Jan 26, 2011
စတိုင်ဟောင်း
Sayar U Win Maung, Htate Tin Soe, Ma Myo Thaung & Myint Myint Than
Pyin Oo Lwin, Myanmar, 1969 တဲ့။
http://www.flickr.com/photos/32463193@N05/ က ယူပါတယ်။
ပုံ သက်တမ်း ၄၁ နှစ် ရှိပြီ။
အဲဒီခေတ်က ၀တ်စားဆင်ယင်ပုံ ကြည့်လို့ ကောင်းတယ်။
ခေတ်ကတော့ ပြောင်းသွားပြီ။ အ၀တ်အစားက အစ အမူအယာ အဆုံး။
ခုခေတ် ဓာတ်ပုံ စုပြီး ရိုက်ရင် ပြုံးလာကြပြီ။ ဘရုတ်ကျသူတွေဆို မျက်နှာပုံစံအမျိုးမျိုး လုပ်တတ်ကြတယ်။
ဘာရယ်လို့ မဟုတ်ပါဘူး၊ ပို့စ်အသစ် မတင်တာ ကြာလို့ တွေ့တာ ကောက်တင်လိုက်တာပါ။ ကိုယ်နဲ့သိသူလည်း မပါပါဘူး။ ။
Jan 17, 2011
spicy dishes
ခုတော့ လာထား။
ကျ နော် အစပ် စား နိုင် ပါ ဘီ ---
း)
AAPP ရုံးမှာ နေတုန်းက စားနိုင်သွားတာ။ ချက်သမျှ ငရုပ်သီးအရသာ များသမို့ တဖြည်းဖြည်း ခံနိုင်ရည် ရသွားတယ်။
ကဲ - The Voice ဂျာနယ် ဈေးဝယ်လမ်းညွှန် စာမျက်နှာမှာ အဲဒီလို ခေါင်းစဉ်တပ်ထားပုံအရ ဆိုရင် ဒီဆိုင်နာမည်က ရိုးရာ တဲ့။ ပုံတွေ တခြားသတင်းတွေကို ဖြတ်ပြီး ဆိုင်း အကြောင်းချည်း ရွေးထုတ်ထားပါတယ်။ ဒါကြောင့် ကွက်လပ်တွေ ဖြစ်နေတာ။
ဖတ်ပြီး လမ်းကြုံရင် သွားကြ စားကြပါခင်ဗျ။ အစပ် စားနိုင်ရင် ပြောပါတယ်။
ကျနော့်အတွက်လည်း ပိုစားခဲ့ကြပါ။
အစားအစာပုံတွေ မပါတော့ ဒီပို့စ်က သိပ်ပြီး အရသာ ရှိမယ် မဟုတ်။
Jan 14, 2011
ကဒေါင်း
http://www.ocasia.org/NOCs/NocsContact.aspx?NContact=29 မှာ တင်ထားတယ်။
ရာသက်ပန်အစိုးရက ဒေါင်းရုပ်ကို သုံးတာ ဒီတနေရာပဲ ရှိမယ် ထင်တယ်။
ဒီဆရာတွေက အားကစားကို ဟန်ပြပဲ လုပ်နေတာကြောင့် ဒီလိုဂိုကို မမြင်မိတာများလား။
ခြင်ဒေ့ကို ဘဇာကြောင့် မသုံးရတာလဲ။
နားမလည်။
Jan 8, 2011
ကင်မရာနဲ့ ဆိုရင် ခံရပြီသာမှတ်
မြန်မာပြည်မှာ အပျော်တမ်း ရိုက်ကြတဲ့ အပြာကားတွေ အင်တာနက်မှာ တနေ့တခြား များလာတယ်။
အင်တာနက်မသုံးသူများအတွက်လည်း VCD/DVD အငှားဆိုင်တွေကနေ ငှားကြည့်နိုင်တဲ့ အခြေအနေအထိ ရောက်လာပြီ ဆိုတာ တနေ့က ဖတ်ရတဲ့ Freedom News Group ဆောင်းပါး တပုဒ်မှာ ရေးထားတယ်။
အပြာကားမှာ သရုပ်ဆောင်ဖို့ သဘောတူပြီး ရိုက်ကူး ဖြန့်ချိကြတာ ဆိုရင် ဒီစာ ရေးစရာ မလိုဘူး။ အခုက အဲဒီလို မဟုတ်။
အပျော်တမ်းကင်မရာ၊ တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာတွေနဲ့ ရိုက်ထားကြတယ်။ ကင်မရာကိုင်သူတွေက အမျိုးသားတွေ။
ဒီလူတွေက သူတို့ရဲ့ ရည်းစား၊ အိပ်ဖော်တွေနဲ့ ကုတင်ပေါ်က အဖြစ်အပျက်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတာ။ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတချို့လည်း ပါတယ်။
အပျော်တမ်းရိုက်တာ ဆိုတော့ ဗီဒီယိုကလစ်တွေက တမိနစ်စာတွေ ရှိသလို ၅ မိနစ်မက ရိုက်ထားတာတွေလည်း ရှိတယ်။
အထင်ကရ (၁)
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ၀တ်လစ်စလစ် မြန်မာအမျိုးသမီးတယောက် lotion လိမ်းတဲ့ ဗီဒီယိုကလစ် ပေါ်လာတယ်။ ထင်ရှားတဲ့ မင်းသမီးလို့ အများက ယူဆကြတယ်။ သူ့ရဲ့ လှုပ်ရှားမှုကို တယ်လီဖုန်း ကင်မရာနဲ့ရိုက်ထားတာဖြစ်နိုင်တယ်။ အမျိုးသားတယောက် တယ်လီဖုန်းပြောသံ ကြားရလို့ပါ။ ငါတို့ ဘယ်ဟိုတယ်မှာ ရောက်နေတယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုတာကို ပြောနေရင်းနဲ့ ဟိုအမျိုးသမီးလှုပ်ရှားမှုတွေကို ရိုက်ထားတာ။ ဟိုအမျိုးသမီးကတော့ lotion လိမ်းလိုက်၊ ဖုန်းပြောနေတဲ့ သူ့ကို လှမ်းကြည့်လိုက်ပေါ့။ သူ့ကို ဗီဒီယိုရိုက်နေတာ သိဟန် မတူ။
ခုတော့ အဲဒီ lotion လိမ်းတဲ့ ဗီဒီယိုကလစ်ကို အီးမေးလ်နဲ့ အဆင့်ဆင့် ဖြန့်လိုက်ကြပါပြီ။ ကာယကံရှင် အမျိုးသမီး အကြီးအကျယ် စိတ်ဒုက္ခ ရောက်စေတဲ့ ဖြန့်ချိမှုပေါ့။
အထင်ကရ (၂)
အခု အသစ်ပေါ်လာတဲ့ ဗီဒီယိုကလစ်တခုမှာတော့ အဆိုတော်ပေါက်စအမျိုးသမီး နဲ့ သူ့အိပ်ဖော်တို့ရဲ့ ခြင်ထောင်ခန်းတွေပါ။ အင်း - အဆင်ပြေအောင်သာ ရေးလိုက်ရတာ၊ တကယ်တော့ ခြင်ထောင် ထောင်မထားဘူး။
သူတို့ သီချင်းအကြောင်း ပြောဆိုတာတွေလည်း ပါတယ်။ အမျိုးသမီးက အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်သူ၊ အမျိုးသားက သူ့ကို ကူညီမယ့် ဘော့စ် လို့ ယူဆနိုင်ပုံကို သူတို့ ပြောဆိုမှုက ဖော်ပြနေတယ်။
