Jun 21, 2012

smile!


Ph. D ရဖူးတယ် ဆိုရင် ဘယ်သူမှ ယုံမယ် မထင်ဘူး။

PASSED HIGHSCHOOL with DIFFICULTY.. လို့ လူနားလည်အောင် ပြောရင်တော့ ယုံမယ် ထင်တယ်း)

ဒါပါပဲ

ပြုံးလိုက်ပါလေ
း)

Jun 11, 2012

ဘန်ကောက်ကို ရောက်လာပြန်ပြီ

ကျနော် ဘန်ကောက်ရောက်နေတာ တပတ် ရှိပြီ။ နောက်ထပ် အနည်းဆုံး ၂ ရက် ထပ်နေရမယ်။

အခု ကျနော့်လက်ထဲမှာ အထုပ်တထုပ် ရောက်နေတယ်။
ယူအက်စ်မှာနေတဲ့ ဦးဝင်းဖေက သူ့ပန်းချီကားတွေကို ချင်းမိုင်က မြန်မာပန်းချီပြခန်း လူကြုံပို့လိုက်တာပါ။
အဲဒီလူကြုံက ဘန်ကောက်အထိပဲ ရောက်တယ်။ ချင်းမိုင် မရောက်ဖြစ်သေးဘူး။
ဒီတော့ ပန်းချီကားထုပ်ကို ကျနော် သယ်သွားပေးမယ်။ အပမ်းမကြီးပါဘူးလေ။ အထုပ်က ကျောပိုးအိတ်ထက်ကြီးနေတာတခုပဲ ပြောစရာရှိတယ်း)
အဲဒါက အပေါ်က ဓာတ်ပုံအကြောင်း မိတ်ဆက်စာပါ။ ကဲ - ဘန်ကောက်အကြောင်း ပြန်ဆက်ရရင် -

ဘန်ကောက်ဟာ အရင်ကထက်ပိုပြီး နှစ်သက်စရာမကောင်းတဲ့မြို့ ဖြစ်လာတယ်။

၂၀၀၀ တုန်းက မကြာခဏ ဘန်ကောက်ရောက်ဖြစ်တယ်။ အဲဒီတုန်းက ကိုသားညွန့်ဦး၊ မအင်ကြင်းတို့အိမ်မှာ တည်းတာပေါ့။ ခုတော့ သူတို့ ၂ ယောက်လည်း ၃ ယောက်ဖြစ်သွားပြီး ယူအက်စ် ရောက်နေတယ်။

သူတို့ Lat Phrao လမ်း တနေရာမှာ ရှိတုန်းက သူတို့အိမ်က ကျနော်တို့ ဘန်ကောက်ရောက်တိုင်း တည်းကြတာပေါ့။ မြို့ထဲ မသွားတတ် မလာတတ်မို့ သူတို့နဲ့ လိုက်လိုက်သွားဖြစ်တယ်။ ဘန်ကောက်လမ်းတွေကလည်း ရန်ကုန်ထက် ပိုရှုပ်၊ ကျနော်က ထိုင်းလိုလည်း မပြောတတ် ဆိုတော့ ပိုပြီး အားကိုးဖြစ်တယ်း)

ဘတ်စ်၊ ရထား၊ အငှားကား စီးပုံစီးနည်း သူတို့ကြည့်ပြီး လေ့လာရတယ်။
အငှားကားစီးရတာ ဘာခက်တာမှတ်လို့။ သို့သော်
ဘန်ကောက် တက္ကစီသမားတချို့က အင်္ဂလိပ်လို ပြောကြ မေးကြတယ် - မင်း ဘယ်နိုင်ငံကလဲ တဲ့။ မြန်မာပြည်ကလို့ ဖြေလို့ မဖြစ်ဘူး။ ကိုယ့်ကိုမေးတဲ့
တက္ကစီဆရာက သာမန် စပ်စုတတ်တဲ့ လူကောင်းလား၊ လူဆိုးလား၊ တိုင်တတ် တောတတ်တဲ့သူလား မသိနိုင်ဘူး။ ဒီတော့ ဖိလစ်ပိုင်၊ စင်္ကာပူ စသဖြင့် ဖြေမိတာများတယ်။

