Oct 19, 2010

a joke from Rangoon

ရန်ကုန်က ကျနော့် မေမေ အီးမေးလ် ပို့လိုက်တာပါ။
http://chanye-chanye.blogspot.com/ ကနေ ကော်ပီယူပြီး ဖြန့်ပါတယ်
ဖတ်ပါအုံး။
a joke from Rangoon

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်း စင်တာတစ်ခုတွင် ဖြစ်သည်...။

လုံခြုံရေးဝန်ထမ်း တစ်ဦးက စတိုးဆိုင်ပိုင်ရှင် သူဌေးနှင့် အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။

အလုပ်သိမ်းချိန် နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် မည်သူ့ကိုမှ အကူအညီတောင်းရန် မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းစင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည် ဖြစ်သောကြောင့် နောက်နေ့များတွင်လည်း မည်သူမျှ ရှိမည် မဟုတ်။

ဓာတ်လှေခါးထဲမှ အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ် မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင် အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါ သေဆုံးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလော ဖြစ်ပွားခဲ့သော ချီလီနိုင်ငံ မိုင်းတွင်း ပိတ်မိသော လုပ်သမားများ အဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင် ပျော်ရွှင်သွားသည်။

"နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကို လာကယ်မည်...
သူတို့ လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆို ဂုဏ်ပြုကြမည်...
အကျိုးခံစားခွင့်များ ရမည်..."

စသဖြင့် တွေးရင်း အရေးပေါ် ကယ်ဆယ်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေး အတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကို ကြည့်လိုက်သည်...
Service Signal လုံးဝ မမိ။

ဟန်မပျက်ဘဲ ခါးကြားတွင် ချိတ်ထားသော ၅သိန်းတန် ဖုန်းကို ထုတ်၍ ကြည့်လိုက်သည်..
service signal အပြည့်။

လုံခြုံရေးဝန်ထမ်းကို မချိပြုံး ပြုံးပြလိုက်ပြီး မီးသတ်ကို ဖုန်းလှမ်းခေါ်သည်
"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထုတ်ပြီး ခေါ်သည်...

လိုင်းဝင်သည်။ သို့သော် သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
"မကြားရဘူး" ဟု ပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်း ကြားလိုက်ရပြီး ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်း လုံးဝ မဝင်တော့။ မက်ဆေ့ခ်ျ ပို့ဖို့လည်း မစဉ်းစားမိလိုက်။

မျှော်လင့်ချက် မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေး ဝန်ထမ်းက သူဌေးထံမှ iphone ကို မြင်သွားသည်။ ထို့ကြောင့် internetကို wireless ဖြင့် ဝင်ပြီး ဆက်သွယ် အကူအညီ တောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့် အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက် ချိတ်ကြည့်ရာ wireless မိသည်။ ၂ယောက်လုံး ပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။
xxxxxxxxx

နောက် ၃ ရက်အကြာ...

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကို ဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးစလုံး အသက်ရှူ ကြပ်ပြီး သေဆုံးနေကြလေပြီ။

သေဆုံးသူတို့ အနီး တဝိုက်တွင် ဟန်းဆက် ၄လုံးကို တွေ့ရသည်။
ထိုဖုန်းများထဲတွင် အိုင်ဖုန်းက Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။
xxxxxxxxx

နေရာတကာ ပါဝင်တတ်သော ပါလရာကြီး ၄ဦးက သေဆုံးနှစ်ဦး၏ အသုဘတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်ပါအတိုင်း လှူဒါန်း နှစ်သိမ့်ပေးခဲ့သည်။
* ဦးတေဇထံမှ ကျပ် ၁ သိန်းတန် ကျွန်းသား ခေါင်းတလား ၂ လုံး
* မြန်မာနိုင်ငံ ဘောလုံး ဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက် MNL ဖလား အခမဲ့ ကြည့်ခွင့် လက်မှတ်

* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့ လာသူများအတွက် အခမဲ့ ရေသောက်နိုင်ခွင့် လက်မှတ်များ

* နိုင်ငံတော် သမ္မတလောင်းက အုတ်ဂူတွင် အလှဆင်ရန် ဂန္ဓမာပန်း တစ်ပွင့်စီ

ပေးကမ်းခဲ့ပြီး အားပေးစကား ပြောကြားရင်း မဲဆွယ် စည်းရုံးသွားကြလေတော့သတည်း။

Oct 6, 2010

joke for irrawaddy blog

သတင်းထူးပါရင် ပြောပါ

ပြောပါအုံး သတင်းထူး ပါရင်။ ဒီနေ့ ကြေးမုံ သတင်းစာမှာတော့ ဟောသလို တပုဒ် တွေ့ရတယ်။

စာမျက်နှာ ၃ ရောက်တာနဲ့ အဲဒီသတင်းကို ချက်ချင်း ဖတ်ဖြစ်အောင် ခေါင်းစည်းရဲ့ အခင်းအကျင်းကို ပြင်ဆင်ထားလေရဲ့။ သတင်းထူးလို့ နေမှာပေါ့။

