Mar 6, 2012

ပြိုင်ပွဲ

ဒီဇင်ဘာလတုန်းက ပေါ်လာတဲ့ သတင်းပါ။
တကယ့် ပြိုင်ပွဲက ပျင်းစရာကောင်းမလား၊ ကြည်နူးစရာ ကောင်းမလား မသိပါ။
ဂျာနယ်စာမျက်နှာပေါ်ရောက် ပြိုင်ပွဲဓာတ်ပုံကတော့ ဟာသရသ မြောက်နေပါတယ်း)

Feb 26, 2012

စတစ်ကာ

အခုတလော NLD နဲ့ဆိုင်တဲ့ စတစ်ကာတွေ ပါးမှာကပ်တာ ခေတ်စားနေတယ်။
ဒီပုံလေးကို Time ရဲ့ ဒီတပတ် အကောင်းဆုံးဓာတ်ပုံကဏ္ဍထဲမှာ တွေ့လို့ ကူးခဲ့လိုက်တယ်။
ဒီလ ၁၇ ရက် ဒေါ်စုရဲ့ ဖျာပုံခရီးစဉ်မှာ စိုးသန်းဝင်း AFP ရိုက်ထားတဲ့ပုံလို့ ဆိုတယ်။

Soe Than Win—AFP / Getty Images
Feb. 17, 2012. A child waits for the arrival of Myanmar democracy leader Aung San Suu Kyi in Pyar Pon, Myanmar.


Feb 20, 2012

သမီးလည်း ထောက်ခံပါတယ်ချင်


ဥရောပလွှတ်တော်မှာ ကလေးတယောက် မဲပေးနေပါတယ်။ ဒါပေမယ့် သူ့မဲကို ရေတွက်ခြင်း မပြုပါဘူး တဲ့။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Strasbourg မြို့မှာရှိတဲ့ ဥရောပလွှတ်တော်မှာပါ။


Reuters ရဲ့ ပုံစာမှာတော့ အင်္ဂလိပ်ဘာသာနဲ့ Italy's Member of the European Parliament Licia Ronzulli, top center, takes part with her daughter in a voting session at the European Parliament in Strasbourg, France. လို့ ရေးထားပါတယ်။

မိခင်တွေ လုပ်ငန်းခွင်ထဲ ကလေးခေါ်ထားခွင့်ရှိရမယ်လို့ ဥရောပ ပါလီမန်က ပြဋ္ဌာန်းထားပါတယ်။
ဒီအခွင့်အရေးကို
အပြည့်အ၀ အသုံးချသူကတော့ အီတလီနိုင်ငံက နိုင်ငံရေးသမား Licia Ronzulli ဖြစ်ပါတယ်။

သူက ဟိုတုန်းက သူနာပြု၊ နောက်တော့ ဆေးရုံမှာ အရာရှိ၊ အခုတော့ နိုင်ငံရေးသမား ဖြစ်နေပါပြီ။


လွှတ်တော်ထဲရောက်ရင် ကလေးက သူ့အလုပ် သူလုပ်ပါတယ်။ ဂူဂဲလ်မှာတွေ့ရတဲ့ပုံတွေအရဆိုရင် သူ့အလုပ်က အိပ်မယ်၊ ဆော့မယ်၊ ထောက်ခံမယ်၊ ကန့်ကွက်မယ်ပေါ့။
ဂူဂဲလ်မှာ Licia Ronzulli ဓာတ်ပုံတွေကို ရှာတော့ အခုလို တွေ့ရပါတယ်။

Licia Ronzulli က တခါတရံ သူ့ကလေးကို လွှတ်တော်ထဲ ခေါ်လာတတ်တာပါ။
ကလေးထိန်း ခွင့်ယူတဲ့အခါ၊ သူ့ခင်ပွန်း မအားလပ်တဲ့အခါမျိုးမှာပေါ့။

သူ့ကို ကမ္ဘာတလွှားက အမျိုးသမီး အများအပြား၊ အထူးသဖြင့် မိခင်အများအပြားက အားကျနေကြပါတယ်။

Feb 19, 2012

ရွှေသွင်းခြင်း


(ဓာတ်ပုံများ - Kham / Reuters)

