Jun 10, 2010

which idiot ordered to change the logo?




ဗိုလ်ချုပ်ကြီးတွေကို ပန်းချီအကြောင်း နည်းနည်းပါးပါး သင်ပေးရင် ကောင်းမယ်။ မှတ်မိတယ် မဟုတ်လား၊
visit myanmar year:1996 ဆိုပြီး
ဗိုလ်ချုပ်ကြီးတွေ ကမ်ပိန်း လုပ်တုန်းက လိုဂိုတခု ရွေးခဲ့ဖူးတယ်။ အရမ်း မိုက်တာပဲ။ ချစ်စရာ ဖိုးဝရုပ်လေးကို လိုဂို လုပ်ထားတာ။ အပေါ်ကပုံ။ တနိုင်ငံလုံးကို ဖိတ်ခေါ်ပြီး ရောက်လာတဲ့ လိုဂိုတွေထဲက အကောင်းဆုံးကို ရွေးထားတာ။

သိပ်မကြာပါဘူး (တနှစ်တောင် မကြာဘူး ထင်တယ်) လိုဂို အသစ် ပြောင်းလိုက်တယ်။ အသစ်ကလည်း ချစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အဟောင်းလောက် မကောင်းဘူး။ အောက်ကပုံ။

ဖိုးဝရုပ် အသစ်မှာ ခြေချောင်း လက်ချောင်းတွေ ပါလာတယ်။ အရုပ်နဲ့ ပိုတူတယ်။ လိုဂိုနဲ့ မတူတော့ဘူး။ နိုင်ငံတကာ ခရီးသည်တွေအကြိုက် မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးတွေ အကြိုက် ပြောင်းလဲလိုက်တာလို့ ယုံကြည်ရတယ်။ ဒါကြောင့် ပြောတာပေါ့ ဗိုလ်ချုပ်ကြီးတွေကို ပန်းချီအကြောင်း နည်းနည်းပါးပါး သင်ပေးရင် ကောင်းမယ် လို့။ လိုဂို ဖိုးဝရုပ်က ကံဆိုးချင်တော့ အပေါ်မှာ မြင်ရတဲ့အတိုင်း လူဝင်ပြီး လှုပ်ရှားတဲ့ ဖိုးဝရုပ် ဖြစ်သွားတော့ အင်မတန် ကြည့်ရ ဆိုးသွားတယ်။

လိုဂို ဆိုတာ ကိုယ့်ရဲ့  လုပ်ငန်း လူမှတ်မိရေး အတွက် ဖန်တီးတဲ့ ဒီဇိုင်း ဆိုတာကို အောက်ခြေ အရာရှိတွေကလည်း မတင်ပြရဲကြဘူး ထင်တယ်။ ခုတော့ ဖြစ်ချင်တာတွေ ဖြစ်လာတော့တာပဲ။ ဖိုးဝရုပ်ကို ရောင်စုံ ခြယ်ပြီး လက်ချောင်းတွေ လိုက်ထည့်ခိုင်းတာ ဗိုလ်ချုပ်သန်းရွှေ မဖြစ်နိုင်ဘူး။
ဗိုလ်ချုပ်သန်းရွှေက သူ့ ကိုယ်ပိုင် လိုဂိုကိုတောင် ပြင်တာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရှင်းပြပါမယ်။

၂၀၀၇ တုန်းကတော့ ပေါတာကြီး သန်းရွှေအတွက် စကင်ဒီနေဗီးယား ခရီးသွား လုပ်ငန်း တခုက မြန်မာတိုင်းမ် ဂျာနယ်မှာ
Ewhsnahtrellik စာလုံး ပါတဲ့ ဈေးကွက် မြှင့်တင်ရေး ကြော်ငြာ ထည့်ခဲ့တာ မှတ်မိမှာပေါ့။ အဲဒီကြော်ငြာ စာလုံးကို ပြောင်းပြန် ပြန်ဖတ်ရင် Killer than shwe ဖြစ်သွားတယ်။ အင်း - အဲဒီ ခရီးသွားလုပ်ငန်း လိုဂို ကိုတော့ ပေါတာကြီးက ပြင်ဆင်တာ မတွေ့ရပါဘူး။

ဒါကြောင့် ပြောတာပေါ့၊ ဖိုးဝရုပ်ကို လက်ချောင်းတွေ တပ်ခိုင်းတာ ပေါတာကြီး မဖြစ်နိုင်ပါဘူး လို့း)
တော်သေပြီ။

Jun 6, 2010

Daw Suu in Jap restaurant


ယူအက်စ် ရောက်နေတယ်။ ကျနော် အချိန်ပိုင်း အလုပ်လုပ်တဲ့ ဂျပန် စားသောက်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်ထားတယ်။ ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ လက်ရာ။

ပန်းချီကားအောက်မှာ စာတန်း နည်းနည်း ထိုးရဦးမယ်။ ပန်းချီကား အမည်၊ ပန်းချီဆရာ အမည် စသဖြင့်ပေါ့။ ပြီးတော့ နာမည် မကြီးတဲ့ မြန်မာပန်းချီဆရာတယောက်ရဲ့ လက်ရာတွေလည်း ရှိတယ်။ အဲဒီမှာလည်း စာတန်း ကပ်ပေးရဦးမယ်။ ဒါမှ စိတ်ဝင်စားသူတွေ သိချင်တာကို အထောက်အကူဖြစ်မယ်။