ဘင်္ဂလားပင်လယ်အော် ဆိုတော့ ရော့ခ်ဂီတ သတင်းများလား။

လေဖိအားနည်း ဘာညာ ဖြစ်ပေါ် ဆိုတော့ ကောင်းတာပေါ့။ ဘာမှ မဖြစ်တာထက်စာရင် တခုခု ဖြစ်တာ ကောင်းတာပေါ့ လို့ တွေးမိတယ်။

သတင်းကလည်း တကြောင်းထဲ။ ၀ါကျ တကြောင်းထဲ။ ကြိုက်တယ်ဗျာ။ ဒါမျိုးသတင်းတွေ ဖတ်ချင်နေတာ။ ကျစ်လျစ်တယ်။ အချိန်ကုန် သက်သာတယ်။ အရေးအသား ပြတ်သားတယ်၊ ရဲရင့်တယ်။ သတင်းသမားတွေ ပြောတဲ့ ဘကုန်း ၆ လုံး မဟုတ်ရင်တောင် ၆ လုံး နီးပါး ပါတယ်။ ဘာဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ပြောတယ် စသဖြင့်။

လေဖိအားနည်းရပ်ဝန်း ဆိုတာ ဘာလဲ။
အမ် - စာဖတ်သူတယောက် လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ မသိရင်လည်း မတတ်နိုင်ဘူး။ ကျနော်လည်း မသိတော့ မရှင်းပြတတ်ဘူးဗျာ။

ကဲ - သတင်းစာ နေ့စဉ်ကြည့်ရှုပါ၊
သတင်းထူးပါရင် ပြောပါ။ (သံနေသံထားဖြင့် အော်ဖတ်ရန်)

မနေ့က သတင်းစာ
မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။

အောက်တိုဘာ ၃ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် လေဆိပ်မှာ မြန်မာသံအမတ်၊ မြန်မာစစ်သံမှူးနဲ့ ၀န်ထမ်း ကြီးငယ်တို့ ဖူးမျှော်တာကို ခံယူနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်။
စက်ဝိုင်း ၀ိုင်းပြတာကတော့ အဆက်မပြတ် လက်အုပ်ချီနေတာကို သိစေချင်လို့ပါး)

ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။

Oct 3, 2010

tight dress

အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့
အောက်တိုဘာ ၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်က ပုံတပုံဗျာ။
မဟုတ်ပါဘူး၊ ဒီ ၂ ယောက် မင်္ဂလာ မဆောင်သေးပါဘူး။
ပြောချင်တာက ပြေတီဦးရဲ့ အင်္ကျီကို ကြည့်ပါအုံး၊ ခပ်ပါးပါး။ ကျပ်ကျပ်။
မတော်တော့တဲ့ အင်္ကျီလို့ ဆိုနိုင်ပေတာပေါ့။

ကဲ - ခင်ဗျားတို့ရဲ့ အင်္ကျီတွေ သိမ်းထား ကိုယ့်လူတို့။ ကျပ်နေပြီ ဆိုပြီး မ၀ဲလိုက်၊ လက်ဆင့်မကမ်းလိုက်နဲ့အုံး။
နာမည်ကျော်မင်းသားလိုမျိုး ကျပ်ကျပ် သေးသေးကို ၀တ်တာ စတိုင်ကျတယ်၊ လန်းတယ် ဆိုတာကို အများက လက်ခံရင် အဲဒီခပ်ကျပ်ကျပ်တွေက အသုံးဝင်အုံးမှာ၊ ပွဲတိုးအုံးမှာပဲ မဟုတ်လား။

လျှော် ခေါက် သိမ်းပြီး ပရုပ်လုံး ထည့်ထားပေတော့း)

ဆက်ပြီး လေရှည်ရရင် အခုပုံက မေမြို့မှာ ရိုက်ထားတဲ့ ပုံပါ။ ဂျာနယ်မှာ ရေးထားတာကတော့ Kandawgyi Hill Resort ဆိုပဲ။ ကန်တော်ကြီးတောင်ကုန်း ပေါ့ဗျာ။ နာမည်ကတော့ အလန်းစား။
သူတို့ရိုက်ခဲ့တဲ့ ရုပ်ရှင်နာမည်ကတော့ ပိုလန်းသဗျ။

ဒီမောင်နှံက "သွား လူဆိုး ဒါမျိုးတော့ တတ်တယ်" ဆိုတဲ့ ရုပ်ရှင်ကို ပုပ္ပားမှာ ရိုက်ပြီးသကာလ မေမြို့မှာ ဗီဒီယို ၂ ကား ထပ်သွားရိုက်ကြပါသတဲ့။ မလွယ်ပါလား။ ခရီးစဉ်တခုမှာ ဆက်တိုက် ရိုက်တော့ ပင်ပမ်းမှာပဲ။ တော်ပါသေးရဲ့ ကျနော်က ဓာတ်ရှင်မင်းသား မဖြစ်ခဲ့ဘဲ သတင်းသမား ဖြစ်နေတာ။

(ဒါက ဧရာဝတီ ဘလော့အတွက် ရေးတဲ့ ပို့စ်။ ကိုယ့်ဘလော့မှာလည်း ကော်ပီ ကူးထည့်လိုက်ပါတယ်)

Sep 28, 2010

Waihnin Pwint Thon Speaks for Burma and Political Prisoners at the UK Labour Party Conference