ဟနွိုင်မြို့ Viet My အလှပြင်ဆိုင်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မျက်နှာရွှေသွင်းနေတာပါ။


မျက်နှာပေါင်းတင်တာတော့ လူသိများပေမယ့် မျက်နှာကို ရွှေသွင်း၊ ပုလဲသွင်း၊ ရေညှိပေါင်း၊ ဂျပန်ရွံ့စေးပေါင်း၊ အဆိပ်ထုတ်၊ ဂျီးချွတ်၊ ဆားဝက်ခြံစုတ် ဆိုတာတော့ လူသိနည်းကြမယ် ထင်ပါရဲ့။ လူသိနည်းပေမယ့် မြန်မာပြည်က မြို့ကြီးတွေမှာ ဒီလိုဝန်ဆောင်မှုတွေ ရှိနေပါပြီ။ ဘယ်နိုင်ငံတွေက ရောက်လာတဲ့ ၀န်ဆောင်နည်း၊ ငွေရှာနည်းတွေလည်း မသိပါ။


မျက်နှာတခုတည်း နည်းမျိုးစုံ ပြုပြင် ဆေးကြောတာမဟုတ်ပါ။

ဆံပင်၊ မျက်ခုံး၊ မျက်တောင်၊ ခြေ၊ လက်၊ လက်သည်းတို့အတွက်လည်း နည်းနာမျိုးစုံ အလှဆင်နေကြပါတယ်။

ဆံပင်ကြောပြင်တာတောင်ရှိ ဆိုပဲ။


မျက်နှာရွှေသွင်းတဲ့အကြောင်း ပြန်ဆက်ရရင် အီဂျစ်ဘုရင်မ ကလီယိုပါထရာလည်း ဒီနည်းနာ သုံးခဲ့တယ်လို့ ဆိုတယ်။

ဒီနေ့ခေတ် ဆေးပညာရှင်များကတော့ မျက်နှာရွှေသွင်းတာကို အားမပေးကြပါဘူး။ အရေပြား ဒုက္ခပေးမယ့် သက်ရောက်မှုတွေ ရှိတယ်လို့ သတိပေးနေကြတယ်။

နုပျို အရွယ်တင်ဖို့ ရွှေတခါသွင်းရင် မြန်မာပြည်မှာ ဘယ်လောက် ယူတယ် မသိပါ၊ ပုံမှာပါတဲ့ဆိုင်ကတော့ ဒေါ်လာ ၉၀ နီးပါး ယူတယ်လို့ ဆိုတယ်။

Feb 13, 2012

မြန်မာထောက်လှမ်းရေး ဓာတ်ပုံရိုက်နည်း ပြောင်းလဲ

ဟောဒါက ၂၀၀၈ မတ်လ ၂၇ ရက်နေ့က ဓာတ်ပုံ။
NLD ရုံးရှေ့မှာ ရိုက်ထားတာ။
ဒီပုံမှာ ရုံးရဲ့ မျက်နှာချင်းဆိုင်က ထောက်လှမ်းရေးတပ်ဖွဲ့အသီးသီးက သတင်းယူသူ၊ ဓာတ်ပုံရိုက်သူတွေကို တွေ့နိုင်ပါတယ်။

အခမ်းအနားလုပ်တဲ့နေ့တွေဆိုရင် ရုံးရှေ့မှာ လူတွေ အရမ်းများတယ်။ ရုံးထဲလူမဆံ့လို့ ရုံးရှေ့ထွက်ထိုင် ထွက်ရပ်နေကြတာကြောင့်ပါ။ အဲဒီလို အခြေအနေ ဆိုရင် တချို့ထောက်လှမ်းရေးတွေက ကားလမ်းကူးလာပြီး ရုံးရှေ့အထိ လာတယ်။ ဓာတ်ပုံရိုက်သူကို ဘေးကနေ ကပ်ပြီး လုံခြုံရေးပေး၊ ညွှန်ကြားတဲ့သူ ရှိတယ်။ ဘယ်နားကိုရိုက်၊ ဟိုလူ့ကိုရိုက် ဒီလူ့ကိုရိုက် စသဖြင့်။

