Feb 1, 2010
let's eat!
Jan 20, 2010
parents vs their sons and daughters

မိခင်ဖြစ်သူက ဇာတ် နာအောင် ကြော်ငြာ ထည့်ထားတာပဲ။ တကယ်ဖြစ်ရပ်မှန်က ကြော်ငြာထဲကလိုပဲလား၊ ဒါမှမဟုတ် ဘယ်လိုဖြစ်ကြတာလဲ မသိတော့ဘူး။
ကျနော်သေရင်တော့ အမွေခွဲစရာ ပစ္စည်းလည်း မရှိဘူး။ အမွေခွဲကြမယ့် သားသမီးလည်း မရှိပါဘူး။
ကဲ - ပစ္စည်းရှင် မိဘတို့၊ ခုကတည်းက ခွဲခြမ်းထားတာ ကောင်းမယ်ထင်တယ်။ ဒါပါပဲ။ တခြားလူတွေလို ဝေမျှကြည့်တာပါ။
Jan 17, 2010
female comedians
အမျိုးသမီးတွေ လူရွှင်တော်အဖြစ် အစွမ်းပြတာကို သိပ်မကြာခင်တုန်းက ချင်းမိုင်မှာ ကြည့်လိုက်ရတယ်။ လူရွှင်တော်တွေ ထွက်မလာခင် အငြင်းပွားလို့ ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေထုတ်၊ ပရိသတ်ကို ၀င်ဆွေးနွေးဖို့ ဖိတ်ခေါ်တော့ ထူးခြားတဲ့ အတွေးအခေါ်တွေကိုလည်း ကြားလိုက်ရပါတယ်။
ဥပမာ စီးပွားရေးကြော်ငြာတွေမှာ အမျိုးသမီးတွေကို အသုံးချတာ သင့်လျော်ရဲ့လား ဆိုတဲ့ အချက်ပေါ့။ အမျိုးသမီးတွေကို လုပ်ငန်းရှင်တွေ အသုံးမချသင့်ဘူး၊ လူတွေကလည်း အမျိုးသမီးတွေကို အသုံးချတဲ့ ကြော်ငြာတွေကို အားမပေးသင့်ဘူး စသဖြင့် ဆွေးနွေးကြ ငြင်းခုံကြပါရဲ့။
တချို့သော ဆွေးနွေးချက်တွေကို ကြားလိုက်ရတဲ့နောက်မှာ ချင်းမိုင်ကို မကြာသေးခင်ကမှ ရောက်လာတဲ့ မြန်မာ သတင်းထောက်တယောက်က အံ့အားသင့်သွားတယ်။
ဟုတ်တယ်၊ လုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းတွေကို အမျိုးသမီးတွေနဲ့ ကြော်ငြာတာဟာ မလုပ်သင့်ဘူး ဆိုတဲ့ ဆွေးနွေးချက်ကို သူကြားလိုက်ရလို့ အံ့သြသွားရှာပေါ့။
မင်းတို့ချင်းမိုင်မှာ ဒါမျိုးတွေချည်းပဲလား တဲ့၊ အလွတ်ကျက်တဲ့ ကြက်တူရွေးတွေလား တဲ့ ကျနော့်ကို မေးတယ်။
အမျိုးသမီးရေးဝါဒီတချို့ရဲ့ သံတမန်မဆန်တဲ့ ပြောဆိုချက်တွေက အနှီ သတင်းထောက်ရဲ့ နားထဲကို ဒေါင်လိုက် ၀င်သွားဟန် တူတယ်။
ဝေဖန် လေကန် ဆွေးနွေး ပေရှည်တာတွေအပြီးမှာတော့ ပရိသတ်ကြီး မျှော်နေတဲ့ ချိုးလင်းပြာအငြိမ့်အလှည့်ကို ရောက်တယ်။
လူရွှင်တော် အမျိုးသမီး ၄ ယောက်၊ အငြိမ့်မင်းသား ၁ ယောက်၊ အငြိမ့်မင်းသမီး ၂ ယောက်ရဲ့ တင်ဆက်မှုကို တွေ့ကြရတယ်။
ပရိသတ်က သိပ်ကြိုက်ကြတာပေါ့။ ဒီပွဲက အင်မတန် လမိုင်းကပ်ပါလားလို့ ထင်မိတယ်။
လူရွှင်တော်တွေထဲက ၂ ယောက်က ထူးခြားတယ်၊ သူတို့မှာ လူရွှင်တော် မျက်နှာပေး၊ လူရွှင်တော်ရုပ်ရှိတယ်လို့ ခံစားမိတယ်။
ပြက်လုံးတွေကတော့ သိပ်များတာပေါ့။ မှတ်မိတာ တခုကတော့ ဗိုက်ကြီးသည် အမျိုးသမီးတယောက် ထွက်လာတယ်။ ဗိုက်ပူတယ် ဆိုပေမယ့် သူက ကိုယ်ဝန်ရှိတာ မဟုတ်ဘူး ဆိုပဲ။ ယောက်ျားတွေက တင်ပါးနဲ့ရင်သားကို ကြည့်ကြလွန်းတယ်၊ လမ်းလျှောက်သွားရင် တင်ပါးကို လိုက်ကြည့်ကြတယ်၊ ဒါကြောင့် စိတ်ချရအောင် တင်ပါးကို ရှေ့ပို့ထားလို့ ဗိုက်ပူတယ် ထင်ရတာပါ တဲ့၊ ကိုယ်ဝန် ရှိပါဘူး ဆိုပဲး)
မြန်မာပြည်အနှံ့ အငြိမ့်တွေ ကနေကြတာ လူရွှင်တော်တွေထဲမှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါမလဲ။ မသိနိုင်ဘူး။
လူထု ဒေါ်အမာရေးတဲ့ အငြိမ့် ဆိုတဲ့ စာအုပ်မှာ ရေးထားတာ ဂျပန်ခေတ် မတိုင်ခင်က မန္တလေးမှာ "ဒေါန နဲ့ နှင်းဆီ ဆိုတဲ့ မိန်းမလူပြက် ၂ ယောက်" ပေါ်ထွက်ခဲ့ဖူးတယ် တဲ့။
ဒေါန နဲ့ နှင်းဆီ ဆိုတော့ ပန်းနာမည်တွေပေါ့။ ဒီခေတ် မျက်လုံးနဲ့ ကြည့်ရင်တော့ ဒီနာမည်တွေက လူရွှင်တော် မဆန်ဘူး။
