ဂုရု ဆုံးသွားပြီ တဲ့။ သတင်းတွေ ၀င်လာတယ်။ သူနဲ့ကျနော် စတွေ့တော့ ၂၀၀၁ တုန်းက။ မဲ့ခေါင်ခဒုက္ခသည်စခန်းထဲမှာ။ အဲဒီစခန်းနဲ့ ဖာပွန်(ကရင်ပြည်နယ်)၊ ဖားဆောင်(ကယားပြည်နယ်) တို့က သုံးပွင့်ဆိုင်။ သူတို့က ရောင်နီဦး ဆိုတဲ့ အထက်တန်းကျောင်းတခု ဖွင့်ထားတယ်။ သူတို့စီစဉ်တဲ့ စာပေဟောပြောပွဲမှာ ကျနော်နဲ့ ကိုထိန်လင်း ၂ ယောက်ကို ဟောပေးဖို့ ဖိတ်တယ်။ (အခု ကျနော်တို့ ၂ယောက်က မိုးမခ ရောက်နေတယ်။)ဟောပြောပွဲမှာတော့ လူအစုံပဲ။ ရောင်နီဦးကျောင်း သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသားတွေ၊ ပြီးတော့ စခန်းထဲက အသက်အရွယ်ပေါင်းစုံ ဒုက္ခသည်တွေ။ စာမတတ်သူတွေလည်း ပါနိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် စာမဖတ်သူတွေလည်း ပါနိုင်တယ်။ ဒုက္ခသည်စခန်း ဆိုတာ ပွဲလန်းသဘင်မရှိတဲ့အရပ်ဖြစ်တော့ အဲဒီပွဲက ပရိသတ်အင်အား ကောင်းတယ်။ ရပ်ကွက် ၁၃ က တတဲတယောက် အနည်းဆုံး အားပေးကြမယ် ထင်တယ်။ အဲဒီရပ်ကွက်က ကရင် နည်းပြီး ဗမာ များပုံရတယ်။ တခြားရပ်ကွက်တွေက လာချင်မှ လာမယ်။ ည ၈ နာရီကျော်ရင် စခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားခွင့် မပြုဘူး။ ကျနော့်ကို အရင်ဆုံး စင်ပေါ်တင်ပေးလိုက်တယ်။ ပြီးတော့ ကိုထိန်လင်း။ နောက်တော့ ဂုရုတို့ တက်ပြီး ကဗျာရွတ်ကြတယ်။
ကျနော်ကတော့ ရယ်စရာတွေ ပြောလိုက်တာပဲ။ ဒါပေမယ့် ပရိသတ်အားလုံး သဘောကျအောင်တော့ မတတ်နိုင်ပါဘူး။ ဂုရုတို့ ကဗျာရွက်တာလည်း ပရိသတ်က လက်ခုပ်တီး အားပေးတာပါပဲ။ စင်ပေါ်ကဆင်းတော့မှာမို့ ၀မ်းသာအားရ လက်ခုပ်တီးတာလည်း ဖြစ်နိုင်တယ်၊ အခမ်းအနားအစီအစဉ်တခု အပြီး ယဉ်ကျေးမှုအရ တီးတဲ့လက်ခုပ်သံတွေလည်း ဖြစ်နိုင်တယ်၊ လေးလေးစားစား လက်ခုပ်တီးကြသူတွေလည်း ရှိမယ်။ ဂုရုကတော့ အလေးအနက် ထားတဲ့အပြင် တကယ်ကို ရင်ခုန်မှုအပြည့် ခံစားချက်အပြည့်နဲ့ ကဗျာရွတ်တာပဲ။ ပရိသတ်ကြီးလည်း သူတို့တွေ့တွေ့နေတဲ့ မျက်မှန်နဲ့ ဒီဆရာ (တော်လှန်ရေးသမား)က စာတွေပေတွေလည်း ရသားပဲ လို့ အသိအမှတ် ပြုသွားကြပုံပေါ်တယ်။
လွန်ခဲ့တဲ့ ၅ လလောက်တုန်းက သူ့ကို နောက်ဆုံးတွေ့တယ်။ ထုံးစံအတိုင်း လက်ထဲမှာ ဆေးပေါ့လိပ်နဲ့။ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား ဒီနှစ် မတ်လ ၁၆ ရက်နေ့မှာ သူတို့ လုပ်ကြတယ်။ စင်ဘေးမှာ ကဗျာရွတ်သံတွေကို အထောက်အကူပြုနေတဲ့ ဂစ်တာသမားတွေလည်း ရှိတယ်။ အဲဒီထဲကတယောက်ကို လက်ညိုးထိုးပြပြီး သူ့ညီဖြစ်တဲ့အကြောင်း ပြောပြတယ်။ ဂုရုက အိမ်ထောင်ပြုလိုက်တာတောင် သိပ်မကြာသေးဘူး။ သူ့အသက် သိပ်မငယ်တော့ဘူး ဆိုပေမယ့် ၃ဂ နှစ်ဆိုတာ လောကကြီးထဲကနေ ထွက်သွားဖို့ စောလွန်းပါသေးတယ်။ သူရေးချင်တာတွေကို အကုန်မဟုတ်ပေမယ့် အတော်များများကို ဘလော့ဂ်တခု တည်ဆောက်ပြီး ရေးခဲ့နိုင်တာကိုတော့ သူကျေနပ်သွားမယ် ထင်ပါတယ်။ ။
2 comments:
ကိုဖိုးဇေနဲ့ ဆုံခွင့် မကြုံလိုက်ဘူး။
မမြင်ဖူး မသိဖူးပေမဲ့ စာသမား ကဗျာသမားတယောက်၊ တော်လှန်ရေး သစ္စာကြီးသူတယောက်၊ ကိုယ့်တိုင်းပြည် နဲ့ ကိုယ့်စာပေ ကို ချစ်မြတ်နိုးပြီး၊ ချစ်သူ နဲ့ မိတ်ဆွေကို တန်ဖိုးထားတဲ့လူတယောက် လို့ မြင်မိပါတယ်။
သူ့ ချစ်သူ၊ မိတ်ဆွေ ရဲဘော်တွေကတော့ တသသ ဖြစ်နေရအုံးမှာပေါ့လေ..
တခုခု အတွက် ဖြစ်တည်ခဲ့လို့ တခုခုမှာ မှတ်ကျောက် ကမ္ဗည်းတင်ခံ ရမှာပါ .... ကဖိုးဇေ
Post a Comment