ဝေနှင်းပွင့်သုန်ရဲ့ လေဘာပါတီ အစည်းအဝေး မိန့်ခွန်း


မျက်ရည် ကျမိပါရဲ့

Sep 15, 2010

patchwork




ဖြတ်စညှပ်စ စပ်ပေါင်းချုပ် စတိုင်နဲ့ လန်းနေတဲ့ကလေးမ။
ကြိုက်လို့ ကွန်ပျူတာထဲ ထည့်ထားတာ။ အခု ကွန်ပျူတာ သန့်ရှင်းရေး လုပ်ရင်း ပြန်တွေ့လို့ ပိတ်သတ်ကြီး ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။

ကျနော် ငယ်တုန်းကတော့ ကျနော့်အဖွားက လွယ်အိတ်ချုပ်ပေးဖူးတယ်။ ပစ်ရမယ့် အထည် အပိုင်းအစတွေကို ချုပ်တာလေ။ Recycle လုပ်တယ် ဆိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလို့ မထင်ပါနဲ့း) ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ ပစ်ရမှာ သမြောလို့လည်း ဖြစ်မယ်။ အသေးစိတ် သိချင်ရင်တော့ အဖွားဆီကိုသာ လိုက်မေးပေတော့း)

အင်း - အဖွားကိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ သဘောကျမှာပဲ။ ကျနော် ငယ်ငယ် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်တုန်းကဆို အဖွားက ပလပ်စတစ်အိတ်တွေကို လွှင့်မပစ်ဘူး။ ပြန်သုံးတတ်တယ်။ သိပ်ညစ်ပတ်တဲ့ဟာဆိုရင် လျှော်ပြီး သုံးသေးတယ်။ အိတ်ကြီးထဲ စုထည့်ထား၊ များလာလို့ လျှော်ပြီးပြီ ဆိုရင် ခြံစည်းရိုးမှာ တအိတ်ချင်း လိုက်စွပ်တယ်၊ ရေခြောက်သွားရင် သုံးဖို့ သိမ်းတော့တာပဲ။ ဆိုင်ဖွင့်ထားတဲ့ ဈေးသည်ကြီး ဆိုတော့ အိတ်တွေ သုံးပေတော့။ အဲဒီခေတ်က ကြွပ်ကြွပ်အိတ်ဆိုတာ မရှိ။

ကြွပ်ကြွပ်အိတ်ကို ဘယ်အချိန်မှ မြင်ဖူးသလဲဆို ကျနော်တို့ အမေ မဲဆောက်သွားပြီး အပြန် သယ်လာမှ မြင်ဖူးကြတယ်။ ၁၉၈၀ မတိုင်ခင်ပေါ့။ နယ်စပ်မှာ သုံးနေပြီ ကြွပ်ကြွပ်အိတ်ကို။ အကောင်းဆုံး အိပ်ပါးလို့ တံဆိပ်မှာ မြန်လို ရေးထားတယ်။ မြန်မာပြည်တွင်းမှာတော့ လက်ကိုင်ပါတဲ့ ပလပ်စတစ်အိတ်ပါးက အထူးအဆန်းပေါ့ဗျာ။

ဘာရယ်လို့ မဟုတ်ပါဘူး။ ချစ်စရာ ပုံတွေကို ဘလော့မှာ တင်ရင်းနဲ့ သတိရမိတာတွေ ရေးလိုက်တာပါ။ ဒီမှာတင် ရပ်လိုက်ပါမှပဲး) အိပ်ချိန် လွန်နေပြီလေ။


Aug 30, 2010

corn in soup


ပြောင်းဖူးဟင်းရည် တဲ့။ ဟိုတပတ်က တရုတ်ကြီးတယောက် ချက်တာ။ ကျနော် အလုပ်လုပ်တဲ့ ဆိုင်မှာ အလုပ်သမားတွေကို ကျွေးတဲ့ ညစာတမျိုး။ ထမင်းနဲ့ စား။ ဟင်းရည်ထဲ ဘာတွေ ပါသလဲတော့ မသိဘူး။ မေ့ပြီ။

အိမ်မှာတော့ ပြောင်းဖူးစေ့နဲ့ ချက်တဲ့ ဟင်းရည် ပျစ်ပျစ်ပဲ သောက်ဖူးတယ်။ ဒါနဲ့ သူငယ်ချင်းတယောက်ရဲ့ တယ်လီဖုန်း ခဏငှားပြီး ရိုက်ထားလိုက်တာ အမှတ်တရ။

ဘလော့တခုမှာလည်း ဒီလို ဟင်းရည် ရှိပ။

စားစရာတွေဖြစ်ဖြစ် စိတ်ဝင်စားဖွယ်တွေကို ဓာတ်ပုံရိုက်ဖို့ ကင်မရာ ခပ်သေးသေးတလုံး ၀ယ်ဦးမှပဲ။

ဒီနေ့အဖို့ ပို့စ် ခပ်တိုတို နဲ့ ပုံတပုံ တင်နိုင်တယ် ဆိုတော့ ကဲ - - - တော်သေးပြီ။

း)