အနာဂတ်မှာရော အမျိုးသမီး လူရွှင်တော်တွေ ရှိလာမလား။ ရှိလာရင်ရော ဘယ်လို နာမည်တွေ ပေးမလဲ သိချင်လိုက်တာ။
အဲဒီနေ့က လူရွှင်တော်တွေကတော့ တိုးတိုး၊ စဲစဲ၊ မီးသီး၊ ဘုတ်ဘုတ် တဲ့။
Jan 13, 2010
Puppet
ဒီရုပ်သေးအဖွဲ့က ချင်းမိုင်မြို့ပြင်မှာ ၃ ပတ်လောက် သင်တန်းလာပေးတယ်၊ စီစဉ်ပေးတဲ့သူရှိရင် အဲဒီနေရာကို သွားကတယ် ဒါပါပဲ သူတို့ခရီးစဉ်က။ အပေါ်မှာ မြင်ရတာက သူတို့ရဲ့ သင်တန်းသားတွေထဲက တချို့ပေါ့။ ဟိုဘက်ကပုံကတော့ ပွဲစဉ်တခု မစခင် တွေ့ရတဲ့ မြင်ကွင်း။ ဟိုတယ်တခုမှာပါ။ ဟိုတယ်ပိုင်ရှင် ယိုးဒယားဦးလေးကြီးက မြန်မာ့ယဉ်ကျေးမှုကို ခရေဇီဖြစ်လို့ စီစဉ်တဲ့ ပွဲပါ။ သူက မြန်မာ ပုဆိုး၊ မြန်မာ တိုက်ပုံ ၀တ်ထားတာ တွေ့ရတယ်။ သူ့နှုတ်ခမ်းမွှေးကတော့ ယိုးဒယားနှုတ်ခမ်းမွှေးဖြစ်မယ်။ မသေချာဘူး) ကဲ - ပုဆိုး၊ တိုက်ပုံက မြန်မာအ၀တ်အစားအစစ် မဟုတ်ဘူး ငြင်းမနေနဲ့၊ မြန်မာပြည်မှာ ဒါပဲဝတ်တာ မြန်မာဝတ်စုံပေါ့ဗျာ။ အဲဒီနေ့က သူ့အလုပ်သမားတွေကိုလည်း ပုဆိုးနဲ့တိုက်ပုံ ဆင်ထားတာ တွေ့လိုက်ရတယ်။ မြန်မာပြည်က ရှမ်းတိုင်းရင်းသား လူငယ်တွေလို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်။ အင်း - ဟုတ်မှာပါ၊ ဟိုတယ်ဝန်ထမ်းတယောက် မြန်မာလိုပြောတာ ကြားလိုက်ရတယ်။
ဟောဗျာ - ကပြီ။ ပရိသတ်ကြီး မြင်ရတာကတော့ နဂါးနဲ့ဂဠုန်အက။ နဂါးကတဲ့ အမျိုးသမီးက သီချင်းဆို ၀ါသနာပါတယ်။ ဒီလို ဒီလို - စင်ရဲ့ မြောက်ဘက် အဲ - စင်ရဲ့ ညာဘက်မှာ ဗုံအဖွဲ့တွေ့တယ်မဟုတ်လား၊ အဲဒါက ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လှည့်လည်နေတဲ့ ဗုံဆရာတွေ။ ရှမ်းလူမျိုး။ သူတို့က မြန်မာတီးလုံးတွေ တီးတယ် ပွဲမစခင်။ နဂါးရုပ်ဆွဲတဲ့ အမျိုးသမီးက တီးလုံးအတိုင်း သီချင်းလိုက်ညည်းတာ ကြားလိုက်ရလို့ပါ။ ကျနော် သွားနားထောင်တာတော့ မဟုတ်ပါဘူး။ စင်နောက်ဘက်ကို ဒီလိုပဲ ဘာရယ်မဟုတ် လျှောက်ကြည့်ရင်းနဲ့ ကြားလိုက်တာပါ။ အင်း - အကအကြောင်း ပြန်ဆက်ရရင် သူတို့က နဂါးနဲ့ဂဠုန် နောင်ဂျိန်ခန်း ကနေကြတာ။ ဂဠုန်ရုပ်ဆွဲတဲ့ ဆရာသမားလေးက ရုပ်သေးဆရာပဲ နို့ပေမယ့် ဒီအရုပ်တွေ အားလုံးကို သူထုလုပ် ပြင်ဆင်ထားတာလို့ ဆိုတယ်။ သူက ၂ မျိုး ကျွမ်းကျင်တဲ့ ပညာရှင်ပေပဲ။
ဟောသမှာ ခေါင်းပေါင်းနဲ့ ဦးလေးကြီးက ရုပ်သေးဆရာကြီး။ နောက်ကကွက်တခုအတွက် ရယ်ဒီလုပ်နေတာ။ အမျိုးသမီးက နတ်ကန်တော့ခန်း ကနေတာ။ ခုံပေါ်က အုန်းပွဲငှက်ပျောပွဲက ပလပ်စတစ်နဲ့ လုပ်ထားတာလေ၊ အဲဒါကို နတ်ရုပ်က ကောက်ကိုင်ပြီး ကသဗျ။ ကျသွားရင် ဒုက္ခ။ အင်း - ပညာရပ်တွေကတော့ ကြောက်စရာ။ ညာဘက်က ပုံကတော့ သူတို့ရဲ့ ၃ ပတ်ကြာ သင်တန်းကာလမှာ ပညာယူကြတဲ့ ချင်းမိုင်တက္ကသိုလ်က ကလေးတွေ ဖြစ်မယ်။
စင်နောက်ဘက်မှာ ချိတ်ထားတာတွေဗျ။ မဟုတ်ဘူး၊ အဲဒါ ဘောလုံးသမားအရုပ်မဟုတ်ဘူး၊ ခြင်းခတ်တဲ့အရုပ်ဗျ။ ခြင်းလုံးကို တချက် တချက် တော့ တာပေါ့ ကနေရင်းနဲ့။ အလယ်က အရုပ်တွေက နတ်သမီး နတ်သားလား ကိန္နရာ ကိန္နရီလား မမှတ်မိတော့ဘူး။ ဟိုဘက်ဆုံးကတော့ ဘီလူး ၂ ကောင်၊ ပြီးတော့ မျောက် နဲ့ ဦးရွှေရိုး။ ဦးရွှေရိုးကတော့ အင်မတန် ပညာပါတယ်၊ ကနေရင်းနဲ့ ပုသိမ်ထီးကိုဖွင့်တယ်၊ မျက်လုံး မျက်တောင် နှုတ်ခမ်းမွှေးတို့ကို ကစားပြတယ်၊ ဒါ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ထွင်တာလေ။ တခြားအဖွဲ့တွေလည်း ဒီလို အရုပ်တွေ ရှိမရှိ မသိ။
