပါ ကောင်းဖို့ လိုမယ်။ ရုပ်သေးတွေက မပေါ့ဘူး။ ကခုန်ကြတာတော့ အရုပ်တွေပါပဲ၊ သူတို့ ကနိုင်ခုန်နိုင်အောင် လူက ကြိုးကိုင်ရ ဆွဲထားရတာ လက်မောင်းပြုတ်မတတ် ဖြစ်လိမ့်မယ်။
အင်္ကျီဖြူနဲ့ ဆရာသမား လက်စွမ်းပြနေတာက ဟွန်းတယော ဆိုပဲ။ သူတို့ဝိုင်းကလည်း မြိုင်တယ်။ သံပတ္တလား၊ ဗုံ၊ မောင်း၊ ဟွန်းတယော၊ ဒါပဲ။ ထိုင်းပန်းချီဆရာတယောက်က အဲသမှာ ကျနော့်ကို မေးတယ်၊ ဒီပွဲကြည့်ပြီး မင်း မြန်မာပြည်ကို လွမ်းသွားသလား တဲ့။ ဟင့်အင်း - အဲသလိုတော့ ဟုတ်ပါဘူး။ သူကတော့ ထင်မှာပဲ - မြန်မာပြည်သားတွေဟာ ရုပ်သေးပွဲ ကြည့်နေကျမို့ ပြည်ပမှာ ဒီလိုပွဲ ကြည့်လိုက်ရတော့ အိမ်လွမ်းပြီပေါ့ ဆိုပြီး။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံးသော အတွေ့အကြုံပါ၊ ရုပ်သေးပွဲကို ကြည့်ဖူးတာ။ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောင်မှပဲ ပုံတွေ ထပ်တင်ပြီး လျှောက်ရေးဦးမယ်လေ။ ။

Jan 1, 2010

change?

ပြောချင်တာပြော

ဘလော့တခုလုပ်ထားတယ်လို့ အသိတယောက်ကို ပြောပြတော့ ဘာတွေရေးသလဲလို့ ပြန်မေးပါတယ်။ ကျနော့်အဖြေကတော့ ရေးချင်တာတွေထဲက တော်တော်များများကို လျှောက်ရေးတာပစ်တာပဲ ပေါ့။ ဟုတ်တာပေါ့။ ရေးချင်တာ ပြောချင်တာတွေကို ဘလော့မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်တာပေါ့။ ကဲ - ရေးပြီဗျာ။

မနေ့က လူရွှင်တော်တယောက်နဲ့ ဆုံတယ်။ ဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရပ်ကို ပြက်လုံးထုတ်တော့
နိုင်ငံရေးသမားတွေက လက်ခုပ်တီးတယ်၊ ဒီမိုကရေစီလှုပ်ရှားမှုထဲက အမြင်မတော်တာတွေကို ပြက်လုံးမိထုတ်တော့ အဆဲခံရတယ် ဆိုပဲ။

ပြီးတော့ သူက မြန်မာပြည်သားတွေရဲ့ စိတ်ဓာတ် ပြုပြင်ရေးအတွက် စာနယ်ဇင်းသမားတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သဘင်သည်တွေမှာ တာဝန်မရှိဘူးလားလို့တော့ သူ့ကို မမေးမိပါဘူး။ တာဝန်ရှိပေမယ့် ပွဲခွင်တွေမှ မရှိတာလို့ သူ ပြန်ဖြေမယ် ထင်တယ်။ (မကောင်းတဲ့ စိတ်ဓာတ်တွေ ပြုပြင်ဖို့ အရေးတကြီးလိုနေပြီလို့ ပြောပေမယ့် သူကတော့ နိုင်ငံရေးသမားတွေကို အဓိက မထားပါဘူး၊ အားလုံးသော မြန်မာပြည်သား အများစုကို ဆိုလိုတာပါ တဲ့။)

