သတင်းထောက် မစ္စတာ ပီတာအောင်က ဖိတ်စာတစောင်ပေးတယ်။ သူ့မင်္ဂလာဆောင်အတွက်ပါ။ သူ့ဖိတ်စာကြောင့် မင်္ဂလာ ထပ်ဆောင်ချင်စိတ်တောင် ပေါက်မိပါရဲ့။ သူ့ဖိတ်စာပြာပြာမှာ အနံ့တခု ရှိတယ်။ နံ့သာလား ကရမက်လား ဒီ နှစ်ခုထဲက တခုခုပဲ၊ သဘာဝကျတဲ့ အနံ့။ တခြား ရေမွှေးဖိတ်စာတွေလိုတော့ အနံ့က မစူးရှဘူး။လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကျနော်လည်း သူ့လိုမိုက် အဲ - - - ကျနော်လည်း ကျနော့် မင်္ဂလာဆောင်အတွက် ဖိတ်စာရိုက်ဖူးတယ်။ ကူညီသူတယောက်က ဖိတ်စာအတွက် ရေမွှေးနံ့ ထည့်ထားတဲ့ ကတ်ပြား သုံးဖို့ စီစဉ်တယ်။ ကျနော်က သတို့သား ဆိုတော့ သူ့အစီအစဉ်ကို ဗီတိုသုံးလိုက်တာပေါ့။ သူတို့လည်း ကျနော့်ရဲ့ အရူးထမှုကို အူကြောင်ကြောင် ဖြစ်သွားလေရဲ့။ အများနဲ့မတူတော့ အရူးထတယ်လို့ ပြောနိုင်မှာပါ။
ဒီလို ဒီလို၊ ကျနော် ဆယ်တန်း ဒုတိယနှစ်ကတည်းက ဒီ အရူးထတဲ့စိတ် ပေါ်ခဲ့ဖူးတာပါ။ အနံ့ စူးရှလွန်းတဲ့ ရေမွှေးဖိတ်စာတွေကြောင့် ဆိုပါစို့။ တနေ့ မင်္ဂလာဆောင်ဖြစ်ခဲ့ရင်တော့ ငါ့ ဖိတ်စာမှာ ဒီလို စူးရှရှ အနံ့တွေ မပါစေရဘူးပေါ့ဗျာ။ အနံ့ကြောင့် မင်္ဂလာဧည့်ခံပွဲကို မတက်ဘူး ဆိုတဲ့သူတွေ မရှိလို့ ဘယ်သူပြောနိုင်မလဲလေ။
အနံ့စူးစူးဖိတ်စာတွေကို မုန်းတဲ့ ကျနော့်ကို ကျနော့်အစ်ကိုကတော့ နှစ်သိမ့်ဆွေးနွေး အဲ - နားချပါတယ်း) မင်းဖိတ်စာကို ဘယ်သူမှ မနမ်းပါဘူးကွာ တဲ့။ ဒါပေမယ့် မရဘူးလေ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတာ ဖျက်လို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ပဲ အနံ့အသက် မပါတဲ့ ကတ်ပြားကို ခက်ခက်ခဲခဲ ရှာပြီး ဖိတ်စာရိုက်လိုက်ရတယ် ဆိုပါစို့။ (ဆိုင်မှာရောင်းတဲ့ ကတ်ပြားတွေက ရေမွှေးနံ့တွေနဲ့ချည်းပဲလို့ မစ္စတာဂျွန်ဂလင်းက ပြောတယ်။)
အခု လက်ထဲရောက်နေတဲ့ ပီတာအောင်ရဲ့ ဖိတ်စာကတော့ (နောက်တခေါက် ထပ်ပြောရရင်) အနံ့ မစူးရှပါဘူး။
မကြာခင် ကျနော့်ရဲ့ အူကြောင်ကြောင် အတွေးတွေကို အထုပ်ဖြည်ပြပါဦးမယ်။
ဒီတကြိမ်တော့ ဖိတ်စာအကြောင်းကိုပဲ ရေးလိုက်ပါတယ်။
ဓာတ်ပုံကို oknation.net/blog/wattanaz/2008/11/22/entry-1 ကနေ ယူပါတယ်။ ပုံထဲက ဆရာသမားနဲ့ အခု စာဖတ်နေသူတယောက်ယောက်နဲ့ တူခဲ့ရင် ခွင့်လွတ်ပါ။ မည်သူ့ကိုမှ မရည်ရွယ်ပါ။း)