ဂျပန်ဆိုင် ဆိုတော့ ဂျပန်အရက် (ဆာကေး) မျိုးစုံ ရောင်းတယ်။ ဒီပုံက စားပွဲထိုးတယောက် ရိုက်ထားတာ။ သူက ပုလင်းတွေနဲ့ နံရံကပ် မီးလုံးကို ဦးစားပေး ရိုက်လိုက်ပုံ ရတယ်။ ဒေါ်စုပုံက သိပ် မထင်ရှား။ တချိန်တချိန် ကင်မရာ အဆင်ပြေတဲ့အခါ ပုံကို တည့်တည့် ရိုက်ဦးမှပါပဲ။

ခင်မောင်ရင်က ဒေါ်စုပုံတွေ ဆွဲထားတာ မနည်းဘူး။ ရောင်းကောင်းလို့ ဆွဲတာ တဲ့။ ခင်မောင်ရင် ဆွဲလို့ အရောင်းသွက်တာလည်း ဖြစ်နိုင်တယ်။

ဂျပန်ဆိုင်နဲ့ မြန်မာပန်းချီကားနဲ့ သိပ်တော့ မဆိုင်ဘူး။ အစွဲအလန်း မကြီးတဲ့ဆိုင်မို့ ဒီပန်းချီကားတွေ ချိတ်ထားတာပေါ့း)

စကားမစပ် - ပုံမှာ မြင်ရတဲ့ ဆာကေးတွေက ဈေး မသေးဘူး။ ဆိုင်လာစားသူများက ဘီယာ ၀ိုင် တို့ပဲ အသောက် များတယ်။ ဆာကေးပုလင်းလေးတွေက ချစ်စရာမို့ သောက်ချင်စရာ။ မြန်မာပြည်က ဆန်အရက်နဲ့ သိပ်မကွာဘူး ထင်တာပဲ။

ဂျပန်အရက် ဆိုပေမယ့် ယူအက်စ်မှာ ချက်ပြီး ယူအက်စ်မှာပဲ ပုလင်းသွပ်ပါတယ်။

တော်သေးပြီ။ ရေးတာကလည်း ဟိုမရောက် ဒီမရောက်။


May 27, 2010

some strange names


နာမည်
ဒီနေ့ သတင်းစာဖတ်တော့ ထူးခြားတဲ့ နာမည်တွေကို တွေ့ရတယ်။ ကြော်ငြာတွေမှာပါ။
မျက်ခြယ်မောင်မောင်၊ ဆန်းထူးမိုး၊ မိုးဆန်းထွေး တဲ့။ နာမည်တွေ ထူးလှချည်လားဆိုပြီး မေးစမ်းဖို့ စိတ်မကူးကြလေနဲ့။
စုံစမ်းမေးမြန်းခြင်း သည်းခံပါ လို့ ဆိုထားတယ်။ ဒီလူတွေဟာ အသက် ၂၀ ကျော် ၃၀ ကျော်တွေ ရှိပြီလို့ ခန့်မှန်းနိုင်တယ်။

ကဲ - ခင်ဗျားရဲ့ ကလေးကို နာမည် ဘယ်လို ပေးမလဲ။ သို့ကလို ခပ်ဆန်းဆန်းတွေ ပေးမလား။
နာမည်တွေဟာ
၁။ နေ့သင့် နံသင့် ဖြစ်ရမယ် (ရိုးရာကို မပယ်ကောင်းဘူးမဟုတ်လား)
၂။ တိုရမယ် (ဇာနည်ဝင်း ဆိုတာတောင် ရှည်နေသေးတယ်။ ဆိုင်းထိုးရ ခက်တယ်း)
၃။ မရိုးလွန်း မဆန်းလွန်း ဖြစ်ရမယ် (ရိုးလွန်းရင်လည်း ကိုယ့်ကလေးက အပြောင်ခံရနိုင်၊ ဆန်းလွန်းရင်လည်း အလှောင်ခံရနိုင်၊ မြန်မာပြည်မှာက ဟာသ သမားတွေ ပေါပါဘိသနဲ့)


ဘာကြောင့် ကြော်ငြာကြသလဲ
တခြားနိုင်ငံ သတင်းစာတွေမှာ လင်မယား ကွာရှင်းတာ၊ သား အဖြစ် သမီးအဖြစ် စွန့်လွှတ်တာတွေ ကြော်ငြာ ထည့်မှ ထည့်ကြရဲ့လား။

စေ့စပ်တာ၊ လက်ထပ်တာ၊ သေဆုံးတာတွေ အကြောင်းတော့ မြန်မာပြည်မှာလိုပဲ ထည့်ကြတာ တွေ့ဖူးတယ်။ အင်း - အင်္ဂလိပ် သတင်းစာတွေ ဖတ်ရင် ကြော်ငြာတွေ ကြည့်ဦးမှပဲ။
တော်သေးပြီ။

May 18, 2010

water in 2010


ညောင်ဦး (မန္တလေးတိုင်း)

သောက်သုံးရေအတွက် ဒုက္ခရောက်နေကြပြီ။ ကမ္ဘာကြီး ပူနွေးလာလို့ မြေအောက်ရေတွေ ခန်းခြောက်ရာကနေ ဒီပြဿနာ အစပြုတာလို့ ဆိုတယ်။

အနယ်နယ် အရပ်ရပ်မှာ ရေအခက်အခဲဖြစ်နေတာ ဒုတိယ နာဂစ်လိုပါပဲ လူသေဆုံးမှု နည်းတာနဲ့ များတာတော့ ကွာတယ်။ ပြီးတော့ နေရာဒေသ စုံတယ်။ တချို့နေရာတွေက သင်္ကြန်ကတည်းက သောက်ရေအတွက် တန်းစီနေခဲ့ကြတာ။