ဂီတ၊ ရုပ်ရှင်၊ မော်ဒယ် လောကသား တချို့ရဲ့ အောင်မြင်ထင်ရှားမှုဆိုတာ ဘော့စ်ရဲ့ ကုတင်ပေါ်က ဖြတ်သွားရတယ် ဆိုတဲ့ စကားတွေက အခုတော့ ဗီဒီယိုကလစ်တွေအဖြစ် အင်တာနက်မှာ ရောက်နေပါပြီ။
နာမည်မကြီးသူများ
ဗီဒီယိုကလစ် အများစုကတော့ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံတာတွေပါပဲ။ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်နဲ့ ဆက်ဆံတာကို ကိုယ်တိုင် မှတ်တမ်းတင်ထားတာ ရှိသလို တပါးသူက ခိုးဝှက် ရိုက်ကူးထားတာတွေလည်း ရှိတယ်။
ကင်မရာ ဆိုတာ ရှားပါးပစ္စည်း မဟုတ်တော့ဘူး။ ပန်းခြံမှာ အတွဲချောင်းတတ်သူတွေလက်ထဲ ဒီ ကင်မရာ ဆိုတဲ့ဟာ ရောက်သွားဖို့ ခက်ခဲတဲ့ခေတ် မဟုတ်တော့ဘူး။ ရလဒ်ကတော့ သူတို့ ချောင်းမြောင်း ရိုက်ကူးထားတာတွေက အင်တာနက်မှာ ရောက်လာတာပဲပေါ့။ ဟုတ်ပါတယ်၊ စုံတွဲတချို့ ပုဆိုးမနိုင် လုံခြည်မနိုင် ဖြစ်ပျက်နေတာတွေကို ရိုက်ထားတာပါ။
နိုင်ငံတကာရောက် မြန်မာပြည်သားတွေဟာ မြန်မာစုံတွဲတွေရဲ့ တော်သလင်းဇာတ်ကို ရန်ကုန်က ပန်းခြံထဲ သွားချောင်းမနေဘဲ အင်တာနက်ကျေးဇူးနဲ့ အလွယ်တကူ ရှုစားနေကြပါပြီ။ ကြည့်ပြီးရင်လည်း သြော် - ဒါကြောင့် ဟိုခေတ်က အတွဲချောင်းသူတွေက ရိက္ခာအပြည့်အစုံ၊ မှန်ဘီလူး ဆိုတာတွေ ယူသွားကြတယ်လို့ ကြားဖူးတယ်၊ ခုခေတ်တော့ ကင်မရာပါ ယူနေကြပြီ လို့ ဆင်ခြင်နိုင်ပါတယ်။
တည်းခိုခန်း၊ ဟိုတယ်တို့မှာ အခန်းငှားဖို့ အခြေအနေ မပေးနိုင်သူ စုံတွဲများအဖို့တော့ အင်တာနက်ခေတ်ဟာ ကံဆိုးမိုးမှောင်ကျတဲ့ခေတ်ပေါ့။
ဖြန့်ချိရေး
နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်မျိုး ရာထောင်ချီ ရှိနေတာတော့ ကြာပါပြီ။ တချို့တော့ နာမည်ကြီးချင်လို့ ဈေးကွက်ဝင်အောင် ကိုယ်တိုင်ကိုယ်ကျ ပေါက်ကြားအောင် လုပ်ကြတယ်လို့ ဆိုတယ်။
ဝယ်လိုအား ကောင်းတဲ့ ဒီလိုမျိုး မြန်မာဖြစ် အပြာ ဗီဒီယိုကလစ်ကို ဘယ်သူတွေ ဖြန့်သလဲ?
ရိုက်ကူး မှတ်တမ်းတင်တဲ့ မောင်မင်းကြီးသားတို့က အဓိက ဖြန့်သူတွေ ဖြစ်မှာပေါ့လို့ အများက ယူဆကြတယ်။ ပြည်တွင်းဖြစ်ကို အားပေးချင်သူတွေ၊ ရှုစားချင်သူတွေက အင်တာနက်မှာ အားကောင်းကောင်းနဲ့ ရှိနေပါတယ်။ ဒီလို ဗီဒီယိုကလစ် တခု ဖြစ်ဖို့ အချိန် ဘယ်လောက် ကြာမလဲတော့ မသိဘူး၊ အင်တာနက်ပေါ် တင်ဖို့ကတော့ မိနစ်ပိုင်းပဲ ကြာမယ်။ ထပ်ဆင့် ကူးယူ ဖြန့်ချိသူ၊ လက်တို့သူ၊ အီးမေးလ်နဲ့ လက်ဆင့်ကမ်းသူများရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ကြောင့် မမြင်ကွယ်ရာက ဖြစ်ရပ်တွေလည်း ကမ္ဘာအရပ်ရပ်ကို ရောက်ကရော။
အပြာကား၊ အပြာဓာတ်ပုံ သီးသန့် တင်တဲ့ မြန်မာဘလော့ဂ်တွေလည်း အင်နဲ့အားနဲ့ပဲ။ အခပေး မြန်မာ ၀က်ဆိုက်တောင် ရှိသေး။
ပြန်ဖျက်မှာပါ ဆိုပဲ
ကင်မရာထဲ အကြာကြီး မထားဘူး၊ ကိုယ့်အပြာကား ကိုယ်ပြန်ကြည့်ချင်တယ်၊ ကြည့်ပြီးရင် ဖျက်ပစ်မှာပါ ဆိုသူတွေလည်း မနည်းလှပါ။ သူ့ ကတိအတိုင်း အင်တာနက်ပေါ် ရောက်ပြီးမှ ဖျက်ပစ်တာလည်း ဖြစ်နိုင်တယ်။
ဒါမှ မဟုတ် အဲဒီ ကင်မရာ၊ ကင်မရာပါတဲ့ တယ်လီဖုန်းကို တယောက်ယောက်က ရသွားတာ ဖြစ်နိုင်တယ်။ ကင်မရာ ပျက်လို့ ပြင်တဲ့အခါ ဆိုင်က ကူးယူထားလိုက်တာလည်း ဖြစ်နိုင်တယ်။
ဘယ်သူ့လက်ချက်လဲ အတိအကျ မသိ၊ ဖြစ်နိုင်တာတွေကတော့ အများကြီးပါ။
ကွန်ပျူတာထဲ၊ ကင်မရာထဲက ဗီဒီယိုဖိုင်တွေကို ဖျက်လိုက်ပြီ ဆိုပြီး စိတ်ချလက်ချ နေလို့မရပါ။ အီလက်ထရွန်နစ် သုတ နည်းနည်းရှိရင် ရှာဖွေလေ တွေ့ရှိလေ လုပ်လို့ ရပါသေးတယ်။
ကင်မရာကိုင်နေပြီ ဆိုရင်
ဒီတော့ အတူတူ အိပ်ကြ ရင်းနှီးကြချိန်မှာ ကိုယ့် အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်၊ ကိုယ့် ဖောက်သည်၊ ကိုယ့် ဘော့စ် ဘယ်သူပဲ ဖြစ်စေ ကင်မရာကိုင်ပြီ ဒါမှ မဟုတ် ကင်မရာဖုန်း ကိုင်ပြီ ဆိုရင်တော့ ထင်ပေါ် ကျော်ကြား လူကြည့်များခံရမယ့် ဘ၀ကို ရောက်ဖို့ ပထမခြေလှမ်းလို့သာ မှတ်ပေတော့။ ။
Jan 5, 2011
this post is present for Min Naing Thu's wedding

သတင်းထောက် မင်းနိုင်သူ လွတ်လပ်ရေးနေ့မှာ လက်ထပ်သည် (အိမ်ထောင် ကျသည်)။
မင်္ဂလာလက်ဖွဲ့အဖြစ် ဒီစာကို ရေးဖြစ်သည်း)
အိမ်သာတက်လျှင် စာပေစိစစ်ရေး၏ ခွင့်ပြုချက် လိုမည်
စာနယ်ဇင်းသမားများ အိမ်သာသွားမည် ဆိုပါက ဖတ်ရန် စာအုပ်စာစောင်၊ အငွေ့ထုတ်ရန် ဆေးလိပ် နှင့် မီးခြစ် စသည်တို့ထက် အရေးပါသည့် လိုအပ်ချက်သစ်တခု ရှိနေသည်။