သေချာတာကတော့ ရုပ်သေးဆရာ ဆရာမ ဖြစ်ဖို့ မလွယ်ပါဘူး။ ကြိုးကိုင်တတ်ရုံတင်မက အတွင်းအားပါ ကောင်းဖို့ လိုမယ်။ ရုပ်သေးတွေက မပေါ့ဘူး။ ကခုန်ကြတာတော့ အရုပ်တွေပါပဲ၊ သူတို့ ကနိုင်ခုန်နိုင်အောင် လူက ကြိုးကိုင်ရ ဆွဲထားရတာ လက်မောင်းပြုတ်မတတ် ဖြစ်လိမ့်မယ်။
အင်္ကျီဖြူနဲ့ ဆရာသမား လက်စွမ်းပြနေတာက ဟွန်းတယော ဆိုပဲ။ သူတို့ဝိုင်းကလည်း မြိုင်တယ်။ သံပတ္တလား၊ ဗုံ၊ မောင်း၊ ဟွန်းတယော၊ ဒါပဲ။ ထိုင်းပန်းချီဆရာတယောက်က အဲသမှာ ကျနော့်ကို မေးတယ်၊ ဒီပွဲကြည့်ပြီး မင်း မြန်မာပြည်ကို လွမ်းသွားသလား တဲ့။ ဟင့်အင်း - အဲသလိုတော့ ဟုတ်ပါဘူး။ သူကတော့ ထင်မှာပဲ - မြန်မာပြည်သားတွေဟာ ရုပ်သေးပွဲ ကြည့်နေကျမို့ ပြည်ပမှာ ဒီလိုပွဲ ကြည့်လိုက်ရတော့ အိမ်လွမ်းပြီပေါ့ ဆိုပြီး။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံးသော အတွေ့အကြုံပါ၊ ရုပ်သေးပွဲကို ကြည့်ဖူးတာ။ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောင်မှပဲ ပုံတွေ ထပ်တင်ပြီး လျှောက်ရေးဦးမယ်လေ။ ။
Jan 1, 2010
change?

ဘလော့တခုလုပ်ထားတယ်လို့ အသိတယောက်ကို ပြောပြတော့ ဘာတွေရေးသလဲလို့ ပြန်မေးပါတယ်။ ကျနော့်အဖြေကတော့ ရေးချင်တာတွေထဲက တော်တော်များများကို လျှောက်ရေးတာပစ်တာပဲ ပေါ့။ ဟုတ်တာပေါ့။ ရေးချင်တာ ပြောချင်တာတွေကို ဘလော့မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်တာပေါ့။ ကဲ - ရေးပြီဗျာ။
မနေ့က လူရွှင်တော်တယောက်နဲ့ ဆုံတယ်။ ဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရပ်ကို ပြက်လုံးထုတ်တော့ နိုင်ငံရေးသမားတွေက လက်ခုပ်တီးတယ်၊ ဒီမိုကရေစီလှုပ်ရှားမှုထဲက အမြင်မတော်တာတွေကို ပြက်လုံးမိထုတ်တော့ အဆဲခံရတယ် ဆိုပဲ။
ပြီးတော့ သူက မြန်မာပြည်သားတွေရဲ့ စိတ်ဓာတ် ပြုပြင်ရေးအတွက် စာနယ်ဇင်းသမားတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သဘင်သည်တွေမှာ တာဝန်မရှိဘူးလားလို့တော့ သူ့ကို မမေးမိပါဘူး။ တာဝန်ရှိပေမယ့် ပွဲခွင်တွေမှ မရှိတာလို့ သူ ပြန်ဖြေမယ် ထင်တယ်။ (မကောင်းတဲ့ စိတ်ဓာတ်တွေ ပြုပြင်ဖို့ အရေးတကြီးလိုနေပြီလို့ ပြောပေမယ့် သူကတော့ နိုင်ငံရေးသမားတွေကို အဓိက မထားပါဘူး၊ အားလုံးသော မြန်မာပြည်သား အများစုကို ဆိုလိုတာပါ တဲ့။)
လူတွေရဲ့ စိတ်ထဲ အတွေးထဲကို ကိုယ်ပေးချင်တာတွေ ထည့်ပေးလိုက်ဖို့က လွယ်တာမှတ်လို့။ သူတို့က ကိုယ်ရေးတာတွေ ဖတ်ပါ့မလား။ ၀က်ဆိုက်တခုကို လူဘယ်နှစ်ယောက် ၀င်ကြည့်လို့လဲ။ ၀င်ကြည့်တယ်ထားဦး ခလုတ်မှားနှိပ်မိလို့ ရောက်လာတာလည်း ဖြစ်နိုင်တယ်။ တကြောင်းနှစ်ကြောင်း ၀င်ဖတ်ပြီး ပြန်လှည့်သွားတာလည်း ဖြစ်နိုင်တယ်။
ရုပ်ရှင်ဒါရိုက်တာတယောက် ပြောတာကို သတိရမိတယ် ရုပ်ရှင်တွေ ဗီဒီယိုတွေဟာ သိပ်ထိရောက်တဲ့ လက်နက် ဆိုပဲ။
ရုပ်ရှင်က အထိရောက်ဆုံး မီဒီယာတစ်ခုလို့ ထင်တယ်။ တော်တော် ထိရောက်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုက ရောက်ရှိသွားနိုင်မယ့် လူဦးရေ အရေအတွက် အတိုင်းအတာက တော်တော် ကျယ်ပြန့်တယ်။ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်း ဓလေ့ထုံးစံနဲ့ နေ့တဓူဝ ဘဝထဲမှာ ရုပ်ရှင်က တော်တော် အရေးပါတယ်
တဲ့။ ဒါရိုက်တာ ရဲနိုင်မိုး (ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး)က မုခမဂ္ဂဇင်း၊ ဒီဇင်ဘာလထုတ်မှာ ပြောသွားတာပါ။