နာဂစ်ကာလနဲ့ တူတာ နောက်တခုက အလှူရှင်တွေ ပြဿနာ ရှာခံရတာပါ။
ပြီးတော့ ခွေးသူခိုး (ခွေးနဲ့သူခိုးတွေကိုတော့ တောင်းပန်ပါရဲ့) တွေက မင်္ဂလာ ၀င်ယူတာ။ ရေသွားဖြန့်ဝေတဲ့ ကားကြီးတွေမှာ ကြံ့ဖွံ့အလံတွေ လိုက်စိုက်တယ်လို့ သတင်းတချို့က ဆိုတယ်။

အပူဒဏ် ပြင်းထန်လွန်းတဲ့ ဒေသမှာ သောက်သုံးရေ ဖြန့်နိုင်ဖို့ အတွက် ပြည်ပရောက် မြန်မာပြည်သား တချို့လည်း ငွေထည့်ကြ လှူကြတယ်။ ကျနော့် မိသားစုဝင်တချို့လည်း လှူကြတယ်။ ကျနော်ကတော့ မလှူဖြစ်သေးပါ။ နအဖ သတင်းစာမှာ ပါတဲ့ ဓာတ်ပုံတွေကိုပဲ ဖြတ်ညှပ်ကပ် လုပ်နေမိတယ်။

ဒီအချိန်ဟာ သစ်ပင်စိုက်ကြဖို့ စသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှုံ့ဆော်တိုက်တွန်းရင် နားဝင်ကြမယ့် အချိန်ပဲ။ ဦးအုန်းကတော့ ဟိုနေ့က DVB အင်တာဗျူးတခုမှာ သစ်ပင်စိုက်ဖို့ ပြောနေပြီ။ ။


ရမည်းသင်း (မန္တလေးတိုင်း)၊ သန်လျင် (ရန်ကုန်တိုင်း)


သာစည် (မန္တလေးတိုင်း)၊ တောင်သာ (မန္တလေးတိုင်း)



ပျဉ်းမနား (မန္တလေးတိုင်း)၊ ပုသိမ် (ဧရာဝတီ)

ပဲခူးဘက်က အသိတယောက်က ဂျီတော့မှာ ပြောတာတွေက ဒီနေ့ တင်တဲ့ ပို့စ်နဲ့ ဆက်စပ်နေလို့ ခွင့်မတောင်းဘဲ ကော်ပီ ကူးထည့်ပေးလိုက်ပါတယ်။ နာမ်စား သုံးပုံခြင်းလည်း တူနေတယ်။
-----:
ထူးဆန်းတယ်
မနေ့က ခွေးသခိုးတွေတွေ့တာပြောမလို့
သူများတွေရေလှူတာကိုသူတို့က
ကြော်ငြာသင်ပုန်းကြီးထောင်ပြီး
သောက်သုံးရေအလုံအလောက်ရရှိရေးလျာထားချက်ပြည့်မှီကျော်လွန်တဲ့
ဂရပ်ဇယားကွက်ကြီးချလို့ဟိ

Zarny: သူတို့ ဒါပဲ တတ်တာ။

Sent at 2:14 PM on Tuesday
-----: တံဆိပ်ကြီးတွေတပ်ထားတဲ့လူကြီးတွေကလဲဟိုသွားဒီသွား
လမ်းနံဘေးလူမြင်တဲ့နေရာတွေဘဲနေတာ
လှူတဲ့လူတွေကသူတို့ဆီမထားခဲ့ဘူး
ဟိုးအစွန်အဖျားတွေထိသွားလှူကြတာ

Apr 30, 2010

Yunannese Noodles shop in Chiang Mai

ချင်းမိုင်က မြီးရှည်ဆိုင်

ဟုတ်ပါ၏၊ မှန်ပါ၏။ ချင်းမိုင်မှာ မြီးရှည်ဆိုင် ရှိနေပါပြီ။ စားဖို့သာ ပြင်ပေတော့။ ဆိုင်ရှေ့မှာတော့ မြင်တဲ့အတိုင်းပဲ "ဆီကျက်ခေါက်ဆွဲ-မြီးရှည်ဆိုင်" လို့ ဆိုထားရဲ့။ ဆိုင်ဘေးက ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတော့ အစားအသောက် စာရင်း အင်္ဂလိပ်လို မီနူး (မယ်ညူး?) လို့ မထင်လိုက်နဲ့ဦး။ အဲဒါ သူတို့ ဆိုင်ဘေးက လုပ်ငန်းဆိုင်းဘုတ်ပါ။ ဘာလုပ်ငန်းလဲ ဆိုတော့ တိရစ္ဆာန်ဆေးကုခန်း ဆိုပါစို့။ ခွေးဟောင်သံလေးတွေလည်း ကြားရတတ်တယ်။ ခွေးအလှပြင်တာလည်းလုပ်တယ်၊ နေ့ခွေးထိန်းတဲ့အလုပ်လည်း လုပ်ပါတယ် တဲ့၊ ခရီးဝေးထွက်မယ့် ခွေးပိုင်ရှင်များ အဲဒီကိုသာသွား။


ဒါက ဆိုင်ရှေ့မြင်ကွင်းဗျာ။ သင်္ကြန်တွင်း မြင်ကွင်းမို့ ဆိုင်ကယ်ကားလေးပါး ရှင်းနေတာပါ။ ပုံမှန်အားဖြင့်တော့ ကားရပ်ဖို့ နေရာက အရှားသား။ ဆိုင်ကယ်သမားတွေအတွက်တော့ အဆင်ပြေပါတယ်။