ခွင့်ပြုချက် ရယူပြီးမှ အိမ်သာသွားပါ ဟူသော ညွှန်ကြားချက်ကို စာပေစိစစ်ရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
“နိုင်ငံတော်၏ ခွင့်ပြုချက်ရရှိမှသာ အိမ်သာတက်နိုင်သည်” ဟု ဌာန၏ ညွှန်ကြားချက် အမှတ် ၁/ ၂၀၁၁ တွင် ဖော်ပြထားသည်။
ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် ထွက်လာသည့် ဤညွှန်ကြားချက်ကြောင့် စာနယ်ဇင်းလောကတွင် ဝေဖန်သံ၊ ကန့်ကွက်သံများ ဆူညံသွားသည်။
“လွတ်လပ်ရေးနေ့က စတင်ပြီး လွတ်လပ်ရေး ဆုံးရှုံးတာပါပဲဗျာ” ဟု ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ၀မ်းနည်းစွာ ညည်းတွားလိုက်သည်။
ထိုညွှန်ကြားချက်ကို ကန့်ကွက်သူ များစွာ ရှိသကဲ့သို့ ထောက်ခံသူများလည်း ရှိနေသည်။
“ကောင်းတာပေါ့ဗျာ။ မူလတန်းကျောင်းသား ဘ၀ ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် တောင်းရတာပဲ။ တချို့ကျောင်းတွေမှာ သေးပေါက်မယ်ဆို လက်တချောင်း ထောင်ပြရတယ်၊ အီး ပါမယ်ဆို လက် ၂ချောင်းပေါ့။ ခွင့်တောင်းရတယ်။ ဆရာ ဆရာမ ခွင့်ပြုချက်လိုတယ်လေ။ အခုလည်း စာနယ်ဇင်းသမားဆိုတော့ သက်ဆိုင်ရာ ဌာနရဲ့ ခွင့်ပြုချက် လိုတာ သဘာဝ ကျပါတယ်။ ဖြစ်သင့်ပါတယ်” ဟု ငရဲပြည်ရောက် စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦးက လှမ်းပြောသည်။
“အန္တရာယ်ဆိုတာ လွယ်ထားလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် အိမ်သာသွားဖို့ တကယ် လိုအပ်တယ်ဆိုတာ တင်ပြနိုင်ရင် သက်ဆိုင်ရာကလည်း ခွင့်ပြုမှာပါ” ဟု သူက ဖြည့်စွက် ပြောကြားသည်။
ဤအတောအတွင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ လူကြီးတဦးက အိမ်သာနံရံများတွင် ဒို့တာဝန်အရေး ၃ ပါး၊ ပြည်သူ့သဘောထား ၁၆ ပါး စသည်တို့ကို ကပ်ထားသင့်ကြောင်း အကြံပြုလွှာ တင်ထားသည်ဟု သိရသည်။
ထိုအကြံကို နိုင်ငံတော်က နှစ်သက်သဖြင့် ထိုသို့လုပ်ဆောင်ကြရေးအတွက် ညွှန်ကြားချက်နောက်တခု မကြာမီ ထုတ်ပြန်မည်ဟု အကြားအမြင်များသော ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးက ပြောသည်။
သို့သော်လည်း ထို အိမ်သာကပ်စာစောင်သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက် မရသေးပေ။
မိုးမခတွင် စာပြောင်များ ရေးနေသော ဂျော်ဒီး ဆိုသူကမူ အိမ်သာကပ်စာစောင် ညွှန်ကြားချက် ထုတ်ပြန်ပါက အကျိုးကျေးဇူး များမည်ဟု အကောင်းမြင်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။
“ဟားဟားဟားဟား၊ ကောင်းတာပေါ့ရှင်။ အဲဒီစာရွက်တွေက အနည်းဆုံး အီးကုန်းလို့တော့ ရတာပေါ့ရှင်၊ ဟားဟားဟားဟား၊ ဟီးဟီးဟီး” ဟု သူ၏အမြင်ကို ပြောပြသည်။
(မှတ်ချက် - ဤနေရာတွင် ဖော်ပြထားသော သတင်းကို ဖတ်ပြီး ရေးသားပါသည်။
အထက်ပါ ဓာတ်ပုံကို flickr မှ ကော်ပီ ယူသည်။ စာပေစိစစ်ရေးဌာနသို့ အိမ်သာတက်ခွင့် လျှောက်လွှာ သွားတင်သော သတင်းထောက်များ ဖြစ်သည်ဟူ၏)
Dec 26, 2010
ပျော်စရာ ခရစ်စမတ် ဖြစ်ပါစေ
ခရစ်စမတ်နေ့ ရန်ကုန်မြို့ စိန်မေရီ ကယ်သီဒြယ်(St. Mary's Cathedral) မှာ တွေ့ရတဲ့ သီလရှင်တပါး (အေပီသတင်းဌာနဓာတ်ပုံ)ခရစ်စမတ်နေ့နဲ့ ပတ်သက်ပြီး FaceBook မှာ ရေးသား ပြောဆိုထားတာတွေထဲက သီချင်းတပုဒ်က စိတ်ဝင်စားစရာကောင်းလို့ ဝေမျှပါရစေ။ သီဆို တီးခတ်ဖို့ လိုတဲ့ တူရိယာတွေအတွက် iPad and iPhone တွေကို သုံးထားလို့ပါပဲ။ ကမ္ဘာကျော်သီချင်း Feliz Navidad ဖြစ်ပါတယ်။
ဒီသီချင်းကို "---အချစ်များ နှလုံးသားမှာ၊ အားလုံးပဲ ကိုယ့်ရဲ့ အချစ်တွေ မင်းအတွက်ပါ---" ဆိုပြီး မြန်မာမှု ပြုထားတာ ရှိပါတယ်။
Jingle Bells သီချင်းဆိုရင် "ကိုကိုရေ အချစ်ဆုံးကိုကိုရေ" ဖြစ်သွားပါတယ်။
ခရစ်စမတ်သီချင်းတွေကို မြန်မာပြည်မှာ ကော်ပီလုပ် ရေးသား သီဆိုတဲ့အခါ ခပ်ပေါ့ပေါ့ စကားလုံးတွေ ထည့်ထားတဲ့ အချစ်သီချင်းတွေ ဖြစ်နေလို့ မူရင်း ဖန်တီးသူများကို အားနာစရာပါပဲ။
ကမ္ဘာ့ဂန္တဝင်ခရစ်စမတ်သီချင်းဖြစ်နေတဲ့ Feliz Navidad ပေါ်ထွက်လာတာ အနှစ် ၄၀ ပြည့်ပါပြီ။
သီချင်း ရေးဖွဲ့သူ မျက်မမြင် အဆိုတော် José Felicianoသူက အမေရိကန်ပိုင် Puerto Rico ကျွန်း ဇာတိ၊ အခု အသက် ၆၅ နှစ် ရှိပါပြီ။
သီချင်းကို စပိန်၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ခပ်တိုတို ရေးထားပေမယ့် လူကြိုက်များလွန်းလှပါတယ်။
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Ano y Felicidad.