Aug 29, 2010

ju ju's talk on RFA tv

မြန်မာမိန်းကလေးတဦး၏ ဘ၀နှင့်အားမာန် ဆိုပြီးတော့ RFA က ရုပ်သံလွှင့်ထားတယ်။
ကျနော်တို့ မိတ်ဆွေ ကိုမင်းမင်းရဲ့ သမီးလေး။ ဂျူးဂျူး။
နိုင်ငံရေးလှုပ်ရှားသူဖခင်နဲ့ ဝေးကွာခဲ့ချိန် အသက် ၂ နှစ် အရွယ်က စပြီး မိခင်ရဲ့ အုပ်ထိမ်းမှုနဲ့ ကြီးပြင်းခဲ့ရသူ မြန်မာ အမျိုးသမီးငယ် ဂျူးဂျူးရဲ့ ဘ၀နဲ့ အားမာန်တွေကို ရိုက်ကူး တင်ပြထားပါတယ် တဲ့။

RFA ၀က်ဆိုက်ကနေ ကော်ပီကူးပြီး တင်လိုက်ပါတယ်။

2010-09-24




ကိုမင်းမင်းနဲ့ အမျိုးသမီးက အခု မဲဆောက်မှာ ဖြစ်လိမ့်မယ်။ ဂျူးဂျူးက RFA ရုပ်သံမှာ ပြောထားတဲ့အတိုင်း ယူအက်စ်မှာ။
သူတို့ မိသားစု ကိုမင်းမင်းနဲ့ ဆုံဖို့ နယ်စပ်ကို ရောက်နေချိန်မှာ ကျနော် စတွေ့ဖြစ်တယ်။ မဲ့စရီးရန်း ဆိုတဲ့ မြို့လေး။ သူတို့တွေ ကယားပြည်နယ်ကို ဖြတ်ပြီး ထိုင်းကို ၀င်လာကြပုံ ရတယ်။ မေးမကြည့်မိ။
မိသားစုတွေ ပြန်ဆုံတွေ့ကြတာ မြင်ရတော့ ၀မ်းသာမိသေးတယ် ဘေးကနေပြီး။
ခုတော့ ကလေး ပညာရေးအတွက် မိသားစု ပြန်ခွဲကြရပြန်ပြီ။
မကြာခင်မှာ ပြန်ဆုံနိုင်ကြပါစေ။

Aug 26, 2010

my new blog in Eng

အချိန်ဆင်းရဲလွန်းတဲ့ ကြားထဲက
http://amigo-zarny.blogspot.com
ဆိုတဲ့ နာမည်နဲ့ ဘလော့ တခု လုပ်ထားသဗျ။

အချိန်ပိုင်း အလုပ် ၂ခု ဖြစ်တဲ့ စားသောက်ဆိုင် နဲ့ ကုန်စုံဆိုင်က မြန်မာလို မဖတ်နိုင်သူ မိတ်ဆွေများအတွက်ပါ

amigo အမီးဂို ဆိုတာ သူငယ်ချင်း တဲ့။ စပိန် စကား။ ဒါနဲ့ လိပ်စာမှာလည်း အမီးဂို ထည့်လိုက်တာ။

အင်္ဂလိပ်လို ရေးကြတဲ့ မြန်မာပြည်သား ဘလော်ဂါများရဲ့ ဘလော့လင့်တွေကိုလည်း တင်ထားလိုက်တယ် ကိုယ်နဲ့တော့ လိုင်း မတူပေမယ့် တင်ရမှာပေါ့လေ။

ပထမဆုံး ပို့စ်က နန်းဆုရတီစိုးပုံပါပဲ။ ဘာရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်သုံးနေတုန်း တွေ့တဲ့ပုံတွေထဲက နှစ်သက်စရာမို့ တင်လိုက်တာပါ။

အခု ဘလော့ကို တလ သုံးလေးကြိမ်လောက်ပဲ တင်ဖြစ်တယ်။ အင်္ဂလိပ်ဘလော့ကိုတော့ များများ တင်ဖြစ်မယ် ထင်တယ်း) ဘိုလို ကျွမ်းလို့တော့ မဟုတ်ပါ။ မြန်မာဘလော့မှာ ရှိတဲ့ ပုံတွေကို ကော်ပီကူးပြီး စာ တလုံးနှစ်လုံးပဲ ရေးပြီး တင်မှာမို့ပါ။

တော်သေးပြီ
း)

Aug 12, 2010

a satire writing from Email box

ကျနော့် မွေးစားအမေ အီးမေး ပို့လိုက်တာတွေထဲက ဒီတပုဒ်ကို ကြိုက်တာနဲ့ ဘလော့မှာ တင်လိုက်ဦးမှ လို့ စဉ်းစားမိတယ်။
ဘလော့က သေနေတာ ၂ ပတ် ပြည့်သွားပြီ မဟုတ်လား)
ရေးတဲ့သူကိုတော့ ကျနော် မသိပါဘူး။
သူ့စာ ဒီဘလော့မှာ တင်ထားတာကို မလိုလားဘူး ဆိုရင်တော့ ဖြုတ်ပေးရမှာပေါ့။
အခုတော့ ဖတ်ပြီး ရယ်ကြ ပြုံးကြပါဦး)
အဖြတ်အတောက်တွေက ကျနော် လုပ်ထားတာ။ မူရင်း အီးမေးထဲမှာက ခပ်စိပ်စိပ် ရေးထားတယ်။



