Aug 1, 2014

ဒီလထုတ် အတွေးအမြင်



ဒီနေ့ ပန်းဆိုးတန်းလမ်းထောင့်က အပေါ်ထပ် စာပေလောကဆိုင်မှာ အတွေးအမြင် နောက်ဆုံးထုတ် တအုပ်ပေးပါလို့ ပြောပြီး တအုပ်ဝယ်ခဲ့တယ်။

ကျပ် ၂,ဝဝဝ။


 အတွေးအမြင်ကို လတိုင်း မဖတ်ဖြစ်ပါဘူး။

ကွန်ပြူတာနဲ့ဖတ်တာများတော့ စာအုပ်ကို သိပ်မကိုင်ဖြစ်တာပါ။ ကွန်ပြူတာမှာက ဖတ်စရာ ကြည့်စရာဆိုတာ သိတဲ့အတိုင်းပဲ ....။ ကွန်ပြူတာ အင်တာနက်ဆိုတာကို မဖွင့်လိုက်နဲ့ .... ဖွင့်လိုက်တာနဲ့ မျက်စိညောင်းလွန်းမှပဲ အနားယူဖြစ်တယ်။


အတွေးအမြင်အကြောင်း ပြောရရင်...
ထုံးစံအတိုင်း အတွေးအမြင်မှာက ဖတ်စရာတွေ အများသား။ စနေ တနင်္ဂနွေ ဖတ်ဖြစ်မယ်။

ဒီလထုတ်မှာ ဆိုရင်... ကိုယ် မြင်ဖူးတဲ့ စာရေးသူ ဆယ်ယောက်လောက် ရှိတယ်။

ကျန်တဲ့သူတွေကိုတော့ မမြင်ဖူးပါ။ မမြင်ဖူးဘူးဆိုပေမယ့် အားလုံးလိုလိုကို ဖတ်ဖြစ်ပါလိမ့်မယ်။

ကဲ... ဖတ်လိုက်ကြစို့။ 

Jul 21, 2014

အိုင်တီကိုယ်ခံပညာ


ဆရာဆူးငှက်ရဲ့ စာအုပ်သစ် - ရွက်ကျင် မိုးစက်ပင်ထက်နှင်းပန်းပွင့်-  ထွက်ပြီထင်လို့ သွားဝယ်တယ်။
မတွေ့ခဲ့ဘူး။
ဆိုင်ရောက်ပြီးပြီ ဆိုတော့လည်း မြင်သမျှထဲက ...၀ယ်ချင်တာတွေထဲက တအုပ် ဆွဲခဲ့ပါတယ်။
စာအုပ်နာမည်က ဘာလဲ မသိဘူး ...

အဖုံးမှာ ရေးထားတာတွေကတော့ အများကြီးပဲ ဆိုတော့..

ဟက်ကာတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်
နိုင်အောင် ဘာတွေသိထားသင့်သလဲ?

ဆိုတာလည်း ရေးထားတယ်။ 


ဒီစာအုပ်ကို ဒေါက်တာနိုင်အောင် ၀ယ်ဖတ်သင့်ပါတယ်း)
သူ့နာမည်နဲ့ စာတကြောင်း တွေ့ရတယ်။

ရောင်းဈေး ကျပ်သုံးထောင်။

အိုင်တီကိုယ်ခံပညာလေးဘာလေး ရှိအောင် ဖတ်အုံးမယ်။
ဒီည ဖတ်ဖြစ်မယ် ထင်တယ်။

အဖုံးမှာ မိုးကာအင်္ကျီပုံလည်း တွေ့ရတယ်။
ခုတလော မိုးတွေ ရွာနေတာ နေ့တိုင်းပဲ။

စာအုပ်အဖုံးကတော့ နမိတ်ပုံအပြည့်နဲ့။

တော်သေးပြီ။

May 13, 2014

ဝေမိုး ဂွမ်းသန့်

ဝေမိုး ဆိုတဲ့ နာမည် ဘယ်လောက် လှသလဲ ဆိုတော့....