သူပြောတာ ထောက်ခံချင်စရာ။ မြို့ရောနယ်ပါ ရုပ်ရှင် ကြည့်ကြတာမဟုတ်လား။ ပညာပေးဖို့ ဝါဒဖြန့်ဖို့ ကိုယ်ပြောချင်တာ ပြောဖို့ ဆိုရင် ရုပ်ရှင်တွေက သိပ်ထိရောက်တာပေါ့။ ရုပ်ရှင်ရုံထဲ မျက်စိလည်ပြီးရောက်သွားတာဆိုလို့ သမီးရည်းစားတွေပဲ ရှိမှာပါ။ အများစုက အစအဆုံးကြည့်ဖို့ မောင်းတင်ပြီး လက်မှတ်တန်းစီခဲ့သူတွေချည်းပါပဲ။
ဒီဇင်ဘာလထုတ် လျှပ်တစ်ပြက် ဂျာနယ်တစောင်မှာ ပါတဲ့ အင်တာဗျူးကို ဖြတ်ပြီး တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ် မြန်မာပြည်မှာ အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ တွေ့မှာပါ။ (ဟို ဒါရိုက်တာ ဆရာ ပြောတာ မမှားဘူးဆိုတာ တွေ့လိမ့်မယ်။ လူတွေက စစ်ဖြစ်ရင်လည်း ရုပ်ရှင်ကြည့်မှာပဲ)
လျှပ်တစ်ပြက် အင်တာဗျူးကတော့ ရွှေမန်းရုပ်ရှင်ရုံပိုင်ရှင်ကို ဗျူးထားတာပါ။ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါဦး။
နောက်ပိုင်းမှာတော့ ပြုပြင်စရာ သောက်ကျင့်တွေအကြောင်းလည်း သူ ပြောထားတယ်။ ကဲ - ဘယ်လို ပြင်ကြမလဲဗျာတို့။
ဒီပို့စ်က ဘာပြောချင်တာလဲလို့ မမေးနဲ့နော်။ ပြောချင်တာတွေ ပြောပစ်လိုက်တာ။ ။Dec 25, 2009
Shwe and Madam Shwe

ဒေါ်ကြိုင်ကြိုင်ရဲ့ ခန့်ခန့်ကြီးပုံ ဖြစ်ပါတယ်။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ သွားအားပေးတာလို့ ၁၈ ရက်နေ့ သတင်းစာမှာ ရေးထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်းပြောတယ်တဲ့ အဲဒီ သင်တန်းပိတ်ပွဲမှာ။
ပုံကို ကြည့်ပါဦး၊ ဒေါ်ကြိုင်ကြိုင် မျက်နှာထား တင်းရတာက
၁။ တခုခုကို ချုပ်ထိန်းထားရလို့ (အင်း - - - ကိုယ်ချင်းစာပါတယ်လေ)
၂။ အနားမှာ လက်တင်စရာမရှိတဲ့အတွက် ညောင်းလို့ (ဘေးကိုလည်း မရွှေ့ဘူး အပျင်းကြီးပုံများ)
၃။ ဓာတ်ပုံဆရာများက သူ့ကို ကင်မရာမှန်ဘီလူးကနေ ကြည့်နေကြလို့
၎။ သူ့ကို ဘာမှ မကျွေးလို့
၅။ (ဘယ်အချိန်ကမှန်း မသိ) ညာဘက်က စိန်နားကပ် ပြုတ်သွားလို့
၆။ ခုံသေးလို့
၇။ ဒေါ်ကွိုင်ကွိုင်ဆိုတဲ့ nick name ကို သူ့ရှေ့မှာ မသုံးကြလို့
၈။ ချစ်လှစွာသော မောင်တော်ဘုရားက စကားထစ်နေလို့ သို့မဟုတ် မိန့်ခွန်းဖတ်တာ ဖတ်ပြီးသားအပိုဒ်တွေ ပြန်ဖတ်လို့
ဘာကြောင့်ဖြစ်မယ် ထင်သလဲး)
အဲဒါတွေ တခုမှ မဟုတ်ဘူး လို့ ဒီနေ့ သတင်းစာမှာ ပါတဲ့ပုံက ပြောပါတယ်း)
ဗိုလ်ချုပ်မှူးကြီးကိုနိုင်တာ သူပဲရှိတယ်လို့ တချို့က ယူဆကြတယ်။ ဒါဆိုရင်တော့ ဒီမိန်းမကြီးက ခေသူမဟုတ်ပေါ့ဗျာ။
ဗိုလ်ချုပ်မှူးကြီးနောက်ကနေပြီး သူက ချယ်လှယ်နေတာလို့ ယူဆမှုများလည်း ရှိပ။ ဒါလည်း ဖြစ်နိုင်တာပါပဲ။
သူ့နားသွားချင်ကြဘူး တဲ့ ဗိုလ်ကတော်များကး) ခစားဖို့အရေး ဒူးထောက်ရ လက်အုပ်ချီရ စကားပြော အလွန် ဆင်ခြင်ရ ဆိုပဲး)
ထင်ကြေးတွေအများကြီး ထွက်လာတာ ဘယ်ဟာက မှန်မလဲ မသိဘူး။
တိုင်းပြည်ဟာ ဒီလိုလူတွေနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ကြဘူး။ ဒီ လူကြမ်းမင်းသမီးကြီးလည်း တနေ့ ဒီနေရာရောက်လိမ့်မယ် ဆိုတာ သူကိုယ်တိုင် သိမှာ မဟုတ်ပါဘူး။
လောလောဆယ်တော့ ဒီလင် ဒီမယားက မြန်မာပြည်အတွက် အသုံးမကျပေမယ့် ကာတွန်းဆွဲသူ၊ စာပြောင်ရေးသူတွေရဲ့ လက်ကမြင်းစရာဖြစ်နေလေရဲ့း)
Dec 13, 2009
Maonfai or Lanna Kingdom

အပေါ်ထပ်မတက်ခင် ဖိနပ်ချွတ်ဗျာ။ ဖိနပ်စင်မှာတော့ လူ အယောက် ၁ဝဝ ကျော်ရဲ့ ဖိနပ်တွေ ထားနိုင်မယ် ထင်ပါရဲ့။ ဖိနပ်စင်ဘေးမှာ ရှေးဟောင်း မီးခံသေတ္တာကြီးတလုံးလည်း ရှိတယ်။ ပြတိုက်ဆိုတော့လည်း စုံပါ့။ အပေါ်မှာ မြင်ရတာကတော့ အပေါ်ထပ် လူသွားစင်္ကြန်ပေါ့ဗျာ။ လန်းနားခေတ်အိမ်ကြီးရခိုင်တွေဟာ ဂလိုပါလားလို့ အထင်ရောက်အောင် စီမံထားပုံရ။