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
From the bottom of my heart.
Dec 24, 2010
Christmas and bloggers :D
Burma Strange News ကို ပို့တဲ့ သတင်း
ယခုနှစ် ခရစ်စမတ် ကာလမှ စတင်ပြီး သီချင်းဆိုရန် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ထင်ရှားသည့် ဘလော်ဂါများက ယနေ့ ပြောဆိုလိုက်သည်။
“YouTube မှာ ပါတဲ့ သီချင်းတွေကို နားထောင်အပြီးမှာ တော်တော်လေး မခံချင်စိတ် ဖြစ်မိတယ်။ ငါတို့လည်း သီချင်းဆိုနိုင်တာပဲ လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်လိုက်တယ်” ဟု အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဆူရှီဆရာ ဘလော်ဂါတဦးက ပြောသည်။
“ဒီနေ့ကစပြီး ကျနော် သီချင်းဆိုမယ်” ဟု သူက ကျမ်းသစ္စာကျိန်ဆိုသည့် ပုံစံဖြင့် ညာဘက်လက်ဖ၀ါးကို ဖြန့် ထောင်ပြီး အလေးအနက် ဖြည့်စွက် ပြောလိုက်သည်။
သီချင်းဆိုရန် ဆုံးဖြတ်လိုက်သူ ဘလော်ဂါနောက်တဦးမှာလည်း အမေရိကန်တွင်ပင် အခြေစိုက်နေသူဖြစ်သည်။
“ကျနော်လည်း ဆိုမယ်ဗျာ။ ကမ္ဘာမြေကြီး ကျန်းမာဖို့ ကျနော် သီချင်းဆိုမှ ဖြစ်တော့မယ်” ဟု ၀ါရှင်တန်မြို့တော်တွင် အလုပ် လုပ်ကိုင်သည့် သူက ကဗျာဆန်ဆန် ကြွေးကြော်လိုက်သည်။
“ကျိန်ဆိုလည်း ကျနော် ကျိန်ရဲပါတယ်၊ ခယောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ် အဲ - ကျနော် တကယ် ဆိုတော့မှာပါ။ ဒီဆုံးဖြတ်ချက်ဟာ ကျနော့်ရဲ့ နှစ်သစ် အဓိဋ္ဌာန်၊ အင်္ဂလိပ်လိုတော့ new year resolution ပေါ့ဗျာ” ဟု ဂုဏ်ယူစွာ ပြောပြသည်။
သီချင်းဆိုရန် အကြောင်းပြချက်ဖြင့် ဘလော့လောကမှ ထွက်မသွားရေးအတွက် သူတို့၂ဦးကို တိုက်တွန်းထားသည်ဟု သြစတြေးလျ အခြေစိုက် မြန်မာဘလော်ဂါတဦးထံမှ သိရသည်။ ၎င်းသည် မြန်မာဘလော်ဂါများ အသင်းကြီး၏ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည်။
“ဘလော့ ရေးနေတုန်း သီချင်းအော်ဆိုလည်း ရပါတယ်ရှင်” ဟု လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ်က လက်ထောက်ပြီး ပြောလိုက်သည်။
Dec 19, 2010
don't let the first lady see the following joke :D
ဒီဇင်ဘာ အားလပ်ရက်ကာလ ဖြစ်သော်လည်း မီရှဲလ် အိုဘားမား မပျော်နိုင်ဘဲ အကြီးအကျယ် ဒေါသထွက်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများတွင် “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။
သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု ဆန်ဖရန်စစ္စကို အခြေစိုက် မိုးမခ မီဒီယာ၏ အမှုဆောင်အရာရှိချုပ် မောင်ရစ်က ပြောသည်။
“သြော် --- ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ကျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ မိုးမခ ဌာနချုပ်ရုံးကို လာပြီး ပေါက်ကွဲပြနေတယ်။ အဲဒီတော့ ကျနော်က အကြံတခု ပေးထားတယ်။ မိုးမခမှာ ကြော်ငြာထည့်ပေါ့ဗျာ၊ ‘ကျမသာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်း’ ဆိုပြီး ကြော်ငြာထည့်ပါ လို့ ပြောလိုက်တော့ သူ သဘောကျသွားတယ်။ တပတ်အတွင်း အကြောင်းပြန်မယ် တဲ့။ အဲဒါပါပဲဗျာ” ဟု မောင်ရစ်က ရှင်းပြသည်။
ဘတ်ဂျက်မရှိသဖြင့် သတင်းဌာနမွဲစာရင်း ကြေညာထားသည့် မိုးမခအတွက် အသုံးစရိတ် ရရှိစေရန် ကြော်ငြာခ တနင့်တပိုး တောင်းထားသည်ဟု မောင်ရစ်က ပြောသည်။
မိုးမခ တွင်သာမက မြန်မာဘလော့တချို့တွင်လည်း ကြော်ငြာထည့်ရန် မီရှဲလ် အိုဘားမားက အာသီသ ရှိနေသည်။
လော့စ်အိန်ဂျလိစ် အခြေစိုက် ဘလော်ဂါ မိုးချိုသင်းက “ဟုတ်တယ်၊ လာတယ်၊ ချိုသင်းကိုလည်း မေးထားတယ်၊ ဘလော့မှာ ကြော်ငြာထည့်ချင်တယ်ပေါ့နော်။ ဟင့်အင်း၊ သူကိုယ်တိုင်တော့ မလာဘူး၊ ပြည်နယ်မှူး အာနိုးကိုပဲ လွှတ်လိုက်တယ်။ ကြော်ငြာခကိစ္စတောင် မပြောဖြစ်သေးပါဘူး” ဟု ဆိုသည်။
