ပြီးခဲ့တဲ့စနေ ချင်းမိုင်မြို့ပြင်က ရေကန်ကြီးတခုကို ရောက်ဖြစ်တယ်။ ပုံမှာ တွေ့တဲ့အတိုင်း ငါးမျှားသူလေးငါးယောက်ကိုလည်း တွေ့ရတယ်။ ရင်ခုန်ဖို့အတွက်၊ အပျော်အတွက် မျှားသလား၊ အ၀စားဖို့ မျှားသလား မသိ။
ဒါကတော့ အိမ်ရောက်မှ ဂူဂယ်လ် လမ်းမြင်ကွင်း ( google street view ) ကနေ တွေ့ရတာကို ကော်ပီကူးလိုက်တာပါ။ တောင်ကုန်းအတက်မှာ ဒီကန်ကို ဘွားခနဲ တွေ့ရတာ။
ရေကန်က အတော်ကြီးပေမယ့် မလှမ်းမကမ်းမှာ သူ့ထက်ကြီးသောကန် ရှိနေတယ်။ မြေပုံမှာ တွေ့ရတာကို ပြောတာပါ။ ရှုခင်းကတော့ အင်မတန် ကောင်းတာပဲ။ နေ့တိုင်း မြင်နေရတဲ့ မြို့ထဲကမြင်ကွင်းများနဲ့ တခြားစီ။ သိပ်ကောင်းတဲ့နေရာ။ ဈေးသည်လည်း မလာဘူး။ အကြွေးရှင်လည်း မလာဘူး။ ရင်မဆိုင်ချင်တဲ့မျက်နှာနဲ့လည်း ရင်ဆိုင်စရာ မလိုဘူး)
ပုံဆွဲပြစမ်း ဆိုရင် .... ဟောဒီမြေပုံပါပဲ။ မြို့ထဲကနေ မဲ့ဂျိုးတက္ကသိုလ်ကို သွားတယ်။ အဲဒီတက္ကသိုလ်ဘေးက လမ်းအတိုင်း ရွာတချို့ကိုဖြတ်ပြီးရင် ရေကန်လေးကို ရောက်ပြီ။
အမှိုက်မပုံရ လို့ တည့်တည့်ရေးထားတာ မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးပါနှင့် လို့ ရေးထားတာပါ တဲ့။ စာဖတ်တတ်သူက ဘာသာပြန်ပြတယ်။ အမှိုက်ပုံးဘာကြောင့်မထားလဲ မေးမနေနဲ့ ကိုယ့်လူ၊ ချင်းမိုင်မြို့လယ် ကျုံးဘေးမှာတောင် အမှိုက်ပုံး တပုံးမှ မရှိဘူး ထင်တာပဲ။
ဒါက ရေကန် ရောက်ခါနီး တွေ့ရတဲ့လမ်းဘေးမြင်ကွင်း။ သစ်ပင်တွေမှာ သင်္ကန်းစလေးတွေ ချည်ထားတယ်။ ဘာအတွက် ချည်ထားလဲ မသိပါ။ ဘာသာရေးယုံကြည်ချက်တခုကြောင့် ချည်တာလား၊ သစ်ပင် မခုတ်အောင် အမှတ်အသား ပြုထားတာလား မသိပါ။
ဒီလမ်းကို မကြာခဏ ရောက်ဖြစ်တယ်။ တကယ့် မြို့ပြင်။ ကားအသွားအလာ ရှင်းတယ်။ ဒီနားက ခြံတခုမှာ အိမ်က ခွေး ၂ ကောင် လာထားတယ်။ တ ကောင်ကတော့ လူ့ပြည်မှာ မရှိတော့ဘူး။ နောက်တကောင်တော့ ရှိသေးတယ်။ စနေနေ့ကသူ့ဆီ သွားလည်တာလေ။ အပြန် ခြံမှာနေတဲ့မိသားစုက ငှက်ပျောသီး ၂ ဖီး လက်ဆောင်ပေးလိုက်တယ်၊ စကားမစပ်။
ဒါက ရေကန်ရှိရာကို ညွှန်ပြတဲ့ ဆိုင်းဘုတ်။ လမ်းမှာတွေ့ရတဲ့ ရွာတရွာမှာပါ။
ကဲ - ပြီးခဲ့တဲ့တပတ်ကတော့ အဲဒီနေရာ ရောက်ခဲ့ပြီ။ လာမယ့် စနေတနင်္ဂနွေတော့ မြို့ထဲမှာပဲ ဟိုဟိုဒီဒီ သွားဖြစ်လိမ့်မယ်။
ဒီလိုနေ့မျိုး လျှောက်သွားစရာကတော့ အလိုလို ပေါ်လာတာပဲ။ မိသားစုအတွက် အချိန်ပေးရတဲ့နေ့ပေါ့။ တပတ်မှာ ၂ ရက် အချိန်ပေးတယ်။
တချို့က အလိုက်မသိကြဘူး၊ ဒီလိုနေ့မျိုးမှာ ဘာလေးလုပ်လိုက်ပါအုံး၊ ဘာလေး လုပ်ပေးပါအုံး ဆိုပြီး ရပ်ဝေး ရပ်နီးကနေ လှမ်းပြောကြတယ်၊ လူက တပတ်ငါးရက် အလုပ်ကို သွားတယ်။
သို့သော်ငြား အွန်လိုင်းအလုပ် ဆိုတော့ ... အင်တာနက်ခေတ်မှာ အလုပ်က လူဆီကို လိုက်လာတာပဲ။
ဒါကြောင့် စနေတနင်္ဂနွေ ရောက်လာဖို့ စောင့်ရတာ ပျော်စရာမဟုတ်ချေဘူး။ ရောက်လာရင်လည်း ဟေး... ဟား... အော်ဟစ်စရာ မလိုတော့ဘူး။
ဟူး....





![[Songhyekyo_Levisladystyle2.jpg]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfnxv5b5seysGurpz34gYdXeWVSTIKXSpAk9kHs7XdwtHteVj9xasUMMKUpOqmiP7wo9RoE0l-sUsYaLkJ6bGwxsLlprGLSfPsozwvXr9n9-T7e1g81n1hrGAEOfRuKz88SYayszKpiw/s1600/Songhyekyo_Levisladystyle2.jpg)