မြင်ရတာက ဆီကျက်ခေါက်ဆွဲ။ ရှမ်းပြည်က စားသောက်ဆိုင်တွေရဲ့ လက်ရာအတိုင်းပါပဲ။ ရန်ကုန်စတိုင်တော့ မဟုတ်ဘူး။ ဘယ်လိုကွာခြားသလဲ သိချင်ရင်တော့ မှာစားဗျာ။ တပွဲ ဘတ် ၃၀။ ယူအက်စ် ဒေါ်လာနဲ့ဆိုရင်တော့ ၀မ်းဒေါ်လာပေါ့။ ထည့်ပေးတဲ့ ပန်းကန်ကတော့ ဧရာမပဲ။
ရကော်မန်းပေးဖို့ ပြောလာရင်တော့ မြီးရှည်စားပါ လို့ ဆိုပါရစေ။ menu ထဲမှာတော့ အဲဒါကို Yunannese Noodles with steamed pork ဘတ် ၃၀ လို့ ရေးထားတယ်။
စားလို့ သိပ် - - - - - - - - - - - - - - - - ကောင်း - - - ။

အဲဒါ menu လို့  ခေါ်တဲ့ အစားအသောက် စာရင်းဗျာ။ အင်္ဂလိပ် တရုတ် ထိုင်း ဘာသာတွေနဲ့။
ဒါကတော့ ထိုင်း အစားအသောက်ဆိုင်တွေမှာ ထားရတဲ့ ငြုတ်သီးမှုန့် သကြား မြေပဲဆန်ထောင်း ရှာလကာရည်။ ခေါက်ဆွဲနဲ့ ရောသမမွှေပြီး သုံးဆောင်ကြတယ်။ ဒါက ဆိုင်အတွင်းပိုင်း မြင်ကွင်း။ ဆိုင်ရှင်က ဒီမြို့မှာ ဒီစီးပွားလုပ်တာ ၂ နှစ် ရှိပြီ ဆိုပေမယ့် ဆိုင်က ဒီလောက် သန့်ပြီး တောက်ပြောင်နေရတာ အကြောင်း ရှိတယ်၊ ဒါက နေရာသစ် ဆိုပဲ။

ကဲ - မြေပုံ လုပ်ပေးလိုက်တယ်။ နေမန်ဟေမင် ဆိုတဲ့ နာမည်ကြီး လမ်းနားလေးမှာပါ။ ချင်းမိုင် တက္ကသိုလ်နဲ့ နီးတယ်။



ဒါပါပဲ။ စားပေတော့ ချင်းမိုင်ရောက်ရင်။

Apr 23, 2010

photos from news agencies

ဝါးချွန်နဲ့ သံဃာ။ ဘန်ကောက်စစ်မြေပြင်မှာ သို့ကလို ဖြစ်နေပြီ။ အစိုးရဆန့်ကျင်သူတွေက နေ့တိုင်း ဆန္ဒပြနေတာ ဖြိုခွဲရင် ခုခံမယ် ဆိုပြီး ဒီလို အသင့်ပြင်ထားကြတော့တာပဲ။ ပွဲကတော့သိပ်ကြမ်းနေတယ်။ မနေ့ညက စီလုံ ၀န်းကျင်မှာ ဗုံးတွေကွဲတယ်။ လူ ၃ ဦး သေတယ်၊ ၇၅ ဦး ဒဏ်ရာ ရသတဲ့ တီဗီသတင်းတွေက ဆိုတယ်။ဒီမနက် ဗုံးကွဲတဲ့နေရာသွားပြီး လွမ်းဆွေးသူတွေ ရှိတယ်။ ပုံထဲက အမျိုးသမီးက အနက်ရောင် ၀တ်စုံနဲ့။
ဗုံးကွဲပြီး နောက်ပိုင်း ဒဏ်ရာရသူတွေကို စစ်သားတွေက သယ်ထုတ်တယ်။ ပုံမှာ ပါတဲ့ ထမ်းစင်ပေါ်က ဒဏ်ရာရသူက အစိုးရ ထောက်ခံသူပါ။
ဆန္ဒပြတာက ၂ ပိုင်းကွဲနေတယ်။ သိတဲ့အတိုင်းပဲ။ အစိုးရထောက်ခံသူ ရှိသလို ဆန့်ကျင်သူလည်း ရှိတယ်။ ဆန့်ကျင်သူက အနီရောင်ဝတ်ကြတယ်။

ဒါက ဒီနေ့ မြင်ကွင်း။ ဆန့်ကျင်သူများက သူတို့ ဆန္ဒပြတဲ့နေရာကို ကားတာယာတွေ ပုံထားပြီး ၀ါးချွန်တွေ ထောင်ထားတယ်။ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတာ။
ဆိုခဲ့တဲ့အတိုင်း စီးလုံနား ဗုံးကွဲတယ်။ ဘယ်သူ့လက်ချက်မှန်း မသိဘူး။ ဗုံးကွဲပြီး အစိုးရထောက်ခံသူ နဲ့ ကန့်ကွက်သူ နှစ်ဘက် ပဋိပက္ခ ထဖြစ်တော့ ဆော်ကြနှက်ကြတယ်။ ဓာတ်ပုံဆရာတွေ ထွက်ပြေးရတယ်။
အစိုးရထောက်ခံသူတယောက်ကို ဖမ်းလာတဲ့ပုံ။ အနီတွေကိုတော့ ဖမ်းရင်လည်း ဖမ်းလိမ့်မယ်။ ဒါမှမဟုတ် အနီကို ကြောက်လို့ ၊ အနီက အုပ်စုတောင့်လို့၊ မဖမ်းတာလည်း ဖြစ်နိုင်တယ်။

