အလှူ နဲ့ ပလပ်စတစ်အသုံးကြမ်းမှု

မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ လှူဖွယ်ဝတ္ထုကပ်တဲ့အခါ လင်ဗန်းတို့ ဘာတို့နဲ့ ကပ်ကြတယ်။ အလှူပစ္စည်း တခုခုယူပြီး ကျောင်းသွားရင် ဘုန်းကြီးက လင်ဗန်းရှိတဲ့နေရာကို ညွှန်ပြတယ်၊ ဗန်းသွားယူပြီး ပစ္စည်းကို ဗန်းထဲထည့်၊ ဘုန်းကြီးကို ကပ်၊ ဘုန်းကြီးကလက်ခံ၊ ဆုပေး။
ထိုင်းမှာလည်း ဒီသဘောပါပဲ။ ဒါပေမယ့် ဗန်း မသုံးကြတော့ဘူးလို့ ယူဆစရာ။ ဆိုင်တွေမှာ လက်ဆောင်ပစ္စည်းတွေ အသင့်ထုပ်ပိုးထားတဲ့ခြင်း၊ ဘုန်းကြီးကို ကပ်သင့်တဲ့ပစ္စည်းတွေ ထုပ်ပိုးထားတဲ့ ပလပ်စတစ်ပုံး၊ ပလပ်စတစ်ဆန်ကာတွေ ပုံရောင်းကြတယ်။ လှူချင်သူက အဲဒါတွေဝယ်ပြီး လှူလိုက်တာပဲ။ ဒါကြောင့် ဗန်းအသုံး နည်းသွားပုံ ရတယ်။
ဟိုအပေါ်ကပုံက ချင်းမိုင်မြို့ ဘုန်းကြီးကျောင်းတခုမှာ ရိုက်ထားတာ။ အ၀ါရောင်ပုံးတွေ၊ အ၀ါရောင် ဆန်ကာ (ဇဂါ)တွေ၊ ဇလုံတွေတွေ ထပ်ထား ပုံထားတာတွေ့လိမ့်မယ်။
အထဲမှာ ပါတဲ့ ဖယောင်းတိုင် လိုမျိုး ပစ္စည်းတွေ၊ ရယ်ဒီမိတ် စားစရာတွေ၊ ဆပ်ပြာလိုမျိုး အသုံးအဆောင် ပစ္စည်းတွေက နေ့တိုင်းသုံးတယ်။ ဒါပေမယ့် အဲဒီ ပလပ်စတစ် ပုံးတွေကတော့ တောင်ပုံယာပုံ ဖြစ်နေပြီပေါ့။ ပြစ်လို့လည်း မဖြစ်၊ မပစ်တော့လည်း သို့ကလို ပုံနေတယ်။
အမှိုက်မဟုတ် ဘာမဟုတ် ပလပ်စတစ်တွေပုံနေရတာက ထုတ်လုပ်ရောင်းချသူ၊ ဝယ်ယူ လှူဒါန်းသူတွေ ကြောင့်ပေါ့။
မြန်မာပြည်မှာလည်း ဘယ်လိုတွေ ဖြစ်နေပြီလဲ မသိဘူး။ အမှိုက်မဟုတ် ဘာမဟုတ်တွေ ပုံတဲ့ တနေ့ကိုတော့ ရောက်လာမယ် ထင်တာပဲး(
ဒါပါပဲ။ တင်ချင်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ်က မိုးမခမှာ ပါဖူးတဲ့ ချင်းမိုင်မြို့ မြန်မာသီတင်းကျွတ် ဓာတ်ပုံတွေပါ။ ဒါပေမယ့် ပလပ်စတပ်ပုံးတွေ ခြင်းတွေပုံ အရင်တင်မိတော့ လေရှည်မိသွားတယ်။
ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ်