သိပ်မဝေးလှသေးတဲ့ ရှေးခေတ်က ဒီဒေသမှာ ဒေသခံတွေ ဘယ်လို နေထိုင် စားသောက် ဝတ်ဆင်ကြတယ် ဆိုတာကို လေ့လာချင်သူများအတွက် ပြင်ဆင်ထားတဲ့ ပြတိုက်ပေါ့။ အသုံးအဆောင်တွေ အဝတ်အစားတွေ ပစ္စည်းတွေ ပြထားသလို မိုဒယ်အဖြစ် သရုပ်ဆောင်တဲ့သူတွေကိုလည်း တွေ့ရတယ်။

လန်းနားခေတ် (Lanna Kingdom) ဒေသတွေ ဆိုတာ ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင် ၈ ခု ကို ဆိုလိုတာပါ။ ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ လမ်ပန်း၊ လမ်ဖွန်း၊ မယ်ဟောင်ဆောင်၊ ပြီးတော့ Phayao နဲ့ Phrae လို့ ခေါ်တဲ့ ခရိုင်တွေပေါ့။ အသံမထွက်တတ်လို့ အင်္ဂလိပ်လိုပဲ ကော်ပီ ကူးပေးလိုက်တယ်။ လန်းနားခေတ်တုန်းကတော့ ဒီဒေသတွေအပြင် မြန်မာပြည်နဲ့ လာအိုနိုင်ငံက ဒေသတချို့လည်း ပါဝင်တယ်လို့ ဆိုတယ်။ လန်းနားဆိုတာ စပါးခင်းပေါင်း တသန်း လို့ အဓိပ္ပာယ်ရ ဆိုပဲ။ ၁၂ ရာစုနဲ့ ၁၅ ရာစုအတွင်း ဖြစ်ထွန်းခဲ့တယ်။ နောက်ပိုင်း တခြားဒေသက စစ်ဘုရင်ကြီးငယ်တွေလက်ချက်နဲ့ လန်းနားခေတ်ပျက်ရတယ်။ မြန်မာတပ်တွေ ပါသလို လာအိုတပ်တွေတောင် ပါ ဆိုပဲ။ ကုလသမဂ္ဂ မရှိတဲ့ခေတ်ဆိုတော့ ထစ်ခနဲရှိ စစ်ဖြစ်ကြတဲ့ခေတ် ဆိုပါစို့း)
အဲဒီခေတ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘောင်သွင်းပြထားတာတွေ့ရတယ်။ ဘောင်တွေကို ခပ်ဟောင်းဟောင်းဖြစ်အောင် တမင်တကာ လုပ်ထားတယ်။
ကျနော် ရောက်သွားတဲ့အချိန်က ည။ ကင်မရာလည်း ယူမသွားပါဘူး။ ဒီပုံတွေကိုတော့ အင်တာနက်ကနေ ကော်ပီကူးထားတာပါ။ အခမ်းအနားတခုအတွက် ရှေးစတိုင် ပုံးဖာမှောက်ဆင်ထားသူတွေလေ။ (the photos in this post are from various web sites: Sorry for using without permissions!)
ဒီပြတိုက်မှာ မင်္ဂလာပွဲတွေ ဘာတွေလည်း လက်ခံကျင်းပပုံ ရတယ်။
စားစရာတွေလည်း ဒီမှာပဲ ရနိုင်တယ်။ ဟုတ်တာပေါ့။ လန်းနားခေတ် ရိုးရာ အစားအစာတွေပေါ့။ ကြိုက်တာယူစားစနစ်နဲ့ သုံးဆောင်ရုံသာ။ လမ်းဘေးဈေးသည်တွေရဲ့ ဈေးဝိုင်းလေးမှာ လှည့်ပတ်ပြီး ယူစား။ ကပြင်ကျယ်ကြီးမှာလည်း စားပွဲတွေ ခင်းထားတယ်။ စားစရာတွေ ယူပြီး အဲသမှာ သွားစားလည်း ရတာပဲ။
မုန့်သည်တွေက ရှေးခေတ်ကအတိုင်း ဝတ်ထားကြတယ်။ ကျနော်တို့သွားတဲ့အချိန်က မှောင်နေတော့ ရေနံဆီမီးတိုင်လား ဘာမီးတိုင်လေးတွေလဲမသိ ထွန်းကြတယ်။ မုန့်ကတော့ အစုံ။ မုန့်လင်မယား၊ ကောက်ညှင်းမုန့်၊ ကောက်ညှင်းထုတ်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထန်းသီးမုန့်၊ ကြံချောင်း၊ မြေပဲတောင့် စသဖြင့် ဆယ်မျိုးတော့ ကျော်မယ် ထင်တယ်။ ငှက်ပျောဖက် အရမ်း သုံးတယ်။ ငှက်ပျောဖက်ကို ခွက်ပုံစံလုပ်ပြီး ကြက်ဥခေါက်ထားတဲ့ဟာ တဇွန်း လောင်းထည့်ပြီး မီးနည်းနည်းနဲ့ကင်တာလည်း တွေ့တယ်။ ဖက် မမည်းခင် ကြက်ဥ ကြက်တာပဲ။
အပေါ်က ဟို၃ယောက် ဝိုင်းနေတဲ့နေရာကတော့ အရက်အိုးတွေ ရှိတဲ့နေရာ။ ဝါးခွက်အသေးလေးတွေနဲ့ ဆန်အရက် ထည့်ပေးမယ်။ ကျနော့်ကိုတော့ Rice Wine လို့ ပြောတာပဲ။ ဆန်အရက်နံ့ နည်းနည်း ရှူကြည့်ပြီး မကြိုက်လို့ မသောက်ဖြစ်ဘူး။ ဒီလူတွေရဲ့ ကျောဘက်မှာ ရှိတဲ့ မန်ကျီးဖျော်ရည်ပဲ အားပေးခဲ့တယ်။ ဖန်ခွက်နဲ့ မထည့်ပေးဘူး။ ဝါးခွက်ပဲ ရှိတယ်။

မုန့်ဆိုင်တွေရဲ့ ကျောဘက်မှာ အသုံးအဆောင်တွေ ခင်းကျင်းထားတယ်။ ထမင်းချိုင့်တွေကတော့ မျက်နှာကျက်မှာ။