လူတွေရဲ့ စိတ်ထဲ အတွေးထဲကို ကိုယ်ပေးချင်တာတွေ ထည့်ပေးလိုက်ဖို့က လွယ်တာမှတ်လို့။ သူတို့က ကိုယ်ရေးတာတွေ ဖတ်ပါ့မလား။ ၀က်ဆိုက်တခုကို လူဘယ်နှစ်ယောက် ၀င်ကြည့်လို့လဲ။ ၀င်ကြည့်တယ်ထားဦး ခလုတ်မှားနှိပ်မိလို့ ရောက်လာတာလည်း ဖြစ်နိုင်တယ်။ တကြောင်းနှစ်ကြောင်း ၀င်ဖတ်ပြီး ပြန်လှည့်သွားတာလည်း ဖြစ်နိုင်တယ်။

ရုပ်ရှင်ဒါရိုက်တာတယောက် ပြောတာကို သတိရမိတယ် ရုပ်ရှင်တွေ ဗီဒီယိုတွေဟာ သိပ်ထိရောက်တဲ့ လက်နက် ဆိုပဲ။

ရုပ်ရှင်က အထိရောက်ဆုံး မီဒီယာတစ်ခုလို့ ထင်တယ်။ တော်တော် ထိရောက်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုက ရောက်ရှိသွားနိုင်မယ့် လူဦးရေ အရေအတွက် အတိုင်းအတာက တော်တော် ကျယ်ပြန့်တယ်။ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်း ဓလေ့ထုံးစံနဲ့ နေ့တဓူဝ ဘဝထဲမှာ ရုပ်ရှင်က တော်တော် အရေးပါတယ်
တဲ့။ ဒါရိုက်တာ ရဲနိုင်မိုး (ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး)က မုခမဂ္ဂဇင်း၊ ဒီဇင်ဘာလထုတ်မှာ ပြောသွားတာပါ။

သူပြောတာ ထောက်ခံချင်စရာ။ မြို့ရောနယ်ပါ ရုပ်ရှင် ကြည့်ကြတာမဟုတ်လား။ ပညာပေးဖို့ ဝါဒဖြန့်ဖို့ ကိုယ်ပြောချင်တာ ပြောဖို့ ဆိုရင် ရုပ်ရှင်တွေက သိပ်ထိရောက်တာပေါ့။ ရုပ်ရှင်ရုံထဲ မျက်စိလည်ပြီးရောက်သွားတာဆိုလို့ သမီးရည်းစားတွေပဲ ရှိမှာပါ။ အများစုက အစအဆုံးကြည့်ဖို့ မောင်းတင်ပြီး လက်မှတ်တန်းစီခဲ့သူတွေချည်းပါပဲ။

ဒီဇင်ဘာလထုတ် လျှပ်တစ်ပြက် ဂျာနယ်တစောင်မှာ ပါတဲ့ အင်တာဗျူးကို ဖြတ်ပြီး တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ် မြန်မာပြည်မှာ အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ တွေ့မှာပါ။ (ဟို ဒါရိုက်တာ ဆရာ ပြောတာ မမှားဘူးဆိုတာ တွေ့လိမ့်မယ်။ လူတွေက စစ်ဖြစ်ရင်လည်း ရုပ်ရှင်ကြည့်မှာပဲ)

လျှပ်တစ်ပြက် အင်တာဗျူးကတော့ ရွှေမန်းရုပ်ရှင်ရုံပိုင်ရှင်ကို ဗျူးထားတာပါ။ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါဦး။

နောက်ပိုင်းမှာတော့ ပြုပြင်စရာ သောက်ကျင့်တွေအကြောင်းလည်း သူ ပြောထားတယ်။ ကဲ - ဘယ်လို ပြင်ကြမလဲဗျာတို့။
ဒီပို့စ်က ဘာပြောချင်တာလဲလို့ မမေးနဲ့နော်။ ပြောချင်တာတွေ ပြောပစ်လိုက်တာ။ ။