ချင်းမိုင်ရောက် မြန်မာပြည်သား များက မြန်မာဘုန်းတော်ကြီးများ သီတင်းသုံးရာ ဤဘုန်းကြီးကျောင်းသို့ သီတင်းကျွတ် လပြည့်နေ့ကာလတွင် အလှူအတန်းပြုလုပ်ရန် စုဝေးရောက်ရှိလျက်ရှိသည်။ မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့သည် အောက်တိုဘာ ၃ ရက်နေ့ဖြစ်သည်။ ထိုင်းပြက္ခဒိန်တွင်မူ လပြည့်နေ့က အောက်တိုဘာ ၄ ရက်နေ့ ဖြစ်နေသည်။ အများစုမှာ ဆိုင်များ၊ အိမ်များတွင် လုပ်ကိုင်နေသော အလုပ်သမားများ ဖြစ်သည်။
ချင်းမိုင်သို့ ရောက်လာသော မြန်မာပြည်သား တနေ့တခြား များပြားလာသဖြင့် ဘုန်းကြီးကျောင်းသို့ လာရောက်သူ အရေအတွက်လည်း များပြားလာသည်။ ကျောင်းပေါ်တွင် တရားနာမည့် ပရိသတ်အတွက် နေရာအခက်အခဲ ရှိလာသောကြောင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖိတ်ခေါ်လျက် ရှိသည်။
ကျောင်းအ၀င်ဝတွင် ရောင်းချသော ဆိုင်များတွင် မြန်မာအသုံးအဆောင်များကို တွေ့ရသည်။ ကျောင်းသို့လာသော မြန်မာပြည်သားများကို ကျွေးမွေးလှူဒါန်းသူများကိုလည်း တွေ့ရသသည်။ စမူဆာ တောင်ပုံယာပုံမှာ တရားမနာမီ ကုန်သွားသည်။ နွားနို့၊ လက်ဖက်ရည်၊ ဖျော်ရည်၊ ကြာဆံတို့ကိုလည်း ထိုနေရာတွင်ပင် ၀ိုင်းဝန်း ချက်ပြုတ် လှူဒါန်းကြသည်။
မြန်မာပြည်သားများ၏ နာရေးကူညီမှုအသင်းကိုလည်း ဖွဲ့စည်းပြီး အကူအညီပေးလျက်ရှိကြောင်း တွေ့ရသည်။
ဝပ်ပါပေါက်သို့ လာသူ အများစုမှာ ရှမ်းတိုင်းရင်းသား အများစု ဖြစ်သည်။
ဘုန်းကြီးကျောင်းအတွင်း ယနေ့လာရောက်သော ပရိသတ်အတွက် ဖွင့်ထားသည့် အရောင်းဆိုင်များတွင် ရှမ်းသီချင်း စီဒီ၊ ဗွီစီဒီ၊ ရှမ်းစာအုပ်များကို တွေ့ရသည်။
ကျောင်းရှေ့တွင် ယာဉ်ထိန်းရဲများကို တွေ့ရသည်။ ယာဉ်အသွားအလာ ထိန်းသိမ်းသကဲ့သို့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သည့် မြန်မာပြည်သားများကို ဒဏ်ရိုက်နေကြသည်။ မြန်မာပြည်သား တချို့က ကျောင်းရှေ့ရှိ ကျုံးအနီး အနားယူကြသည်။
3 comments:
ကျမတို့တွေ ကမ္ဘာမြေကို စောင့်ရှောက်ဖို့အတွက်က
နောက်တောင် ကျ နေပြီထင်တယ်... လူဦးရေ ထိန်းချုပ်တဲ့အနေနဲ့ လည်း ခလေး တစ်ယောက်တည်းယူထားပါတယ်... :)
mie nge
မဲဆောက်တင်မဟုတ်ပါဘူး၊ ဒီမှာလဲ ဘုန်ားကီးကျေင်းမှာ၊ ပလတ်စတစ်တွေ တော်တော်သုံးတယ်။ နောက်မှ ဓာတ်ပုံတင်လိုက်မယ်။
ဝပ်ပါပေါင်းဆိုတာ နာမည်ပဲ ကြားဖူးတယ်။ ခုမှ မြင်ဖူးတယ်။ ကျေးဇူး
Post a Comment