အမတ်လောင်း မစ္စတာ သခင်ကြီး ဒေါက်တာ မာဂျေ

အဟေ ဟေ့ဟေ …… ရီရတယ်ဟေ့၊ အမတ်လောင်း မစ္စတာ သခင်ကြီး ဒေါက်တာ မာဂျေ တဲ့။ ခင်ဗျားကြီးက ရွေးကောက်ပွဲမှ မလာသေးဘူး၊ ဘာအရူးထတာလဲ ဆိုသံနဲ့ အတူ ပေါက်ချလာသူက တပည့်ကျော် ကြွက်နီပေါ့ ခင်ဗျာ။ လက်ထဲမှာလည်း မာဂျေ လျှောက်ဝေထားတဲ့ ဗစ်ဇစ်တင်းကပ် လို့ ခေါ်တဲ့ နံမည်ကပ်ပြားကို ကိုင်လို့။

ဟေ့ကောင် ကြွက်နီ စောစောစီးစီး ငါ မင်္ဂလာ ယူနေတာကို ဘာ လာ ဖျက်ဆီးတာလဲ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ငါလည်း အမတ် တစ်နေရာဝင် အရွေးခံမလို့။ ဘာလဲ မင်းက မနာလိုဖြစ်နေတာလား လို့ ငေါက်လိုက်တယ် ဆိုရင်ပဲ ဒင်းက အမလေး အမလေး ဘာမှလည်း မနာလို ဖြစ်စရာ မရှိပါဘူးဗျာ။ ခုဟာက ခင်ဗျားကြီး အချိုး မပြေလို့ လာတာ၊ နေစမ်းပါဦး ဘာလို့ အမတ်လောင်းတွေရော၊ မစ္စတာ တွေရော၊ သခင်ကြီး တွေရော ဒေါက်တာ တွေရော စုံလို့ ပါလား၊ ဒါက စတန့် ထွင်တာလားလို့ ပြန်မေးသေးတယ်။

ဟေ့ကောင် နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်အောင်ရယ်၊ ကမ္ဘာ့ခေတ်ကြီးထဲမှာ အမီ လိုက်နိုင်တယ် ဆိုတာ လူသိအောင်ရယ် မစ္စတာလို့ တပ်ထားတာ၊ သခင်ကြီး ဆိုတာက ငါ့မှာ မျိုးချစ်စိတ် အပြည့် အ၀ ရှိကြောင်းနဲ့ မြန်မာဘုရင် လက်ထက်က ဘုရား ထူးခံရတဲ့ မျိုးရိုးက ဆင်းသက်တယ် ဆိုတာ ဖော်ညွှန်းထားတာ၊ ဒေါက်တာကတော့ ငါ အင်တာနက် ပေါ်ကနေ ငါးသိန်းပေးပြီး ၀ယ်ထားတာ၊ လျှောက်ပြော မနေနဲ့ဦး။ သူများ တွေဆို ဒေါက်တာ ဒေါက်တာနဲ့ သုံးတာ ကြာလှပြီ၊ ငါ့မှာ အခုမှ စသုံးရတာ ဘာပဲ ပြောပြော ဒေါက်တာ တပ်ထားတော့ လူရှိန်တာပေါ့ကွာ၊ ဒါတောင် ဂျီမေးလ်လည်း သုံးတတ်ပါတယ်။ ဖေ့စ်ဘွတ်မှာလည်း အကောင့် ရှိပါတယ် ဆိုတာတွေ မရေးသေးဘူး။

ခင်ဗျားကြီးကတော့ ငွေရှာတာက လွဲရင် အကုန် လုပ်တတ်တယ် ဆိုတဲ့ ကြီးပေါကြီးပဲ။ ဒါထက် နေစမ်းပါဦး ဘယ်နယ်ကနေ အမတ် ၀င်ရွေးမှာလဲ တဲ့။

ဟ .. ငါ့မြို့ကနေ အရွေး ခံမှာပေါ့ဟ၊ တစ်သက်လုံး ငါ့ကို တောသား တောသားလို့ ပြောခဲ့တဲ့ မြို့ကြီးသားတွေ အခု ဘယ်က ၀င်ရွေးရမှန်း မသိ ဖြစ်နေချိန်မှာ ငါက ငါ့တောမြို့လေးက အရွေး ခံမှာပေါ့။ တောသား ဖြစ်ရတဲ့ သုခ ပေါ့ကွာ လို့ ဖြေလိုက်ရတယ်။

သင်းက နှာခေါင်းတစ်ချက် ရှုံ့ပြီး နေစမ်းပါဦး ခင်ဗျားကြီးက ခင်ဗျားမြို့ အတွက် ကောင်းရာ ကောင်းကျိုး ဘာတွေများ လုပ်ပေးဘူးလို့လဲ။ အခုမှ သူများယောင်လို့ ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်း မသိ ဆိုသလို ဖြစ်နေပါဦးမယ် တဲ့။