အပေါ်ကပုံမှာ ပါတဲ့ ဆန္ဒပြသူ ဖြစ်နိုင်တယ်။ ဘယ်ပုံကို အရင် ရိုက်မှန်း မသိ။
ဗုံးထိတဲ့ အစိုးရထောက်ခံသူ တယောက်ကို ၀ိုင်းကြည့်နေကြတဲ့ပုံ။ နောက်ထပ် ဘာတွေ ဆက်ဖြစ်လဲ မသိရ။

ဟောဒီ ဒဏ်ရာရသူက Ben Rown of Australia ဆိုပဲ။ တီဗီမှာလည်း ညက တွေ့လိုက်ရ။
ဒါက အနီရောင်ဝတ်တွေနဲ့ အာဏာပိုင်တို့ ရင်ဆိုင်နေတဲ့ပုံ။ ဘာတွေ ဆက်ဖြစ်မယ် မသိ။
ထိပ်တိုက်တွေ့နေတာ ကြာပြီ။ ပွဲက မပြီးနိုင်သေး။ ရာသီဥတုက သိပ်ပူ။
စိတ်ညစ်စရာကြား ရယ်စရာ ပြောရရင် - ဟိုတလောက အနီဝတ်တွေနဲ့ ထိုင်းစစ်သားတွေ ထိပ်တိုက်တွေ့ ချကြဆော်ကြတာ သေသူသေ၊ ဒဏ်ရာ ရသူရ။ ဒဏ်ရာရသူ ၈၀၀ ကျော်ကို ဆေးရုံ တင်လိုက်တယ်။ သက်သာလို့ ဆင်းသွားတာ အနီဝတ်တွေ များတယ်။ ဒဏ်ရာကြီးလို့ ကျန်ခဲ့တာကတော့ စစ်သားတွေ များတယ် ဆိုပဲ။ ရှေးတုန်းက ထိုင်းမြန်မာ စစ်တိုက်တာ ထိုင်းစစ်သားတွေ ရှုံးတယ်။ ရှုံးမှာပေါ့၊ ဘန်ကောက်မှာ အခု ကြည့်ပါလား၊ ဆန္ဒပြသူနဲ့ချတာတောင် စစ်သားတွေ ရှုံးသေးတာပဲ။ မြန်မာစစ်သည်တွေက ထိုင်းစစ်သည်တွေကို အယုဒ္ဓယမှာ ဇင်းမယ်မှာ အလွယ်တကူ နိုင်ခဲ့မယ် ထင်တာပဲ။
အနီဝတ် ဆန္ဒပြသူတွေက ရဲတွေကို ရေတိုက်နေတဲ့ပုံ။ ဒီမနက် စောစော။ ဖားတာတော့ မဖြစ်နိုင်ဘူး။ သူတို့ သောက်ဂရုမှ မစိုက်တာ ဒီကြွက်တွေကို။ ဘာတွေ ဆက်ဖြစ်မလဲ စိတ်ဝင်စားစရာ။
ပစ်ခတ်ကြလို့ သွေးချောင်းထပ်စီးမလား၊ ဒိုင်ယာလော့ လုပ်မလား၊ စစ်တပ်အာဏာသိမ်းမလား၊ ဒီလိုပဲ ပွဲဆက်ရှည်ဦးမလား - - -း(

Apr 21, 2010

yesterday old photo


ဒါက မနေ့တုန်းက ချင်းမိုင် (ဇင်းမယ်) ကျုံးဘေးမှာ ရိုက်ထားတဲ့ ပုံပါ။ ဒီပုံက ဘာကို ပြချင်တာလဲ ဆိုတော့း)

အဖြူရောင်ဝတ်ထားတဲ့ အဖြူတွေအကြောင်း ဆိုပါစို့။
ရာသီဥတုက သိပ်ပူတာဗျ ဒီမှာ။
နေပူဒဏ်ကာကွယ်ဖို့ အဖြူဝတ်ထားကြပုံ ရတယ်။
သူတို့က နေပူထဲ လျှောက်သွားတော့ သို့ကလို ၀တ်မှ ဖြစ်မယ်။

ငုပင်က ပန်းဝါ၀ါတွေကိုလည်း ကြိုက်လို့ ရိုက်လိုက်တဲ့ပုံ ဆိုပါစို့။

ဟိုသစ်ပင်အောက်က အထုတ်ဖြူဖြူကတော့ အပူဒဏ်ကာကွယ်ရေးနဲ့ ဆိုင်ပုံမရဘူး)

အမှိုက်အိတ် ဖြစ်ပါလိမ့်မယ်း)

ခုတလော ဖတ်ဖြစ်တဲ့ ကာတွန်းများ

လူ - ငါအကြိုက်ဆုံး တီရှပ်နဲ့ ဒီနေ့ ကားရေဆေးလိုက်မိတယ်။
တီရှပ်ကို မရိုမသေလုပ် စော်ကားလိုက်မိသလိုဖြစ်သွားပြီကွာ။
တီရှပ်ကို ဘယ်လို တောင်းပန်ရမလဲ မသိဘူးနော်။

ကြောင်- ပုံမှန်အားဖြင့်တော့ စိတ်ရောဂါကု ဆရာဝန်ရှေ့မှာ တောင်းပန်ကြတာပဲ။

ဂါဖီး ကြောင်ကာတွန်း တွေက ကြောင်ကို အဓိကဇာတ်ကောင်အဖြစ် ရေးပြီး ပြောင်လေ့ရှိတယ်။း)



ဒါက ကာတွန်း နေမျိုးအေးရဲ့ လက်ရာ။ ခေတ်ပြိုင်မှာ ပါတယ်။ ခေတ်ပြိုင်ကာတွန်းတွေက အောက်ဆုံးမှာ ရှိတာမို့ ရုတ်တရက် မမြင်ရဘူး။ အောက်ဆုံးအထိ သွားကြည့်ရင်တော့ တွေ့နိုင်မယ်။