ကျနော်တို့ကို အကတွေ အတီးတွေနဲ့ ဧည့်ဝတ်ပြုတယ်။ ကိန္နရာအကလည်း ပါတယ်၊ အဲဒီ အကဟာ တိုင်လူမျိုး (ရှမ်းလူမျိုး)တို့ရဲ့ အကဖြစ်ကြောင်း ကြေညာတယ်။ ဆီမီးခွက်အက၊ ဖယောင်းတိုင်အက၊ သိုင်းအက စသဖြင့် စုံပါရဲ့။ လန်းနားခေတ် ရိုးရာဝတ်စုံတွေနဲ့ ကကြ တီးကြတယ်။
တီးမှုတ်ကခုန်တာတွေ မလာခင် အဓိကအစားအစာ ဖြစ်တဲ့ ကောက်ညှင်းပေါင်းနဲ့ ဟင်းလေးငါးမျိုး ကျွေးတယ်။ လန်းနားခေတ်မှာ ကောက်ညှင်းပေါင်းကို ထမင်းသဘောမျိုး စားကြတယ်လို့ ဆိုတယ်။
ကျွေးတဲ့ဟင်းကတော့ တို့စရာနဲ့ အသီးအရွက်တချို့ (မုန်ညှင်းပြုတ်၊ ပဲသီးတောင့်၊ သခွားသီး တို့ကို ခရမ်းသီးမီးဖုတ် ခပ်စပ်စပ်နဲ့တို့စား)၊ ကြက်သားကြော်၊ ဝက်ခေါက်ကြော်၊ ပြီးတော့ နည်းနည်းစပ်တဲ့ ဟင်း ၂မျိုးက အသီးအနှံနဲ့ အသား ရောချက်ထားတာ။
လန်းနားခေတ်ကအတိုင်း တသဝေမတိမ်း ဝတ်ကြတာတော့ မဟုတ်ဘူး) ချိတ်ထားတဲ့ ပုံတချို့မှာ လန်းနားခေတ်က အမျိုးသမီးတချို့ အင်္ကျီ မပါဘူး။ အသားက ညိုညို။ ထမီတော့ ဝတ်တာပေါ့။ ထမီကို ခါးမှာ ပတ်တယ်။ အမျိုးသားတွေလိုပဲ ရင်ကို ဖွင့်ထားတာပဲ။ ရာသီဥတု ပူလို့ ဖွင့်ထားသလား မသိပါ။
အစောပိုင်းမှာ သူတို့ အင်္ကျီ တဘက် လုံချည် စသဖြင့်တို့အကြောင်း ရှင်းပြတာလည်း ကြားလိုက်ရသေးတယ်။
လန်းနားခေတ်ပြပွဲတခုမှာ ဓာတ်ပုံရိုက်ထားတာ ကျနော့်မှာ ရှိပါတယ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ထားတာ။ နောက်နေ့တွေမှ (ဒါမှမဟုတ် ရှေ့နှစ်ထဲး) တင်လိုက်ဦးမယ်။ ခုတော့ သူများပုံတွေနဲ့ပဲ ဒီပို့စ်ကို တင်လိုက်ပါတယ်။ ။
Dec 2, 2009
105 years old grandma
(၁ဝ၅)နှစ်မြောက် မွေးနေ့မင်္ဂလာကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၁
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဝဲလောင်ကျောက္ကာကျေးရွာ ဇာတိ ဘွားအိမ်ပြည့်၏ (၁ဝ၅)နှစ်မြောက် မေွး နေ့မဂင်္လာအခမ်း အနားကို ယနေ့ နနံ က် ၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကျေးရွာခြောက်ရွာကို အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ်နှုန်း ဖြင့်
ကျောက္ကာကျေးရွာ အတွက် ၁၈၉ အိတ၊်
တောင်ကုန်း ကျေးရွာ အတွက် ၅၅အိတ်၊
ထန်းတောကြီး ကျေးရွာအတွက် ၆၄အိတ်၊
အောင်ချမ်းသာကျေးရွာအတွက် ၅၆အိတ်၊
မြို့ ဘကျေးရွာ အတကွ် ၄၉၃အိတ်၊
ကံအေးကျေးရွာ အတွက် ၁၁ အိတ်ဖြင့် ငွေကျပ်၁၂၁ သိန်းကျော်တန်ဖိုးရှိ ဆန်အိတ် ၈၆၈ အိတ်ကို ပေးအပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
(သတင်းစဉ်)
သတင်းလေးကတော့ ဒါပါပဲ။
ပြောစရာ ၂ ခုတွေ့တယ်း)
အိမ်ထောင်စု တစုလျှင် ဆန်တအိတ်နှုန်း ဆိုတော့
၁။ ဘွားဘွားက တအိမ် တအိတ်နှုန်း ဝေတာလား
၂။ ဘွားဘွားကို ပေးကြတာလား
၃။ ဘုန်းကြီးကျောင်းကို လှူကြတာလား
၎။ အိမ်အရေအတွက်အလိုက် ဘွားဘွားက ဘုန်းကြီးကျောင်းကို လှူတာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။
အလုပ်ထဲမှာ ဖတ်ကြည့်ရင်း မေးမိတာပါ။ အိမ်ပြန်ရောက်တော့ ထပ်ဖတ်ကြည့်မှ ဘွားဘွားက လှူတာဖြစ်နေတယ်။ ဝါကျက အရှည်ကြီး ရေးထားတာဆိုတော့ တခေါက်ဖတ်ရုံနဲ့ သဘောမပေါက်ဘူး။ ဝါကျရှည်ရှည်တွေ သိပ်ခေတ်စားတာပဲ။ သတင်းတပုဒ်လုံးကို ဝါကျတကြောင်းတည်းမှာ ပြွတ်သိပ်ပြီး ရေးတာနော်း(
ဝါကျတကြောင်းစာနယ်ဇင်းပညာ one sentence journalism ဆိုတာ ရှိတယ် ထင်ပါရဲ့။ ရှိတယ်ဆိုရင်တော့ အဲဒီအရေးအသားကို သပွတ်အူရေးနည်းလို့ နာမည်ပေးရမယ်း)