မင်းကလေ ငါ့ဆိုရင် တသက်လုံး အထင်ကို မကြီးဘူး၊ ဟေ့ကောင်… ပါကစ္စတန်သမ္မတနာမည် မသိတဲ့ ဘုရှ်တောင် အမေရိကန် သမ္မတ ဖြစ်သေးတာ။ ဒါတွေမလိုပါဘူး။ ဘယ်ဆရာတော် ဘုရားကြီး ဆိုလဲကွာ ပြောသလို စိတ်ထားကောင်းဖို့ ပထမ တဲ့။ ငါ ဘယ်သူ့ အပေါ် ယုတ်မာတာများ မင်း တွေ့ဘူးသလဲ လို့ ဖြေလိုက်တော့

တော်စမ်းပါ။ ဆရာတော်ကြီးတွေရဲ့ အဆို အမိန့်တွေကို ကိုးကား ချင်ရင် အဲဒီ ဆရာတော်ကြီး တွေရဲ့ ဘွဲ့ လောက်တော့ သိအောင် လုပ်ထားရတယ် ဗျ။ ခုန ခင်ဗျား ပြောတာ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး ပြောခဲ့တာဗျ။ ပြီးတော့လည်း ခင်ဗျား ပြောသလို စိတ်ထား ကောင်းဖို့ ပထမ မဟုတ်ဘူး။ စိတ်ကောင်း ရှိဖို့ ပထမလို့ ပြောခဲ့တာ။ ထားပါတော့ဗျာ။ ဒါပေသိ ခု အမတ် လုပ်မယ့်ကိစ္စက ဒါနဲ့ မဆိုင်ဘူး ထင်တယ် တဲ့။

ဟေ့ကောင် လောကကြီးမှာ စိတ်ကောင်း စေတနာကောင်း ရှိရင် ဘာလုပ်လုပ် ကုသိုလ် ရတယ်။ ဘာလုပ်လုပ် အောင်မြင်တယ်။ ငါက မကြွားချင်သေးလို့။ မြန်မာဘုရင် လက်ထက် တုန်းက ငါ့ဘေးက မြို့သုံးမြို့ကို စားရတဲ့ မြို့စား၊ မြစ်ကမ်းထိပ်မှာ အိမ်ကြီးနဲ့ နေတာကို အင်္ဂလိပ်မြန်မာ ဒုတိယ စစ်မှာ သောက်အင်္ဂလိပ်က စစ်သဘောင်္ပေါ်က အမြောက်နဲ့ တေ့ပစ်သွားလို့ သေရရှာတာ။ သူ့ကျွန် ဖြစ်ရတာကို သူများထက် ငါက ပိုနာတယ်။ နို့မို့ဆိုရင် ငါလဲ မြို့စားရဲ့မြစ် ဆိုတော့ အခု ဆိုရင် မြို့စား ဖြစ်နေပြီ။ ဒီလောက်တောင် မျိုးနဲ့ရိုးနဲ့ နေလာတဲ့ ငါ့ကိုမှ မဲမထည့်ရင် ဘယ်သူ့ကို ထည့်ကြမှာလဲ။

ဒါကတော့ ခင်ဗျားကြီး တွေးလုံးကိုဗျ။ ခင်ဗျားကြီး ပြောပေါက် ဆိုပေါက်နဲ့ ဘုရင်ခေတ်က ဆိုရင် စအိုကနေ တံကျင်လျှို အသတ်ခံရတာ ကြာပြီ။ ဒါထက် နေစမ်းပါဦး။ ခင်ဗျားက ဘယ် ပါတီကနေ ၀င် အရွေးခံမှာလဲ၊ ခင်ဗျားတို့ ပါတီရဲ့ ပေါ်လစီက ဘာလဲ ပြောပါဦး တဲ့။

ငါက ဘယ်ပါတီကမှ မပါဘူး။ တသီး ပုဂ္ဂလိက၊ ငါ့မူကတော့ ကောင်းတာ အားလုံး လုပ်မယ်။

ဒါဆိုရင် ကာရာအိုကေ သွားတာတို့၊ အနှိပ်ခန်း သွားတာတို့လည်း ကောင်းတာတွေ ဆိုတော့ ဆက် လုပ်မှာပေါ့နော် တဲ့။

ဟေ့ကောင် စကားကောင်း ပြောနေတာကို လာ မဖောက်နဲ့။ တော်ကြာမှ အမတ်မင်း မာဂျေ အနှိပ်ခန်းမှာ ဖယောင်းတိုင် မှုတ်ခြင်း ဆိုပြီး ကျော်မကောင်း ကြားမကောင်း ပါလာဦးမယ်။ ဒီခေတ် ဂျာနယ်လစ်တွေက လွယ်တာ မဟုတ်ဘူး။ တစ်ခုခု ဖြစ်လို့ စိတ် မထိန်းနိုင်ရင်လည်း လက်ရောက်မှုနဲ့ တရား စွဲ ခံရဦးမယ်၊ မနေနိုင်လို့ စာနဲ့ တုံ့ပြန်ရင်လည်း အသရေ ဖျက်မှုတို့ ဘာတို့က လာဦးမယ်။