လုပ်ငန်းရှင်တယောက်ကတောင် သူ့နာမည်ကို ယူသုံးရသဗျ။

ဒီည abc ဆိုင်တခု အ၀င်မှာ တွေ့လို့ ရိုက်လိုက်တာ။

(သူကိုယ်တိုင် ထုတ်တဲ့ ဆေးပစ္စည်းလည်း ဖြစ်နိုင်တာပဲ)

Apr 11, 2014

နွေဦးကဗျာ


Hmung Hmung ရဲ့ သင်္ကြန်သီချင်းဖြစ်ပါတယ်။
ဂစ်တာတလက်နဲ့ အစွမ်းပြ သီဆိုထားတာပါ။

သင်္ကြန်ကာလ ဆိုတော့ သင်္ကြန်သီချင်း နားထောင်သင့်တယ် မဟုတ်လား)

သူ့ရဲ့ စာမျက်နှာ http://www.youtube.com/user/TheYouandme12/videos မှာ တခြား သီချင်းတွေလည်း ရှိပါသေးတယ်။

အချိန် နည်းနည်းပဲ ရတယ် ဆိုရင် သွားနားထောင် ကြည့်ရှုသင့်တာကတော့ မျက်နှာများတဲ့မောင်  http://www.youtube.com/watch?v=Tz1-U6_ejpM ဖြစ်ပါတယ်။

 

Apr 9, 2014

ကြွက်သားကြော်


ကွမ်းခြံကုန်းမြို့နယ် သောင်ခုန်ရွာ၊ တော်ကဆော့ရွာတို့ဘက်ကနေ တနင်္ဂနွေနေ့က ပြန်လာတယ်။ ကြွက်သားကြော် ယူခဲ့တယ်။

လယ်ကြွက်နီလို့ ဆိုတယ်။

စားကြပါအုံး။

ဒီမနက်တော့ ကြက်သွန်နီ ကြက်သွန်ဖြူ  ငရုပ်သီးတို့ ထပ်ထည့်ပြီး ရောသမကြော် ဘာလချောင်ကြော် လုပ်ပစ်လိုက်တယ်။ အပေါ်ပုံက ထပ်မံ မွမ်းမံခြင်းမပြုမီပုံ ဆိုပါစို့။

သုံးဆောင်တော်မူ။

ဟိုမှာ အင်တာနက်မရှိ လျှပ်စစ်မီးမရှိဆိုတော့ တိုက်ရိုက် မတင်လိုက်မိဘူး။
မနေ့ကလည်း အင်တာနက် သိပ်အဆင်မပြေလို့ မတင်မိဘူး။
ဒီနေ့လည်း သိပ် ကောင်းလှတယ် မဟုတ်ပါဘူး။
ကြွက်ကြော်ကတော့ ကောင်းပါတယ်။
ရုံးကို နည်းနည်း ယူလာတယ်။
ခဏနေ စားမယ်း)

Feb 11, 2014

ရွှေတောင်ခေါက်ဆွဲ


 -
ဒီမနက်
ဖေဖော်ဝါရီ ၁၁  အင်္ဂါမနက် ဆရာမောင်ဝံသ ကွယ်လွန်ခြင်း ၆ လ ပြည့် အမှတ်တရ အစီအစဉ်ကို သူ့မိသားစုက ရန်ကုန်မြို့ ဘားလမ်း (အထက်ဘလောက်) နေအိမ်မှာ ပြုလုပ်ပါတယ်။ မနက် ၉း၀၀ မတိုင်ခင် ရောက်သွားတော့ သူ့ရဲ့ စာပေ/နိုင်ငံရေး မိတ်ဆွေတချို့ကိုတွေ့ခဲ့ရတယ်။  ၉းဝဝ ကျော်ရင်တော့ ထပ်ပြီး ရောက်လာကြပါလိမ့်မယ်။ ခပ်စောစောဆိုရင် လူရှင်းမယ် ထင်လို့ ကျနော်ကတော့ ခပ်စောစောပဲ သွားလိုက်တယ်။ တော်တော်လေး ရှင်းပါတယ်။