အခမ်းအနား မရှိတဲ့နေ့တွေ ဆိုရင် ရုံးက ခြောက်ကပ်ကပ်။
ဝင်တယောက် ထွက်တယောက်လောက်ပဲ။
အဲဒီတုန်းကလည်း ၀င်ထွက်သွားလာသူကို ဓာတ်ပုံလှမ်းရိုက်ကြတာပဲ။
ပုံအနေအထား ကောင်းကောင်း ရဖို့အတွက် ဓာတ်ပုံဆရာဘေးက ထောက်လှမ်းရေးတယောက်က လက်ခုပ် လှမ်းတီးတတ်တယ်။ အသံလာရာဘက်ကို ကြည့်လိုက်တာနဲ့ ဟိုဆရာက ကင်မရာခလုတ်နှိပ်ပြီးသား။

နိုင်ငံခြားသားတယောက် NLD ရုံးထဲ ၀င်ပြီဟေ့ ဆိုရင်တော့ ထောက်လှမ်းရေးတွေ ပြာယာခပ်တော့တာပဲ။
အဲဒီ လူရဲ့ ပုံကို အဆက်မပြတ် ရိုက်ကြရော။ သံတမန် ဆိုရင်တော့ ကားနဲ့ ကားနံပတ်ကို မှတ်တမ်းတင်ထားလိုက်တယ်။ ဒါဆို သူတို့အလုပ် ပြီးလောက်ပြီ။

နိုင်ငံခြားသားက သံတမန် မဟုတ်ဘူး၊ သံရုံးကားနဲ့ မလာဘူး ဆိုရင် သူတို့ ပို အလုပ်ရှုပ်တယ်။

အဲဒီလူ NLD ရုံးကနေ အဲဒီလူ ထွက်ပြီ ဆိုရင် နောက်က တကောက်ကောက် လိုက်ကြတာပဲ။ ဓာတ်ပုံတခုတည်းနဲ့ အလုပ်မဖြစ်တော့ဘူး၊ ဒီလူက ဘာလဲ၊ ဘယ်မှာတည်းသလဲ ဆိုတာ လိုက်ကြည့်ကြရ၊ ပုံစံပေးကြရတယ် (ဖမ်းပြီး လေဆိပ်ပို့၊ အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကနေ ကန်ထုတ်လိုက်တာမျိုး)လို့ ယူဆရတယ်။

ဓာတ်ပုံရိုက်တဲ့ပညာ အထူးသဖြင့် ခပ်ဝေးဝေးက လှုပ်ရှားနေသူတယောက်ရဲ့ ပုံကောင်းကောင်းရအောင် ရိုက်တဲ့ ပညာက လူတိုင်း မတတ်လေတော့ သူတို့လည်း အလုပ်ဖြစ်မယ့်ဓာတ်ပုံဆရာတွေ ငှားပြီး ရိုက်ခိုင်းကြတာလည်း ရှိတယ်။

ရုံးထဲကို ဘယ်သူ ၀င်ထွက်သွားလာတယ်ဆိုတာကို အထက်ကို တင်ပြဖို့အလုပ်က သူတို့ အလုပ်ပဲ ဆိုတော့ ဓာတ်ပုံရရေး နည်းမျိုးစုံ ကြိုးစားကြတယ်။ နည်းမျိုးစုံနဲ့ ရိုက်ကြတယ်။

ဒီနေ့ကာလမှာတော့ အသွင်ပြောင်းသွားတယ်။ NLD ရုံးရှေ့မှာ ဓာတ်ပုံရိုက်ပြီဆိုရင် အဲဒီလို မရိုက်တော့ဘူး။
NLD ရုံးဝန်းကျင်မှာက ထောက်လှမ်းရေးအရေအတွက်ထွက် သတင်းသမားအရေအတွက်က ပိုများသွားပြီ။

ဒီကနေ့ Ah Bayah/Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံတွေအရ ဆိုရင် -