ထားပါတော့ ငါ ဆက်ရှင်းပြဦးမယ်။ ငါ့မြို့မှာ ငယ်ငယ်တုန်းက ညလုံးပေါက် မီးရတယ်။ အခု မရတော့ဘူး။ ငါ အမတ်ဖြစ်ရင် ညလုံးပေါက် မီးရအောင် လွှတ်တော်ထဲမှာ အရေး ဆိုပေးမယ်။ ငါတို့မြို့က ဘောလုံး အသင်း အတွက် အကြောဖြေဆေးတို့ ဘာတို့ ထုတ်တဲ့ သူတွေ ဆီကနေ စပွန်ဆာ ရှာပေးမယ်။ ပြည်မြို့နဲ့ ငါတို့မြို့ကြားမှာ ရွှံ့လမ်း (အဲလေ) ကျောက်ခင်း ကားလမ်း ရှိတယ်။ ဒါကို ကတ္တရာလမ်း ဖြစ်အောင် အရေး ဆိုပေးမယ်။ အရေးအခင်း မဖြစ်ခင်က ငါတို့မြို့နားမှာ ဧရာဝတီ မြစ်ကူး တံတား ဆောက်ဖို့ ဂျပန်က တိုင်းထွာထားတာ ရှိတယ်။ အရေး အခင်းကြောင့်အဲဒီ စီမံကိန်း ပျက်သွားတယ်။ အဲဒီ တံတားကြီး ပြန်ဆောက်ပေးဖို့ ဂျပန်ကို သွားပြီး အရေးဆိုပေးမယ်….. လို့ မဲဆွယ်လိုက်ရင် ငါ့ကိုမှ မဲမထည့်ရင် ဘယ်သူ့ကို မဲ သွားထည့်ကြမှာလဲ လို့ ရှင်းပြလိုက်ရင်ပဲ..

နို့နေပါဦး ခင်ဗျား ပြောတဲ့ အထဲမှာ တိုင်းပြည်ကို တိုးတက်အောင် စီးပွားရေး ပေါ်လစီက ဘယ်လို ချမယ်၊ နိုင်ငံခြားရေး ပေါ်လစီက ဘယ်နည်း ချမယ်၊ ကျန်းမာရေး ပညာရေးက ဘယ်သို့ ဘယ်ပုံ စသဖြင့်လည်း မပါပါလား တဲ့။

… ဟ ဒါတွေက နိုင်ငံရေး ပါတီတွေ လုပ်ကြလိမ့်မယ် ငါ့အပူ မဟုတ်ဘူး လို့ ဖြေလိုက်တော့.. သင်းက ခင်ဗျားကြီးကို မဲပေးရကျိုးတော့ တော်တော် နပ်မှာပဲ၊ အင်းလေ တွက်ရေးတော့ စက်သူဌေးပေါ့၊ လက်တွေ့မှာ စက် မရှိတာက ခက်တာ.. ခင်ဗျားကြီး ပြောတဲ့ အတိုင်း ဟုတ် မဟုတ် မကြာခင် စောင့်ကြည့်ရဦးမယ် ဆိုပြီး ပြန်သွားပါလေရော။

အနာဂတ်ရဲ့ အမတ်လောင်းနဲ့ ခင်တယ် ဆိုပြီး ဂုဏ်လဲ မယူတတ်ဘူး။ အလကား အကောင်၊ ဒါကြောင့် ဒီကောင် မိန်းမ မရတာ ………..

မာဂျေ

Jul 27, 2010

for Ko Oo in Colorado





ကိုဦး - ခင်ဗျားတို့ ရောက်နေတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ၀က်ဝံတကောင်က လူအလုပ်တွေ လုပ်နေတယ်နော်။ ဒီနေ့ ရန်ကုန်က သတင်းစာတစောင်မှာ အဲဒီဖြစ်ရပ် ရေးထားတယ် ဟောသမှာဖတ်ကြည့်ပါဦး။
သတိထား။ အထူးသဖြင့် ကိုယ့်ကားကိုယ်ဂရုစိုက်ဗျို့း) ကားထဲ မုန့်တွေဘာတွေ မထားနဲ့။ တံခါးကို အမြဲ သော့ခတ်။ သေချာအောင် ၀က်ဝံ မ၀င်ရလို့ စာရေးပြီး ကပ်ထားဗျာ။

သတင်းဌာန အတော်များများက ဒီငနဲ (သို့မဟုတ် ငနဲမ) သတင်းကို ပျော်ပျော်ကြီး ရေးကြတာ ဂူဂဲလ်မှာ တွေ့ရတယ်။

ခေါင်းစဉ်တွေပဲ လိုက်ဖတ်ဖြစ်ပါတယ်။ ခေါင်းစဉ် ပေးထားကြတာ စိတ်ဝင်စားစရာပဲ။ ဟောသမှာ တချို့ -


ဗိုက်ဆာတဲ့ ၀က်ဝံ မောင်းပြေးလို့ ကားပျက်စီး
ဆာနေတဲ့ ၀က်ဝံမည်း ထွက်ပြေးတဲ့ကားထဲ ဒုက္ခရောက်

အမေရိကန်ဝက်ဝံ ကားခဏမောင်း၊ ပျက်အောင်လုပ်ပြီးထားခဲ့
အသားညှပ်မုန့်ရှိတဲ့ကားထဲ ၀က်ဝံ ပိတ်မိ