ဧည့်သည်များကို ဧည့်ခံတာက 
ရွှေတောင်ခေါက်ဆွဲ၊ အချိုပွဲများနဲ့ပါ။
ရွှေတောင်ခေါက်ဆွဲဆိုတာ ပဲခူးဘက်က အစားအစာ။
ဆရာမောင်ဝံသကလည်း ပဲခူးဒေသက ဆိုတော့ 
ရွှေတောင်ခေါက်ဆွဲ ကြိုက်မယ် ထင်ပါတယ်။

ကျနော်ကတော့ ရွှေတောင်ခေါက်ဆွဲ ဆိုတာကို တသက်နဲ့တကိုယ် လေးငါးခါပဲ စားဖူးတယ်။
အတော်လေး စားလို့ကောင်းတဲ့ခေါက်ဆွဲအမျိုးအစားပါပဲ။

ရန်ကုန်က ဆိုင်တွေမှာ မုန့်ဟင်းခါးတို့ဘာတို့ တင်ရောင်းကြပေမယ့် ရွှေတောင်ခေါက်ဆွဲ ရနိုင်တဲ့ဆိုင်တော့ သိပ်မများဘူး။ ဒါကြောင့်လည်း သိပ်မစားဖြစ်ဘူး။

အလှူအိမ်သွားမှပဲ စားဖြစ်တော့တယ်လို့ ဆိုရမယ်။

ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်က ရန်ကုန်မှာနေတာ ကြာပြီ၊ သူ့အသက်က  ၄၀ ဝန်းကျင်။
သူလည်း ရွှေတောင်ခေါက်ဆွဲ မစားဖူးဘူး တဲ့။

ကဲ... ရွှေတောင်ခေါက်ဆွဲကို ရန်ကုန်က အစားအသောက်အစုံရောင်းတဲ့ ဆိုင်တွေမှာ တင်ရောင်းဖို့အချိန်တန်ပါပြီလို့ ဆိုချင်ပါတယ်။

Jan 30, 2014

စကားပြောတဲ့ ဂဏန်းများ


ဂဏန်းတွေက စကားပြောတတ်တယ်လို့ ဆိုတယ်။


ဒီညီအစ်ကိုနှစ်ဦးရဲ့ ဂဏန်းတွေကလည်း စကား တော်တော်ပြောနေပါတယ်။

109, 110  ဆိုတဲ့ဂဏန်းတွေက ဘာကိုဆိုလိုသလဲ၊  ဘာကိုပြောတာလဲ  သိရအောင် အကြားအမြင်များတဲ့ သတင်းရပ်ကွက်ကို မေးကြည့်ရပါဦးမယ်။

သူတို့က ဒီနံပါတ်ကို ဘာကြောင့် ရွေးထားကြတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Dec 30, 2013

ခရီးသွားဆောင်းပါး

 


ယခင်လက ရန်ကုန်မှ မန္တလေးသို့ အလုပ်သဘော အလည်သွားရောက်စဉ် ရိုက်ကူးထားသော ပုံ ၂ပုံကို ရွှေဘလော့လာပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါသည်။

အသွားခရီးမှာ ဓာတ်ပုံဆရာတေဇလှိုင်မောင်းနှင်သောကားဖြင့် လိုက်ပါသွားရသောကြောင့် အကုန်အကျ လွန်စွာ သက်သာသည်ဟု ဆိုနိုင်သည်။ (နေ၀င်ရာအရပ်သို့ မျက်နှာမူနေသူမှာ တေဇလှိုင် ဖြစ်သည်)

အပြန်ခရီးမှာ လေကြောင်းခရီး။ လေယာဉ်လက်မှတ်က ၇၀,၀၀၀ ၀န်းကျင်။

မန္တလေးမြို့တွင်းမှ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တက္ကစီငှားခမှာ ၁၀,၀၀၀ ဖြစ်သည်။
ထို့ကြောင့် မန်းအပြန်ခရီးက တသိန်းနီးပါး ကုန်ကျ၏။
နှမျော (နှမြော?)မိပါ၏။
၂၀၁၄ တွင် ချွေတာမှဖြစ်မည်ဟု   ဆုံးဖြတ်လိုက်သည်။ ချွေတာသည့်အနေဖြင့် ရန်ကုန်ရောက်လျှင် ဘတ်စ်ကားမစီးဘဲ ခြေလျင်များများလျှောက်မည်ဟု ဆင်ခြင်မိသည်။
ထိုနေ့က ရန်ကုန်သို့ရောက်ပြီးသကာလ လေဆိပ်မှ နတ်ပြည်ငါးထပ်အိမ်ဂေဟာသို့ အပြန်တွင် ကားတစီးနှင့် ကပ်လိုက်ခွင့်ကြုံကြိုက်သဖြင့် တက္ကစီခ မကုန်။ ၀မ်းသာပါ၏။