ဒါကြောင့် ပလက်ဖောင်းပေါ် မရပ်တော့ဘဲ ဆိုင်ထဲကနေပဲ ရိုက်တယ်။

ဒီလိုရိုက်တယ် တဲ့။
ဆိုင်နံရံကို အပေါက်ဖောက်ပြီး ရိုက်တယ်။


ရိုက်တဲ့ ဓာတ်ပုံဆရာက ဒီလူ လို့ ဆိုတယ်။


မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတော့ ထောက်လှမ်းရေးတွေလည်း အပြောင်းအလဲတွေ လုပ်နေရပြီပေါ့လေ။ ။




Jan 21, 2012

သတို့သမီး

ဖေ့စ်ဘုတ်မှာ ရှယ်နေကြပါပြီ
ကဲ - မင်္ဂလာဆောင် ဖိတ်စာမှာ ဘွဲ့တွေ တသီတတန်း ကောက်ထည့် လျှောက်ထည့်ထားတာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ် ဆိုတာ ဒီသတင်းက ပြောနေပါပြီ

ကောင်းကျိုးက - ကိုယ့်အကြောင်း အသေးစိတ်အချက်အလက် လူသိမယ်၊ ကိုယ့်အမြီးတွေ လူအထင်ကြီးမယ်။

ဆိုးကျိုးက - နိုင်ငံခြားထွက် ပတ်စပို့လုပ်ရာမှာ ပညာရေးဌာနကိုလျော်ကြေးပေးရမယ်၊ ပတ်စ်ပို့ရုံးကဆိုလား သာရေးနာရေးဖိတ်စာတွေ ကြော်ငြာတွေ မှတ်တမ်း တင်နေတယ် တဲ့။
နောက်ထပ်ဆိုးကျိုးကတော့ နာမည်နောက်ကအမြီးတွေဖတ်ပြီး ခေါင်းမူးသွားတဲ့ သတင်းသမားတွေ လျှောက်ရေးမိလို့ သတို့သမီးနာမည် အခုလို ပျောက်သွားတာပါပဲ

သတင်းသမားတချို့က နဂိုကတည်းက ရှုပ်အောင် ရေးတတ်တယ်နော် - သတိထားကြး)

သာရေးနာရေး ဖိတ်စာမှာ အမြီးတွေ ဖြတ်ကြး)

တော်ကြာ ရန်ကုန်မြို့နေ AK47 (Russia), BEDC (Rangoon), ABC (Set Sun), ABC (Stout), BBC listener, Facebook lover, internet user အသက် ၈၅ နှစ်သည် ယမန်နေ့က သေဆုံး သွားပါသည် လို့ ရေးနေကြအုံးမယ်း)

Jan 20, 2012

ငါ့ဘ၀ ငါသာသခင်

ဒီနေ့ ကြေးမုံ သတင်းစာမှာ ထင်တယ်
စာအုပ်မိတ်ဆက်မှာ ပါတဲ့ တအုပ်က ဒီဘလော့ နာမည်နဲ့လည်း ဆင်တယ်၊ စိတ်ဝင်စားစရာတွေလည်း ပါတယ်

တခြားစာအုပ်တွေလည်း သူ့နည်းသူ့ဟန် ဖတ်လို့ ကောင်းမယ့် သို့မဟုတ် ကိုးကားဖို့ကောင်းမယ့်ပုံပါပဲ။

အောက်ဆုံးစာအုပ်မှာတော့ ဘာတွေ ပေါက်ကရ ရေးထားမလဲ မသိပါး)

အဲဒီစာအုပ်စာရေးသူကိုတော့ မသိဘူး ထင်တာပဲ - နာမည်တောင် မကြည့်မိး)

အင်တာဗျူးတွေမှာ ပေါက်ကရ မေးတတ်တယ် ဆိုတော့ ပေါက်ကရရေးထားမယ်လို့ ယူဆပါတယ်း)

Jan 14, 2012

ကြိုးတိုက်ထဲမှာ အနှစ် ၂၀ ကြာ

(အင်တာနက်မြန်တဲ့ဒေသမှာ ကြည့်ဖို့)


နာမည်ကျော်သီချင်းတပုဒ်မှာ ဒီလို ဆိုထားတယ် "လူဆိုတာ တယောက်စီ မနေနိုင်တဲ့ သတ္တ၀ါတွေပဲ" တဲ့။

လူတယောက်ကို သီးသန့်အခန်းထဲ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတာမျိုးကို မြန်မာပြည်မှာ မကြာခဏ ကြားရမှာပါ။

ဒီရုပ်သံမှာတော့ ကိုညီညီဦးက သူ့အတွေ့အကြုံတွေကို ပြောပြထားပါတယ်။
အနှစ် ၂၀ ကို ကုန်သွားအောင် သူ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘာကြောင့် ဒီလို ဒဏ်ခတ်ခံရတာလဲ ...