ကိုယ်သွားတဲ့အိမ်တွေ အခန်းတွေမှာက ပတ်စ်ပို့မရှိသူတွေ များတယ်လေ။ ကျနော့်လို့ ဒုက္ခသည်လက်မှတ်နဲ့ ဖြစ်နိုင်သလို သူတို့မှာရှိတဲ့ ပတ်စ်ပို့ကလည်း မိတ်အင်ဘန်ကောက် ဖြစ်နေတတ်တယ်း) ဒီတော့ I am from Singapore ပေါ့ဗျာ။

လေပေါတဲ့ တက္ကစီဆရာတယောက်နဲ့ စကားစပ်မိတုန်းက ရီစရာနဲ့ ကြုံရသေးတယ်။

မင်း ဘယ်နိုင်ငံကလဲ။
ငါ စင်္ကာပူက။

အိုး၊ ဗဲရီးဂွတ်။
ဟုတ်တယ်၊ ဂွတ်တယ်။

မင်းတို့ဝန်ကြီးချုပ်က တကယ် တော်တာပဲ။
ဟုတ်တယ်၊ လီကွမ်ယုက သောက်ရမ်း တော်တယ်။ ငါတို့အားလုံး သူ့ကို ချစ်တယ်။

မဟုတ်ဘူး၊ လီကွမ်ယု မဟုတ်ဘူး၊ သူက ၀န်ကြီးချုပ်ဟောင်းလေ။ ငါပြောတာက လက်ရှိ ၀န်ကြီးချုပ်လေကွာ။ အင်း - ငါ နာမည် မေ့နေပြန်ပြီ (လို့ သူက လေရှည်တော့ ကျနော်လည်း လျှောက်ပြောရတော့တယ်။ အရေးထဲ ဂိုချုပ်တောင် နာမည်ကို သူရော ကျနော်ပါ မေ့နေတာမို့)
သြော် ...................... ဟုတ်တယ်၊ ငါတို့ဆီက ၀န်ကြီးချုပ်တွေ အကုန် တော်တယ်။

မင်းတို့ ၀န်ကြီးချုပ်နာမည် ဘယ်သူ? အား - ဘယ်သူပါလိမ့်။
မင်း စင်္ကာပူ ရောက်ဖူးလား။ လာလည်ပါလား။ အရမ်းကောင်းတယ်။

အင်း - လည်တာပေါ့ကွာ။ xxxx ဟဲဟဲ
ဟုတ်ကဲ့ xxxx ဟဲဟဲ xxxx

xxxxxxxxxxxxxxxxxxxxx
zzz

xxxxxxxxxxxxxxxxxxxx
zzzzz

မင်းနဲ့ စကားပြောရတာ အရမ်း အရမ်း ကောင်းတယ်ကွာ။
အေး ငါလည်း အဲဒီလိုပဲ ထင်တယ်။

တကယ်ပြောတာကွ။ စကားပြောလို့ အရမ်း အဆင်ပြေတယ်။ တချို့ခရီးသည်တွေနဲ့ စကားပြောဖြစ်တယ်။ သူတို့နဲ့ အင်္ဂလိပ်စကား ပြောရတာ မအိုကေဘူး။ မင်းနဲ့ အိုကေတယ်။ မင်းပြောတာ ငါနားလည်တယ်။ ငါပြောတာလည်း မင်းနားလည်တယ်။ ကောင်းတယ်။
ဟုတ်တယ်။

အဲဒါပါပဲဗျာ။ ဒီ ရယ်စရာအကြောင်း ကျနော့်မိန်းမကလွဲလို့ ဘယ်သူ့ကိုမှ မပြောမိသလောက်ပါပဲ။

၂၀၀၀ ၀န်းကျင်က ဘန်ကောက်ကို ဆယ်ကြိမ်မက ရောက်ဖြစ်ပေမယ့် အခုတော့ ကျဲသွားပြီ။
တည်းနေကျအိမ်မှာတည်းဖို့ မဖြစ်နိုင်လို့ ဟိုတယ်မှာပဲပေါ့။

ချိန်းပြီး ဆုံရ တွေ့ရမယ့်လူလည်း သိပ်မရှိတော့ဘူး။ ရှိတဲ့သူကလည်း အချိန်ရှားပါးသတ္တ၀ါတွေဖြစ်ကုန်ပြီ။