ရေးလိုသည်က ခရီးစဉ်အကြောင်း။

ရေးဖြစ်သွားသည်က ငွေကုန်များသွားသည့်အကြောင်း။

သည်းခံလော့ ဘလော့ရှုသူ။

ဓာတ်ပုံသမားတွင် ရှားပါးသောပုံမှာ သူ၏ပုံပင်ဖြစ်သည်ဟု ပညာရှင်တို့က သတ်မှတ်ကြဖွယ်ရှိသည်။
ကင်မရာ မရှိသော်လည်း တယ်လီဖုန်းတွင်ပါသောကင်မရာကို အသုံးပြုသူကိုလည်း ဓာတ်ပုံသမားဟုလည်း ပညာရှင်တချို့က သတ်မှတ်ဖွယ်ရှိမည်။

ခပ်ချောချောဓာတ်ပုံသမားတဦးရဲ့ပုံကိုလည်း သည်းခံပြီး ကြည့်ပါဟု မေတ္တာရပ်ပြီး ဤတွင် နိဂုံးချုပ်သည်။

Dec 24, 2013

ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်း


ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်း။

ဈေးကားကြီးရှေ့ဘီးနားကပ်ပြီး ဝိတ်လျှော့နေတာကို ရိုက်ထားတာ။

သူက အဲဒီနားမှာ အမြဲတမ်း အလှူခံနေတာပဲ။ ဆူးလေတ၀ိုက် အခပေးအိမ်သာ ဘယ်နားရှိလဲ ဆိုတာ မသိဘူးလား - အင်း.... မသိလို့ ဖြစ်ပါလိမ့်မယ်။  

 
ဈေးကားကြီးကလည်း အဲဒီနား အမြဲတမ်း ဈေးရောင်းနေတာပဲ။
ဘာတွေရောင်းသလဲ ဆိုတော့ စားသောက်ကုန်တွေပါ။ သစ်သီးမျိုးစုံလည်း ရောင်းတယ်။ ဒီမနက်ရောင်းတဲ့ထဲ ကျွဲကောသီး ပါတယ်။ အခွံခွာရမှာ ပျင်းလို့ ၀ယ်မစားခဲ့ဘူး။

ဒါပါပဲ။
ဒီမနက် ရန်ကုန်မြို့တော်ခန်းမရှေ့ကမြင်ကွင်းအကြောင်း ပြောပြခြင်းပါ။


Dec 5, 2013

ဒီဇင်ဘာ ၅ နေ့လယ်စာဗျား

-


ဒီနေ့ ကြာသပတေးနေ့။ နတ်တော်လဆန်း ၃ ရက်နေ့။
ဒီကာလအတွင်း မွေးဖွားသူများ တော်လတ္တံ့။

မဆိုင်တာတွေ နိဒါန်းပျိုးပြီး ဒီနေ့ နေ့ခင်း စားဖြစ်တာတွေအကြောင်း ပြောရရင်...
 