ရုပ်သံမှာ အသေးစိတ် ပြောပြထားပါတယ်

Jan 13, 2012

ဗီဇာလျှောက်မယ် - ၂

မြန်မာပြည်ပြန်ဖို့ ဗီဇာ လျှောက်မှ ဖြစ်တော့မယ်။
အစိုးရမင်းများ သဘောတော် သိပ်ကောင်းနေပြီ။

ဒီတခါ လွှတ်ပေးတာ အရေအတွက်လည်း များတယ်၊ ဟိုအမှု ဒီအမှုတွေနဲ့ ရောမလွှတ်ဘူး။

(လူဆိုးတွေနဲ့ ရောမလွှတ်ဘူးလို့တော့ မပြောချင်ပါ၊ ဗိုလ်ခင်ညွန့်တို့၊ ဗိုလ်နေ၀င်းမြေးတို့ ပါနေတာကြောင့်)

ဗီဇာလျှောက်မယ်။
NLD က ကြားဖြတ်ရွေးကောက်ပွဲအတွက် ၀င်ပြိုင်မယ့်လူ လိုနေတယ်။ အခုလွှတ်လာသူတွေကို NLD က ညှိနှိုင်းနိုင်တယ်။
ကျနော် ပြန်ရောက်ရင်လည်း လာညှိနေအုံးမယ်။ ၀င်ပြိုင်စမ်းပါကွာ ဆိုပြီး)

အင်း - ပြန်မှပါပဲး)

getty images photo

Jan 12, 2012

ဗီဇာလျှောက်မယ်


အကျဉ်းသား ၆၅၁ လွှတ်မယ်လို့ ဒီနေ့ ဗိုလ်ချုပ်ကြီးတို့က ကြေညာတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ပါမလား။ ပါရင်တော့ ရန်ကုန်ပြန်ဖို့ ဗီဇာလျှောက်လိုက်အုံးမှပဲ။

Jan 10, 2012

၂၀၁၁ ဧရာဝတီ အတွင်းရေးများ






အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ ဆိုပြီး ဧရာဝတီ ဘလော့မှာ တင်လိုက်တယ် မနေ့က။
တကယ့် အဖြစ်အပျက်တွေပါ။
ကိုယ့်အကြောင်းလည်း ပါတယ်။ လုပ်ဖော်ကိုင်ဘက်များအကြောင်းလည်း ပါတယ်။
ပျော်စေပြက်စေပေါ့။
ဒီဘလော့မှာ ဘာမှ မရေးတာလည်း ၃ ပတ် ရှိသွားပြီ။ ဒီဘလော့ လာတဲ့သူကလည်း ဂူဂဲလ်ရဲ့ အဆိုအရ တရက်ကို သုံးလေးဆယ် ရှိနေတယ်။ ဒါကြောင့် တခုခု တင်အုံးပါမှ ဆိုပြီး ဒီအတွင်းရေးတွေကို ကူးတင်လိုက်တာ။
တခြား တင်စရာတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရိုက်ထားတဲ့ပုံတွေ။ ကင်မရာထဲမှာပဲ။ မထုတ်ရသေး။
ကဲ - မဖတ်ရသေးဘူး ဆိုရင် ဖတ်ပါအုံး အတွင်းရေးတွေကိုး)


အောင်မြင်မှု
း) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း) ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။
း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း) မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။
း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။

ဆုံးရှုံးမှု
း( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း( သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်
း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရ
း( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့

ဖြစ်ထွန်းမှု
း) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း) သတင်းထောက် ၁ ယောက် လက်ထပ်
း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း) အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြ
း) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ



ပျက်ကွက်မှု
း( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း( ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်
း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း( ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်
း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်


ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)