“အိမ်က ကြောင်လေးတကောင်နာမည်ကလည်း အိုဘားမားလေ။ အဲဒါ အာနိုးက တွေ့သွားပြီး သူ့ဆရာနဲ့ နာမည်တူနေလို့ တရားစွဲမယ်လေး ဘာလေး ဟောက်စား လာလုပ်နေတယ်။ ဘာမှ လာပြောမနေနဲ့၊ ကြိုက်တဲ့နေရာမှာ တရားစွဲလိုက်စမ်းဘာလို့ ကောပစ်လိုက်တယ်။ ဘားမား ဆိုတဲ့ ငါတို့နိုင်ငံနာမည်ကိုပဲ နင့်ဆရာက ခိုးထားတာဟဲ့ လို့ ပြောထည့်ပစ်လိုက်တယ်။ ချိုသင်းကို ဒီလို လာလုပ်လို့ ဘာရမလဲ။ သူ့ကို အိမ်ထဲက ထွက်သွားဖို့ မောင်းထုတ်လိုက်တယ်။ ဒါနဲ့ပဲ ကြော်ငြာခ အကြောင်း မပြောလိုက်ရဘူး” ဟု သူက အကျယ်တ၀င့် ရှင်းပြသည်။
ဤအတောအတွင်း မီရှဲလ်က ထိုင်းအခြေစိုက် ခင်မင်းဇော်၏ ဘလော့တွင် ကြော်ငြာထည့်ရန် ဘန်ကောက်ရှိ သံအမတ်ကြီးကို လျှို့ဝှက် တာဝန်ပေးထားသည်ဟု ၀ီကီလိ ကြေးနန်းတစောင်က ဆိုသည်။
မီရှဲလ်က အိုဘားမားတွင် ကတော်ဟောင်း လုံးဝ (လုံးဝ) မရှိဟု အခိုင်အမာ ပြောဆိုနေသော်လည်း သမ္မတကတော်ဟောင်း ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ခဲ့သည်ဟူသော စကားက မြန်မာသတင်းလောကတွင် ပျံ့နေသည်။
မြန်မာပရိသတ်က ထိုသတင်းကို အထူး စိတ်ဝင်စားဟန် မပြကြောင်း စစ်တမ်းများအရ သိရသည်။
ဤအခင်းအကျင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
သမ္မတကတော်ဟောင်း ရန်ကုန်သို့ ဖုန်းဆက်ခဲ့သည်ဟူသော သတင်းတပုဒ်။
ဤသတင်းတွင်မူ ကတော်ဟောင်း ဆိုသူ၏ အမည်ကိုပင် ဖော်ပြထားသည်
Dec 15, 2010
zarny and 500 goddesses each side ;)
---နတ်ပြည်ရောက်သူဟာ နတ်သမီး တဘက် ၅၀၀ စီနဲ့ ဟန်ကျပန်ကျ နေရတယ်လို့ ဟိုတုန်းက နားလည်ထားတယ်။ ကြားဖူးနားဝ ရှိတယ်။
ဒီလိုနားလည်ခဲ့တာ ကျနော်တယောက်ထဲတော့ မဟုတ်ပါဘူး။ စာရေးဆရာကြီးတယောက်ကလည်း အဲဒီလိုပဲ ကြားဖူးပါတယ် တဲ့။ နို့ပေမယ့် သူကိုယ်တိုင် နတ်ပြည်ကို မရောက်ဖူးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာမသိဘူးလို့ စာရေးဆရာ မောင်သစ်က သူ မကွယ်လွန်ခင် ရေးဖူးတယ်။ ခုလောက်ဆိုရင်တော့ ဆရာ သိလောက်ပြီ ထင်ပါရဲ့။
ခုတလော နတ်သမီး တဘက် ၅၀၀ ဆိုတဲ့ ပြဿနာဟာ ကျနော့်ခေါင်းကို မကြာခဏ ၀င်ဆောင့်နေပါတယ်။ တဘက်ကို ၅၀၀ ဆိုတော့ နှစ်ဘက်ဆိုတော့ တထောင်ပေါ့။ နတ်ပြည်က နတ်သားတိုင်းတော့ ကြင်ယာတော် တထောင်ရှိမယ် မထင်ပါဘူး။ နတ်ပြည်မှာ ဂေါ်မစွံတဲ့၊ ကိလေသာနည်းတဲ့၊ တလင်တမယားဝါဒနှစ်သက်တဲ့ နတ်တွေလည်း ရှိနိုင်ပေတာပေါ့၊ ဘယ်သူပြောနိုင်မှာလဲ။
တဘက်ကို ၅ ပါး ဆိုရင်တောင် များနေပြီမဟုတ်လား။ ဗာဟီရလုပ်ငန်းတွေ အတွက် တဘက် ၅ ပါး ဆို လောက်ပါပြီ။ အိမ်ထောင်ကျဖူးသူများဆိုရင် ဒီအရေးကို သဘောပေါက်မှာပါ။
နတ်သမီးတဘက် ၅၀၀ အကြောင်း ပြန်ဆက်ရရင် အဲဒီ မဟာကံထူးရှင် နတ်သားက အားလုံးကို ရှာကျွေးရမှာလား၊ ပြီးတော့ စီမံခန့်ခွဲဖို့လည်း မလွယ်ဘူး ထင်တာပဲ။ အားလုံး သူ့အုပ်ချုပ်ရေးအောက် ရောက်ပြီ ဆိုတော့ ဖြစ်လာတဲ့ ပြဿနာတွေ ရှင်းပေးရမယ်လေ။
နတ်သမီး အားလုံးကိုရော မှတ်မိနိုင်ပါ့မလား။ နာမည် ရာထောင်ချီကို မှတ်မိနိုင်တဲ့ မှတ်ဉာဏ် နတ်တွေမှာ ရှိပါ့မလား။ နာမည်တွေ စဉ်းစားရတာနဲ့တင် မူးသွားနိုင်တယ်။ ပြီးတော့ နတ်သမီးတွေရဲ့ နာမည်ကရော ခေါ်ရလွယ်ပါ့မလား။ ဒါမှမဟုတ် လူ့ပြည်က ဘောလုံးသမားတွေလို ကျောနံပါတ်နဲ့လားလို့ စဉ်းစားမိတယ်။ ဟုတ်တယ်၊ ဘောလုံးသမား ယူနီဖောင်းနဲ့ဆို အဆင်ပြေနိုင်တယ်။ ဒါပေမယ့် နတ်တွေက အင်္ကျီအ၀တ်အစားရော ရှိရဲ့လား။
နတ်သမီးတထောင်အတွက် မေးခွန်းတွေကလည်း တထောင်လောက် ပေါ်လာတယ်။ ဒီနတ်သမီး တထောင်က ဘာတွေ လုပ်ရသလဲ ဆိုတဲ့ မေးခွန်း အပါအ၀င်ပေါ့ဗျာ။ မြန်မာပြည်မှာ ဖိုးချစ်တို့ ကကြတဲ့ ဇာတ်ထဲမှာတော့ ရှင်းတယ်၊ မင်းသမီးတွေ ၀ိုင်းဝိုင်းလည်နေပေသော်လည်း မင်းသား ကတဲ့အခါ သူတို့တွေက ၀ိုင်းပြီး လက်ခုပ်တီးပေးရုံပါပဲ။ နတ်သမီးတထောင်ရဲ့ အလုပ်ကရော ဇာတ်ထဲက မင်းသမီးတွေလောက် လွယ်ပါ့မလား။
“နတ်သမီးတထောင် နဲ့ နတ်သားတပါး” နှုန်းထား ဆိုတာကြီးက မှန်ခဲ့ရင်တော့ အမျိုးသမီး ၁၀၀၀ နတ်ပြည် ရောက်တိုင်း အမျိုးသား ၁ ယောက် နတ်ပြည်ရောက်တယ် ဆိုတဲ့ သဘောပေါ့။ လူ့ပြည်မှာ ကျားနဲ့မ ဆိုတာ ဆတူလောက် ရှိနေတာပဲ ဆိုတော့ ကျန်တဲ့ အမျိုးသား ၉၉၉ ယောက် ဘယ်ရောက်သွားလဲ ဆိုတာ သေချာပေါက် မေးရတော့မှာပေါ့။ ဘန်ကောက်မှာ ၀န်ဆောင်မှု ပေးတဲ့ ဘာဖောက်ချုပ် ဆိုတာမျိုးများ လုပ်လိုက်လေသလား။