နာရီလက်တံရွေ့တဲ့အတိုင်း လိုက်ကြည့်စေ။ 

သရက်၊ ပဲစောင်းလျား၊
ပေါက်ပန်းဖြူ၊ ရှောက်
ဖန်ခါး၊ သခွား၊ ပဲပုဇွန်

ပြီးတော့ ငါးပိရည်။

ပဲပုဇွန်တော့ မစားဖြစ်လိုက်ဘူး။

အသီးအရွက်ချည်းပဲ မဟုတ်ပါ။ တခြားဟင်းတွေလည်း ပါပါတယ်။



နာရီလက်တံလမ်းကြောင်းအတိုင်း ထပ်မံ လိုက်ကြည့်စေ။

ဝက်သားဆီပြန်၊ ကျနော့် ထမင်းပန်းကန်
ထမင်းလိုက်ပွဲ၊ ငါးပိရည်

ပဲဟင်းရည်ဆူးပုတ်ရွက်၊ ငါးကျည်း
မှိုကန်စွန်း၊ အလယ်ပန်းကန်က တို့စရာအရွက်စုံ

ငါးကျည်းကိုလည်း မစားဖြစ်။

ကျန်တဲ့ပန်းကန်တွေတော့ စားဖြစ်။

ဝက်သားဟင်းက လေးတယ်။
ဆီမသတ်ခင်ကတည်းက မျှင်ငါးပိနည်းနည်း ထည့်ထား ဆိုပဲ။

ဒါပါပဲဗျာ။
အစာကောင်းကောင်းစားဖြစ်တဲ့အခါ မိတ်ဆွေများကိုလည်း ကြည့်စေချင်တယ်။ ထို့ကြောင့်...တင်ပေးလိုက်ပါတယ်။

camera source: Huawei smart (but a bit stupid) phone
location: Ygn
time: magazine, oops.... today
label: lunch

  • (end)

Nov 13, 2013

သူတို့ ၂ ကောင်


ဘယ်ကောင့်လက်ချက်လဲ မသိ။
ဖိနပ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။

ဒီကောင်တွေ ဖိနပ်ကိုက်လွန်းလို့ သူတို့ရန် ကာကွယ်နိုင်အောင် တံခါး ဆင်ထားရတယ်။ ဆင်ထာ်းလည်း မျက်နှာမည်းနဲ့ကောင်က အခုန်အပျံ ကျွမ်းကျင်အဆင့်ဖြစ်လို့ ဖိနပ်တွေ ပါသွားတတ်သေးတယ် အဲဒီတုန်းက။

ကိုဟန်လေး ဘွတ်ဖိနပ်လည်း ဒီကောင့်လက်ချက်နဲ့ အတော် ပျက်သွားဖူးတယ်လို့ သိရတယ်။

မျက်နှာမည်းနဲ့ကောင်က အထီး။
အခုတော့ ခွေးပြည်မှာ မရှိတော့ဘူး။

မျက်နှာ ပုံမှန်နဲ့ကောင်က အထီး မဟုတ်ဘူး။
သူကတော့ ခွေးပြည်မှာ ရှိသေးတယ်လို့ ယူဆရတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ကမှ သူ့ကို အိပ်မက်ထဲ တွေ့သေးတယ်။ နေမှကောင်းရဲ့လားမသိဘူး။

သူတို့က ပတ်ဝန်းကျင်နဲ့ (ကျနော့် အိမ်နီးချင်းတွေနဲ့) သဟဇာတ သိပ်မဖြစ်လို့ သူတို့ကို မြို့ပြင်က ခြံတခု သွားပို့ထားရတယ်။ အဲဒီခြံထဲမှာလည်း သူတို့ အစွမ်းပြတာပဲ။ ကြက်ခြံဘက်သွားပြီး အစွမ်းပြခဲ့တာမျိုး၊ ခြံထဲက ကြောင်ကို ရန်မူတာမျိုး လုပ်တာကြောင့် သူတို့ကို ကြိုးချည်ထားရတယ်။ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နယ်မြေ ရောက်ပေမယ့် သူတို့က လူတွေနဲ့ သဟဇာတ ဖြစ်အောင် မနေတတ်ဘူးဆိုတဲ့သဘောပေါ့။

ကျနော်နဲ့တော့ အင်မတန် သဟဇာတ ဖြစ်ပါတယ်။

ခန့်မှန်းချေ သူတို့ အသက် ၁ နှစ်သား အရွယ်အထိ ဖိနပ် ကိုက်ကြတယ်။ အထူးသဖြင့် အထီးကောင်။
အသက် ရလာတော့ ဖိနပ်ကို သူတို့ အာရုံ မစိုက်တော့ဘူး။

မနေနိုင် မထိုင်နိုင် ဖြစ်မှပဲ သူတို့အကြောင်း ဆက်ရေးပါအုံးမယ်။