နောက်ထပ် တွေးမိတာ တခုက ဘွားဘွားရဲ့ အသက်။ အသက် အဲသလောက်ရှည်အောင် ဘာတွေ စားသလဲ၊ မစားဘူးလဲ မသိ။ ရန်ကင်းက ဘုန်းကြီးကျောင်းမှာ မွေးနေ့လုပ်တယ် ဆိုတော့ သူက ရန်ကုန်မှာ နေပုံရတယ်။ အသက်ကြီးသူတွေက ဇာတိမြေကို ချစ်ပုံရတယ်၊ အလှူလုပ်တာတောင် အရင် နေခဲ့တဲ့နေရာကို ရွေးပြီး လှူတယ်။
ဒါပါပဲ။ ရေးချင်တာက ဒီလောက်ပါပဲ။ သိပ်လည်း အရှည်ကြီး မရေးချင်ဘူး။ တမျက်နှာကျော်ရင် မဖတ်မှာစိုးလို့။ ။
Dec 1, 2009
Debt အကြွေး
ဒုက္ခသည်ခရီးသွားလက်မှတ် ရချင်ရင် လဝကရုံးကို စာပို့ပြီး လျှောက်ရတယ်။ ကိုယ့်လိုလူ သိပ်များတာမို့ စောင့်ပေဦးတော့ လနဲ့ချီ။ ဒုက္ခသည် ဆိုတော့ ပတ်စ်ပို့ လျှောက်ခွင့် မရှိဘူးလေ။ ခရီးသွားလက်မှတ် ဆိုတာနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့။
နိုင်ငံသားတွေသာ ကိုင်ခွင့်ရတဲ့ ပတ်စ်ပို့ကတော့ ယူအက်စ်မှာ လျှောက်လွှာသွားတင်နိုင်တဲ့ နေရာပေါင်း ၇ဝဝဝ ဝန်းကျင် ရှိတယ်လို့ ဆိုတယ်။ စာတိုက်တွေ ဘာတွေမှာ လျှောက်နိုင်တယ်။ တချို့စာကြည့်တိုက်တွေမှာတောင် လျှောက်လွှာ တင်နိုင်ဆိုပဲ။
နိုင်ငံသားဖြစ်သွားရင် ပတ်စ်ပို့ ကို ဒေါ်လာ တရာအကုန်ခံတာနဲ့ သိပ်မကြာခင် ရတယ်။ ပြီးတော့ အမေရိကန်ပတ်စ်ပို့ ဆိုရင် လေဆိပ်တွေမှာ အရစ်မခံရတော့ဘူး။
အခုကိုင်ထားတဲ့ ခရီးသွားလက်မှတ်က ဈေးကြီးတယ်။ ဒေါ်လာလေးရာ ဝန်းကျင် ပေးရသဗျ။ ချက်ချင်းလည်း မရဘူး။ ၃လ ၆လ စသဖြင့် စောင့်ရတယ်။ ရလာတော့လည်း စာမျက်နှာက နည်းသေးတယ်။ သက်တမ်းက ခပ်တိုတို။ ၂ နှစ်ပဲ ရတယ်။ သက်တမ်းကုန်လို့ အသစ်ထပ်လျှောက်ရင် ကုန်ပေဦးတော့ နောက်ထပ် ၄ဝဝ။ ခရီးသွားလက်မှတ်က လေဆိပ်တွေမှာ အနည်းနဲ့ အများတော့ အရစ်ရှည်တာ ခံရတယ်။ ဟုတ်တာပေါ့။ ယူအက်စ် လေဆိပ်တွေမှာလည်း ရစ်ပါ့ဗျာ။
သို့ကလို ဈေးတွက် တွက်တာနဲ့တင် နိုင်ငံသားဖြစ်ရေးက အရေးပါနေပြီ။ နိုင်ငံသား လျှောက်မယ်ဗျာ။
ပထမအဆင့် အနေနဲ့ ယူအက်စ် လဝက အင်တာနက် စာမျက်နှာတွေ သွားဖတ်ပြီး လျှောက်လွှာကိစ္စ စနည်းနာတယ်။ လျှောက်တာနဲ့ ကုန်ကျစရိတ်က $675 ပေးရမယ် တဲ့။ ဒါနဲ့ပဲ မလျှောက်ဖြစ်သေးဘူး။ အကြွေးတင်နေတော့ ပိုက်ဆံ ထပ်မချေးချင်သေးဘူး။
ဒီအကြောင်း ကျနော့်ညီတယောက်ကို ပြောပြဖြစ်တယ် အကြွေးတင်နေကြောင်း၊ နိုင်ငံသားလည်း လျှောက်ချင်ကြောင်းပေါ့ဗျာ။ သူက ဘာပြန်ပြောသလဲဆိုတော့ နီးစပ်ပါတယ် တဲ့၊ အမေရိကန်တွေလည်း အကြွေးတွေကိုယ်စီနဲ့ ဆိုပဲ။
သူ့စကားကြောင့် အကြွေးရှိတာ ကျေနပ်သလိုလို ဖြစ်သွားတယ်။ အမေရိကန်တွေနဲ့ တူတယ်ဆိုလို့ပါး) နာမည်ကျော်လူကြိုက်များသူတယောက် ယားနာပေါက်သလို ကိုယ်လည်းယားနာပေါက်လို့ ဂုဏ်ယူမိတဲ့သူလိုပေါ့ဗျာ။
အခု စာထရေးနေတာ မိုးမလင်းသေးဘူး။ စောစောက တရေးနိုး ပြန်အိပ်မရလို့ ဘလော့မှာ ပို့စ်တခု ရေးဦးမှပဲ ဆိုပြီး ထိုင်ရေးနေတာ။ အပေါ်မှာ ရေးထားတာတွေက နိဒါန်းပျိုးတာတွေပါ။
ရေးချင်တာက အကြွေးအကြောင်း။
ဒီနှစ်ထဲမှာ စကားပြောတဲ့အခါ စာရေးတဲ့အခါ ချက်တင် တက်တဲ့အခါ အကြွေးတင်နေတဲ့အကြောင်း မကြာခဏ ထုတ်ပြောဖြစ်တယ်။ ကိုယ့်အခက်အခဲကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမှာပဲ ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး)
အကြွေးရှိနေတယ်လို့ ပြောရတာကိုက ဂုဏ်ယူစရာ ပျော်စရာ ဖြစ်နေတယ်း)
တပါးသူကို ညည်းချင်းထုတ် မသိမသာ ရှိုက်သံပေးရတာ တယ် အရသာရှိတာပဲး)