မပြောင်းလဲတာကတော့ ဘန်ကောက်ပဲ။ ဟိုတုန်းကလို မြောင်းပုပ်နံ့၊ ဟိုတုန်းကလို ပူပူလောင်လာင်၊ ဟိုတုန်းကလို ရှုပ်ယှက်ခတ်နေတုန်းပါ။ ယာဉ်ကြောပိတ်တာတော့ ပိုဆိုးလာတယ်။

ဘန်ကောက်ဟာ နေထိုင်သွားလာလို့ မကောင်းပေမယ့် အချက်အချာကျတဲ့နေရာ၊ အရေးပါတဲ့နေရာ ဖြစ်နေတာကြောင့် ရောက်လာရပြန်ပါပြီ။

နောက် ၂ ရက် ကျော်ရင်တော့ ကျနော် ချင်းမိုင်ပြန်ရောက်ကောင်းပါရဲ့လေ။

တော်သေးပြီ။
လျှောက်ရေးထားတာ ဖတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

May 17, 2012

လမ်းကြုံရင် ဒီစာကို ဦးသိန်းစိန်ဖတ်ဖို့ ပရင့်အောက်ပြီး ယူသွားလိုက်ပါ

(ဓာတ်ပုံ- AP)

မြန်မာပြည်ကို အလည်ရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ဂူတွေရှေ့မှာ ၁၉၈၃ ဗုံးခွဲမှုအတွင်း ကျဆုံးသွားတဲ့ ကိုရီးယားဝန်ကြီးတွေကို အလေးပြုတာပါ တဲ့။

ဒီသတင်းကြောင့် ဘောင်းဘီချွတ်ဦးသိန်းစိန်တို့အုပ်စု အဆဲခံနေရပါပြီ။
အဲဒီနေရာ ရောက်ခဲ့တာတောင် ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ကို အလေးမပြုသလဲ?
ခရီးစဉ်အတွက် အသေးစိတ် အကြောင်းအရာ လပေါင်းများစွာ ကြိုတင် ညှိနှိုင်းစဉ်က ဒီအချက်ကို သတိမပြုမိဘူးလား?
စတဲ့ စတဲ့ မေးခွန်းတွေ တက်လာပါတယ်။

ဗိုလ်ချုပ်ပုံကို ဦးသိန်းစိန်ရုံးခန်းထဲ ချိတ်ထားတာဟာ ပြစားဖို့ပဲ (for show လုပ်ဖို့ပဲ) မဟုတ်လား?
အောင်ဆန်းကို ခင်ဗျားကြီးတို့ လေးစားမှုမပြရဲသေးဘူး မဟုတ်လား?
ဗိုလ်သန်းရွှေကို ဒီလောက်အထိ ကြောက်ရသလား ဆိုတဲ့ မေးခွန်းတွေတော့ မတွေ့ရသေးပါဘူး။

ကိုယ်ကတော့ ပြည်ပရောက်တဲ့အခါ ဟိုချီမင်း၊ ဂန္ဒီတို့ရဲ့ အထိမ်းအမှတ်တွေ အလေးပြုတယ်၊ ကိုယ့်ဆီလာတဲ့ ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေ သမ္မတတွေကို ရန်ကုန်က အာဇာနည်ဗိမာန် အလေးပြုဖို့ မစီစဉ်တော့ဘူးလား။

ဒီမိုကရေစီအစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ဆိုင်းဘုတ်တပ်ရင် ဒီမေးခွန်း ဖြေဖို့ ကြိုးစားလိုက်ပါအုံး။

မြောက်ကိုရီးယားအကြမ်းဖက်သမားတွေလို ငနဲတွေရဲ့ ရန်ကို စိုးရိမ်လို့ အာဇာနည်ဗိမာန်ကို ဘယ်နိုင်ငံခြားခေါင်းဆောင်ကိုမှ မသွားစေလိုဘူးလို့ ဖြေမှာလား။

အဲဒီလို ဖြေမယ် ဆိုရင်တော့ အာဇာနည်ဗိမာန်ဟာ တနှစ်မှ တရက်ပဲ ဖွင့်တဲ့နေရာတခု ဖြစ်သွားပြီပေါ့။