မြန်မာပို့စ်ဂျာနယ်မှာ ပါတဲ့ ဆရာ စိုးစံဝင်းရဲ့ လက်ရာတွေလည်း သိပ်ကောင်းတာပဲ။

အမေနဲ့ အိမ်စာလုပ်နေတယ် ဆိုတဲ့ သူ့ကလေး အပြန်အလှန် ပြောတဲ့ထဲက ရယ်စရာလေးပါ။
ဒါကတော့ born loser ကာတွန်း Apr 14 ရက်နေ့ ထုတ်ပါ။ ရာဟူး ဒေါ့ကွန်မှာ ရှိတယ်။

Apr 21 ရက်နေ့ထုတ်
Beetle Bailey ကာတွန်းပါ။ ဒီကာတွန်းတွေက ရာဟူးကာတွန်းစုစည်းမှုမှာ မရှိဘူး။ ဂူဂဲလ်မှာ သွားရှာရင်တော့ ပြေးမလွတ်ပါဘူး။

ကျနော်ကတော့ http://www.arcamax.com/beetlebailey/s-724617-159865 မှာ အခမဲ့ ဖတ်တယ်။

Beetle Bailey က စစ်တပ်အတွင်း ကာတွန်းတွေပါ။ တပ်သားနဲ့ တပ်ကြပ် အကြား ဆက်ဆံရေးကို ပြောင်တာ များတယ်။ ဗိုလ်ချုပ်နဲ့ သူ့ဇနီး၊ သူ့ရုံးခန်းအကြောင်းလည်း ပြောင်တတ်တယ်။


ဇာတ်လိုက် ရဲဘော် - ဘယ်အချိန်ရှိပြီလဲကွ
ရဲဘော် ၁ - သိဘူးလေ။

ဇာတ်လိုက် ရဲဘော် - အင်း ဒါဆို တရေးအိပ်တဲ့အချိန်ပေါ့ကွာ။

ဒါနဲ့ သူတို့ ကျောဆန့်ကြ၊ လေပေါကြပါလေရော။

ရဲဘော် ၁ - တချိန်ချိန်မှာတော့ နေလုံးကြီး မီးလောင်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အေးခဲပြီး သေကြမှာပဲ။

ရဲဘော် ၂ - အဲဒါ မဖြစ်ခင် ကမ္ဘာကြီး ပူနွေးမှုကြောင့် အောက်စီဂျင် အကုန်လုံးကို ပျက်သွားလိမ့်မယ်။ ငါတို့အားလုံးလည်း အသက်ရှူကြပ်သွားလိမ့်မယ်။

ရဲဘော် ၃ - ငါထင်တာကတော့ ဥက္ကာပျံအကြီးကြီးတခုက ကမ္ဘာကို လာမှန်မယ်ကွာ။ ကမ္ဘာကြီး ပျက်စီးသွားမှာကွ။

ရဲဘော် ၄ - ရေကြီးလို့ ဒါမှမဟုတ် ငလျှင်လှုပ်လို့ ဒါမှမဟုတ်ရင်လည်း တခုခုကြောင့် ငါတို့အားလုံး ကြွမှာပဲလို့ ငါ အမြဲတမ်း တွေးနေမိတာပဲ။

ဇာတ်လိုက် ရဲဘော် - တို့အားလုံး အဲဒါတွေ ဖြစ်တဲ့အချိန်အထိ အသက်ရှင်နိုင်မယ်လို့ မထင်ပါဘူးကွာ။
တိုက်ကြက်ကြီး (တပ်ကြပ်ကြီး) က မြောင်းဖောက်တာ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကြည့်ဖို့ အချိန်မရွေး ဒီကို ရောက်လာနိုင်တယ်။

ဒါက ဗိုလ်ချုပ်ကြီးရဲ့ ရုံးခန်း ကာတွန်း။
ဗိုလ်ချုပ်ကြီးကတော်ကို ပြောင်ထားတာ။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးကို ကလိထားတာပေါ့။

born loser ကာတွန်း Apr 18 လည်း ကောင်းတာပဲ။ သူတို့မွေးထားတဲ့ခွေး အင်မတန် စမတ်ကျတာကို ကာတွန်းမှာ ပုံဖော်ထားလေရဲ့း)


ဒါပါပဲး)

Apr 19, 2010

Gen.Than Shwe in pagoda

ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ၊ ရန်အောင်မာရ်အောင် ဆုတောင်းပြည့်စေတီက ချိုကုပ်ဒူးကြီးရဲ့ အလှူ

ချိုကုပ်ဒူးကြီးက သူ့ဇာတိမြေ ကျောက်ဆည်မြို့မှာ ဘာသာရေးလုပ်ငန်းတွေ သွားလုပ်တယ်။ နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်နေ့က ဆိုပဲ။ ဒီနေ့ (၁၉ ရက်နေ့) ကြေးမုံ သတင်းစာမှာ ပါလာတယ်။

ဒီလူကြီးက မဟုတ်တာတွေအများကြီး လုပ်နေပေမယ့် ဒါတွေလည်း လုပ်သားပဲး)