နတ်သမီးတပါးကို နတ်သားတဘက် ၅၀၀ ရှိတာရော မဖြစ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းလည်း စဉ်းစားမိပါတယ်။ တဘက် ၅၀၀ ဟာ နတ်သမီးပဲ ဖြစ်စေ၊ နတ်သားပဲ ဖြစ်စေ ထိန်းကျောင်းရတာတော့ အင်မတန် ဒုက္ခရောက်လိမ့်မယ် လို့ ယူဆရတယ်။ အင်း - - ကိုယ်မရောက်ဖူးတဲ့ ဒေသအကြောင်း စဉ်းစားရတာ သိပ်တော့ မလွယ်ဘူး။
ဟုတ်တယ်၊ တကယ် မလွယ်ဘူးနော်။ တဘက်ကို ကြင်ယာတော် ၅၀၀ စီ ရှိတယ် ဆိုရင် အဲဒါဟာ နတ်ပြည်တော့ မဖြစ်နိုင်ဘူး၊ ငရဲပြည် ဖြစ်မယ်လို့ ကျနော်ကတော့ ထင်တာပဲ။ ။
Dec 3, 2010
ဘလော့ အသစ် တခု

အင်တာနက်ဆိုင်ဗုံးထောင်သူ သဲလွန်စ ရပြီ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကို လေဆိပ်အာဏာပိုင်တို့ ဘာကြောင့် ကြောက်သလဲ၊
ဆင်ဖြူ ထပ်တွေ့ရင် မဖမ်းတော့ဖို့ အမိန့် ထုတ်တာ ဘာကြောင့်လဲ
စတဲ့ စတဲ့ သတင်းထူးများ ပါဝင်တဲ့
သတင်း ဘလော့တခု မကြာသေးခင်က ပေါ်ထွက်လာပါတယ်။
လူအများအပြား အထူး စိတ်ဝင်စားနေကြတဲ့ ဒီဘလော့အကြောင်း စုံစမ်းထားသူကတော့ ကျမတို့ရဲ့ သတင်းထောက် ဇာနည်ဝင်း ဖြစ်ပါတယ်။ - ဒီဘလော့အကြောင်း သူ သတင်းပေးပို့ထားတာကို နားဆင်ပါရှင်။
[တဟားဟား ရီသံ၊ ထို့နောက် ဇာနည်ဝင်း၏ အသံ]
သည်းခံပါခင်ဗျာ။
အသံဖမ်းစက် ချွတ်ယွင်းတဲ့အတွက် သည်းခံပါ လို့ ပြောတာ မဟုတ်ပါဘူး၊ ကျနော် အခုပဲ http://burmastrangenews.blogspot.com ဆိုတဲ့ ဘလော့ကို ဖတ်ရင်း မအောင့်နိုင်တာနဲ့ အော်ပြီး ရီလိုက်တာပါ။
ရခိုင်ပြည်နယ် အစိုးရက အရက် တင်သွင်းခွန် ၄၀၀% ကောက်မယ်၊
မြန်မာ့တပ်မတော်က ဘန်ကောက်ကို သိမ်းတော့မယ်၊
ဘုန်းကြီး သပိတ်ထဲ သေနတ်တွေ တွေ့တယ် ဆိုတဲ့ သတင်းဦး၊ သတင်းထူးတွေ အပြင်
မြန်မာနိုင်ငံ လက်ရှိ သမ္မတနဲ့ အင်တာဗျူးထားတာတွေပါဝင်တဲ့ ဒီဘလော့ကို လူအများ စိတ်ဝင်စားနေကြပါတယ်။
Burma Strange News ဆိုတဲ့ ဒီဘလော့ကတော့ သူတို့ကိုယ် သူတို့ မိတ်ဆက်ပေးထားပါတယ်။ "အဆန်း တကြယ် သတင်းများကို Surrealism & Expressionism နည်းဖြင့် စဉ်ဆက် မပြတ် စုစည်း တင်ပြပေးနေသော Post-Modern News Agency" လို့ ဆိုပါတယ်။
ဟုတ်ပါတယ်၊ ကြာသပတေးနေ့က ဆိုရင် မြန်မာနိုင်ငံက ဂြိုဟ်တု လွှတ်တင်ဖို့ အသင့်ပြင်နေတယ် ဆိုတဲ့ အဆန်းတကြယ် သတင်းကို ရေးခဲ့တာ သူတို့ပါပဲ။
ဆယ်တန်းကျောင်းသားက အစ မြန်မာ့အရေး လေ့လာသူအဆုံး စိတ်ဝင်စားနေကြတဲ့ ဒီဘလော့ကို ဖန်တီးကြတာ ဘယ်သူတွေပါလိမ့်။ ဘယ်သူတွေ လက်ဆော့နေသလဲ။ စုံစမ်းကြည့်ကြပါစို့။
ကျနော် ပထမဆုံး ဆက်သွယ်ထားတာကတော့ ဧရာဝတီ သတင်းထောက် နရီလင်းလက် ဖြစ်ပါတယ်။
ဇာနည်ဝင်း ။ ။ မနရီလင်းလက်ရေ၊ BSN လို့ ခေါ်တဲ့ Burma Strange News ကို လုပ်နေကြတာ ဘယ်သူတွေ - -
နရီလင်းလက် ။ ။ ကျမ မဟုတ်ပါဘူးရှင်၊ ကျမနဲ့ မပတ်သက်ပါဘူးရှင်။
ဇာနည်ဝင်း ။ ။ ဒီလိုပါ၊ ကျနော်မေးချင်တာက ဒီရဲ့ - -
နရီလင်းလက် ။ ။ ဟုတ်ကဲ့၊ ဘာမေးချင်လဲ သိပါတယ်၊ ကျမ အဲဒီ သတင်းအဖွဲ့နဲ့ တကယ်ကို မသက်ဆိုင်လို့ပါရှင်။
နရီလင်းလက်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အထင်ကရ သတင်းထောက်ကြီး နရီလင်းလက်က မသိဘူး ဆိုတော့ BSN အကြောင်း သဲလွန်စ ရနိုင်ဖို့ ဆက်သွယ်မေးမြန်းထားတဲ့ နောက်တယောက်ကတော့ ဧရာဝတီက ပါပဲ။ သတင်းစာ ဆရာမ အေးချမ်းမြေ့ ဖြစ်ပါတယ်။
ဇာနည်ဝင်း။ ။ ဟုတ်ကဲ့ မအေးချမ်းမြေ့ရေ - BSN သတင်းတွေကို ရေးနေတာ - -
အေးချမ်းမြေ့ ။ ။ မဟုတ်ဘူးနော်၊ ကျမ လုံး--------------------------------၀ မဟုတ်ဘူးနော်။ ဒါမျိုးတွေ ကျမ မရေးဘူး။
ကြားတဲ့ အတိုင်းပါပဲ၊ မေးခွန်း မဆုံးခင်မှာပဲ သူက လုံး--------------------------------၀ ငြင်းချက် ထုတ်သွားပါတယ်။
"ဘုရားစူး၊ မိုးကြိုးပစ်" ဆိုပြီးတော့တောင် ဆရာမ အေးချမ်းမြေ့က ကျိန်သွားပါသေးတယ်။