ဝက်ဝံ ကားအတွင်း ပိတ်မိပြီး အတန်ကြာ မောင်းသွား
ကားထဲ မုန့်ဝင်ယူသော ၀က်ဝံ ဟွန်းတီးပြီး မောင်းထွက်

ကော်လိုရာဒိုက ဖြစ်ရပ် - ကားတစီး မုန့်တလုံး ၀က်ဝံတကောင် နဲ့ ရယ်စရာ

ကော်လိုရာဒိုဝက်ဝံ ဟွန်းတီးပြီး ကားမောင်းထွက်ဆာတဲ့ ၀က်ဝံက ကားခိုး၊ သစ်ပင်ဝင်တိုက်

အမေရိကန်ဝက်ဝံ ကားအပျော်စီးပြီး သစ်ပင်နဲ့တိုက်
ဝက်ဝံနဲ့ မုန့်ကြားထဲ ကားဒုက္ခရောက်

တိုယိုတာကား ၀က်ဝံတက်မောင်း

ကိုဦးရေ - ဒါပါပဲဗျာ။ အိမ်တံခါးလည်း လုံအောင် ပိတ်နော်း) တော်ကြာ - သတင်းထဲ ပါလာရင် နာမည်ကြီးနေမယ်း)

Jul 7, 2010

what am i reading today?




နောက်ဆုံးအကြိမ် စိတ်သဘောထား တိုက်ဆိုင်ခြင်း


ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ထုံးစံအတိုင်း သတင်းထူး မပါပါဘူး။ ကြော်ငြာတခု ထူးတယ် ထင်ရလို့ ဖြတ်တောက်ပြီး တင်လိုက်ပါတယ်း)

ကွာရှင်းပြတ်စဲခြင်း ကြော်ငြာပါ။ ဒီဇနီးမောင်နှံဖြစ်ခဲ့သူ ၂ ဦးနဲ့ ကျနော်နဲ့ မသိကြပါဘူး။ သိရင်တော့ ဘယ်တင်ချင်ပါ့မလဲဗျာ စိတ်မကောင်းစရာ ဖြစ်ရပ်တွေ ဆိုတော့။ မသိလို့ မျက်နှာမပူဘဲ တင်လိုက်ပါတယ်။

သူတို့၂ယောက် စိတ်သဘောထား တိုက်ဆိုင်လို့ ကွာရှင်းတယ် တဲ့။ ဒီပို့စ်ကို ခေါင်းစဉ်တပ်ထားသလိုပါပဲ။ မောင်နှံ၂ဖော် နောက်ဆုံးအကြိမ် စိတ်သဘောထား တိုက်ဆိုင်သွားတာပေါ့။ ရိုးရာကိုလည်း ထိန်းထားတယ်။ အမျိုးသားအမည်ကို အရင်ဆုံး ထည့်တယ်။

(အနောက်တိုင်းသားတွေရဲ့ မင်္ဂလာဆောင် ဖိတ်စာတွေမှာတော့ အမျိုးသမီးအမည် အရင် ရေးကြတယ်။ ကွာရှင်းတဲ့အခါ ဘယ်နာမည် အရင်ရေးသလဲ မသိပါ)

အဲဒီကြော်ငြာ အပေါ်မှာတော့ passport ပျောက်သူရဲ့ ကြော်ငြာ ပါလာတယ်။ ရုံးလုပ်ထုံးလုပ်နည်းအရ ကြော်ငြာ ထည့်ရတယ် ထင်တာပဲ။ ဒီကြော်ငြာကို ပြပြီး အသစ် ထပ်လျှောက်မယ်ပေါ့။ သတင်းစာတိုက်တွေ ပွတာပဲ။

ဘေးမှာ ရှိတဲ့ သတင်းတိုက ပျင်းစရာ။ တချက်တည်း ကျင်းဝင် ဆိုတာလေ။ နာမည်ကြီးတဲ့သူဆိုရင်တော့ သတင်းထူးပေါ့။ သာမန်ဂေါက်သမား ကြက်ကန်းဆန်အိုးတိုးတာမျိုးက ရပ်ကွက်အဆင့်သတင်းစာတွေမှာပဲ ထည့်သင့်တယ်။

ဒီနေ့ အင်တာနက်သုံးရင်း [တကယ်တော့ နေ့တိုင်း သုံးပါတယ်] တွေ့တာက သဲနော်ဇာရဲ့ သတင်းလေး။ ပုံကို ဖြတ်ထည့်လိုက်ဦးမယ် လာလေ့း)
မိဘမဲ့ကလေးတွေနဲ့  တွဲရိုက်ထားတာလေ။ စိတ်ချမ်းသာသဗျာ ဒီသတင်း ဖတ်ရတာ။ သဲနော်ဇာသတင်းလည်းဖြစ်တယ်၊ မွန်မြတ်တဲ့ အလှူဒါန သတင်းလေးလည်း ဖြစ်တယ်ဆိုတော့။

ဖတ်ချင်ရင် http://www.people.com.mm/article.cfm?id=12769&parent=12765&sec=14 မှာ ဖတ်နိုင်။ အင်တာနက် မြန်မှ ဖြစ်မယ်။ ဒီဆိုက်က ပုံတွေကိုပဲသုံးထားတာ။ ဇော်ဂျီဝမ်း မသုံး။

တော်သေးပြီ။