Apr 1, 2010

nothing

၁၀ ရက်နီးပါး ကြာတဲ့ သတင်း သင်တန်းတခု တက်နေတယ်။ နက်ဖန် ပြီးပြီ။ ဒီကနေ့ ဘာသင်ရသလဲ ဆိုတော့ သတင်းသမားတွေဟာ တပါးသူရဲ့ ယုံကြည်ရာကို ထိခိုက်စေမယ့်ဟာကို ရေးသားမှု မပြုရ ဆိုပဲ။ သို့ပေမယ့် ဒီနေ့ သတင်းစာမှာ ပါတဲ့ ပျင်းစရာ သတင်းတပုဒ်က ပုံတပုံအကြောင်းတော့ ပြောလိုက်ဦးမယ်း) ဘလော့မှာ ရေးတယ် ဆိုတော့လည်း သတင်းစာကျင့်ဝတ်တွေ မေ့ထားလို့ ရမယ် ထင်တယ်း)
ပုံမှာ မြင်တဲ့အတိုင်းပဲ ဗိုလ်ချုပ်သိန်းစိန် အလုပ်များနေတာကို ရပ်ကြည့်နေတဲ့ ဗိုလ်ချုပ် ၄ ပါး ရှိတယ်။
ဗိုလ်ချုပ် ၁ - (ဒီဘက်ဆုံးက ဗိုလ်ချုပ်) စဉ်းစားနေတာက ရေဖလား ကိုင်ထားတဲ့ ကလေးမတွေ သိပ်လှတာပဲ။ ဂလု (လို့ စဉ်းစားနေတာ ဖြစ်မလား)။
ဗိုလ်ချုပ် ၂ - ငါ့ကို ဓာတ်ပုံရိုက်နေပြီ။ ပြုံးထားရင် ကောင်းမလား။ အို - ဟုတ်သေးပါဘူး။ ငါက ဗိုလ်ချုပ်ပဲ။ ပြုံးပြလို့ ဘယ်သင့်တော်မလဲ။ အဲ - သိဘီ၊ သိဘီ၊ ရင်ကော့ထားရမယ်။ သိပ်ပြီး ရင်ကော့လို့လည်း မဖြစ်သေးဘူး။ တော်ကြာ - ခုမှ ဗိုလ်သင်တန်းဆင်းတယ် ထင်နေကြဦးမယ်။
ဗိုလ်ချုပ် ၃- ငါ့ဖိနပ်ပေါ် စင်ကုန်ရင် ဒုက္ခ၊ နောက်ဆုတ်နေတာ ကောင်းပါတယ်လေ။
ဗိုလ်ချုပ် ၄ - ဒါတွေ ဘာကြောင့် တို့ လုပ်နေပါလိမ့်။ ဟိုကျောက်ပြားကြီးက ဘာလုပ်ဖို့လဲ။ နောက် အနှစ် တသောင်းကျော်ရင် သုတေသန သမားတွေ ဒီမှာ လာတူးရင် ဒါကိုတွေ့ပြီး အလုပ် များစေချင်တယ် ထင်ပါရဲ့။ ကောင်းလိုက်တဲ့ စိတ်ကူး။

း) သူတပါး ယုံကြည်ချက်တခုခုနဲ့ လုပ်နေတာကို နောက်ပြောင်မိသလို ဖြစ်သွားပြီ ထင်တယ်း)



ဒီပုံက ဘာလဲ သိလား။ ဓာတ်ပုံရိုက်နေကြတဲ့ ပုံပေါ့။ ရိုက်ပြီး ဘယ်အရွယ် ကူးကြမလဲ မသိဘူး။ ၁၅ ပေ ပတ်လည်ဆိုက် ကူးမှ ကောင်းမယ်ထင်တယ်။ ဗလာစာအုပ်ဆိုက် ကူးရင်တောင်မှ လူကို သဲသဲကွဲကွဲ မြင်ရမယ် မထင်။ အင်အားပြတဲ့ပုံလား ဂင်းနစ် ကမ္ဘာ့စံချိန် ဆိုတာတွေကို ချိုးဖို့ လည်း ဖြစ်နိုင်တယ်။ဘာရည်ရွယ်ချက်နဲ့ လူ လေးရာလောက်ကို စုပြုံရပ်ခိုင်းပါလိမ့်။း)

ဇင်းမယ်မှာ ဒီနေ့လည်း ပိတောက်ပန်း ပွင့်ပြန်ပြီ။ အလုပ်ထဲက ကလေးမတွေ ဘယ်က ခူးလာကြမှန်း မသိဘူး။ ဟိုတပတ်က တခါ ပွင့်သေးတယ်။ အပေါ်က ပုံကတော့ သတင်းထောက် ၀ါးရှီးဖောရဲ့ စားပွဲပေါ်က ပိတောက်။

အပြင်ဘက်မှာတော့ နေက သိပ်ပူ။ အပူဒဏ်ကြောင့် ကလေးတချို့က ကျုံးထဲ ရေဆင်းစိမ်ကြသဗျ။

တော်သေးပြီ။ ဒီကနေ့တော့ ပို့စ် ၂ ခု တင်လိုက်သကွ။

i have burmese TV channel at home


ကျေးဇူးတင်ထိုက်သူ
မနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရတယ် ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင် တဲ့။ သရုပ်ဆောင်တာ ၀ါသနာ ပါတဲ့သူတွေ ပြိုင်ကြပျော်ကြတဲ့ အစီအစဉ်ပဲ။ ဆုရတဲ့သူ ၄ ယောက်လောက် ရှိတယ်၊ သူတို့ ကျေးဇူးတင်စကား ပြောကြတယ်၊ စကားအဆုံးမှာ အားလုံးက “ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်” လို့ ပြောသွားကြတာ သတိထားမိတယ်။ ဒီစကားလုံးက အင်မတန် ခေတ်စားနေဟန်ပဲ။