ပို့စ်မော်ဒန် သတင်းဌာနအကြောင်းကို သတင်းသမားတွေပဲ သိနိုင်တာမို့ ကျနော် ဘန်ကောက်က ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့်ကို ဖုန်းဆက် မေးကြည့်ပါတယ်။
ဇာနည်ဝင်း။ ။ ဦးဝင်းမြင့်ရေ - BSN ပို့စ်မော်ဒန် သတင်းဌာ - -
ဦးဝင်းမြင့်။ ။ မောင်ဇာနည်ရေ၊ ငါလည်း အဲဒီသတင်းဌာနအကြောင်း ပြောချင်နေတာ။
ဇာနည်ဝင်း။ ။ ဟုတ်ကဲ့၊ ပြောပါခင်ဗျ၊ ဘယ်သူတွေ ဖြစ်မလဲ ခင်ဗျ။
ဦးဝင်းမြင့်။ ။ BSN ကို ဖန်တီးသူတွေဟာ ကွန်ပျူတာ၊ အင်တာနက် သုံးသူတွေ ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။
ဇာနည်ဝင်း။ ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်မလား။ ဘယ်သူတွေ ဖြစ်မလဲ။
ဦးဝင်းမြင့်။ ။ အတွေ့အကြုံအရ ပြောရမယ် ဆိုရင် ပေါ့လေ၊ သူတို့ဟာ သတင်းကို စိတ်ဝင်စားသူတွေ ဖြစ်နိုင်ပါတယ်။
ဒါကတော့ ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့်ရဲ့ သုံးသပ်ချက်ပါ။
သတင်းထောက် မဟုတ်ပေမယ့်လည်း လူထုသတင်းသမားလို့ ဆိုတဲ့ ဘလော်ဂါ တယောက်နဲ့လည်း ပြောဖြစ်ပါတယ်။ သူကတော့ စင်္ကာပူမှာ နေတဲ့ နာမည်ကျော် ဘလော်ဂါ ပန်ဒိုရာ ပါ။ ပန်ဒိုရာ ဆိုတာ ခေသူ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ခေါ် ကင်အဲရစ် အကြောင်းကို အထူးပြု လေ့လာနေသူပါ။ ကင်အဲရစ် ဗီဇာ ရုတ်တရက် ရသွားတာဟာ ပေါတာကြီး သန်းရွှေက အမိန့်ပေးလိုက်တာဖြစ်တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး၊ ကင်ဂျုံအန်တို့ သားအဖနဲ့ နာမည် တူတာကြောင့် ကြောက်လန့်ပြီး ဗီဇာ ပေးလိုက်တာလို့ သုံးသပ်ခဲ့သူပါ။ အဲဒီလို သုံးသပ်သူ၊ လေ့လာသူ ဘလော်ဂါ ပန်ဒိုရာကလည်း ပို့စ်မော်ဒန် သတင်းဌာန ဘလော့ကို သူ အနီးကပ် စောင့်ကြည့်နေပါတယ် တဲ့။ နားဆင်ကြည့်ပါဦး။
ဇာနည်ဝင်း။ ။ အန်တီပန်ရေ၊ အန်တီပန်က ဒီ ဘလော့ကို ဘာကြောင့် အနီးကပ် ကြည့်နေရတာလဲ။
ဘလော်ဂါ ပန်ဒိုရာ။ သြော် - ငါ့တူရယ်၊ ဘလော့ ဖတ်ပါတယ် ဆိုမှ အဝေးကနေ ကြည့်လို့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် အနီးကပ် ကြည့်ရတာပါ။
ဇာနည်ဝင်း။ ။ ဟုတ်ပါပြီ၊ မှတ်သားစရာပါပဲ။ ဟုတ်ကဲ့ သူတို့ဘလော့ကို ဘယ်သူက လုပ်နေတယ်၊ ဘယ်သူတွေ လုပ်နေတယ် ဆိုတာရော ခန့်မှန်းမိသလား။
ဘလော်ဂါ ပန်ဒိုရာ။ သူတို့ဟာ ပြည်တွင်းက မဟုတ်ရင်တော့ ပြည်ပကပဲ ဖြစ်ရမယ်လို့ အန်တီ ခန့်မှန်းမိပါတယ်လေ။ သူတို့ သတင်းတွေက အရမ်း - အရမ်း ရီရတယ်နော်။ ဟီးဟီး။
ဒါကတော့ ဘလော်ဂါ ပန်ဒိုရာရဲ့ ခန့်မှန်းချက် ဖြစ်ပါတယ်။ မိုးမခမှာ ပေါက်ကရတွေ ရေးနေတဲ့ ရန်လိုကျွဲ ဆိုတဲ့သူ ဒီဘလော့မှာ လက်ဆော့နေတာ ဖြစ်နိုင်ကြောင်းလည်း သူက သုံးသပ်ပါတယ်။ ဒါကြောင့် ကျနော် မစ္စတာ ရန်လိုကျွဲကို ဒီဘလော့အကြောင်း စနည်းနာ၊ တီးခေါက်ပါတယ်။ သူက ဒီလို စပြီး ဖြေပါတယ်။
ရန်လိုကျွဲ။ ။ အိုင်ဆေး ဇာနည်ဝင်း - ကိုယ်လည်း ဒါကို သိချင်နေတာ၊ မနေ့ကတင်ပဲ ကိုယ့်မာမီဆီကို အဲဒီ ဘလော့လင့် ပို့လိုက်တော့ မာမီက ချက်ချင်း ဖတ်တော့တာပဲ။ မောင်ရင်ရေ - ကိုယ့် မာမီက အဲဒါဖတ်ပြီး အော်ကြီးဟစ်ကျယ် ဖြစ်တယ်၊ နောက်ဆုံး ဆဲတော့တာပဲကွာ။
ဇာနည်ဝင်း။ ။ ဟင် - လူကြိုက်များတဲ့ဘလော့ကို သူက မကြိုက်ဘူးလား။
ရန်လိုကျွဲ။ ။ ကြိုက်ပါသကော မောင်ရင်ရယ်၊ အော်ကြီးဟစ်ကျယ် ဖြစ်တယ် ဆိုတာက ပို့စ်မော်ဒန် သမိုင်း သီအိုရီ အသစ်များ ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး သကာလ ၇ အိမ်ကြား၊ ၈ အိမ်ကြား အော်ပြီး ရယ်နေတာကို ပြောတာ။ ဆဲတယ် ဆိုတာက ဖတ်လို့ ကောင်းနေတုန်း အင်တာနှေးက အင်တာပျက် ဖြစ်သွားလို့ ဆဲတာ တဲ့။ F&*%$#@xqX+ ကျော်ဆန်း ဆိုတာတောင် ပါလိုက်သေးတယ်။
ဇာနည်ဝင်း။ ။ ဟီးဟီး၊ ဦးကျော်ဆန်းက ဘာဆိုင်လို့လဲ၊ အလကား အချောင် အဆဲခံရတယ်။
ရန်လိုကျွဲ။ ။ သူလည်း သူမှတ်မိတဲ့ ၀န်ကြီးနာမည်ကို ဆဲတဲ့ထဲ ထည့်လိုက်တာ ဖြစ်မှာပေါ့။
မစ္စတာ ရန်လိုကျွဲရဲ့ ပြောပြချက်တွေပါ။