အကြွေး ရှိကြောင်း ထုတ်ပြောခြင်းဟာ ငါဟာ သုံးနိုင် စွဲနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ခေသူမဟုတ်လို့ တဖက်သားကို အင်ဖော်မေးရှင်း ပေးတဲ့သဘောပေါ့ဗျား)
ဘာရယ်လို့တော့မဟုတ်ပါဘူး။ အကြွေးတင်နေတော့လည်း ဒီလိုပဲ ရေးမိရာ ရေးလိုက်တာပါး)
Nov 25, 2009
mini mistakes and model mom
၂ဝဝ၉ စက်တင်ဘာလထုတ် people magazine မှာ သူပြောတဲ့စကားတွေ သဘောကျစရာ ကောင်းလို့ ကော်ပီကူးပေးလိုက်ပါတယ်း)
စကားတွေ အများကြီး ပြောရတဲ့သူမို့ အများကြီး မှားတာပေါ့ တဲ့။
သူ့အလုပ်က အခမ်းအနားမှူး။
ဒေါက်ဖိနပ်စီး၊ ပုဝါခြုံရတာ စတိုင် ကျပေမယ့် တခါတလေ ဟန်မကျပုံကို ပြောပြထားတယ်။ သနားစရာ ဟားစရာပေါ့။
အခမ်းအနားတွေ ဆိုတာ ပျင်းစရာ ကောင်းတတ်တော့ ရယ်စရာလေးတွေ ဖြစ်သွားတာ မဆိုးပါဘူး။ အမှားတချို့ကြောင့် အပျင်းပြေကြ၊ စိုစိုပြေပြေ ဖြစ်သွားကြမှာပေါ့။
တခါတလေတော့လည်း တပါးသူ စိတ်ပျက်စရာ အမှားမျိုး ဖြစ်ခဲ့ဖူးတယ်လို့  ဆိုပါတယ်။
ရေဒီယို အစီအစဉ်တခုမှာ အဲဒီ အသံလွှင့်ဌာနရဲ့ ဌာနမှူးနဲ့ ကျောင်းသား ခေါင်းဆောင်တယောက်ရဲ့ အင်တာဗျူး လွှင့်တယ်။ အင်တာဗျူး လွှင့်နေတုန်း အသံက ရုတ်တရက် ရပ်သွားတယ်။ လူတယောက်က စက်ပိတ်လိုက်လို့ ရပ်သွားတာ ဖြစ်နိုင်သလို စက်က တစုံတခု ချို့ယွင်းတာလည်း ဖြစ်နိုင်တယ်။
အသံလွှင့်တဲ့သူက တောင်းပန်စကားပြောပါတယ်၊ မှားသွားပါတယ်၊ စက်ကြောင့် မှားတယ် ပေါ့း) စက်ကို အပြစ်ပုံချလိုက်တာပဲ။ ဟုတ်လား မဟုတ်လားတော့ ပရိသတ် မသိနိုင်ဘူး။ စက်ကလည်း သက်မဲ့သတ္တဝါ ဆိုတော့ စောဒက မတက်နိုင်တော့ဘူး။
လိုရင်းပြောရရင် ရေဒီယိုသမားက ဘယ်လို တောင်းပန်သလဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် မှားသွားတယ် တဲ့း)
မှားလို့ တောင်းပန်ကာမှ ထပ်မှားသွားရတယ်လို့း) ဘယ်သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသလဲ ဆိုတာတော့ ထည့်မပြောသွားပါဘူး)
ပရိသတ်ကတော့ ဒါမျိုးတွေကို ကြိုက်မှာပါ။ ရေဒီယိုသမား မှားတော့ နားထောင်သူတွေ ပြုံးရ ပြုံးကြတာပေါ့။
တခါတလေ မှားတာ ကောင်းပါတယ်။ လူတွေကို ပြုံးရယ်အောင် လုပ်ရတာ လွယ်တာမှ မဟုတ်း)
ကျနော်က ရေဒီယိုသမား မဟုတ်တော့ ပရိသတ် ပြုံးအောင် မလုပ်နိုင်ဘူး(
ကျနော်တို့ ရေးတာတွေမှာ အမှားအယွင်း တခုခု ပါသွားလို့ ရယ်ပွဲဖွဲ့ကြတာတွေ ရှိမယ် ဆိုရင်တော့ ဝမ်းသာစရာပေါ့။
Nov 6, 2009
Comedian cartoons
ဒီကာတွန်းကို ဘာသာပြန်ရရင် လူရွှင်တော်တွေရဲ့ အနံ့က ရယ်စရာကောင်းတယ် တဲ့း) ကာတွန်းကြည့်ပြီး လူရွှင်တော် ဖြစ်ချင်လာပြီ။ ဒါပေမယ့် ကျနော်က ခပ်တည်တည်ပဲ ပြောဆိုနေထိုင်တတ်တော့ ဒီတသက်တော့ ကျနော့်အနံ့က ရယ်စရာ ကောင်းတော့မှာ မဟုတ်ဘူး။
ကဲ - နောက်တပုဒ် ဘာသာပြန်ရအောင်။
"ဒေါက်တာ - - - ၊ ကျနော် ရယ်စရာ ကောင်းတယ်လို့ ခံစားရတယ်""အင်း - - - ငါထင်တာတော့ မင်းက ပြောင်ချော်ချော် ဖြစ်နေတာပါကွာ"
ဘာသာပြန်တာတော့ စင်းလုံးချော မဟုတ်ဘူး။ တမင် မကြိုးစားတာပါ။ ကောင်းနေရင် ခိုင်းနေမှာ စိုးရိမ်ရတယ်း) ကာတွန်းဆရာက နည်းနည်းတော့ ပိုသွားတယ်။ လူရွှင်တော်ရဲ့ စကားနဲ့တင်ကို ဒီကာတွန်းက သိပ်လန်းနေဘီ။
ဒီကာတွန်း၂ခု သိမ်းထားတာ ကြာပြီ။ ခုမှ တင်ဖြစ်တယ်။ ကာတွန်းတွေ ဖတ်အားပါဘူး။ တကယ်တော့ ကာတွန်းတွေက လက်တကမ်းမှာ အမြဲ ရှိနေတာ။ သတင်းစာ ဖွင့်ရင် တွေ့တယ်၊ အင်တာနက်ထဲမှာလည်း တောင်ပုံယာပုံ။
ကာတွန်းဆရာတွေရဲ့ အနံ့အသက်ကလည်း ရယ်စရာ ဖြစ်မယ် ထင်တယ်း)