Myanmar International
မနေ့က ရုပ်မြင်သံကြားလိုင်းသစ် Myanmar International ဖွင့်ပွဲနေ့ပေါ့။ လိုင်းသစ် ဆိုပေမယ့် MRTV 3 ကို အသွင်ပြောင်းထားတာ လို့ ဆိုတယ်။ MRTV 3 ကို အရင်က မကြည့်ဖြစ်။

ဆိုဖီ
အဲဒီမှာ တင်ဆက်သူ နှစ်ယောက် တွေ့ရတယ်။ အမျိုးသမီးတယောက်၊ အမျိုးသားတယောက်။ အမျိုးသမီး နာမည်က ဆိုဖီ တဲ့။ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ ကဗျာကို မြန်မာလို ရွတ်သွားတယ်။ မြန်မာလို မတတ်တဲ့ အင်္ဂလိပ်မ ဆိုတော့ ဘယ်လိုအသံ ထွက်လာမလဲ စဉ်းစားကြည့်ပေတော့း) ဒါလေးကိုက ချစ်စရာ။ ပြီးတော့ မနေ့က ဖွင့်ပွဲနေ့ အခမ်းအနားမှာ ဆိုဖီက မြန်မာလို ၀တ်ထားတယ်။ သိပ် လှတယ်။
ဒါက ပန်းချီပြခန်းတခုရောက်နေတဲ့ ချစ်စရာ့ ဆိုဖီ

ဗိုလ်မှူးချုပ်ကျော်ဆန်း

တီဗွီလိုင်းသစ် ဖွင့်ပွဲ အခမ်းအနားမှာ ဗိုလ်ကျော်ဆန်းက အင်္ဂလိပ်လို ရေးထားတဲ့ မိန့်ခွန်းကို အစောပိုင်းမှာ အလွတ်ပြောတယ်။ နောက်တော့ ကြည့်ဖတ်တယ်။ တက်ရောက်သူ ၀န်ကြီးတွေ အများသား။ ဗိုလ်ကျော်ဆန်းကတော့ သူ့ပွဲမို့ အရမ်း တက်ကြွနေပုံရတယ်။

တိုင်းမှူး
နေပြည်တော် စစ်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ဆိုလား။ သူက ၀န်ကြီးတွေ ကြားထဲမှာ ထိုင်တယ်။ အားလုံးက စစ်ဝတ်စုံ ၀တ်ထားပေမယ့် တီဗွီထဲမှာတော့ တိုင်းမှူးကို ထူးထူးခြားခြား မြင်ရတယ်။ ထိုင်ခုံက တလက်မ မြင့်နေတာ မဟုတ်ပါဘူး။ သူထိုင်တဲ့ ခုံကို နောက်ကျောမှာ အဖြူရောင် အ၀တ်စတခု အုပ်ထားတယ်။ ဒါကြောင့် ထင်းနေတာပေါ့။ စစ်ဗိုလ် အချင်းချင်း ဆိုပေမယ့် အရပ်သားတွေကို ကိုင်တွယ်ရသူနဲ့ စစ်သားတွေကို ကိုင်တွယ်ရသူ ပါဝါ မတူတဲ့သဘော။

အပိတ်မှာ မြနန္ဒာ ရေညိုညို ရစ်ခါသန်းတော့ ဆိုတဲ့ မန်းတောင်ရိပ်ခို သီချင်းနဲ့ ဆိုကြ ကကြတယ်။ ၀န်ကြီးများလည်း လက်ခုပ်တီးကြ ပျော်ကြတယ်။

တိုးရစ် အကြိုက်
ခရီးသည်တွေ စိတ်ဝင်စားတဲ့ မြန်မာပြည်အရပ်ရပ် ယဉ်ကျေးမှု ဘာညာတွေ လွှင့်တယ်။ ဒီအစီအစဉ်တွေကတော့ နိုင်ငံတကာ ပရိသတ် တချို့ နှစ်သက်နိုင်မယ်။

ထူးမခြားနား
သတင်းအစီအစဉ်ကတော့ ကျေးဇူးရှင်တို့ ထုံးစံအတိုင်းပါပဲ။ ဗိုလ်ချုပ်ကြီးတွေ ဘယ်သွားတယ်၊ ဘာဖွင့်ပွဲ ဘာအခမ်းအနားမှာ မိန့်ခွန်းပြောတယ် ဆိုတာတွေ လွှင့်တယ်။

စလောင်း
မနေ့က အဲဒါတွေ ကြည့်ရတာ တခြားကြောင့်တော့ မဟုတ်။ အိမ်မှာ စလောင်း ၀ယ်တပ်လိုက်လို့ပါ။ စလောင်းနဲ့စက်က ဒေါ်လာ ၆၀ လောက် ပေးရတယ်။ စလောင်းနဲ့ တီဗွီကို ဆက်သွယ် တဲ့ကြိုးက တကိုက်ကို ၁ ဒေါ်လာ ပေးရတယ်။ တပ်ဆင်ခက ဒေါ်လာ ၂၀ လောက် ပေးရတယ်။ ဈေးသက်သာပါတယ်။ စလောင်းဆိုင်က မြန်မာပြည်သား တရုတ်တွေ ဖြစ်ဖို့ များတယ်။ အပေါ်ဆုံးက ပုံမှာတွေ့တဲ့အတိုင်းပါပဲ။ အိမ်မှာ စလောင်းတပ်ထားတယ် ဆိုတာ ကြွားပါရစေ။ ဘေးမှာ ရှိတဲ့ နတ်စင် ကတော့ ဘေးအိမ်က ကိုးကွယ်တာပါ။ ကျနော်ကတော့ ဘာသာရေး အဲသလောက်မကိုင်ရှိုင်းပါး)

တော်သေးပြီ။