သူ့မာမီ ဆဲလိုက်တဲ့ ဦးကျော်ဆန်း ဆိုလို့ မီဒီယာလောကမှာ ပေါ်လာတဲ့ ဒီဘလော့နဲ့ ပတ်သက်ပြီး သုံးသပ်ချက် ပေးဖို့ သူ့ကိုလည်း ကျနော် ခဲရာခဲဆစ် ဆက်သွယ်ထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ အထူး ထောက်လှမ်းရေးတွေ လုပ်နေတဲ့သူ ဆိုတော့ ဒီဘလော့အကြောင်း သိမလားလို့ မေးကြည့်တာပါ။ နားဆင်ကြည့်ပါအုံး။
ဇာနည်ဝင်း။ ။ ၀န်ကြီးခင်ဗျာ တခုလောက် မေးချင် --
ဦးကျော်ဆန်း။ ။ ဘာမေးမှာလဲ၊ ငါ့ကို မမေးနဲ့။ ထက်ထက်မိုးဦးကို သွားမေး။
ဇာနည်ဝင်း။ ။ သူက သူ့အမှု မပြတ်သေးချိန်မှာ နောက်တမှု မဖြစ်ချင်လို့ အင်တာဗျူးလက်မခံဘူးတဲ့ ခင်ဗျ။ ဒါကြောင့် ၀န်ကြီးကို ဖုန်းဆက်ရတာပါ။
ဦးကျော်ဆန်း။ ။ ခက်တာပဲ မင်းတို့ကောင်တွေ၊ မရှိကောင်း ရှိမကောင်းဆိုတာ မင်းတို့ပဲ ဖြစ်ရမယ်။ ဘာလဲ မင်းက ရွေးကောက်ပွဲမှာ ငါတို့ မဲခိုးတဲ့အကြောင်း မေးမလို့လား၊ ခိုးတယ်ကွာ၊ ဘာဖြစ်လဲ၊ ခိုးတော့ မင်းတို့က ဘာလုပ်ချင်လဲ။
ဇာနည်ဝင်း။ ။ မလုပ်ချင်ပါဘူးခင်ဗျ၊ ခိုးတာတွေလည်း ခိုးပြီးပြီပဲလေ။ အခု ကျနော် သိချင်တာက BSN ပို့စ်မော်ဒန် သတင်းဘလော့ကို ဘယ်သူတွေ လုပ်သလဲ ဆိုတာပါ။
ဦးကျော်ဆန်း။ ။ သြော် - ဒါလား၊ ပြောပြောက စောမှပေါ့ကွာ၊ ဟီးဟီး။ အင်း - အဲဒီ ဘလော့ကို KNU လုပ်တာ ကွ။
ဒါကတော့ ပြန်ကြားရေးဝန်ကြီးနဲ့ ဆက်သွယ် မေးမြန်းထားတာပါ။ ဒါ့အပြင် အခုလေးတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့်(သီးသန့်) ဆက်သွယ် မေးမြန်းခွင့် ရလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က Twitter သုံးချင်တယ်၊ အင်တာနက် သုံးမယ်လို့ အရင် ကတည်းက ပြောထားတာ ဆိုတော့ သူ့အမြင်ကလည်း စိတ်ဝင်စားဖို့ ကောင်းမှာ သေချာပါတယ်။
ဒီဘလော့ကို ဖတ်တဲ့သူတွေ သဘောကျတဲ့အကြောင်း၊ သူ့အမြင်ကိုလည်း သိလိုကြောင်း ရှင်းပြတော့ သူက အခုလို ပြန်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ အန်တီရဲ့ အိမ်မှာ အင်တာနက်သုံးဖို့ လျှောက်လွှာ တင်ထားတုန်းပဲ ဆိုတော့ သား မေးတဲ့မေးခွန်းကို ဖြေရ ခက်တယ်၊ အခုလို တကူးတက မေးလာတယ် ဆိုတော့ အန်တီ အင်တာနက် သုံးနိုင်တဲ့နေ့ ရောက်ရင်တော့ ပထမဆုံး ကြည့်ရမယ့် ၀က်ဆိုက်တွေထဲမှာ အဲဒီဘလော့ - - -
ရန်ကုန်မြို့လယ် တနေရာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို သီးသန့် ပြောသွားတာပါ။ ပြောနေတုန်း ဖုန်းအဆက်အသွယ် ပြတ်သွားတဲ့အတွက် နောက်တခါ သီးသန့် ထပ်ခေါ်တဲ့အခါမှာတော့ အလိုအလျောက် ဖြေကြားသံကို အခုလို ကြားလိုက်ရပါတယ်ခင်ဗျား။
"လူကြီးမင်းခေါ်ဆိုသော GSM တယ်လီဖုန်းသည်
ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍မရနိုင်ပါရှင်"
ဒါကတော့ ကျမတို့ရဲ့ သတင်းထောက်ကြီး ဇာနည်ဝင်းက လူအများအပြား အထူး စိတ်ဝင်စားနေကြတဲ့ ဘလော့တခုအကြောင်း ခပ်တိုတို ပြောပြသွားတာ ဖြစ်ပါတယ်ရှင်။ ။
Dec 1, 2010
some photos from Jap and korean blogs
http://ameblo.jp/bolks/theme-10015889459.html မှာ တွေ့တဲ့ပုံ။တာချီလိတ်က ဖိုးသူတော်တွေ။တချို့ အာရှသားတွေကတော့ ထင်မှာပဲ၊ ဦးတည်ဘွားကို ပြောင်ထားတယ် ဆိုပြီး။အောက်ကပုံတွေကိုတော့ http://kr.blog.yahoo.com/imafrick/59.html?p=1&pm=l&tc=14&tt=1260776384 ကနေ ယူပါတယ်။
တယ်လီဖုန်းလာလို့ အပေါ် တက်ပြောနေတာလားဟင်။ မြန်မာပြည် ကျေးလက်က ပုံပါ။ ဟဲလို -ဲဟုတ်ကဲ့ ပြောပါ၊ မြန်မာပြည်ကပါ လို့ ကိုရီးယား ဘလော်ဂါက ရေးထားပါတယ်။ကရိန်ကား မပြောနဲ့ လှေခါးတောင် မသုံး၊ ခေါင်းတောင်း မကျိုက်ဘဲ အပြတ် လှုပ်ရှားနေတာက သူတို့အတွက် အမှန်တကယ် ရယ်စရာ ဖြစ်နေတာပေါ့။
မက္ကဆီကိုက ဆိုင်းဘုတ် တခု။ အမေရိကန်နဲ့ကပ်လျက် တိုင်းပြည် ဆိုတော့ အင်္ဂလိပ်စာ အားကောင်းမယ်လို့ မပြောနိုင်ပါဘူး။သူတို့က စပိန် ဘာသာပဲ သုံးကြတယ်လို့ ဆိုတယ်။ ဆိုင်ရှေ့က ဆိုင်းဘုတ်မှာ sorry, we are open လို့ ရေးထားတာမြင်ရင်တော့ ဓာတ်ပုံမရိုက်ဘဲ နေနိုင်ပါ့မလား။
ကနေဒါက အိမ်သာတလုံး အဆင့်မြင့်ပုံကတော့ အင်း - မလွယ်ပါဘူး။ အန္တရာယ်ကို လွယ်မထားလိုသူတွေ အဲဒီအိမ်သာနဲ့ တွေ့လို့ကတော့း)