ကျန်တဲ့ ၃၆၄ ရက်က အာဇာနည်ဗိမာန် ပိတ်တဲ့သဘော သက်ရောက်ပါတယ်။ ဒါဆိုရင် နှမြောစရာပဲ။ အဲဒီနေရာက နေရာကောင်းဗျ။ တယောက်ယောက်ကို လုပ်ငန်း လုပ်ခွင့် ပေးလိုက်ပေါ့ဗျာ။ နိုင်ငံတော်လည်း ၀င်ငွေရတာပေါ့။ မဟုတ်ဘူးလား ဦးသိန်းစိန်။








Apr 19, 2012

အန္တရာယ်

Young monk on the back of a motorbike at Dala Township outside Yangon, Burma in August 2010 လို့ ဘလော်ဂါ ဓာတ်ပုံဆရာ တိုဟူးက ဆိုတယ်။
ရန်ကုန်မှာပါ တဲ့။
ပြဿနာပဲ - ဒီအတိုင်း သွားရင် ဆိုင်ကယ်က တခုခုကို ၀င်တိုက်တော့မှာပဲ လို့ ထင်ရတယ်။

ဒလမြို့မှာ ဒီလိုပဲ မောင်းကြသလား။

Apr 18, 2012

လျှောက်ငေးမယ် လျှောက်တွေးမယ်

ခရီးသည်တိုဟူးရဲ့ ဘလော့မှာ တွေ့တဲ့ပုံ။
ပုံက ဆွဲဆောင်မှု ရှိတယ်။
ဘာရယ်လို့တော့ မဟုတ်ပါဘူး။

သူ့ဆံပင်က နောက်ဘက်မှာတော့ ထုံးထား စည်းထားတာပဲ။
ရှေ့ဘက်မှာတော့ ဒီအတိုင်း ပစ်ထားတယ်။
ဒီလိုဆံပင်ပုံစံမျိုးကို ရှေးတုန်းက စိတ်ကူးမိကြပါ့မလား။
ရှေးတုန်းက စတိုင်လည်း ဖြစ်နိုင်တာပဲ။
Woman washing a Buddha statue at the Shwedagon Paya in Yangon, Burma in August 2010 လို့ ဘလော်ဂါခရီးသည်က ဆိုထားတယ်။

မူရင်းက http://tofuphotography.blogspot.com/2011/08/washing-statue.html

နောက်ခံ အ၀ါခြောက်ရင့်ရင့်က ရှားတယ်လေ။
ဒါကလည်း ဓာတ်ပုံရဲ့ ထူးခြားမှု။
ဘုရားဆင်းတု ပါရင် ဒီပုံက ပိုကောင်းမယ်။

အင်း ... ရွှေတိဂုံ ဘယ်တော့ထပ်သွားရပါ့မလဲ မသိ။
ရှေ့နှစ်ထဲမှာ သွားနိုင်မယ် ထင်ပါရဲ့း)


ဟောဒါကလည်း ရွှေတိဂုံမှာပဲ။
ဒီဆံပင်ပုံစံကတော့ နိုင်ငံတကာပုံစံလို့ ဆိုရမယ် ထင်တယ်း)

ဒီပုံကိုတော့ ဘလော်ဂါက Pretty woman in Yangon, Burma, in August 2010 လို့ ဆိုတယ်။
အင်း .. လှပါတယ်။ ချောပါတယ်။

ဒါပါပဲ
ဒီဘလော့ ငြိမ်နေတာ ကြာလို့
ပုံလေးတွေ သဘောကျလို့ ကောက်တင်လိုက်တာပါ။

ကာယကံရှင်ကတော့ ဒီပုံတွေနဲ့ ပတ်သက်ပြီး မူပိုင်ခွင့် ဘယ်လို ရှိတယ်၊ ဘယ်လို ၀ယ်နိုင်တယ် ဆိုပြီး အခုလို ရေးထားပါတယ် -

Copyright NoticeThe photographs and text on this site are Copyright of Tofuphotography, Canberra, Australia.
©2004 - 2012

For digital licenses and to purchase high resolution images at competitive prices with a fast turnaround (direct deposit or PayPal), please contact me at tofuphotography@gmail.com.

ကျနော်က ဒီဘလော့မှာ အလကားသုံးမှာမို့ ဆက်သွယ်မနေတော့ပါဘူး)
နောက်မှပဲ ဆက်သွယ် အသိပေးလိုက်တော့မယ်း)